ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
တိရစ္ဆာန်ကောင်ရေ ထိန်းချုပ်ရေး—တိရစ္ဆာန်ဥယျာဉ်များ အခက်တွေ့
မြူးနစ်ဟေလာဘရန်တိရစ္ဆာန်ဥယျာဉ်မှ သတ္တဗေဒပညာရှင်မှူး ဟေနင် ဗီစ်နာက “သန္ဓေတားမပေးလျှင် ယနေ့ တိရစ္ဆာန်ဥယျာဉ်တစ်ခုမျှ ရှိနိုင်မည်မဟုတ်” ဟုဆို၏။ တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များသည် မျိုးပွားမြန်သည်၊ သားပေါက်လေးများ ကြီးထွားလာကာ တောထဲရှိ မျိုးတူတိရစ္ဆာန်များထက် အသက်ပိုရှည်ကြသည်။ သို့သော် တိရစ္ဆာန်ဥယျာဉ်များတွင် နေရာအကန့်အသတ်သာရှိ၏။ ထို့ကြောင့် သန္ဓေတားဆေးများ လိုအပ်၏။ သို့သော် “တိရစ္ဆာန်ဥယျာဉ်တွင် သားဆက်ခြားစီမံကိန်းပြုလုပ်ရာသည် အခက်အခဲတစ်ခုဖြစ်၏။ တိရစ္ဆာန်များသည် ၎င်းကို မကြိုက်ကြ” ဟုဂျာမန်မဂ္ဂဇင်းဖိုးကပ်စ်က ဆိုသည်။ ဥပမာ၊ ဝက်ဝံများသည် အစာထဲတွင် ဝှက်ထားသော သန္ဓေတားဆေးလုံးများကို အနံ့ခံပြီး ဖယ်ထုတ်ပစ်လိုက်ကြ၏။ သန္ဓေတားစားဆေးများသည် တိရစ္ဆာန်အချို့ကို ရင်သားကင်ဆာကဲ့သို့သော ကျန်းမာရေးပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။ တခြားအရာများဖြစ်သည့် သင်းကွပ်ခြင်းနှင့် သားကြောဖြတ်ခြင်းတို့ ရှိသော်ငြားလည်း ယင်းတို့ကြောင့် ပြဿနာအသစ်များ ဖြစ်ပေါ်လာ၏။ တစ်ခုအနေနှင့်၊ ၎င်းတို့သည် ကလေးမရနိုင်တော့ချေ၊ နောင်တစ်ချိန်တွင် သူတို့၏မျိုးဆက်များ လိုအပ်လာနိုင်သည်။ ဒုတိယအချက်အနေနှင့်၊ မြုံသွားသောတိရစ္ဆာန်များသည် ၎င်းတို့၏မျိုးတူများကြားတွင် အရာမဝင်နိုင်တော့သည့် ပြောင်းလဲမှုတစ်ခုဖြစ်သော ဖိုမသဘာဝဟော်မုန်းများ မထုတ်ပေးတော့ချေ။ တခြားရွေးစရာမှာ မလိုချင်သောအကောင်များကို ရှင်းပစ်ခြင်းဖြစ်သည်၊ သို့သော် ယင်းကြောင့် တိရစ္ဆာန်ချစ်သူများနှင့် တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့များ ဒေါသထွက်ကြသည်။ ထို့ကြောင့် တိရစ္ဆာန်ဥယျာဉ်များ အခက်တွေ့နေကြသည်မှာ အမှန်ပင်။
အီလက်ထရွန်နစ်အမှိုက်
၂၀၀၂ ခုနှစ်တွင် ကနေဒီယံတို့သည် အီးဝေ့စ်တ်ဟုခေါ်သည့် အီလက်ထရွန်နစ်အမှိုက် ၁၅၅,၀၀၀ တန်ကို စွန့်ပစ်ကြသည်ဟု ကနေဒါနိုင်ငံထုတ် နေရှင်နယ်ပို့စ်သတင်းစာက ဖော်ပြသည်။ ကနေဒါနိုင်ငံ၏ဝန်းကျင်အခြေအနေ အစီရင်ခံစာအရ ကနေဒီယံတို့သည် “ရုပ်မြင်သံကြားစက် နှစ်သန်း၊ ဗီစီအာရ်စက် ၁.၁ သန်းနှင့် စီဒီအောက်စက် ၃၄၈,၀၀၀ နီးပါး—ထိုပစ္စည်းအများစုမှာ နှစ်အနည်းငယ်သာ အသုံးပြုပြီးနောက် ခေတ်ကုန်သွားပုံရသည်—ကို” စွန့်ပစ်ခဲ့ကြသည်။ အီလက်ထရွန်နစ်ပစ္စည်းသည် “ပျက်စီးသွား၍မဟုတ်ဘဲ သုံးစွဲသူ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့၍ စွန့်ပစ်လိုက်ခြင်းဖြစ်သည်” ဟုထိုအစီရင်ခံစာက ဖော်ပြသည်။ ဤစွန့်ပစ်ပစ္စည်းအများစုသည် အန္တရာယ်ပေးနိုင်သည်။ ဥပမာ၊ ရုပ်မြင်သံကြားစက်တစ်လုံးတည်းတွင် “ခဲသတ္တု နှစ်ကီလိုဂရမ် [၄.၅ ပေါင်] အထိ ပါရှိနိုင်သည်” ဟုပို့စ်သတင်းစာကဆို၏။ ဖန်သားပြင်အချို့တွင် တွေ့ရှိရသည့် ပြဒါးများသည် ဤအမှိုက်များ စွန့်ပစ်ထားသော မြေပြင်များကို ညစ်ညမ်းစေလျက်ရှိသည်။ လက်ရှိနှုန်းအတိုင်းဖြစ်မည်ဆိုလျှင် ၂၀၁၀ ပြည့်နှစ်တိုင်လေသော် အီးဝေ့စ်တ်သည် နှစ်ဆတိုးများလာလိမ့်မည်ဟု ကနေဒါနိုင်ငံ၏ဝန်းကျင်အခြေအနေ အစီရင်ခံစာက သတိပေးလိုက်၏။
ပုရွက်ဆိတ်များနှင့် ပဋိဇီဝဆေးများ
“ပုရွက်ဆိတ်အချို့သည် ၎င်းတို့၏သားပေါက်များကို အစာကျွေးရန် မှိုပင်များကို စိုက်ပျိုးပြီး အပင်များမပျက်စီးစေရန် ‘ပိုးသတ်ဆေး’ ကဲ့သို့သော ပဋိဇီဝဆေးများကိုပင် အသုံးပြုတတ်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်” ဟုနိုင်ငံတကာကထုတ်ဝေသော မီယာမီသံတော်ဆင့် သတင်းစာကဆို၏။ ရွက်ဖြတ်ပုရွက်ဆိတ်များဟုခေါ်သော အဆိုပါပုရွက်ဆိတ်များသည် လယ်သမားများကဲ့သို့ သူတို့၏အပင်များကို ပြောင်းစိုက်သည်၊ အခက်အလက်များကို ရှင်းပေးကာ ပေါင်းသင်ပေးသည်။ ပုရွက်ဆိတ်တို့စိုက်ပျိုးထားသောအပင်များကို ကူးစက်မှို၏ရန်မှ ကာကွယ်ပေးသည့် ပဋိဇီဝဆေးကို စထရက်မိုင်စင်မျိုးရင်းဝင်ဖြစ်ပြီး ရွက်ဖြတ်ပုရွက်ဆိတ်၏ ပြင်ပအရေပြားပေါ်တွင် အသက်ရှင်သော ဗက်တီးရီးယားတစ်မျိုးက ထုတ်လုပ်ပေးသည်။ လူတို့သည် ဆေးယဉ်လာသည့် ရောဂါပိုးများကို နှိမ်နင်းရန် ပဋိဇီဝဆေးဝါးသစ်များ အမြဲမပြတ်တီထွင်ရမည်ဖြစ်သော်လည်း ရွက်ဖြတ်ပုရွက်ဆိတ်များမူ ပဋိဇီဝဆေးတစ်မျိုးတည်းနှင့် အောင်မြင်စွာအသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီဟု ဝါရှင်တန် ဒီ.စီ. မြို့ရှိ အမျိုးသား သဘာဝသမိုင်းပြတိုက်မှ အင်းဆက်ပိုးပါရဂူ တက်ဒ် ရှို့စ်က မှတ်ချက်ချသည်။ ပုရွက်ဆိတ်တို့၏လျှို့ဝှက်ချက်ကို နားလည်ခြင်းသည် “လူသားတို့ ဆက်၍အသက်ရှင်တည်တံ့ရေးနှင့် တိုက်ရိုက်ဆက်စပ်နိုင်သည်” ဟု ရှို့စ်က ဆို၏။
ကမ္ဘာချီကျန်းမာရေးကပ်ဘေး
သိသိသာသာတိုးများလာနေသော ဆီးချိုရောဂါကြောင့် ကမ္ဘာကြီးတွင် ဖြစ်ခဲ့ဖူးသမျှ၌ “အကြီးမားဆုံးကပ်ဘေးကြီးတစ်ခု” ဆိုက်ရောက်တော့မည်ဟု နိုင်ငံတကာဆီးချိုရောဂါအဖွဲ့ချုပ် (အိုင်ဒီအက်ဖ်) ဥက္ကဋ္ဌဖြစ်သူ ဗြိတိန်ပါမောက္ခ ဆာ ဂျော့ဂျ် အဲဘာတီက သတိပေးလိုက်သည်။ အိုင်ဒီအက်ဖ်၏တွက်ဆချက်အရ ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်း ၃၀၀ ကျော်တွင် ဂလူးကို့စ်သကြားဓာတ် ခံနိုင်ရည်အား လျော့နည်းလာကြရာ ယင်းက ဆီးချိုရောဂါကိုဖြစ်စေတတ်သည်ဟု ဗြိတိန်ဂါးဒီးယန်းသတင်းစာက ဖော်ပြ၏။ တစ်ချိန်က လူကြီးများတွင် အဖြစ်များသည့် ဆီးချိုရောဂါနှစ်မျိုးသည် ယခုအခါ အစာဖျင်းများစား၍ ကိုယ်လက်လေ့ကျင့်ခန်းလည်းမလုပ်သောကြောင့် အဝလွန်လာသော ဗြိတိန်လူငယ်များတွင် ဖြစ်နေကြပြီ။ “အနေအထိုင်ဆင်ခြင်ခြင်းဖြင့် [ဆီးချိုရောဂါများနှင့် ၎င်း၏ဆိုးကျိုးများ] ကို ကာကွယ်နိုင်လျက်နှင့် ရောဂါခံစားလာရသောကြောင့် အကြီးအကျယ် စိတ်ဓာတ်ကျရသည်” ဟုအဲဘာတီကဆို၏။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် “ကျန်းမာရေးနှင့်မညီညွတ်သော အစာများကို စားသုံးပြီး ချမ်းသာကြွယ်ဝသော မြို့ပြဘဝပုံစံအတိုင်း နေထိုင်လာသောကြောင့်” ဆီးချိုရောဂါများသည် တစ်မုဟုတ်ချင်း များပြားလာနိုင်ဖွယ်ရှိ၏ဟု ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။
ပြောင်းလဲနေသော အီတလီမိသားစု
အီတလီနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ လက်မထပ်ဘဲအတူနေသော ဇနီးမောင်နှံအရေအတွက် နှစ်ဆနီးပါးဖြစ်လာပြီး လက်ထပ်ပြီးအတူနေသော ဇနီးမောင်နှံအရေအတွက် လျော့နည်းလာကာ တစ်ယောက်တည်းနေသူအရေအတွက် တိုးများလာ၏။ လာ ရဲပူဘလီခါ သတင်းစာတွင် ထုတ်ပြန်ကြေညာထားသော ဤတွေ့ရှိချက်များသည် အီတလီ အမျိုးသားစာရင်းအင်းဌာန (အိုင်အက်စ်တီအေတီ) ကစုဆောင်းထားသော အချက်အလက်များအပေါ် အခြေပြုထားသည်။ ထိုနှစ်များအတွင်း ပျမ်းမျှမိသားစုဝင်မှာ ၂.၆ ဦးပင် မရှိတော့ချေ။ အိုင်အက်စ်တီအေတီအရ စုံတွဲများစွာတို့သည် လက်ထပ်ရန် ရည်မှန်းချက်ဖြင့် “အစမ်းကာလ” တွင် လက်မထပ်ဘဲ အတူနေကြ၏။
ဇီးကွက်တို့၏ အာရုံထူးများ
ဇီးကွက်များတွင် ပြူးကျယ်သောမျက်လုံးများရှိပြီး ၎င်းမျက်လုံးနှစ်လုံးစလုံးကို တစ်ပြိုင်နက်အသုံးပြုနိုင်ခြင်းတို့ကြောင့် “တိရစ္ဆာန်လောကတွင် ညအမှောင်ထုကို ထိုးဖောက်မြင်နိုင်စွမ်း အရှိဆုံးသတ္တဝါဖြစ်၏။ ထို့ပြင် ဇီးကွက်အများစုသည် လူတစ်ဦးကြားနိုင်သည့်အသံထက် ၁၀ ဆတိုးသောအသံကိုပင် ကြားနိုင်၏” ဟုသြစတြေးလျဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းက ဖော်ပြသည်။ အဘယ်အရာက ၎င်းတို့ကို နားပါးစေသနည်း။ “ဇီးကွက်အမျိုးမျိုးတွင် ထူးဆန်းသောနားအမျိုးမျိုးရှိကြသည်၊ ဇီးကွက်တစ်မျိုး၏နားပေါက်သည် အခြားတစ်မျိုးထက် ပို၍မြင့်သည်။” ဇီးကွက်များတွင် ဤသို့သောနား ရှိခြင်းကြောင့် ရွေ့ရှားနေသော သားကောင်၏နေရာကို အလွယ်တကူရှာတွေ့နိုင်ကြ၏။ မိန်ငှက်မျိုးစဉ်မှ ဇီးကွက်များတွင် ဓာတ်ပြားကဲ့သို့သော မျက်နှာအမွေးအမှင် တည်ဆောက်ထားပုံကြောင့် ပို၍ပင်ကြားနိုင်စွမ်းရှိကြသည်။ လိုသလိုလှည့်နိုင်သော ဤဓာတ်ပြားပုံမျက်နှာသည် အသံကို ဖမ်းယူပြီး ထိုအသံလှိုင်းများကို နားထဲသို့ရောက်စေသည်။ ထို့ပြင် ဇီးကွက်၏ အကြားအာရုံနှင့်ဆက်ထားသော ဦးနှောက်ပိုင်းသည် တခြားငှက်များထက် ပို၍ရှုပ်ထွေးသည်။
ရှောင်နိုင်သောအသည်းရောင်ရောဂါ ကူးစက်မှုများ
“ဆေးဝန်ထမ်းများ၏ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိသောကြောင့် အသည်းရောင်ရောဂါကူးစက်မှု” အများဆုံး “ဖြစ်ပေါ်ရသည်” ဟုပိုလန်အပတ်စဉ် ပိုလီတီခါ မဂ္ဂဇင်းကဆို၏။ ၁၉၉၇ ခုနှစ်တွင် အသည်းရောင်ရောဂါ စီ ပိုးကူးစက်မှု ၉၉၇ ဦးရှိခဲ့သော်လည်း နောက်ငါးနှစ်တွင် ၁,၈၉၂ ဦးအထိ တိုးများလာသည်ဟု ပိုလန်နိုင်ငံမှ အမျိုးသားကျန်းမာရေးအဖွဲ့က ဖော်ပြသည်။ ယခုလောလောဆယ်တွင် လိုင်စင်ရ အသည်းရောင်ရောဂါ စီ ပိုးကာကွယ်ဆေးမရှိသေးကြောင်း ထိုဆောင်းပါးက ဝမ်းနည်းစွာဖော်ပြ၏။ ကူးစက်မှုရောဂါများဆိုင်ရာ အမျိုးသားအတိုင်ပင်ခံ ပါမောက္ခအဲန်ဂျဲ ဂဝါဒီခ်ျက ဤသို့ဆိုသည်– “ပိုလန်နိုင်ငံတွင် အသည်းရောင်ရောဂါ စီ ပိုးကူးစက်နေသူ ၅ သိန်း မှ ၆ သိန်း အထိရှိသည်ဟု ပြောခြင်းသည် ချဲ့ကားနေခြင်းမဟုတ်ပါ။” အဆိုပါကူးစက်ရောဂါ အများဆုံး “ဖြစ်ပွားသည့်နေရာမှာ ဆရာဝန် သို့မဟုတ် သွားဆရာဝန်တို့၏ ရုံးခန်းများမှဖြစ်သည်” ဟုပေါဇ်နန်မြို့က ဆေးတက္ကသိုလ်ရှိ ကူးစက်ရောဂါများဆေးခန်းမှ ယာဆီခ် ယူစ်ချီခ်က ပြောပြသည်။ ပိုလီတီခါ မဂ္ဂဇင်းက ဤသို့ကောက်ချက်ချသည်– “ကျွန်ုပ်တို့သည် ဆရာဝန်၏ကုသမှုကို ခံယူရသည့်အခါ သူ၏လက်များ ကောင်းစွာသန့်ရှင်းထားကြောင်း သေချာစေလို၏။”
မြို့စွန် တဲစုရပ်ကွက်များ တိုးများလာခြင်း
“ကမ္ဘာ့မြို့ကြီးပြကြီးများရှိ လူဦးရေ၏ ၃၂ ရာခိုင်နှုန်းဖြစ်သော သန်းတစ်ထောင်နီးပါးသည် မြို့နယ်နိမိတ်အတွင်း ဆင်းရဲမွဲတေကာ နေထိုင်ကြသည်” ဟုမက္ကဆီကိုမြို့တော် အဲလ် ယူနီဗာဆယ်လ် သတင်းစာကဆို၏။ ကုလသမဂ္ဂသည် မြို့စွန်တဲစုရပ်ကွက်များ တစ်မုဟုတ်ချင်းတိုးများလာသည့် ဘိုဂေါတော၊ ဟာဗာနာ၊ မက္ကဆီကိုမြို့တော်၊ ကွီတိုနှင့် ရီယိုဒီဂျနေရို အစရှိသောမြို့များကို လေ့လာမှုပြုခဲ့သည်။ အကြောင်းရင်းများကား အဘယ်နည်း။ ဘိုဂေါတောမြို့၏အဖြစ်အပျက်တွင် “လူဦးရေ တစ်ရှိန်ထိုးတိုးများလာခြင်း၊ ကျေးလက်ဒေသများနှင့် အကြမ်းဖက်မှုများ စိုးမိုးနေသည့် လူနေရပ်ကွက်တို့မှ ပြောင်းရွှေ့လာခြင်းတို့ကြောင့်” မြို့စွန်တဲစုရပ်ကွက်များ မှိုလိုပေါက်လာရခြင်းဖြစ်သည်ဟု ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြကြောင်း ထိုသတင်းစာကဆို၏။ ထို့ပြင် ၂၀၀၀ ပြည့်နှစ်တွင် ဆင်းရဲသည်ဟု သတ်မှတ်ထားသောအဆင့်ထက် နိမ့်သောဝင်ငွေရှိသည့် ထိုမြို့နေ လူဦးရေ ၂၃ ရာခိုင်နှုန်းကို ၁၉၉၄ ခုနှစ်ရှိ ၁၉.၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။