ဖိစီးမှုဒဏ်ခံ ဆရာဝန်များ
ဖိစီးမှုဒဏ်ခံ ဆရာဝန်များ
“ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ မွေးကင်းစလေးအတွက် တစ်ခုခုလုပ်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ ကျွန်တော့်ဆီ ရောက်လာတယ်။ ကလေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ကလေးရဲ့အခြေအနေက ကုမရတော့ဘူး။ သူတို့ရဲ့ သားလေးဟာ ဘယ်တော့မှ မျက်စိ မြင်ရမှာမဟုတ်ဘူးလို့ အဲ့ဒီ ပူပူနွေးနွေးမိဘနှစ်ပါးကို ပြောပြချိန်မှာ ကျွန်တော့်ရဲ့ခံစားချက်တွေကို တွေးကြည့်နိုင်မလား။ ကျွန်တော့်ဆေးခန်းကနေ သူတို့လည်းထွက်သွားရော ကျွန်တော် စိတ်ထိခိုက်ပြီးကျန်ခဲ့တယ်။ ဒါပေမဲ့ ခဏကြာတော့ နောက်လူနာတစ်ယောက်လာပြတဲ့အခါ ကျွန်တော့်ရဲ့ လှိုက်လှဲတဲ့အပြုံးကို သူမျှော်လင့်နေလေရဲ့! အဲဒါကမှ တကယ့်ဖိစီးမှုပဲ။”—တောင်အမေရိကနိုင်ငံမှ မျက်စိခွဲစိတ်ဆရာဝန်တစ်ဦး။
လူနာများသည် မိမိတို့ဆရာဝန်၏ အခက်အခဲများကို ဆင်ခြင်သုံးသပ်ဖို့ လူနာစမ်းသပ်ခန်းများသို့ သွားလည်လေ့မရှိကြချေ။ လူနာတစ်ဦး၏စိတ်ထဲတွင် သူကိုယ်တိုင်လိုအပ်သည့် အကူအညီနှင့် ပြည့်နေသည်။ ထို့ကြောင့် ဖိစီးမှုဒဏ်ကို ဆရာဝန်များ မည်မျှခံနေရကြောင်း သိသူမရှိသလောက်ပင်။
လူတိုင်း ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရမည်မှာ မှန်ပါသည်၊ ဖိစီးမှုများသောအလုပ်သည် ဆေးပညာဖြင့်အသက်မွေးမှုတစ်ခုတည်း မဟုတ်ပါ။ သို့သော် လူတိုင်းနီးပါးက ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေးတွင် တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေကြရာ ဆရာဝန်များ ကြုံတွေ့နေရသည့် ဖိစီးမှုနှင့် သူတို့အပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များကို နားလည်ပေးခြင်းက အကျိုးနပ်ပေသည်။
ဆရာဝန်များသည် ဆေးကျောင်းဝင်နိုင်ဖို့ ကြိုးစားရုန်းကန်ကြသည့် ဘဝအစောပိုင်းတွင် ဖိစီးမှုကို စ၍ခါးစည်းခံတတ်လာသည်။ သို့သော် ဆေးပညာသင်တန်း အစပြုသောအခါ စိတ်လှုပ်ရှားမှုများဖြင့် မေ့မရနိုင်သော တုန်လှုပ်ချောက်ချားမှုတစ်ခု ဖြစ်လေ့ရှိ၏။ ယင်းသည် ဆေးကျောင်းသား၏ ခံစားချက်များ၊ သူ၏တကယ့်ပင်ကိုစရိုက်ကို ပြောင်းလဲစေနိုင်သည့် ဖြစ်စဉ်၏အစဖြစ်သည်။
ဆေးပညာသင်တန်း—တုန်လှုပ်ဖွယ်အတွေ့အကြုံ
ခွဲစိတ်လေ့လာခန်းထဲသို့ ဦးဆုံးအကြိမ် ထိတ်ထိတ်လန့်လန့်ဖြင့် ရောက်ရှိသွားခြင်းသည် ဆေးပညာလေ့လာမှု၏ ဦးဆုံးရက်သတ္တပတ်လောက်ကတည်းက ဖြစ်နိုင်သည်။ ကျောင်းသားများစွာတို့သည် လူသေအလောင်းကို ယခင်က မတွေ့ဘူးခဲ့ဘဲဖြစ်နိုင်သည်။ ခန္ဓာဗေဒကို အဆင့်ဆင့် ဖြတ်တောက်ပြသထားသည့် ကိုယ်လုံးတီး၊ ရှုံ့တွနေသောအလောင်းများ၏ မြင်ကွင်းက အတော်ပင် စက်ဆုပ်စရာကောင်းနိုင်သည်။ ကျောင်းသားများသည် မိမိတို့၏ စိတ်လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ နည်းဗျူဟာများ သင်ယူကြရမည်။ မတတ်သာသည့်အဆုံး ရယ်ရွှင်ဖွယ်ဖြစ်စေရန် လူသေအလောင်းတစ်လောင်းစီကို နာမည်ပြောင်ပေးကြလေသည်။ အပြင်လူတစ်ဦးအတွက်မူ ယင်းအပြုအမူသည် စာနာစိတ်ကင်းမဲ့၍ မရိုမသေပြုရာကျပုံပေါက်သော်လည်း အဆိုပါလူသေအလောင်းအကြောင်း မစဉ်းစားဖို့ ကြိုးစားနေကြသည့် ကျောင်းသားများအတွက်မူ ယင်းအပြုအမူ လိုအပ်ပေသည်။
သည့်နောက် ဆေးရုံတစ်ရုံတွင် လက်တွေ့ကွင်းဆင်းဖို့ အချိန်ရောက်လာတော့သည်။ လူအများစုသည် လူလတ်ပိုင်းအရွယ်မရောက်မချင်း အသက်တာ၏ အချိန်တိုတောင်းမှုကို အလေးအနက် မစဉ်းစားကြချေ။ သို့သော် ဆေးကျောင်းသားများမှာမူ ကုသ၍မရသောရောဂါများနှင့် သေဆုံးမှုတို့ကို ငယ်ရွယ်စဉ်ကပင် ရင်ဆိုင်လာကြရ၏။ ကျောင်းသားတစ်ဦးက မိမိ၏ ဦးဆုံးဆေးရုံအတွေ့အကြုံကို “အော်ဂလီဆန်သည်အထိ ဖြစ်ခဲ့ရသည်” ဟု ဖော်ပြခဲ့လေသည်။ ထို့အပြင် လူနာများသည် ငွေကြေးမလုံလောက်သည့်အတွက် လိုအပ်သည့်ကုသမှုကို အကြိမ်ကြိမ် မရရှိခဲ့ကြပုံကို ချမ်းသာသည့်နိုင်ငံများနှင့် ဆင်းရဲသည့်နိုင်ငံများရှိ ဆေးကျောင်းသားများ ဦးဆုံးအကြိမ် သဘောပေါက်နားလည်လာကြသောအခါ သူတို့အတွက် ယင်းသည်လည်း အတော်တုန်လှုပ်စရာဖြစ်နိုင်ပါသည်။
အရည်အချင်းပြည့်မီခါစ ဆရာဝန်များသည် အဆိုပါဖိစီးမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းကြသနည်း။ ဆေးဝန်ထမ်းတစ်ဦးသည် လူနာများကို စိတ်ပိုင်းအရ ရင်းနှီးဖော်ရွေမှုမပြ ခပ်ခွာခွာနေရလေ့ရှိသည်။ ဝန်ထမ်းက ကုသပေးဖို့လိုအပ်သူဟု ရည်ညွှန်းမည့်အစား “ဒေါက်တာ၊ အခန်းနှစ်မှာ ကျိုးနေတဲ့ ခြေထောက်ရှိတယ်” ဟု ဆိုပေမည်။ ထိုသို့ပြောရခြင်း၏ အကြောင်းရင်းကို သင်နားမလည်ပါက ရယ်စရာဖြစ်သွားပေမည်။
နွမ်းလျစေသော ထောက်ထားစာနာမှု
ဆရာဝန်များသည် သိပ္ပံပညာရှင်များအဖြစ် လေ့ကျင့်ခံရသည်၊ သို့သော် များစွာသောဆရာဝန်များအတွက် ၎င်းတို့အလုပ်၏ အများစုအပိုင်းတွင် လူနာများနှင့်ပြောဆိုဆွေးနွေးခြင်း ပါဝင်လေသည်။ ဆရာဝန်တချို့ကမူ ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရေးကြောင့် ဖြစ်ပေါ်လာသည့်စိတ်လှုပ်ရှားမှုအတွက် အသင့်ပြင်ဆင်ထားခြင်းမရှိဟု ခံစားကြရ၏။ နိဒါန်းတွင် ဖော်ပြထားသည့်အတိုင်း ဆရာဝန်တစ်ဦးအတွက် အခက်ခဲဆုံးအခြေအနေတစ်ခုမှာ သတင်းဆိုးပြောပြရခြင်းဖြစ်ပေသည်။ တချို့မှာ နေ့စဉ်နှင့်အမျှ ပြောဆိုနေရ၏။ အကျပ်အတည်းကြုံနေရသူတို့သည် မိမိတို့၏မချိတင်ကဲဖြစ်မှုကို ဖော်ပြဖို့လိုပြီး သမားတော်များကလည်း နားထောင်ပေးရပေမည်။ စိုးရိမ်ပူပန်၍ ကြောက်လန့်နေသူတို့နှင့် ပြောဆိုဆက်ဆံရခြင်းက အလွန်ပင်ပန်းနိုင်စေလေရာ တချို့ဆရာဝန်များသည် နွမ်းလျစေသော ထောက်ထားစာနာမှုဟု ယခုခေါ်ဆိုသည့် ကိုယ်အားစိတ်အား ချုံးချုံးကျခြင်းပုံစံမျိုးကို ခံစားနေကြရသည်။
ကနေဒါနိုင်ငံရှိ မိသားစုဆရာဝန်တစ်ဦးက သူ၏အစောပိုင်းနှစ်များအကြောင်းကို ဤသို့စာရေးပြောပြခဲ့သည်– “ကျွန်တော့်ကို အလုပ်က လွှမ်းမိုးထားသည်– အကူအညီလိုနေသူတို့သည် ကျွန်တော်၏အချိန်ကို ရယူချင်ကြ၏; ရတက်မအေးဖြစ်နေသူတို့သည် ၎င်းတို့၏ပူပင်သောကကို ပုံအပ်ထားချင်ကြသည်; ဖျားနာနေသူတို့သည် ကျွန်တော်၏ အရေးတယူဆောင်ရွက်ပေးမှုကို လိုအပ်နေကြသည်; ခြယ်လှယ်တတ်သူတို့သည် တွန်းအားပေး၍ တောင်းဆိုကြ၏; လူတို့သည် ကျွန်တော့်ထံလာပြသကြ၏; သူတို့ထံသွားဖို့လည်း ကျွန်တော့်ကို အတင်းအကျပ်တိုက်တွန်းနေကြ၏; ကျွန်တော့်အိမ်၊ ကျွန်တော့်အိပ်ခန်းထဲထိပင် လူတို့ဖုန်းဆက်ကြသည်။ လူတွေ၊ လူတွေနဲ့ချည်း ထပ်နေပါတော့သည်။ ကျွန်တော် အကူအညီပေးချင်သော်လည်း အခြေအနေက လွန်လွန်းအားကြီးနေ၏။”—ဆရာဝန်တစ်ဦး၏ အကျပ်ရိုက်နေမှု၊ ဂျော်န် ဒဗလျူ. ဟော်လန် ရေးသားသည်။
နှစ်များကုန်လွန်သွားသည်နှင့်အမျှ ဖိစီးမှုက လျော့ပါးသွားမည်လော။ အသက်ကြီး၍ ဝါရင့်လာခြင်းသည် အများအားဖြင့် တာဝန်ပိုလာလေ့ရှိ၏။ သေရေးရှင်ရေး ဆုံးဖြတ်ချက်များကို ကျေနပ်ဖွယ်မရှိသည့် အချက်အလက်ကိုအခြေခံ၍ မပြတ်ချနေရလေ့ရှိသည်။ “ကျွန်တော်ငယ်ငယ်တုန်းက အဲဒီအတွက် စိတ်မပူခဲ့ပါဘူး၊ အန္တရာယ်ဖြစ်လောက်အောင် ကားမောင်းကြမ်းတာကို လူငယ်တွေ စိတ်မပူသလိုမျိုးပေါ့။ ဒါပေမဲ့ အသက်အရွယ်လည်းရလာရော အသက်ကို ပိုတန်ဖိုးထားလာတယ်။ အခု၊ ကုသဖို့ဆုံးဖြတ်ချက်တွေက ကျွန်တော့်ကို ခါတိုင်းထက်ပိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်နေစေတယ်” ဟု ဗြိတိသျှ ဆရာဝန်တစ်ဦးက ရှင်းပြသည်။
စိတ်ဖိစီးမှုသည် ဆရာဝန်များအား မည်သို့ထိခိုက်လျက်ရှိသနည်း။ လူနာများနှင့် စိတ်ပိုင်းအရ ခပ်ခွာခွာနေသည့်အကျင့်က မိသားစုဆက်ဆံရေးအထိ အကျိုးသက်ရောက်နိုင်ပေသည်။ ထိုသဘောထားကို ရှောင်ကြဉ်ခြင်းက စိန်ခေါ်ချက်ဖြစ်စေနိုင်ပါသည်။ ဆရာဝန်တချို့သည် လူနာများ၏ ခံစားချက်များကို ထူးထူးခြားခြား ထောက်ထားစာနာပေးတတ်ကြသည်။ သို့သော် နွမ်းလျစေသော ထောက်ထားစာနာမှု မဖြစ်ရလေအောင် သူတို့သည် အဘယ်မျှအတိုင်းအတာအထိ ယင်းကို လုပ်ဆောင်နိုင်ကြမည်နည်း။ ယင်းသည် ဆရာဝန်၏ အကျပ်ရိုက်မှုပင်ဖြစ်လေသည်။
ဆက်ဆံရခက်သည့် လူနာများကို ကိုင်တွယ်ဖြေရှင်းခြင်း
ဆရာဝန်နှင့်လူနာစပ်ကြားဆက်ဆံရသည့် ဖိစီးမှုနှင့်ပတ်သက်၍ မေးမြန်းကြည့်သောအခါ ဆရာဝန်များသည် ဆက်ဆံရခက်သည့်လူနာများအကြောင်း အစချီ၍ ဖော်ပြတတ်ကြသည်။ အောက်ပါပုံစံတချို့ကို သင်သိရှိကောင်းသိရှိပေမည်။
ဦးဆုံးအနေနှင့်၊ လိုရင်းချက်သို့မရောက်ဘဲ တောင်စဉ်ရေမရ လျှောက်ပြောပြီး မိမိ၏ရောဂါအကြောင်းကို ရှင်းပြခြင်းဖြင့် ဆရာဝန်၏အချိန်ကို ဖြုန်းတတ်သည့် လူနာမျိုးဖြစ်သည်။ နောက်တစ်မျိုးမှာ ဆရာဝန်ကို အရေးပေါ်မဟုတ်သည့် ကိစ္စများအတွက် ညအချိန်တွင် သို့မဟုတ် ရက်သတ္တပတ်အဆုံးရက်များတွင် ခေါ်တတ်သော၊ ဆရာဝန်မထောက်ခံသည့် ကုသမှုကို တောင်းဆိုတတ်သော လူနာမျိုးဖြစ်သည်။ သည့်အပြင် အယုံအကြည်မဲ့တတ်သည့် လူနာမျိုးလည်းရှိလေသည်။ လူတချို့သည် မိမိတို့၏အခြေအနေနှင့်ပတ်သက်၍ အသုံးဝင်သည့် သတင်းအချက်အလက်များကို အင်တာနက်တွင် ရှာဖွေတတ်ကြရာ ယင်းက အထောက်အကူပြုနိုင်ပါသည်။ သို့သော် ယင်းသို့သော ရှာဖွေမှုက ၎င်းတို့လာရောက်တိုင်ပင်ကြသည့် ဆေးဘက်ပညာရှင်အပေါ် အယုံအကြည်မဲ့စေနိုင်သည်။ ဆရာဝန်၌လည်း ၎င်းတို့၏ရှာဖွေမှုနှင့်ပတ်သက်သည့် အားသာချက်များနှင့် အားနည်းချက်များကို အချေအတင်ဆွေးနွေးဖို့ အချိန်ရှိမည်မဟုတ်ပေ။ အယုံအကြည်မဲ့မှုကြောင့် မိမိ၏လူနာသည် မိမိ၏ညွှန်ကြားချက်များကို လိုက်နာလိုစိတ်မရှိသည့်အခါ ဆရာဝန်တစ်ဦးအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ နောက်ဆုံးတစ်မျိုးမှာ စိတ်မရှည်တတ်သည့် လူနာမျိုးဖြစ်လေသည်။ အာနိသင်ပြမည့် အချိန်မတိုင်မီ ကုသမှုကို လက်လွှတ်လိုက်ပြီး အခြားတစ်နေရာရာမှ အကြံဉာဏ်ရယူပေမည်။
သို့သော် ကမ္ဘာ့ဒေသတချို့တွင် ဆရာဝန်များ စိတ်ဖိစီးရသည့် အဓိကအကြောင်းရင်းမှာ လူနာကြောင့်မဟုတ်ဘဲ ရှေ့နေကြောင့်ဖြစ်လေသည်။
ဆေးပညာကာကွယ်ရေး
နိုင်ငံများစွာတို့တွင် မသမာသည့်နည်းဖြင့် ဆရာဝန်များအား တရားစွဲဆိုသည့်အမှု အရေအတွက်တိုးများလာကြောင်း ဖော်ပြ၏။ ရှေ့နေတချို့သည် ငွေကြေးရဖို့အတွက် မဖြစ်စလောက်ကိစ္စလေးဖြင့် တရားစွဲဆိုနေကြသည်။ “ယင်းသို့သော မသမာတရားစွဲဆိုမှုများက ဆေးဘက်ဆိုင်ရာတာဝန်မကင်း ပရီမီယံအာမခံကြေးကို တစ်ဟုန်ထိုးမြင့်တက်လာစေသည်” ဟု အမေရိကန် ဆေးအဖွဲ့ ဥက္ကဋ္ဌက ရှင်းပြခဲ့သည်။ “ဤတရားမမှုများသည် အခြားပူပန်မှုဝေဒနာများကိုပါ ဖြစ်စေသည်။ မှားယွင်းစွာ တရားစွဲဆိုခြင်းသည် ဆရာဝန်တစ်ဦးအတွက် အကြီးအကျယ် ထိခိုက်နစ်နာမှု—ကသိကအောက်ဖြစ်ရမှု၊ အချိန်ကုန်မှု၊ . . . စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု—ဖြစ်စေနိုင်ပါသည်။” ဆရာဝန်တချို့သည် ကိုယ့်ကိုယ်ကိုပင် သတ်သေသွားခဲ့ကြပြီ။
ထို့ကြောင့် ဆရာဝန်များစွာတို့သည် “ဆေးပညာကာကွယ်ရေး” ကို ကျင့်သုံးဖို့ တာဝန်ရှိသည်ဟု ခံစားကြရပြီး လူနာအတွက် အကောင်းဆုံးဖြစ်သည့်အရာပေါ် အခြေပြုမည့်အစား တရားရုံးတွင် သူတို့ကိုယ်သူတို့ကာကွယ်ဖို့ လိုအပ်နိုင်ဖွယ်ရှိရာအပေါ် အခြေပြု၍ ဆုံးဖြတ်ချက်များ ချကြလေသည်။ “ယခုအချိန်တွင် နောက်ကြောင်းရှင်းရန် အခြေအနေပေါ်မူတည်၍ ဆေးကုသပေးခြင်းသည် ထုံးစံဖြစ်လာပြီ” ဟု ဖီဇစ်ရှင် နယူးစ် ဒိုင်ဂျက်စ် သတင်းစာကဆိုသည်။
ဆရာဝန်များအပေါ် တိုး၍ဖိအားပေးလာသည်နှင့်အမျှ ၎င်းတို့အများစုက အနာဂတ်မည်သို့ဖြစ်လာမည်ကို သိလိုကြသည်။ ဆေးသိပ္ပံတွင် တိုးတက်မှုများရှိလင့်ကစား ရောဂါတချို့ကို တိုး၍ခံစားရကြောင်း တွေ့သိလာသည်နှင့်အမျှ လူနာများစွာတို့ကလည်း ထပ်တူမေးခွန်းမေးလာကြလေသည်။ နောက်ဆောင်းပါးက ဆရာဝန်များနှင့် လူနာများ၏ အနာဂတ်ကို အရှိကိုအရှိတိုင်းရှုမြင်စေပါသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင်၏ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
၁။ သင့်ဆရာဝန်အား သင်၏ဦးစားပေးပြဿနာကို တိုတိုတုတ်တုတ်နှင့် ပြည့်ပြည့်စုံစုံ မည်သို့ရှင်းပြမည်ကို အသင့်ပြင်ထားခြင်းဖြင့် သင်၏အချိန်ကို ပညာရှိရှိ အသုံးပြုပါ
၂ အရေးပေါ်မဟုတ်သည့်ကိစ္စများအတွက် ရုံးချိန်ပြင်ပတွင် ဆရာဝန်ခေါ်ပင့်ခြင်းကို ရှောင်ကြဉ်ပါ
၃။ စိတ်ရှည်ပါ။ လျောက်ပတ်သည့် ရောဂါရှာဖွေ မှုနှင့် ကုသမှုသည် အချိန်ယူရ၏
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
‘သာမန်လူနာများပင် အားရကျေနပ်စေနိုင်’
“ဒီမှာ ဆေးကုသပုံနဲ့ ပိုပြီးဖွံ့ ဖြိုးတိုးတက်တဲ့ ဒေသတွေမှာ ဆေးကုသပုံတွေက အရမ်းကိုကွာတယ်။ ဒီမှာဆိုရင်၊ သက်မွေးဝမ်းကျောင်းပညာလိုက်စားခြင်းကို ဆင်းရဲတွင်းကလွတ်မြောက်စေတဲ့နည်းလမ်းလို့ ရှုမြင်ထားကြတဲ့အတွက် ဆေးပညာလေ့လာလိုက်စားခြင်းက ရေပန်းစားနေတယ်။ ဒါပေမဲ့ ဆရာဝန်တွေကများနေပြီး အလုပ်က နည်းနေတယ်။ ဒါကြောင့် ဆရာဝန်တွေဟာ ဝင်ငွေ မဆိုစလောက်လေးပဲရကြတယ်။ ဆရာဝန်နဲ့သီးသန့်တွေ့ ပြီး လူနာကြည့်ခပေးနိုင်တဲ့သူက အရမ်းနည်းတယ်။ အခြေခံအကျဆုံး ကိရိယာလောက်ပဲရှိပြီး မိုးယိုတဲ့ ခေတ်ဟောင်းဆေးရုံအိုကြီးတစ်ခုမှာ ကျွန်တော်အလုပ်,လုပ်တယ်။ ကျွန်တော်တို့ရဲ့ ဆေးရုံအမှုထမ်းတွေက ဆရာဝန်နှစ်ယောက်နဲ့ အကူသူနာပြု ငါးယောက်ပဲ။ ကျွန်တော်တို့ဟာ လူနာ ၁၄,၀၀၀ ကို ကြည့်ရှုပေးကြရတယ်။
“တစ်ခါတလေ ကျေနပ်ဖွယ်ကောင်းလောက်အောင် မစစ်ဆေးပေးဘူးလို့ လူနာတွေက ထင်တတ်ကြပေမဲ့ လူနာ ၂၅ ယောက်ကစောင့်နေတော့ ကြာကြာဆွေးနွေးတိုင်ပင်ဖို့ အချိန်မပေးနိုင်ဘူး။ ဒါပေမဲ့ သာမန်လူနာတွေဖြစ်သည့်တိုင် သူတို့နဲ့ပြောဆိုဆက်ဆံရတာကို ကျွန်တော်အားရကျေနပ်မိပါတယ်။ ဥပမာ၊ မိခင်တွေဟာ အာဟာရချို့တဲ့၊ ပိန်လှီခြောက်ကပ်နေပြီး ဝမ်းလျှောနေတဲ့ သူတို့ရဲ့ကလေးတွေကို ခေါ်လာပြတတ်ကြတယ်။ ကလေးတွေဟာ မျက်တွင်းတွေက ဟောက်ပက်၊ စိုးရိမ်စဖွယ် မျက်နှာပေးလေးတွေနဲ့။ ဒါနဲ့ ဓာတ်ဆားရည် ဘယ်လိုဖျော်တိုက်ရမယ်၊ ကပ်ပါးသတ်ဆေးနဲ့ ပဋိဇီဝဆေးဝါးတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ မိခင်ကိုပြောပြရတယ်။ အဲဒါတွေက ထိရောက်တော့ ကလေးက ပြန်ပြီး အစာစားလာပါတယ်။ တစ်ပတ်လောက်လည်းကြာရော ကလေးဟာ မျက်လုံးတောက်တောက်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြေးလွှားဆော့ကစားနေလိုက်တာ။ အဲလိုအတွေ့အကြုံတွေကို ခံစားချင်တဲ့အတွက် ဆရာဝန်လုပ်ချင် စေတာပါ။
“ငယ်ငယ်တုန်းက ဖျားနာတဲ့သူတွေကို ဆေးကုပေးတယ်လို့ အိပ်မက်,မက်ဖူးတယ်။ ဒါပေမဲ့ ဆေးပညာသင်တန်းက ကျွန်တော်မျှော်လင့်မထားတဲ့နည်းနဲ့ ကျွန်တော့်ကို ပြောင်းလဲပစ်လိုက်တယ်။ အသက်ကယ်ကုသမှုအတွက် သူတို့လိုအပ်တဲ့ဆေးဖိုးဝါးခ နည်းနည်းမှမရှိတဲ့အတွက် လူတွေသေကြရတာကို ကျွန်တော်တွေ့လိုက်ရတယ်၊ စိတ်မထိခိုက်ရလေအောင် ကျွန်တော့်ကိုယ်ကျွန်တော် စာနာစိတ်ကင်းတဲ့သူလုပ်လိုက်ရတယ်။ ဝေဒနာခံစားရတဲ့အကြောင်းရင်းကို ကျမ်းစာထဲမှာ ဖော်ပြထားတာ တွေ့လိုက်ရတဲ့အခါကျမှ ဘုရားသခင်ရဲ့ ထောက်ထားစာနာမှုကို သဘောပေါက်သွားပြီး သူတစ်ဖက်သားကို ပြန်ခံစားပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော် ပြန်မျက်ရည်ကျနိုင်ခဲ့တယ်။”
[ရုပ်ပုံများ]
ဒေါက်တာ မာကို ဘီယာဂတ်စ်သည် ဘိုလီးဗီးယားနိုင်ငံရှိ အာမဇိုးနီးယန်း မြို့ခေါင်ခေါင်တွင် အလုပ်,လုပ်