ပြောင်းလဲနေသောလောကရှိ ဆရာဝန်များ
ပြောင်းလဲနေသောလောကရှိ ဆရာဝန်များ
မိုင်မွန်နီးဒီးစ်သည် ၁၁၇၄ ခုနှစ်တွင် အီဂျစ်ပြည့်ရှင်များ၏ နန်းတွင်းသမားတော်အဖြစ် ခန့်အပ်ခံရပြီး သူ၏အချိန်အများစုကို နန်းတော်၌ ကုန်လွန်စေခဲ့သည်။ နေ့စဉ် အိမ်သို့ ပြန်ရောက်လာချိန်နှင့်စပ်လျဉ်း၍ သူဤသို့ရေးသားခဲ့သည်– “ကျွန်ုပ် အစာ နည်းနည်းစားသည်၊ နှစ်ဆယ့်လေးနာရီတွင် ဤတစ်ကြိမ်သာစားသည်။ ထို့နောက် လူနာများကို ကြည့်ရှုပေးပြီး သူတို့၏ ရောဂါများအတွက် ဆေးညွှန်းများ၊ လမ်းညွှန်ချက်များ ရေးပေးရသည်။ နေဝင်သည်အထိ လူနာများ ဝင်လာမစဲဖြစ်ရာ တစ်ခါတစ်ရံ . . . စကားမပြောနိုင်လောက်အောင် အလွန်မောပန်းနွမ်းနယ်ခဲ့ရ၏။”
ဆရာဝန်တစ်ဦးသည် အမြဲကိုယ်ကျိုးစွန့်ရသည်။ သို့သော် ယနေ့လောကရှိ ဆရာဝန်များ၏လုပ်ငန်းမှာ လျင်မြန်စွာ ပြောင်းလဲနေသည်။ ၎င်းတို့၏အလုပ်ချိန်ဇယားသည် မိုင်မွန်နီးဒီးစ်မောပန်းခဲ့သလောက်ပင် ထပ်တူမောပန်းစရာဖြစ်နေနိုင်သည်။ သို့သော် ဆရာဝန်များသည် ယခင်ကလောက် ရိုသေလေးစားခံရကြပါသလော။ အခြေအနေအသစ်များက အနှီဆရာဝန်၏ ဘဝပုံစံအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့ပြီနည်း။ မကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှုများသည် ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေးကို မည်သို့ပြောင်းလဲစေခဲ့ပြီနည်း။
ပြောင်းလဲသွားသည့်ဆက်ဆံရေး
ဆရာဝန်သည် ဆေးကုသရေးပစ္စည်းများ အစုံအလင်ကို အနက်ရောင် ဆေးအိတ်တွင်ထည့်ကာ ဆွဲသွားနိုင်သည့်ခေတ်ကို တချို့ ပြန်အမှတ်ရနေဆဲဖြစ်မည်။ ထိုခေတ်က ဆရာဝန်များနှင့်ပတ်သက်၍ ယခုခေတ်ကဲ့သို့ပင် ခံစားမှုအမျိုးမျိုး ရောပြွမ်းလျက်ရှိခဲ့သည်။ ဆရာဝန်အများစုမှာ ၎င်းတို့၏စွမ်းရည်ကြောင့် ကြည်ညိုခံရကြ၏၊ ၎င်းတို့၏ လူမှုအဆင့်အတန်းကြောင့် ရိုသေလေးစားခံရကြ၏၊ ၎င်းတို့၏ကျင့်ဝတ်တရားကြောင့် အထင်ကြီးခံရကြ၏။ သို့သော် တစ်ချိန်တည်းတွင် ၎င်းတို့တောင်းသည့် အခကြေးငွေကြောင့် ဝေဖန်ခံရနိုင်သည်၊ မစွမ်းဆောင်နိုင်မှုကြောင့် ပြစ်တင်ခံရနိုင်ပြီး ထောက်ထားစာနာမှုမဲ့သည့်အတွက် ရှုတ်ချပြောဆိုခံရနိုင်သည်။
သို့တိုင် ဆရာဝန်များစွာတို့သည် မိသားစုအစဉ်အဆက် ကူညီပေးသွားရ၍ အလွန်ပင်ကျေနပ်အားရခဲ့ကြ၏။ သူတို့သည် လူနာပေါင်းများစွာကို အိမ်တိုင်ရာရောက် ကြည့်ရှုပေးလေ့ရှိ၏၊ ကျေးလက်ဒေသများတွင် တစ်ခါတစ်ရံ မီးဖွားပေးရသည့်အခါမျိုး၌ လူနာအိမ်တွင် အစာစားခဲ့ရ၊ ညအိပ်ပင်နေပေးခဲ့ကြရ၏။ ဆရာဝန်အများသည် မိမိတို့၏လူနာများအတွက် စားဆေးများ ကိုယ်တိုင်ကိုယ်ကျ ညွှန်းပေးတတ်ကြသည်။ ကိုယ်ကျိုးမငဲ့သည့် သမားတော်များသည် ဆင်းရဲသားများကို အခမဲ့ကုသပေးခဲ့ကြပြီး တစ်ပတ်လျှင် ၇ ရက်၊ တစ်နေ့လျှင် ၂၄ နာရီ အဆင်သင့်ရှိနေခဲ့ကြ၏။
ဆရာဝန်တချို့သည် ထိုအတိုင်း အလုပ်လုပ်နေဆဲပင်၊ သို့သော် နေရာဒေသအများတွင် ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေး သဘောသဘာဝသည် ရာစုနှစ်များစွာက ရှိခဲ့သည့်ဆက်ဆံရေးထက် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်တွင် ပို၍ပြောင်းလဲသွားဖွယ်ရှိခဲ့သည်။ မည်သို့ပြောင်းလဲသွားခဲ့ပြီနည်း။ ဦးစွာ အိမ်တိုင်ရာရောက် လူနာကြည့်ပေးခြင်းကို ဆန်းစစ်ကြည့်ကြစို့။
အိမ်တိုင်ရာရောက် လူနာကြည့်ပေးခြင်းများ မည်သို့ ဖြစ်သွားသနည်း
အိမ်များသို့ လူနာလာကြည့်ပေးခြင်းသည် ဆေးပညာအရ လက်သင့်ခံနိုင်သည့် အမူအကျင့်အဖြစ် သတ်မှတ်လေ့ရှိပြီး နိုင်ငံတချို့တွင် ယင်းဓလေ့ရှိနေဆဲပင်။ သို့သော် ကမ္ဘာတစ်ဝန်းတွင် အဆိုပါဓလေ့ ကျဆင်းလာနေပြီ။ အိန္ဒိယ တိုင်းမ်စ်သတင်းစာက ဤသို့ဆိုခဲ့၏– “မိသားစုဆရာဝန်တစ်ဦး၏ လူနာနှင့်ပြောဆိုဆက်ဆံပုံ၊ ၎င်းမိသားစုနှင့်တရင်းတနှီးရှိပုံနှင့် လိုအပ်လာတိုင်း လူနာလာကြည့်ရန် တလိုတလားရှိပုံတို့သည် အထူးကုများနှင့် ပါရဂူများရှိသည့် ဤခေတ်တွင် ထူးထူးခြားခြား ရှားပါးလာနေပြီဖြစ်သည်။”
ဆေးပညာ အကြီးအကျယ်ထွန်းကားလာမှုကြောင့် သမားတော်များစွာသည် အထူးပြုလေ့လာထားမှုများရှိထားပြီး အုပ်စုတစ်စုအနေနှင့် လုပ်ဆောင်ကြသည်၊ ယင်းကြောင့် လူနာများသည် ဖျားနာလာသည့်အခါတိုင်း သီးခြားဆရာဝန်တစ်ဦးထံ သွားပြရပေမည်။ သို့နှင့် ဆရာဝန်များစွာတို့မှာ မိသားစုများနှင့် ယခင်ကရှိလာခဲ့သည့် ရေရှည်ဆက်ဆံရေးမျိုး မတည်ဆောက်နိုင်တော့ချေ။
ဓာတ်ခွဲခန်းဖြင့် စစ်ဆေးမှုနှင့် ရောဂါရှာဖွေရေးကိရိယာတို့ကို ဆရာဝန်များ ပိုမိုအသုံးချလာသည့် လွန်ခဲ့သောအနှစ်တစ်ရာမှစ၍ လူနာများအား အိမ်တိုင်ရာရောက် ကုသပေးမှု ရပ်တန့်သွားလေသည်။ အိမ်တိုင်ရာရောက် လူနာကြည့်ပေးခြင်းသည် သမားတော်များ၏အချိန်ကို ဖြုန်းတီးရာရောက်သည်ဟု နေရာဒေသများစွာရှိ ကျန်းမာရေးလုပ်ငန်းဌာနများက ယူဆလာကြ၏။ ယနေ့ လူနာအများစုသည် ဆရာဝန်တစ်ဦး၏ဆေးခန်းသို့ သွားရောက်ပြသနိုင်ပေသည်။ ထို့အပြင် ယခင်က ဆရာဝန်များလုပ်ရမည့်အလုပ်များကို ယခုအခါ အကူနှင့်အရေးပေါ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများက ဆောင်ရွက်ပေးနေကြသည်။
ပြောင်းလဲသွားသည့် အခြေအနေ
ယနေ့ လောကတွင် သီးခြားရပ်တည်နိုင်သည့် ဆရာဝန် မရှိလောက်တော့ပေ။ ယခုအခါ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ဆရာဝန်များအား အလုပ်ပေးထားသည့် အစိုးရဌာနများ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီများက အများအားဖြင့် စီမံပေးနေကြ၏။ သို့ရာတွင် ဆရာဝန်များစွာတို့က ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေးတွင် ကြားလူပါဝင်လာခြင်းကို မနှစ်မြို့ကြပေ။ ယင်းသို့သော ဌာနများက အချိန်နည်းနည်းဖြင့် လူနာများများကြည့်ကြရန် ဆရာဝန်များအား တောင်းဆိုလေ့ရှိသည်။ “ခုနစ်မိနစ်ကနေ ဆယ်မိနစ်တိုင်း လူနာတစ်ယောက်ကို ကြည့်ပေးရတယ်။ ဒါ့အပြင် အဲ့ဒီအချိန်အများစုကို လူနာရဲ့သတင်းအချက်အလက်တွေ ကွန်ပျူတာထဲရိုက်သွင်းဖို့ အသုံးပြုရတယ်။ ဒီတော့ လူနာနဲ့ ပြောဆိုဆက်သွယ်ဖို့ အချိန်ဘယ်ရှိတော့မှာလဲ။ တော်တော့်ကို စိတ်ပျက်စရာပဲ” ဟု ဗြိတိန်နိုင်ငံမှ အထွေထွေကုဆရာဝန် ဒေါက်တာ ရှီလာ ပါကင်းစ်ကဆိုသည်။
ပြောင်းလဲနေသည့် ဤလောကရှိ ဆရာဝန်များ၏လုပ်ငန်းသည် လူနာများ၏ဩဇာအောက် ရောက်သည်ထက်ရောက်လာခဲ့ပြီ။ တစ်ချိန်က “ဆရာဝန်၏ညွှန်ကြားချက်များ” ကို စောဒကတက်၍မရချေ။ သို့သော် ယနေ့ နိုင်ငံများစွာတို့တွင် လူနာသည် ကုသမှုနှင့်စပ်လျဉ်း၍ အသိပညာရှိရှိသဘောတူညီမှု ပေးနိုင်ရန် ဆရာဝန်များက ကုသမှုဆိုင်ရာရွေးချယ်နိုင်သည့်နည်းလမ်းများနှင့် ဖြစ်နိုင်ခြေ အကျိုးရလဒ်များနှင့်ပတ်သက်ပြီး လူနာကို အသိပေးဖို့တာဝန်ရှိသည်။ ထို့ကြောင့် ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေး ချိန်ခွင်လျှာ ဘက်ပြန်သွားလေသည်။ အချို့၏အမြင်တွင် ဆရာဝန်သည် နည်းပညာရှင်ရုပ်ပေါက်သွားလေပြီ။
လျင်မြန်စွာ ပြောင်းလဲနေသည့် ကျွန်ုပ်တို့၏လူ့ဘောင်အဖွဲ့အစည်းတွင် ဆရာဝန်အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ အမျိုးသမီးဆရာဝန်များကို ပို၍လူကြိုက်များလာကြခြင်းမှာ ၎င်းတို့သည် သာ၍နားထောင်ပေးတတ်သောကြောင့်ဖြစ်သည်၊ ဤလုပ်ငန်းအပေါ် ၎င်းတို့ ဩဇာညောင်းခြင်းက ယင်းလုပ်ငန်းကို သာ၍အကြင်နာတရားရှိပုံပေါက်စေသည်။
လူနာ၏ခံစားချက်များနှင့် ကြုံတွေ့ရသည့် ဖိစီးမှုကို နားလည်ပေးတတ်သည့် ဆရာဝန်တစ်ဦးကို လူအများစုက တန်ဖိုးထား၏။ သို့သော် အကျိုးသင့်အကြောင်းသင့်ရှိရှိမေးရန်မှာ ဆရာဝန်၏ခံစားချက်များနှင့် ၎င်းကြုံတွေ့နေရသည့် ဖိစီးမှုကို နားလည်ပေးတတ်သည့် လူနာ မည်မျှရှိသနည်း။ ယင်းသို့မေးခွန်းထုတ်ခြင်းဖြင့် ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေး တိုးတက်နိုင်မည်မှာ သေချာပါသည်။ ယင်းကို နောက်ဆောင်းပါးက ကူညီပေးပါမည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
မိုင်မွန်နီးဒီးစ်
[Credit Line]
Brown Brothers
[စာမျက်နှာ ၄ ပါ ရုပ်ပုံများ]
ယခင်က ဆရာဝန်များသည် အိမ်တိုင်ရာရောက် လူနာလာကြည့်ပေးတတ်ကြ