မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရည်းစားရဲ့အနိုင်အထက်ပြုတာကို မခံရအောင် ဘယ်လိုလုပ်ရမလဲ

ရည်းစားရဲ့အနိုင်အထက်ပြုတာကို မခံရအောင် ဘယ်လိုလုပ်ရမလဲ

လူငယ်များ​အမေး . . .

ရည်းစားရဲ့​အနိုင်အထက်ပြု​တာ​ကို မခံ​ရအောင် ဘယ်လို​လုပ်ရမလဲ

“ဒီနေ့ ကျွန်မ​ရည်းစား ကျွန်မ​ကို ပထမ​ဆုံး​အကြိမ်​ရိုက်တယ်။ သူ,ပြန်​တောင်းပန်​တယ်၊ ဒါပေမဲ့ ကျွန်မ ဘာ​ဆက်လုပ်​ရမလဲ မသိ​ဘူး။”—စ​တယ်​လာ။ *

“ကျောင်းသူ ၅ ဦး​တွင် ၁ ဦး​သည် ချိန်းတွေ့​သည့်​အဖော်​၏ ကိုယ်​ထိ​လက်ရောက် နှင့်/သို့​မဟုတ် လိင်ဆိုင်ရာ​မတရား​အနိုင်ကျင့်မှု​ကို ခံရ​ကြသည်​ဟု သတင်းရ​ရှိကြောင်း” အမေရိကန်​ဆေး​ဘက်​ဆိုင်ရာ အဖွဲ့အစည်း​ဂျာနယ်​၌ ဖော်ပြ​ထား​သည်။ ဂျာမနီ​တွင် အသက် ၁၇ နှစ်​မှ ၂၀ အတွင်းရှိ လူငယ်များ​ကို စစ်ဆေး​မေးမြန်း​ရာ မိန်းကလေး လေးဦး​တွင်​တစ်ဦး​သည် ကိုယ်​ထိ​လက်ရောက်​အကြမ်းဖက်မှု၊ နှုတ်ဖြင့်​ဖိအားပေး​မှု၊ မူးယစ်​ဆေး သို့​မဟုတ် အရက်​သေ​စာ​သောက်​စား​မှု အပါအဝင် မလိုလား​ဘဲ​လိင်ဆိုင်ရာ​သားကောင်​များ​ဖြစ်​ခဲ့​ရ​ကြောင်း ဖော်ပြ​ကြသည်။ ယူ.အက်စ်. စစ်ဆေး​မေးမြန်း​ချက်​တစ်ခု​အရ ဆယ်ကျော်သက် ၄၀ ရာခိုင်နှုန်း​သည် သူတို့၏​အတန်းဖော်​များ​က “သူတို့၏​အတွဲ​များ​အား နာနာ​ကျင်​ကျင် ပြောဆို​ဆက်ဆံ​ကြသည်​ကို” တွေ့ရှိ​ခဲ့​ကြောင်း ဖော်ပြ​ကြသည်။ *

သင်သည် အရွယ်ရောက်​သူ​တစ်ဦး​ဖြစ်​ကာ သင်​လက်ထပ်​ဖို့ ရည်ရွယ်​ထား​သူသည် သင့်​အား သိက္ခာ​ချ​ကာ အော်​ကြီး​ဟစ်​ကျယ် သို့​မဟုတ် ချိုးနှိမ်​ပြောဆို​တတ်​သူ၊ ကြမ်းကြမ်းတမ်းတမ်း​ဆောင့်တွန်း​တတ်​သူ သို့​မဟုတ် သင့်​အား​ပါးရိုက်​သူ​တစ်ဦး​ဖြစ်​သလော။ ဤ​အခန်းဆက်​ဆောင်းပါး​မတိုင်မီ ဆောင်းပါး​တစ်ခု​တွင် ထိုသို့​သောမ​တရား​အနိုင်ကျင့်မှု​များသည် ထိတ်လန့်ဖွယ်​ကောင်း​လောက်​အောင် သာမန်​ကိစ္စ​ဖြစ်နေ​သည်​ဟု ဖော်ပြ​သည်။ * ထို့​ပြင် ယေဟောဝါ​ဘုရားသခင်​သည် ရိုင်းစိုင်း​သည့်​အပြောအဆို၊ အမူအကျင့်များ​ကို မနှစ်သက်​ကြောင်း၊ မတရား​နှိပ်စက်​ခံရ​သူများ​သည် ယင်း​အပြု​အမူ​များ​ကို သာမန် သို့​မဟုတ် မိမိ​အမှား​ကြောင့်​ဖြစ်သည်​ဟု လက်မခံ​သင့်​ကြောင်း ဖော်ပြ​ခဲ့​ပြီး​ဖြစ်သည်။ (ဧဖက် ၄:၃၁) သို့​ဖြစ်သည့်​တိုင် ထို​အခြေအနေ​မျိုး​တွင် အဘယ်အရာ​ပြုလုပ်​ရမည်ကို သိထား​ရန် မလွယ်ကူ​ပါ။ သင့်​ရည်းစား​၏​အပြု​အမူ​သည် မည်သို့​ပင်​ရှိပါစေ သူ့ကို သင်​စွဲလမ်း​နေဆဲ​ဖြစ်​နိုင်​သည်။ ထို​ထက်​ဆိုး​သည်​ကား သူ့ကို သင်​အပြစ်တင်​ဝေဖန်​လျှင် သူ၏​တုံ့ပြန်မှု​ကို ကြောက်​နေခြင်း ဖြစ်​နိုင်​သည်။ သင်​အဘယ်အရာ ပြုလုပ်​သင့်​သနည်း။

အခြေအနေ​ကို အကဲဖြတ်ပါ

ဦးဆုံး သင်သည် စိတ်​ငြိမ်ငြိမ်​ထား​ရန်လို​သည်၊ ထို့နောက် ဖြစ်ပျက်​ခဲ့​ရာ​ကို ဓမ္မ​ဓိ​ဋ္ဌာန်​ကျ​ကျ ရှုမြင်​သုံးသပ်ပါ။ (ဒေ. ၂:၁၄) သင်သည် အမှန်ပင် ရိုင်းစိုင်း​စွာ​ပြောဆို​ခံရ​သူ​ဖြစ်​သလော။ သင့်​ရည်းစား​သည် မလို​တ​မာ​စိတ်​နှင့် တမင်တကာ​ပြုမူ​ပြောဆို​ခဲ့​သလော၊ သို့​မဟုတ် သူသည် “မစဉ်းစားဘဲ​ပြောဆို” မိ​ခြင်း​ဖြစ်​သလော။ (သု. ၁၂:၁၈သမ္မာ) ဤသို့ မကြာခဏ​ဖြစ်​ခဲ့​ဖူး​သလော။ အမှုမဲ့​အမှတ်မဲ့​ထား​လိုက်​နိုင်သော တစ်ကြိမ်​သာ​ပြု​မိ​သည့် အမှား​လော။ သို့​မဟုတ် သူသည် ချိုးချိုးနှိမ်နှိမ် သိက္ခာ​ချ​ပြီး ပြောဆို​တတ်​သည့်​အကျင့်​ရှိလာ​သလော။

ဤကိစ္စနှင့်​ပတ်သက်​၍ သင်၏​ခံစားချက်​ကို သင်​အသေအချာ​မသိ​လျှင် ရွယ်တူချင်း​ကို​မဟုတ်ဘဲ အသက်ကြီး​ပြီး ပညာသတိ​ရှိသူ​တစ်ဦးဦး​ကို ယင်း​အကြောင်း ပြောပြ​ပါ။ သင့်​မိဘ သို့​မဟုတ် ရင့်ကျက်သော​ခရစ်ယာန်​တစ်ဦး​ကို ရင်ဖွင့်​ပြောဆို​နိုင်​ပေမည်။ ထိုသို့​ဆွေးနွေး​လိုက်ခြင်း​ဖြင့် သင်သည် တရားလွန်​တုံ့ပြန်​နေခြင်း​လော၊ သို့​မဟုတ် ဆိုးရွား​သည့်​အခြေအနေ​ဖြစ်​နေပြီ​လော​ဟု ဆုံးဖြတ်​ရန် အထောက်အကူ​ရရှိနိုင်​မည်။

သင့်အတွက် အန္တရာယ်​မရှိ​ဟု​ယူမှတ်ပါ​က သင့်​ရည်းစား​အား ယင်း​အကြောင်း ထုတ်ပြော​ပါ။ (သု. ၂၅:၉) သူ၏​အပြု​အမူ​သည် သင့်ကို​စိတ်ထိခိုက်​စေ​ကြောင်း အေးအေးဆေးဆေး ပြောပြ​ပါ။ သင်သည် အဘယ်ကြောင့်​စိတ်ထိခိုက်​ရသည်ကို အတိအလင်း​ပြောပြ​ပါ။ သင်,သည်းမခံ​နိုင်​သည့် အရာများ​ကို ရှင်းရှင်းလင်းလင်း ဖော်ပြ​ပါ။ ထို​အခါ သူ​မည်သို့​တုံ့ပြန်​သနည်း။ သင့်​ခံစားချက်​များ​ကို ဘေးဖယ်​ထား​လိုက်​သလော သို့​မဟုတ် ပို​၍​ပင် ဒေါသ​ထွက်​လာ​သလော။ ထိုသို့​တုံ့ပြန်​ပါ​က သူသည် ပြောင်းလဲ​မည်​မဟုတ်​ကြောင်း ထင်ရှား​သည်။

သို့သော် သူသည် ဘုရားသခင်​ရေးရာ နှိမ့်ချမှု​နှင့် စစ်မှန်​သည့်​နောင်တ တင်ပြ​မည်​ဆိုလျှင်​ကော။ သို့​ဖြစ်​လျှင် သင်တို့၏​ဆက်ဆံ​ရေး​ကို ပြန်​ထိန်းသိမ်း​နိုင်​မည်​ဖြစ်သည်။ သို့သော် သတိပြုပါ! ရိုင်းရိုင်းစိုင်းစိုင်း​ပြောဆို​တတ်​သူများ​သည် တစ်စုံ​တစ်ဦး​ကို စိတ်နာ​စေပြီး​နောက် နောင်တ​ရသည့် အမူအရာ​များ ပြသ​လေ့​ရှိကြသည်၊ သို့သော် နောက်​တစ်ဖန် ဒေါသ​ဖြစ်လာ​လျှင် နာကျင်​ရိုင်း​ပျ​စွာ ပြန်လည်​ပြောဆို​တတ်ကြ​သည်။ သူ​တကယ်​ပြုပြင်​ပြောင်းလဲ​လို​စိတ်​ရှိမရှိ စောင့်ကြည့်​ရ​ပေမည်။ ပြောင်းလဲ​ရန်​ဆန္ဒ​ပြင်းပြ​ကြောင်း ဖော်ပြ​သည့်​အရာ​မှာ ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို သူ​တလိုတလား​တောင်းဆို​လို​ခြင်း​ဖြစ်သည်။—ယာကုပ် ၅:၁၄-၁၆

‘လူအပေါင်း​တို့သည် မကောင်းမှုကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြ’ ကြောင်း အသိအမှတ်ပြု​ပါ။ (ရောမ ၃:၂၃) လို​လေ​သေး​မရှိ​ပြည့်စုံသူ​တစ်ဦး​ကို သင်​ရှာတွေ့နိုင်​မည်​မဟုတ်ပါ။ အိမ်ထောင်သည်​အားလုံး​သည် မစုံလင်မှု​ကြောင့် “လောက​ညှဉ်းဆဲခြင်း” ကို​အတိုင်းအတာ​တစ်ခု​အထိ ခံစားရ​ကြသည်။ (၁ ကောရိန္သု ၇:၂၈) နောက်ဆုံး​တွင် သူ၏​အပြစ်​အနာအဆာ​များ​ကို သင်​ဥပေက္ခာပြု​ကာ သူနှင့်​အတူပျော်​ရွှင်​စွာ ပေါင်းသင်း​နိုင်​မ​နိုင် သင်​ဆုံးဖြတ်​ရ​လိမ့်​မည်။ ဤ​တွင် ဆုံးဖြတ်ချက်​မချ​မီ စောင့်ကြည့်​လျှင် အကောင်းဆုံး​ဖြစ်သည်။

အကြမ်းဖက်​သည့်​အခါ

သို့သော် ရိုင်း​ပျ​သည့်​စကား​များ​အပြင် ဒေါသတကြီး ဆဲရေး​တိုင်းထွာ​မည်၊ အကြမ်းဖက်​ဖို့​ခြိမ်းခြောက်​မည်၊ သို့​မဟုတ် ဆောင့်တွန်း​ခြင်း၊ ပါးရိုက်​ခြင်း​စ​သည့် ကိုယ်​ထိ​လက်ရောက် ကြမ်းကြမ်းတမ်းတမ်း​ပြုမူ​ဆက်ဆံ​လာ​ခြင်း​သည် အခြေအနေ​တစ်မျိုး​ဖြစ်သည်။ ယင်းက ချုပ်တည်း​မှုမရှိ​သည့် လက္ခဏာ​ဖြစ်​ရာ အန္တရာယ်​ရှိ​နိုင်​သည်; ကြမ်းကြမ်းတမ်းတမ်း​ပြုမူ​ဆက်ဆံ​လာရန် အကြောင်း​ရှိသည်။

လက်မ​ထပ်​သေး​သော စုံတွဲ​များသည် နှစ်ယောက်​တည်း သီးခြား​မရှိ​နေ​သင့်​ပေ။ သို့သော် သင်သည် အကြောင်း​တစ်ခုခု​ကြောင့် ဒေါသကြီး​သူ​တစ်ဦး​နှင့်အတူ နှစ်ယောက်​တည်း​ရှိ​နေလျှင် ပြန်၍ “ရန်​တုံ့​မ​မူ” ဖို့​သတိပြုပါ။ (ရောမ ၁၂:၁၇) “ဖြည်းညင်း​သော​စကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်းတမ်းသော​စကား​မူ​ကား အမျက်​ကို​နှိုးဆော်​တတ်” သည်ကို သတိရပါ။ (သု. ၁၅:၁) စိတ်​တည်တည်ငြိမ်ငြိမ်​ထား​ပါ။ သင့်ကို အိမ်ပြန်​ပို့ပေး​ရန် တောင်းဆို​ပါ။ လိုအပ်​မည်​ဆိုလျှင် လမ်းလျှောက်​ပြန်ပါ၊ သို့​မဟုတ် ထွက်ပြေး​ပါ!

အကယ်၍ အမျိုးသား​တစ်ဦး​သည် အမျိုးသမီး​တစ်ဦး​ကို အတင်း​အဓမ္မ လိင်ဆက်ဆံ​ရန် ကြိုးစား​မည်​ဆိုလျှင်​ကော။ စုံတွဲ​တစ်တွဲ​သည် ရည်းစား​စ​ဖြစ်​ချိန်​ကတည်းက အချင်းချင်းချစ်​ခင်​ကြောင်း တင်ပြ​သည့်​အမူအရာ​များ​ကို ကန့်သတ်​ထား​မည်​ဟု ရှင်းရှင်းလင်းလင်း​အသိပေး​ထား​ကြ​လျှင် ပညာရှိရာ​ကျ​သည်။ (၁ သက်သာလောနိတ် ၄:၃-၅) အမျိုးသား​တစ်ဦး​က အမျိုးသမီးငယ်​တစ်ဦး​အား သမ္မာကျမ်းစာ​မူများ​ကို​ချိုးဖောက်​ရန် ဖိအားပေး​သည့်​အခါ မိမိ​လုံးဝ​လိုက်လျော​မည်​မဟုတ်​ကြောင်း သူ့​အား ရှင်းရှင်းလင်းလင်း၊ လေးလေးနက်နက် ပြော​သင့်​သည်။ (ကမ္ဘာဦး ၃၉:၇-၁၃) ထို​ကဲ့သို့​လိင်ဆိုင်ရာ ဖိအား​ပေး​မှု​ကို​ခံ​ခဲ့​ရသူ အဲ​န်း​က “လုံးဝ​အလျှော့မပေး​ပါ​နဲ့။ ကိုယ့်​ကိုယ်ကို လေးစားမှု​ရှိပါ။ သူ့ကို​ဘယ်လောက်​ပဲ​ချစ်ပါ​စေ အဲ့ဒီ​အမှား​မျိုး ကျေးဇူးပြု​ပြီး လုံးဝ​မလုပ်ပါနဲ့!” ဟု​သူ​တောင်းပန်​ပြောဆို​သည်။ သင်၏​ငြင်းဆိုမှု​ကို လျစ်လျူရှု​မည်​ဆိုပါ​က နောက်ထပ်​ကြိုးစား​မှု​မှန်သမျှကို မုဒိမ်းမှု​အဖြစ် မိမိ​သတ်မှတ်​မည်​ဟု သူ့​အား​ပြောလိုက်​ပါ။ ထိုသို့​ပြောဆို​သော်လည်း သူ​ဆက်​ကြိုးစား​ပါ​က အော်​ပြီး​အကူအညီ​တောင်းခံ​ပါ၊ မု​ဒိမ်း​ကောင်​တစ်ဦး​ကို ခုခံ​သကဲ့သို့ သူ့ကို​ကြိုးစား​ခုခံ​ပါ။ *

မည်သို့​ပင်​ဖြစ်စေ နယပုံပြင် ၂၂:၂၄ တွင်​ပါ​သော သမ္မာကျမ်းစာ​ဆုံးမ​စကား​သည် သင့်လျော်​ပါ​သည်– “စိတ်​တို​သော​သူကို မိတ်ဆွေ​မ​ဖွဲ့​နှင့်။ အမျက်​ပြင်းထန်သော​သူနှင့်​အတူ မလိုက်​နှင့်။” မတရား​အနိုင်ကျင့်​သည့် ဆက်ဆံ​ရေး​တွင် သင်​ဆက်နေ​သွား​စ​ရာ မလိုပါ။ မတရား​အနိုင်ကျင့်​တတ်​သူနှင့် နှစ်ဦး​တည်း​တွေ့ဆုံ​ကာ သူနှင့်​လမ်းခွဲ​မည့်​အကြောင်း အသိပေး​ခြင်း​သည် မိုက်ရူး​ရဲ​ဆန်​သည်​မှာ ရှင်း​ပါ​သည်။ အကောင်းဆုံး​မှာ ဖြစ်ပျက်​ခဲ့​သမျှ​ကို သင့်​မိဘ​အား အသိပေး​ခြင်း​ဖြစ်သည်။ သူတို့သည် သင်,မတရား​အနိုင်ကျင့်​ခံရ​သည့်​အတွက် အမှန်ပင် စိတ်ဆိုး​ကြ​မည်၊ စိတ်မကောင်း​ဖြစ်​ကြ​ပေမည်။ သို့သော် မည်သို့​ဆက်​လုပ်ဆောင်​ရမည်ကို သင်​ဆုံးဖြတ်ချက်​ချရန် သူတို့​အကူအညီ​ပေး​နိုင်​သည်။ *

သူ့ကို ကြိုးစား​ပြောင်းလဲ​ပေးခြင်း

မည်သို့​ဆို​စေ သင့်​ရည်းစား​ကို ပြောင်းလဲ​ပေး​ရန် သင့်တာဝန်​မဟုတ်ပါ။ အိုင်​ရီ​နာ​က ဤသို့​ဝန်ခံ​၏– “သူ့ကို​ချစ်တယ်၊ အခြေအနေ​ကို ဖြေရှင်း​နိုင်​မယ်၊ သူ့ကို အကူအညီ​ပေး​နိုင်​မှာ​ပါ​လို့ သင်ယူ​ဆ​မယ်။ တကယ်တော့ ကူညီ​ပေး​နိုင်​မှာ​မဟုတ်ပါဘူး။” အလားတူ​ပင် နာ​ဒီ​န်​လည်း ဤသို့​ဝန်ခံ​၏– “သူ့ကို ကျွန်မ​ပြောင်းလဲ​ပေး​နိုင်​မယ်​လို့ ထင်​ခဲ့​တာ။” အမှန်​မှာ သူ၏ ‘စိတ်​နှလုံးကို’ သူကိုယ်တိုင်​သာ ပြောင်းလဲ​နိုင်​သည်။ (ရောမ ၁၂:၂) ထိုသို့​ပြောင်းလဲ​ရန် အတန်ကြာ​ကြိုးစား​အားထုတ်​ရမည့်​ကိစ္စ​ဖြစ်သည်။

သို့​ဖြစ်၍ အခိုင်အမာ​စိတ်​ဆုံးဖြတ်​ပါ၊ သင့်​စိတ်​လှုပ်ရှားမှု​ကို​ကြိုးကိုင်​ရန် သူ​ကြိုးစား​လေ​သမျှ​ကို ဂရုမစိုက်​ပါ​နှင့်။ ဖြစ်​နိုင်​သရွေ့ စိတ်ပိုင်း​အရ​ရော၊ ကာယပိုင်း​အရ​ပါ သင်တို့​နှစ်ဦး ဝေးဝေး​နေ​ရန်​ကြိုးစား​ပါ။ ယခင်​ဆက်ဆံ​ရေး​မျိုး​ပြန်​ရဖို့ သင့်ကို သွေးဆောင်၊ တောင်းပန် သို့​မဟုတ် ခြိမ်းခြောက်​နိုင်​သည့် အခြေအနေ​မျိုး မရှိစေ​ပါ​နှင့်။ အိုင်​ရီ​နာ​သည် လူကြမ်း​လေး​ဖြစ်သော သူ၏​ရည်းစား​နှင့် အဆက်ဖြတ်​လိုက်​သည့်​အခါ သူ့ကိုယ်သူ​သတ်​သေ​မည်​ဟု ခြိမ်းခြောက်​ခဲ့​သည်။ ထို​ကဲ့သို့​သော​သူသည် အကူအညီ​လိုအပ်​နေကြောင်း ထင်ရှား​ပါ​သည်၊ သို့သော် သင်၏​အကူအညီ​မဟုတ်ပါ။ ခရစ်ယာန်​မ​ဆန်​သော အပြု​အမူ​များ​ကို အခိုင်အမာ​ငြင်းပယ်​ခြင်း​အားဖြင့် အကောင်းဆုံးနည်း​ဖြင့် သူ့ကို သင်​ကူညီ​ပေး​နေပါ​သည်။ သူသည် ပြောင်းလဲ​လို​ပါ​က အကူအညီ​ရှာယူ​ခွင့်​ရှိသည်။

သို့ရာတွင် အချို့​သူများ​က လက်ထပ်​လိုက်​မည်​ဆိုလျှင် ပြဿနာ​များ ပြေလည်​သွား​မည်​ဟု ထင်ကြ​သည်။ သုတေသန​ပြုသူ​တစ်ဦး ဤသို့​ပြော​၏– “မတရား​အနိုင်ကျင့်​တတ်သော​ရည်းစား​ကို လက်ထပ်ခဲ့​ကြ​သည့် အမျိုးသမီး၊ အမျိုးသားများသည် အကြမ်းဖက်​တတ်​သည့်​စရိုက် ရပ်တန့်​မသွားကြောင်း တွေ့​ရှိ၍ အံ့အားသင့်​ကြ​ရသည်။ လက်ထပ်​စာချုပ်​ကို လက်မှတ်​ရေးထိုး​ပြီး​လျှင် ပြဿနာ​အားလုံး ပြေလည်​သွား​မည်​ဟူသော ယုံ​တမ်း​စကား​ကို လူအများစုက ယုံတတ်​ကြသည်။ ယင်းကို​မယုံ​ပါ​နှင့်။” အဖြစ်မှန်​မှာ၊ ရည်းစား​ဖြစ်​ချိန်​မှ​စ၍ ကိုယ်​ထိ​လက်ရောက် အနိုင်ကျင့်​တတ်​သူများ​သည် လက်ထပ်​ပြီး​လည်း ဆက်​အနိုင်ကျင့်​ဖို့​အကြောင်း​ပို​များသည်။

“သတိရှိ​သော​သူသည် အမှုကို​မြော်မြင်​၍ ပုန်း​နေတတ်​၏” ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (သု. ၂၂:၃) သင်​ချစ်​မြတ်နိုးသူ​ကို အဆက်ဖြတ်​ရန် မလွယ်​ပါ။ သို့သော် မတရား​အနိုင်ကျင့်​ခံရ​သည့် အိမ်ထောင်တွင် ချောင်ပိတ်​မိ​နေခြင်း​က ပို​၍​ပင်​ခက်​သည်။ သင့်တော်​သော​အဖော်အဖက်​ကောင်း​ကို ဘယ်တော့​မျှ​ရှာတွေ့​တော့​မည်​မဟုတ်​ဟု မစိုးရိမ်​ပါ​နှင့်။ သင်​အတွေ့အကြုံ​ရရှိ​လာ၍ ထိုးထွင်း​သိမြင်မှု​ရှိနေ​ရာ နူးညံ့​သိမ်မွေ့၊ ကြင်နာ​ပြီး ချုပ်တည်း​မှု​ရှိသူ​တစ်ဦး​ကို သင်​ရှာ​ရန် ပို​စိတ်​ရှိလာ​မည်။

စိတ်ပိုင်း​ဆိုင်ရာ အမာရွတ်​များ​ကို ကုစား​ခြင်း

ဆဲရေး​ပြောဆို၊ ကိုယ်​ထိ​လက်ရောက် မတရား​ပြုမူ​ခံရ​ခြင်း​သည် အလွန်​ဝမ်းနည်းစရာပင်။ မေရီ​အမည်​ရှိ နှိပ်စက်​ခံ​ခဲ့​ရသူ​တစ်ဦး​က ဤသို့​အကြံပြု​၏– “အကူအညီ​တောင်း​ပါ—တစ်ယောက်ယောက်​ကို ချက်ချင်း​ပြောပြ​ပါ။ ကျွန်မ​ဘာသာ ဖြေရှင်း​နိုင်​မယ်​လို့​ထင်​ခဲ့​တာ၊ ဒါပေမဲ့ တခြား​သူတွေကို ပြောပြ​လို့ အကူအညီ​ရခဲ့တယ်။” သင့်​မိဘ၊ ယုံကြည်​စိတ်ချ​ရသော ရင့်ကျက်သည့်​မိတ်ဆွေ​တစ်ဦး၊ သို့​မဟုတ် ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ကို ရင်ဖွင့်​ပြောပြ​ပါ။ *

အချို့​သူများ​မှာ​မူ အကျိုး​ဖြစ်စေ​သော စာဖတ်ခြင်း၊ အားကစား သို့​မဟုတ် ဝါသနာပါရာ​များ လုပ်ဆောင်ခြင်း​မှ အကူအညီ​ရရှိကြောင်း တွေ့ရှိ​ခဲ့​ကြသည်။ “အရေး​အကြီးဆုံး​က​တော့ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​နဲ့ ခရစ်ယာန်​အစည်းအဝေးတွေ တက်ရောက်ခြင်း​ပဲ” ဟု အိုင်​ရီ​နာ ပြောပြ​၏။

ယေဟောဝါ​သည် ရိုင်း​ပျ​သည့်​စကား​များ သို့​မဟုတ် အပြု​အမူ​များ​ကို မနှစ်သက်​ကြောင်း ထင်ရှား​သည်။ ကိုယ်တော်​၏​ကူညီ​မစမှု​ဖြင့် မတရား​အနိုင်ကျင့်​ခံရ​ခြင်း​မှ မိမိကိုယ်ကို ကာကွယ်​နိုင်​ပါ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 နာမည်​အချို့​ကို ပြောင်း​ထား​သည်။

^ အပိုဒ်၊ 4 အမျိုးသား​ရော၊ အမျိုးသမီးများ​ပါ နှုတ်ဖြင့်​ဖြစ်စေ၊ ကိုယ်​ထိ​လက်ရောက်​ဖြစ်စေ နှိပ်စက်​ခံရ​နိုင်​သော်လည်း ယူ.အက်စ်. ရောဂါ​ထိန်းချုပ်ရေး​နှင့် ကြိုတင်​ကာကွယ်​ရေး​ဗဟို​ဌာန​က “အမျိုးသမီးများ​သည် အမျိုးသားများ​ထက် သိသိသာသာ ပို​၍​ဒဏ်ရာ​ရ​ကြသည်” ဟု​ဆို​၏။ မည်သို့​ပင်​ဖြစ်စေ ရိုးရှင်း​လွယ်ကူ​စေရန် ဤ​ဆောင်းပါး​တွင် မတရား​အနိုင်ကျင့်သူ​များ​ကို အမျိုးသားများ​အဖြစ် ရည်ညွှန်း​ဖော်ပြ​ပါ​မည်။

^ အပိုဒ်၊ 5 ဒီဇင်ဘာ ၈၊ ၂၀၀၄၊ နိုးလော့! ထဲ​မှ “လူငယ်များ​အမေး . . . သူ​ကျွန်မ​အပေါ် ဘာကြောင့် ဒီလောက်​ဆိုး​ရတာလဲ” ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 15 မတ် ၈၊ ၁၉၉၃၊ နိုးလော့! [လိပ်] တွင် မုဒိမ်းကျင့်​မှု​ကို ခုခံ​တွန်းလှန်​ခြင်း​ဆိုင်ရာ အချက်အလက်​များ​ပါရှိ​သည်။

^ အပိုဒ်၊ 16 မုဒိမ်းကျင့်​ရန် သွေးဆောင်ခြင်း​ကဲ့သို့​သော အခြေအနေ​အချို့​တွင် သင့်​မိဘ​က ရဲစခန်း​သို့​သတင်းပို့​ရန် ဆုံးဖြတ်​ကြ​ပေမည်။ ယင်း​သို့​ပြုခြင်း​က အခြား​မိန်းကလေး​များလည်း အလွန်​ဆိုးဝါး​သော ထို​အခြေအနေ​မျိုးကို မကြုံ​ရစေ​ရန် အကူအညီ​ဖြစ်စေ​နိုင်​သည်။

^ အပိုဒ်၊ 23 စိတ်သောက​ရောက်​ခဲ့​ရ​လျှင် ဆရာဝန် သို့​မဟုတ် လိုင်စင်​ရ ဆေးဆရာ​တစ်ဦး​နှင့်​ကုသမှု​ခံယူ​ရန် အချို့​သူတို့ ရွေးချယ်​ပြုမူ​ခဲ့​သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပိုးပန်း​ချိန်​တွင် မတရား​အနိုင်ကျင့်​ခံရ​မှု​သည် လက်ထပ်​ပြီး​လည်း ဆက်ခံ​ရလေ့​ရှိ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

မသင့်​လျော်​သော ချစ်ခင်​ကြင်နာ​မှု​ပြ​ရန် အတင်းအကျပ်​ပြု​မှု​ကို လက်မခံ​ပါ​နှင့်