ဆေးပညာလောက၏ အနာဂတ် အသို့နည်း
ဆေးပညာလောက၏ အနာဂတ် အသို့နည်း
သမားတော်များ၏အနာဂတ်ကို မေးမြန်းခြင်းသည် နည်းပညာတိုးတက်မှုများနှင့် ယင်းနည်းပညာတိုးတက်မှုများက ဆရာဝန်များအား လူနာတစ်ဦးချင်းစီကို အချိန်ပိုပေးနိုင်ရန် သူတို့အား သာမန်လုပ်ငန်းဆောင်တာများမှ လွတ်မြောက်စေမည်လောဟူသည့် မေးခွန်းသို့ ဦးတည်စေလေ့ရှိသည်။ ဆရာဝန်များ၏အနာဂတ်သည် ပို၍ကျယ်ပြန့်သည့် လူသားတစ်ရပ်လုံး၏အနာဂတ်နှင့် အနီးကပ် ဆက်စပ်နေပါသည်။ ယင်းအနာဂတ်အပေါ် အလင်းထွန်းလင်းပေးသည့် ကျမ်းစာနှစ်စောင်က ယေရှုနှင့် ကိုယ်တော့်တမန်တော်များ၏ သမိုင်းကြောင်းကို ပြောပြပါသည်။ ထိုကျမ်းစောင်နှစ်စောင်စလုံးကို သမားတော်တစ်ဦးက ရေးသားခဲ့၏။
ထိုသမိုင်းကြောင်းများတွင် သမားတော်တစ်ဦး၏ရှုမြင်ချက်ပါရှိခြင်းက အဘယ်ကြောင့် အထူးစိတ်ဝင်စားစရာ ဖြစ်စေသနည်း။ အဆိုပါသမိုင်းကြောင်းများသည် သမားတော်များ၊ လူနာများ၏အနာဂတ်နှင့် မည်သို့ပတ်သက်နေသနည်း။ သမားတော်တချို့သည် အဘယ်ကြောင့် ၎င်းတို့၏လုပ်ငန်း မလိုအပ်တော့မည့်အချိန်ကို စောင့်မျှော်နေကြသနည်း။
သမားတော်များစွာတို့သည် ဂရုတစိုက် စောင့်ကြည့်တတ်သူများဖြစ်ကြသည်။ “ချစ်သောဆရာဝန်” ဟုခေါ်သည့် လုကာသည် ကျမ်းစောင်နှစ်စောင်ကို ရေးသားသူဖြစ်ပြီး ယေရှုအပြင် တမန်တော်များပါ ကုသပေးခဲ့ကြသည့် လူနာတချို့၏အကြောင်းကို အသေးစိတ်ဖော်ပြပေးခဲ့သည်။ (ကောလောသဲ ၄:၁၄၊ သတင်းကောင်း) သို့နှင့် သူသည် ဤမေးခွန်းများကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ရန် ကူညီပေးလေသည်– ဤအရာတို့သည် အမှန်တကယ်ဖြစ်ပျက်ခဲ့သလော။ သို့ဖြစ်လျှင် မျက်မှောက်ခေတ် လူနာများနှင့် ဆရာဝန်များအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
ဆေးပညာအထောက်အထားကို စစ်ဆေးခြင်း
လုကာသည် အဆိုပါကုသမှုများ၏ အံ့ဖွယ်ကောင်းသည့် သဘောသဘာဝကို မျက်မြင်သက်သေများအား လူတွေ့မေးမြန်းခြင်းဖြင့် မှန်ကန်ကြောင်း သက်သေပြခွင့်ရခဲ့၏။ ထို့အပြင် သူသည် တမန်တော်ပေါလုနှင့်အတူ နယ်တကာ ခရီးလှည့်လည်ခဲ့ရသည်။ လုကာရှိနေပုံရစဉ် ပေါလုသည် လူများစွာတို့အား ကုသပေးခဲ့၏။ ယင်းကုသမှုများနှင့်ပတ်သက်၍ အဆိုပါသမားတော်၏မှတ်တမ်းများကို ကျွန်ုပ်တို့ သုံးသပ်သောအခါ ယင်းတို့မည်မျှအသေးစိတ်ကျကြောင်း သတိပြုပါလေ။
ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ လုကာသည် အဖြစ်အပျက်တစ်ခု၏ အချိန်၊ ရက်စွဲနှင့် နေရာဒေသကို ဖော်ပြပေးသည်– ယင်းအဖြစ်အပျက်သည် ရက်သတ္တပတ်၏ ပထမဆုံးနေ့ ညဉ့်သန်းခေါင်အချိန်တွင်ဖြစ်ပြီး ခရစ်ယာန်အုပ်စုတစ်စုသည် အာရှနယ်အတွင်း ရောမခရိုင် တရောမြို့ရှိ အိမ်သုံးဆင့်အထက်ခန်းတွင် ရှိနေခဲ့ကြ၏။ (တမန်တော် ၂၀:၄-၈) အသေးစိတ်ကို ဤသို့ဖတ်ရသည်– “ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက်နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောသည်တွင် ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျှောကျ၍သေသည်။” ထိုအခါ ပေါလုသည် ဘုရားသခင်၏အစွမ်းတန်ခိုးဖြင့် လူငယ်၏ဒဏ်ရာကို ကုသပေးကာ အသက်ပြန်ရှင်စေခဲ့သည်။ အစာစားပြီးနောက် “အသက်ရှင်လျက်ရှိသော ထိုလုလင်ကိုဆောင်ယူခဲ့၍ အလွန်သက်သာခြင်းရှိကြ၏။”—တမန်တော် ၂၀:၉-၁၂။
လုကာသည် မေလိတေကျွန်း၌လည်း ပေါလုနှင့်အတူ ရှိခဲ့သည်။ နောက်အံ့ဖွယ်အမှုတစ်ခုကို ပေါလုပြုသောအခါ ကျွန်း “သူကြီး” ပုဗလိက ၎င်းတို့နှစ်ဦးအား ပျူပျူငှာငှာ ဧည့်ဝတ်ပြုခဲ့၏။ ခေတ်သစ် ပဋိဇီဝဆေးဝါးများမပေါ်မီ ထိုခေတ်အခါက အသက်အန္တရာယ်ကြုံကောင်းကြုံနိုင်သည့် လူတစ်ဦး၏အခြေအနေနှင့်ပတ်သက်သည်။ လုကာ ဤသို့ပြောပြသည်– “ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍ တုံးလုံးနေသည်ကို ပေါလုဝင်၍ဆုတောင်းပြီးမှ သူ့အပေါ်၌လက်တင်၍ အနာကိုငြိမ်းစေ၏။ ဤသို့ပြုသောကြောင့် ထိုကျွန်း၌ အနာရောဂါစွဲသောအခြားသူရှိသမျှတို့သည် လာ၍ချမ်းသာခြင်းကိုရကြ၏။”—တမန်တော် ၂၈:၇-၉။
ယင်းသမားတော်ကို အဘယ်အရာက စိတ်ချစေခဲ့သနည်း
မိမိ၏စာရှုသူများသည် မှတ်တမ်းတွင် ပါဝင်ခဲ့သူတို့နှင့် စကားပြောဆိုခြင်းအားဖြင့် အချက်အလက်များမှန်ကန်မှုရှိမရှိ ဆန်းစစ်နိုင်ဆဲရှိချိန်တွင် တမန်တော်ကျမ်းပါ ယင်းမှတ်တမ်းများကို လုကာက ရေးသားခဲ့သည်။ မိမိအမည်ဖြင့်တပ်ထားသောကျမ်းစောင်၌ သူမှတ်တမ်းတင်ထားရာနှင့်စပ်လျဉ်း၍ လုကာဤသို့ရေးသားခဲ့သည်– “ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေးဦးစွာမှစ၍ စေ့စေ့ရှာဖွေလိုက်စစ်ပြီးလျှင် . . . အကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အစဉ်အတိုင်းရေးထား” ခဲ့သည်။ (လုကာ ၁:၃) ဤသမားတော် မြင်တွေ့ခဲ့ရာနှင့် ရှာဖွေလေ့လာခဲ့ရာတို့သည် ယေရှု၏သွန်သင်ချက်များ မှန်ကန်ကြောင်း သူ့အား ယုံကြည်စိတ်ချစေခဲ့လေသည်။ အံ့ဖွယ်နည်းဖြင့် ကုသမှုများသည် ထိုသွန်သင်ချက်များအဝင်ဖြစ်ပြီး အဆုံးတွင် ရောဂါသည် ဘုရားသခင်၏ အနိုင်ယူခြင်းကိုခံရတော့မည်ဟူသော ကျမ်းစာပရောဖက်ပြုချက်ကို ယုံကြည်ရန် အခြေပြုပေးသည်။ (ဟေရှာယ ၃၅:၅၊ ၆) ဆေးဆရာဝန်တစ်ဦးအနေနှင့် ဆင်းရဲဝေဒနာတို့ကို ထိတွေ့ဆက်ဆံရလေ့ရှိရာ လုကာသည် မိမိ၏လုပ်ငန်း မလိုအပ်တော့မည့်အချိန်တစ်ချိန်ကို မျှော်လင့်ခြင်းက အထူးကြည်နူးအားရဖွယ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပေမည်။ ယင်းသို့သော နှစ်သက်ဖွယ်ကောင်းသည့်အလားအလာကို သင်တွေ့ရှိပါသလော။
စိတ်ဝင်စားစရာမှာ မည်သည့်အရပ်ဒေသတွင်ပင် နေထိုင်ပါစေ ဘုရားသခင်အားချစ်မြတ်နိုးသူများအတွက် အနာဂတ်က ယင်းသို့ဖြစ်ပျက်လာမည်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ဟူ၍ ကျမ်းစာကတိတော်ရှိ၏။ (ဟေရှာယ ၃၃:၂၄) ကျမ်းစာကတိတော်များကို ယုံကြည်ရန် ယုတ္တိတန်သည့် အခြေခံအကြောင်းရင်းတစ်ရပ်ရှိကြောင်း မျက်မှောက်ခေတ် ဆရာဝန်များစွာက ကောက်ချက်ချခဲ့ကြပြီ။
‘ကျွန်တော့်အတွက် အလွန်နှစ်သက်စရာကောင်းတယ်’
“လူအများစုလိုပဲ ရောဂါဝေဒနာခံစားနေရသူတွေကို ကူညီပေးဖို့ ဆေးပညာကို လေ့လာဆည်းပူးခဲ့ပါတယ်” ဟု မြောက်အမေရိကမှ မိသားစုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဂျွန် စခီလာ ကဆို၏။ “ရောဂါမရှိတော့တဲ့ကမ္ဘာကို မျှော်လင့်ခြင်းက ကျွန်တော့်အတွက် အလွန် နှစ်သက်စရာပါပဲ။ ကောလိပ်မှာ အနောက်တိုင်းယဉ်ကျေးမှု သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ သင်တန်းပြီးသွားတော့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို စတက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးတွေက ဘာသာတရားတွေဟာ ပြဿနာအများစုရဲ့ အခြေအမြစ်ဖြစ်တယ်လို့ ဖော်ပြထားတယ်။ ပြီးတော့ ဘာသာတရားတွေဟာ ကျမ်းစာကို ဟန်ဆောင်အသုံးပြုနေကြတယ်လို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ‘ကျမ်းစာက ဘာကို အမှန်တကယ်ပြောသလဲ’ ဆိုတာ ကျွန်တော်သိချင်ခဲ့တယ်။
“ယေဟောဝါသက်သေတွေရဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ဦးဆုံး ကျွန်တော့်ကိုဆွဲဆောင်တာက ကျွန်တော့်ရဲ့အသိမိတ်ဆွေ အတော်များများနဲ့ သိသိသာသာကွာခြားတဲ့ ဖော်ရွေခင်မင်တတ်တဲ့ လူတွေဖြစ်ကြတယ်။ သက်သေခံတစ်ယောက်က ကျွန်တော့်အနားကိုရောက်လာပြီး ကျမ်းစာအကြောင်းဆွေးနွေးဖို့ ကျွန်တော့်ဆီကိုလာလည်မယ်လို့ ကမ်းလှမ်းခဲ့တယ်။ ကျွန်တော် ဘာမေးခွန်းပဲမေးမေး ကျမ်းစာထဲကနေ အဖြေပေးတဲ့အတွက် ကျွန်တော်အလွန်စွဲမှတ်သွားခဲ့တယ်။
“အသက်ကြီးလာလေလေ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတာကို ကျွန်တော်တန်ဖိုးထားလေလေပဲ။ နုပျိုတဲ့ဆရာဝန်တစ်ဦးအဖြစ် သင်အစပြုချိန်မှာ အကျိုးနပ်တဲ့အရာတစ်ခုခုကို အထမြောက်စေဖို့ သင်မျှော်လင့်မှာပဲ။ ဒါပေမဲ့ ဘဝမှာ ဖြစ်ဖြစ်မြောက်မြောက် မအောင်မြင်ခဲ့ဘူးလို့ ခံစားရပြီး စိတ်ပျက်နေကြတဲ့သူတွေကို တွေ့ရလေ့ရှိတယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရခြင်းနဲ့ပတ်သက်လို့ အထူးခြားဆုံးအရာကို ကျွန်တော်စဉ်းစားကြည့်လိုက်တော့ ဘဝမှာ ရည်ရွယ်ချက်ရှိပြီး အနာဂတ်အတွက် မျှော်လင့်ချက် ကျွန်တော်တို့မှာရှိနေတယ်။ ဆရာဝန်ပဲဖြစ်ဖြစ်၊ စက်ပြင်ဆရာပဲဖြစ်ဖြစ်၊ အစောင့်ပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့အမှုတော်ကို ကျွန်တော်တို့ထမ်းဆောင်နေခြင်းဟာ အကျိုးနပ်တယ်ဆိုတာကို ကျွန်တော်တို့သိထားတယ်; ကျွန်တော်တို့ ယေဟောဝါအတွက် တစ်ခုခု လုပ်ဆောင်နေကြပါတယ်။ အဲဒါက ကျွန်တော်တို့ကို ကျေနပ်မှုဖြစ်စေပါတယ်။”
“ကျမ်းစာမူတွေကို ကျင့်သုံးခြင်းက ကျွန်တော်တို့ရဲ့မိသားစုဘဝကို တိုးတက်စေ”
ဒေါက်တာ ခရစ္စတာ ရဲန်ဗဲလ်သည် ဖင်လန်နိုင်ငံမှ ဆရာဝန်တစ်ဦးဖြစ်ပြီး ကလေးသူငယ်များနှင့် စကားပြောဆိုရသည်ကို အမြဲပျော်မွေ့နေသူဖြစ်သည်။ “တစ်ရက်မှာ ကင်ဆာရောဂါကျွမ်းနေပြီဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနဲ့ ကျွန်တော်စကားပြောဆိုခဲ့ပါတယ်” ဟု သူကဆိုလှာသည်။ “ကျွန်တော့်ကို “စစ်မှန်သောငြိမ်းချမ်းမှုနှင့် လုံခြုံရေး—ယင်းကို သင်မည်သို့ ရှာဖွေနိုင်သနည်း * လို့ခေါ်တဲ့ စာအုပ်တစ်အုပ် သူပေးခဲ့တယ်။ ရောဂါကျွမ်းနေချိန်အတွင်း သူ့ရဲ့ယုံကြည်ခြင်း ဖော်ပြချက်တွေကို ကျွန်တော်စွဲမှတ်သွားပေမဲ့ အဲဒီစာအုပ်ကိုဖတ်ဖို့ အချိန်မရခဲ့ဘူး။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်တော်ဟာ ဟယ်လ်စင်ကီမြို့က ဆေးခန်းတစ်ခန်းမှာ အရမ်းအလုပ်များနေတဲ့အတွက် ကျွန်တော့်မိသားစုကို အကြီးအကျယ်ထိခိုက်ခဲ့တယ်။
“ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာ ကျွန်တော့်ဇနီးက စာအုပ်စင်ပေါ်ကနေ အဲဒီစာအုပ်ကို ယူဖတ်ကြည့်လိုက်တယ်။ သူဖတ်နေတာဟာ အမှန်တရားပဲလို့ ချက်ချင်း လက်ခံယုံကြည်ခဲ့တယ်။ ယေဟောဝါသက်သေတစ်ယောက် သူ့ဆီရောက်လာပြီး သူနဲ့အတူ ကျမ်းစာစလေ့လာပါလေရော။ အစပိုင်းမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော့်ကိုပြောပြဖို့ နည်းနည်းစိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူပြောပြတဲ့အခါမှာ ကျွန်တော်က ‘ငါတို့မိသားစုကို အထောက်အကူပေးမယ့် ဘယ်အရာမဆို ကောင်းတာပေါ့’ လို့ ပြောလိုက်တယ်။ အဲဒီလေ့လာမှုမှာ ကျွန်တော်လည်း ပါဝင်ခဲ့တယ်။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်တော်တို့ရဲ့မိသားစုဘဝကို တိုးတက်စေပြီး ဘဝကို ရှုထောင့်အသစ်နဲ့ ကြည့်မြင်စေခဲ့တယ်။ နာဖျားမှုကင်းတဲ့ကမ္ဘာကို မျှော်လင့်ခြင်းနဲ့ပတ်သက်ပြီး သင်ယူလေ့လာရတာကို ကျွန်တော်နှစ်ခြိုက်ခဲ့ပါတယ်; လူသားတစ်ရပ်လုံးအတွက် အဲလိုရည်ရွယ်ချက်မျိုး ဘုရားသခင်မှာ ရှိထားတာ သဘာဝကျသလိုပဲ။ သိပ်မကြာဘူး ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရယ်၊ နောက်ဆုံး ကျွန်တော့်သားသမီးတွေအားလုံး နှစ်ခြင်းခံလိုက်ကြတယ်။ ကျွန်တော့်ကို ဦးဆုံးစကားပြောဆိုခဲ့တဲ့ အဲဒီမိန်းကလေးဟာ ဆုံးသွားပြီဖြစ်ပေမဲ့ သူ့ရဲ့ယုံကြည်ခြင်းက အသက်ရှင်နေဆဲပါ။”
ပြောင်းလဲမှုမြန်ဆန်လှသည့် ကျွန်ုပ်တို့၏ ဤကမ္ဘာတွင် ဆရာဝန်များအတွက် ဘဝသည် ဖိစီးမှုများလာနေသည်ဖြစ်ရာ နာမကျန်းသူကို ကိုယ်ကျိုးစွန့်၍ ကူညီပေးခြင်းက အမှန်ပင် ချီးကျူးထိုက်ပေသည်။ သို့သော် လူသားထုတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်စေမည့် အကြီးမားဆုံး ပြောင်းလဲမှုများသည် လျင်မြန်စွာပင် ချဉ်းကပ်လာနေပေပြီ။ ယနေ့ ဆရာဝန်များစွာတို့သည် သမ္မာကျမ်းစာ ကတိပြုထားသည့် အနာဂတ်—ရောဂါကင်းမဲ့သည့် ကမ္ဘာ—ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်နေကြ၏! (ဗျာ. ၂၁:၁-၄) ယင်းသည် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေလေ့လာထိုက်သည့် အကြောင်းအရာပင်ဖြစ်ပေသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 17 ယေဟောဝါသက်သေများ ထုတ်ဝေသည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“ဘဝမှာ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ကျွန်မနားလည်ခဲ့”
“မစွမ်းမသန်ဖြစ်နေတဲ့ ကျောင်းသားလေးတွေကို စာသင်ပေးတုန်းက ယေဟောဝါသက်သေတွေဖြစ်ကြတဲ့ မိဘတွေဟာ အတော်လေးထူးခြား တာကို ကျွန်မသတိပြုမိတယ်။ သူတို့ဟာ မသန်စွမ်းတဲ့ကလေးရှိတာခြင်းတူတဲ့ တခြားမိဘတွေထက် ပိုပြီးကိုင်တွယ်ဖြေရှင်းတတ်သလိုပဲ။ ပြီးတော့ သူတို့မှာရှိတဲ့ အလုပ်အကိုင်က တောင်းဆိုတဲ့ပညာထက် ပိုပြီးပညာတတ်ကြတာကိုလည်း သတိပြုမိတယ်။ သူတို့ရဲ့ယုံကြည်ခြင်းကို ကျွန်မလေးစားမိတယ်။ ကျွန်မရဲ့ယုံကြည်ခြင်းကတော့ ဆင့်ကဲသီအိုရီကို သွန်သင်ပေးကြတဲ့ ဆရာတွေကြောင့် ပျက်စီးလုပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ဆေးပညာလေ့လာမှု တွေက ဘဝရဲ့ဖြစ်စဉ်တွေကို သိလိုစိတ်ပြင်းပြစေခဲ့ပါတယ်။
“တစ်ချိန်တည်းမှာ ကျွန်မရဲ့သားသမီးတွေကို ဘယ်လိုပြုစု ပျိုးထောင်ပေးရမယ်ဆိုတာ ကျွန်မ,မသိပါလားဆိုတာ သိလိုက်ရတယ်။ ဘာတွေကို ရှောင်ကြဉ်သင့်သလဲ။ ဘယ်လိုအားပေးရမလဲ။ ဘယ်အရာကို ဘဝရည်ရွယ်ချက်တစ်ခုအဖြစ် သူတို့ကိုပေးရမလဲ။ ကျွန်မရဲ့ဘဝဟာ အဓိပ္ပာယ်မဲ့လာခဲ့တယ်။ အကူအညီအတွက် ကျွန်မ ဆုလည်းတောင်းခဲ့သေးတယ်။
“အဲဒီအချိန်မှာ ကျွန်မဖတ်ဖို့ သားသမီးတွေကို မေတ္တာနဲ့ ဘယ်လိုပြုပြင်ဆုံးမပေးရတဲ့အကြောင်းပါတဲ့ မဂ္ဂဇင်းတစ်စောင် ယေဟောဝါ သက်သေတွေက ယူလာပေးတယ်။ ကျမ်းစာမှာရှင်းပြထားတဲ့ မူတွေက တကယ်အထောက်အကူဖြစ်စေတာကို ကျွန်မတွေ့လိုက်ရတယ်၊ ဒါနဲ့ ကျမ်းစာလေ့လာဖို့ သူတို့ကမ်းလှမ်းတာကို ကျွန်မလက်ခံလိုက်တယ်။ အသက်ကို ယေဟောဝါ ဘာကြောင့်ဖန်ဆင်းတယ်၊ ယေရှု ဘာကြောင့်သေရတယ်ဆိုတာတွေကို ကျွန်မသင်ယူလေ့လာတာနဲ့အမျှ ဘဝမှာ ရည်ရွယ်ချက်ရှိတယ်ဆိုတာ နားလည်ခဲ့ရတယ်။ (ယောဟန် ၃:၁၆; ရောမ ၅:၁၂၊ ၁၈၊ ၁၉) ဆင့်ကဲဖြစ်စဉ်ဟာ ကျွန်မရဲ့အတွေးအခေါ်ကို မလိမ့်တစ်ပတ်လုပ်လိုက်တာကိုး။ ရောဂါနဲ့သေခြင်းတို့ဟာ ဘုရားသခင့်မူလရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်းမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါကျမှ စိတ်သက်သာရာရသွားတယ်! ဘုရားသခင်ဟာ မကြာခင် ရောဂါ ရှိရှိသမျှကို ဘယ်လိုကုသပေးမယ့်အကြောင်း စိတ်ရိုးဖြောင့်တဲ့သူတွေကို သွန်သင်ပေးရာမှာ စစ်မှန်တဲ့ ကျေနပ်ရောင့်ရဲမှုကို ကနေ့ထိ ကျွန်မ တွေ့ရှိနေတုန်းပဲ။”
[ရုပ်ပုံများ]
ဟာလာနာ ဘိုးဝစ္စသည် နယ်သာလန်နိုင်ငံမှ ကျောင်းသားလေးများ၏ ဆရာဝန်တစ်ဦးဖြစ်သည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]
တမန်တော်ပေါလုသည် ပုဗလိမင်း၏ဖခင်ကို ကုသပေးပြီး ဥတုခုကို အသက်ပြန်ရှင်စေခဲ့ချိန်က ဆရာဝန်နှင့်ကျမ်းရေးသူ လုကာသည် တမန်တော်၏ ခရီးသွားဖော်ဖြစ်ခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
ဒေါက်တာ ဂျွန် စခီလာ၊ အမေရိကန်ပြည်ထောင်စု
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
ဒေါက်တာ ခရစ္စတာ ရဲန်ဗဲလ်၊ ဖင်လန်နိုင်ငံ