မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်အခဲများက အသက်တာအတွက် အသင့်ပြင်ပေး

အခက်အခဲများက အသက်တာအတွက် အသင့်ပြင်ပေး

အခက်အခဲ​များ​က အသက်တာ​အတွက် အသင့်​ပြင်ပေး

အဲ​န်စ် က​ရို​မာ ပြောပြ​သည်

“ဒါ ခင်ဗျား​တို့​အခန်း​ပဲ။” အဲဒီ​စကားနဲ့ အနောက်​အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​ဖြစ်​တဲ့ ဂါဘွန်း​မှာ ကျွန်တော်​နဲ့ ကျွန်တော့်​တွဲဖက် ကြိုဆို​ခံ​ခဲ့​ရတယ်။ အိပ်ရာ​တစ်ခု​စာ​လောက်​ပဲ​ရှိတဲ့ အဲဒီ​အခန်းမှာ ကျွန်တော်​တို့ ခြောက်​လ​နေခဲ့​ကြတယ်။

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း စိုက်​ပျိုး​မွေးမြူရေး​ခြံ​မှာ နေခဲ့​ရတဲ့​ဘဝက ကျွန်တော့်​ကို ခက်ခဲ​တဲ့​အခြေအနေ​တွေ​အောက် နေထိုင်​တတ်​ဖို့ အသင့်ပြင်​ဆင်​ပေး​ခဲ့တယ်။ ၁၉၃၉ ခုနှစ်​မှာ စစ်​စ​ဖြစ်တာ​နဲ့ နာဇီ​ဂျာမနီ​က ပိုလန်​ကို ချက်ချင်းပဲ သိမ်းပိုက်​လိုက်တယ်။ အဲဒီတုန်းက ကျွန်တော်​လေးနှစ်​သား​အရွယ်​ပေါ့။ ကျွန်တော်​တို့​မိသားစုမှာ ကျွန်တော့်​မိဘတွေ​ရ​ယ်၊ ကျွန်တော့်​ညီလေး​တစ်ယောက်၊ ညီမလေး​တစ်ယောက်​နဲ့ ကျွန်တော့်​အစ်မ​နှစ်ယောက်​ရှိတယ်။ ဂျာမနီ​စစ်ရှုံး​သွားခဲ့​ရင် ကျပ်တည်း​လာမယ့်​ကာလ​အတွက် ကြိုတင်​ပြင်ဆင်​ထား​ဖို့ ကျွန်တော်​တို့ကို အဖေ​သတိပေး​ခဲ့တယ်။

အခု ပိုလန်​နယ်​ဖြစ်​နေတဲ့ အောက်ပိုင်း​စိုင်လီ​ရှယ်​က လို​ဗဲန်​ရှ​တိ​န်း​ဆို​တဲ့ ဂျာမန်​ရွာ​လေး​တစ်ရွာ​မှာ ကျွန်တော်​တို့​နေထိုင်ခဲ့​ကြတယ်။ ဧ​က  ၆၀ လောက်​ရှိတဲ့ ကျွန်တော်​တို့​ခြံ​မှာ ဂျုံ​စပါး​တွေ​စိုက်​ပျိုး​ပြီး သိုး​နွား​တိရစ္ဆာန်​တွေ မွေးမြူ​ခဲ့​ကြတယ်။ အဖေက အဲဒီ​နယ်​မှာ​ရှိတဲ့ လယ်သမားတွေရဲ့ စီမံခန့်ခွဲရေး​မှူး​လည်း​ဖြစ်တယ်။ အဲဒီ​နယ်​ကို နာဇီ​တွေ​သိမ်းပိုက်​လိုက်တဲ့အခါ သူတို့က စစ်ရေး​ကို လယ်သမား​တွေ​ထောက်ပံ့​ပေးဖို့ အဖေ့ကို​စည်းရုံး​ခိုင်းတယ်။

ပထမ​ကမ္ဘာ​စစ်​တုန်း​က အဖေဟာ မြင်းတပ်​မှာ အမှုထမ်းခဲ့​ဖူး​တဲ့​အပြင် အခု နာဇီ​အစိုးရ​တက်​တဲ့​အခါ အစိုးရ​အမှုထမ်း​အလုပ်​ကြောင့် စစ်မှုထမ်း​ဖို့​မလိုခဲ့ဘူး။ ကျွန်တော့်​မိဘတွေက ပထမ​ကမ္ဘာ​စစ်​အတွင်းမှာ ခရစ်ယာန်​ဓမ္မ​ဆရာတွေရဲ့​လုပ်ပုံ​ကို စိတ်ပျက်​လွန်းလို့ ချာ့ခ်ျ​ကနေ နုတ်ထွက်​ခဲ့​တာ အတော်ကြာ​ပြီ။ အဲဒါ​ကြောင့် ဘာသာရေး​ကို လုံးလုံး​စိတ်မဝင်စား​ဘဲ ကျွန်တော်​ကြီးပြင်း​လာတာ။

၁၉၄၁ ခုနှစ်​မှာ ကျွန်တော်​ကျောင်း​စတက်​ခဲ့​ပေမဲ့ နည်းနည်းလေး​မှ ကျောင်း​မနေချင်​ဘူး၊ ကျောင်း​သင်ပုန်းကြီး​ကို ကြည့်​နေရ​တာ​ထက် ပို​ပြီး​စိတ်ဝင်စားစရာ​ကောင်း​တာ​တွေ​ရှိတယ်လို့ ယူဆခဲ့တယ်။ ၁၉၄၅ ခုနှစ်​အစောပိုင်း၊ စစ်​မပြီး​ခင်​လအနည်းငယ်​အလိုမှာ ရုရှား​တွေ​က အောက်ပိုင်း​စိုင်လီ​ရှယ်​ရဲ့​မြို့တော် ဘ​ရက်စ်​လော (အခု ရော​ခ​လော) မြို့ကို ပိတ်ဆို့​တိုက်ခိုက်​နေကြ​တယ်။ စနေနေ့​ညနေပိုင်း​တစ်ရက်​မှာ စိန်​ပြောင်း​ကျ​ည်​တွေ​နဲ့ လေယာဉ်​ပေါ်​က​ကြဲ​တဲ့ ဗုံး​တွေ​ကြောင့် မိုင်  ၃၀ အကွာ​လောက်​မှာ​ရှိတဲ့ အဲဒီ​မြို့ကို​တွေ့​နိုင်​တဲ့​အထိ လင်းထိန်​နေတာပဲ။ မကြာခင်​မှာပဲ ကျွန်တော်​တို့ တောင်ပေါ်​ကို ထွက်ပြေး​သွား​ကြရတယ်။ စစ်​ပြီး​မှ လို​ဗဲန်​ရှ​တိ​န်း​မှာ​ရှိတဲ့ ကျွန်တော်​တို့​အိမ်ကို ပြန်လာ​ကြတယ်။

စစ်​ပြီး​နောက်

စစ်​လည်း​ပြီး​ရော အခြေအနေ တကယ်​ဆိုး​တာ​ပဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်​ခံ​ကြရတယ်၊ လုယက်​တိုက်ခိုက်မှု​တွေ​ဆို နေ့တိုင်း​လို​လို​ပဲ။ ကျွန်တော်​တို့​ရဲ့ သိုး​နွား​တိရစ္ဆာန်​အတော်များများ အခိုးခံ​ခဲ့​ရတယ်။

၁၉၄၅၊ ဇူလိုင်​လမှာ အဖေ​အဖမ်းခံ​ခဲ့​ရတယ်။ ခု​နစ်​ည​လောက် ရက်ရက်စက်စက် စစ်ဆေး​မေးမြန်း​ခံရ​ပြီး​နောက် သူ့ကို​ပြန်​လွှတ်တယ်။ သုံးလ​ကြာ​တော့ တစ်ခါ​ပြန်ဖမ်း​ခေါ်​သွားတယ်။ အဲဒီနောက် အဖေ့ကို တစ်ခါ​မှ ပြန်​မ​တွေ့​တော့​ဘူး။ ပိုလန်​လူမျိုး​နှစ်ယောက်​က ကျွန်တော်​တို့​ရဲ့​လယ်ယာ​တွေ​ကို သိမ်းယူ​ပြီး သူတို့​ပိုင်​တယ်လို့​ပြော​ကြတယ်။ ၁၉၄၆၊ ဧပြီလ​မှာ ရွာ​ထဲ​က​ဂျာမန်​တွေ​အားလုံး​ကို တစ်​နိုင်​စာ​သယ်​ပြီး ထွက်သွား​ခိုင်းတယ်။

ဒီ​အတွက် အမေက​ကြိုတင်​ပြင်ဆင်​ထား​လို့ ပျာ​ယာ​မ​ခတ်​ခဲ့​ဘူး။ အမေက အိပ်ရာလိပ်​တွေ​ထည့်​ထား​တဲ့ ဘီး​ပါ​ခြင်းတောင်း​ကြီး​တစ်လုံး​ကို​သယ်​ပြီး ကျွန်တော်​တို့​ကျ​တော့ လိုအပ်​တာ​တွေ​အပြည့်​ပါ​တဲ့ ကျောပိုး​အိတ်​ကိုယ်စီ သယ်သွား​တယ်။ ပိုလန်​စစ်သားတွေက ကျွန်တော်​တို့ကို ကျွဲ​နွား​တင်တဲ့​ရထား​တွဲ​တွေ​ပေါ် တစ်တွဲ​ကို လူ ၃၀ စီ​မောင်း​တင်​ခဲ့တယ်။ နှစ်ပတ်​ကြာ​တော့ နယ်သာလန်​နဲ့​သိပ်​မ​ဝေး​တဲ့ ဂျာမနီ​အနောက်​မြောက်ဘက်​ကို ရောက်သွား​ကြတယ်။

အစိုးရ​က ကျွန်တော်​တို့​ဆွေမျိုး​တွေ​အ​ပါ ကျွန်တော်​တို့​မိသားစု စုစုပေါင်း ၁၉ ယောက်​စ​လုံး​ကို ခွာခဲန်ဘရုခ်​ကနေ ငါး​မိုင်​ရှိတဲ့ ယာတော​အိမ် အခန်း​နှစ်ခန်း​ထဲမှာ ပေး​နေခဲ့တယ်။ တဖြည်းဖြည်း​နဲ့ ကျွန်တော်​တို့​ဆွေမျိုး​တချို့က တခြား​လယ်သမား​တွေ​နဲ့​နေဖို့ နေရာ​ရခဲ့​ကြ​လို့ ပြွတ်သိပ်​မနေ​ရတော့ဘူး။

အမေ​ဟာ သူ့​ကလေး​တွေ​အတွက် အတော်လေး​ကိုယ်ကျိုး​စွန့်ခဲ့​တယ်၊ ကျွန်တော်​တို့​စားစရာ​ရှိဖို့ သူ​အစာ​မစား​ဘဲ​နေတာ အခါခါ​ပဲ။ ပထမ​ဆောင်းတွင်း​မှာ ထင်း​လုံးလုံး​မရှိဘူး။ အိမ်နံရံ​တွေ၊ မျက်နှာကြက်​တွေ​ကို ရေခဲ​ချ​ပ်​ထူ​ကြီး​ဖုံးလွှမ်း​ပြီး ကျွန်တော်​တို့​အခန်း​တွေ​ဆိုရင် ရေခဲ​ဂူ​ကျ​နေတာပဲ။ ကျွန်တော်​တို့​မှာ နွေးထွေး​တဲ့​အိပ်ရာတွေ​ရှိလို့ တော်​သေး​တယ်။

သက်သေခံ​များနှင့် ဆက်သွယ်​မိ​ခြင်း

၁၉၄၉ ခုနှစ်​လောက်​မှာ အဒေါ်​တစ်ယောက်​ဆီကနေ ကင်းမျှော်စင်​တစ်စောင်​ကို အမေ​ရတယ်။ အဲဒီ​ထဲ​က ဆောင်းပါး​တစ်ပုဒ်​က ဂျာမနီ​ကျဆုံး​မယ်​လို့ ကြိုပြော​နေကြ​တဲ့ ‘လူ​တစ်စု’ ကို စစ်​အတောအတွင်း ရေဒီယို​ကနေ ဟစ်တလာ ပြစ်တင်​ရှုတ်ချ​တာ ပြန်သတိရ​စေတယ်။ အဲဒီတုန်းက ဒီ​လူတွေဟာ ဘယ်သူတွေ​များ​လဲ​လို့ အမေ​သိချင်​ခဲ့​တာ။ သူတို့ဟာ ယေဟောဝါသက်သေ​တွေ​ဖြစ်တယ်​ဆိုတာ ကင်းမျှော်စင်​ကနေ အမေ​သိ​သွားတော့ စိတ်ဝင်စား​လာပြီး သူတို့နဲ့ ကျမ်းစာ​လေ့လာ​ဖို့ ဆုံးဖြတ်​လိုက်တယ်။

၁၉၅၄၊ ဧပြီလ​တစ်နေ့​မှာ အမေ့ကို​ကျမ်းစာ​သင်ပေးတဲ့ သက်သေခံ​မောင်နှံစုံ​နဲ့ ကျွန်တော်​တွေ့​တယ်။ သင်အံမှု​ပြီး​တော့ ကမ္ဘာ​ပေါ် ထာဝစဉ်​ပျော်ရွှင်စွာ အသက်ရှင်​နိုင်​သလော​ဆို​တဲ့ စာအုပ်​ကလေး​အပြင် ကင်းမျှော်စင်​နှစ်စဉ်ကြေး​ကို ကျွန်တော်​လက်ခံ​ယူခဲ့တယ်။ အဲဒီ​စာအုပ်​လေး​ကိုလည်း​ဖတ်​ပြီး​ရော အမှန်တရား​တွေ့​ပြီ​လို့ ကျွန်တော်​အခိုင်အမာ​ယုံကြည်​ခဲ့တယ်။ ဒါ​ကြောင့် ကျွန်တော့်​အလုပ်ရှင်​ကို ပေး​ဖတ်​တယ်။ သူ​ဘယ်လို​ထင်​သလဲ​လို့ မေးကြည့်​တော့ “ဒီ​အယူအဆတွေက သိပ်​ကောင်း​လွန်းလို့ မဖြစ်​နိုင်ဘူး။ ကျွန်မ မယုံနိုင်​ဘူး” လို့​သူပြောတယ်။

“ကျွန်တော်​က​တော့ ဒါ​အမှန်တရား​ပဲ​ဆိုတာ တကယ်​ယုံတယ်၊ ဒါကိုပဲ ကျွန်တော်​လိုက်လျှောက်​တော့​မယ်” လို့​သူ့ကို​ပြောပြ​လိုက်တယ်။ သူက ခေါင်းခါ​ပြီး “ဒီ​သတင်း​ဟာ စိတ်​နူးညံ့​သူ​အတွက်ပဲ။ မင်း​က သက်သေခံ​တစ်ယောက်​ဖြစ်​ဖို့ စိတ်​ကြမ်း​လွန်း​ပါ​တယ်” လို့​ပြော​တယ်။ ဒါပေမဲ့ ကျွန်တော့်​အသက်တာကို ကျွန်တော်​စတင်​ပြုပြင်​ပြောင်းလဲ​ခဲ့တယ်။

အဲဒီ​နယ်​မှာ သက်သေခံတွေ​မရှိပေမဲ့ ကျွန်တော့်​ဘာသာ ကျွန်တော်​လေ့လာ​ပြီး ပတ်စဉ်​ပဲ ခြောက်​မိုင်​လောက်​ဝေး​တဲ့​နေရာမှာ သူတို့ရဲ့​အစည်းအဝေးတွေကို စက်ဘီး​နဲ့ သွား​တက်​ခဲ့တယ်။ အဲဒီနောက် သက်သေခံ​အသင်းတော် အတော်များများ တွေ့ဆုံ ဝတ်ပြုကြတဲ့ တိုက်နယ်​အစည်းအဝေး​တစ်ခု​ကို ကျွန်တော်​သွား​တက်တယ်။ အဲဒီမှာ တခြား​သူတွေနဲ့​အတူ လူတွေကို ပထမဦးဆုံး​အကြိမ် သွား​ဟောပြောခဲ့တယ်။ မကြာခင်​မှာပဲ ဒီ​လုပ်ငန်း​ကို ကျွန်တော်​မှန်မှန်​လုပ်ကိုင်​ပါ​တော့​တယ်။ ၁၉၅၄၊ ဇူလိုင် ၁၄ ရက်မှာ အမေ​ကော ကျွန်တော်​ပါ နှစ်ခြင်း​ခံ​ခဲ့​ကြတယ်။ နောက်တော့ ကျွန်တော့်​အမေ​ဘက်က အဘွား​လည်း အသက် ၈၀ အရွယ်မှာ သက်သေခံ​တစ်ယောက်​ဖြစ်လာ​ခဲ့တယ်။

စိုက်​ပျိုး​မွေးမြူရေး​ခြံ​အလုပ်​က အချိန်​သိပ်​စား​တဲ့​အတွက် အလုပ်​ထွက်​ပြီး ကြိုးဝိုင်း​သစ်တော​တစ်ခု​မှာ ကျွန်တော်​အလုပ်ဝင်​လုပ်ခဲ့တယ်။ အဲဒီနောက် စ​တွတ်​ဂတ်​မြို့နားက ရွိုက်​လ​င​င်​မြို့လေး​ကို ကျွန်တော်​တို့​မိသားစု ပြောင်းရွှေ့​ခဲ့တယ်။ အဲဒီမြို့မှာ​နေတုန်း ကျွန်တော့်​မွေးချင်း​တွေ​ထဲ​က ကျွန်တော့်​ညီမလေး အင်​ဂ​ရ​စ်​တစ်ယောက်ပဲ သက်သေခံ​ဖြစ်​လာတယ်။

အချိန်ပြည့်​ဟောပြောခြင်း

၁၉၅၇ ခုနှစ်​ကျ​တော့​မှ အဖေရဲ့​တရားဝင် သေ​စာရင်း​ကို အမေ​ရရှိခဲ့တယ်။ အဲဒါ​ကြောင့် သူ​ပင်စင်​ထုတ်ယူ​နိုင်​တဲ့​အတွက် ကျွန်တော့်​ရဲ့​ထောက်ပံ့မှု​မလို​တော့​ဘူး။ ကျွန်တော်​လည်း မိသားစု​တာဝန်​မရှိတော့တဲ့​အတွက် အချိန်ပိုင်း​အလုပ်ရှာ​လုပ်ပြီး ၁၉၅၇၊ ဧပြီလ​မှာ ရှေ့ဆောင်​အဖြစ် အချိန်ပြည့်​စ​ဟောပြောနိုင်​ခဲ့တယ်။ အဲဒီနောက် အထူး​ရှေ့ဆောင်​ဖြစ်ခွင့်​ရခဲ့တယ်။ ဒီ​သတင်းကို သက်သေခံ​သူငယ်ချင်း​တစ်ယောက်​ကြား​တော့ သူ့​ရုံးခန်း​ကို​ခေါ်ဖိတ်​ပြီး “ခင်ဗျား အကူအညီ​နည်းနည်း​လို​နေမှာ​ပဲ” တဲ့။ အဲလို​ပြော​ပြီး ကျွန်တော့်​ကို ဒုရှ်​မာ​ခ် ၅၀၀ ပေးတယ်။ အဲဒီ​ငွေ​နဲ့ ကျွန်တော်​လိုအပ်​တဲ့​အဝတ်အစား​တွေ ဝယ်ပြီး​တာ​တောင် မာ​ခ် ၂၀၀ ကျန်​တုန်း​ပဲ။

၁၉၆၀ ပြည့်နှစ်​မှာ ဩစတြီးယား​ကို​သွားပြီး စေတနာ့​ဝန်ထမ်း အမှုဆောင်ခဲ့တယ်၊ ရှိုက်ဘ်စ်​ဆို​တဲ့​ရွာ​လေးမှာ ပြီး​တော့ လင့်​ဇ်​မြို့မှာ ခဏ​တစ်​ဖြုတ်​ဟောပြောခဲ့​ရပေမဲ့ အဲဒီ​နှစ်ကုန်ပိုင်း​မှာ မော်တော်​ဆိုင်ကယ်​မှော​က်​လို့ ကျွန်တော့်​ရဲ့​ညာဘက်​ခြေထောက် ကျိုးသွား​တယ်။ အကြိမ်ကြိမ်​ခွဲစိတ်​ကုသ​ပြီး​တဲ့​နောက် ကျွန်တော်​တာဝန်ကျ​တဲ့​နေရာမှာ ပြန်​အမှုဆောင်​နိုင်​ခဲ့တယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်​မှာ လူ​ဝင်​မှု​ကိစ္စ​နဲ့​ပတ်သက်ပြီး ပြဿနာ​ဖြေရှင်း​ဖို့ ရွိုက်​လ​င​င်​မြို့ကို ပြန်သွား​ခဲ့​ရတယ်။ အဲဒီမှာ​ရောက်နေ​တုန်း ကျွန်တော့်​ခြေထောက်​ထဲ ထည့်​ထား​ရတဲ့ သတ္တု​ချောင်း​ကို​ထုတ်ပစ်ဖို့ ခွဲစိတ်​ခံရ​သေး​တယ်။ ဆေး​ဖိုး​ဝါး​ခ​ရှာ​ဖို့ ခြောက်​လ​လောက် ကျွန်တော် ရှေ့ဆောင်​နား​ခဲ့​ရတယ်။

ကျွန်တော်​အမှုဆောင်​နေတဲ့​အသင်းတော်ကို နယ်လှည့်​ကြီးကြပ်မှူး​တစ်ယောက် လာ​လည်ပတ်​တဲ့​အခါ အဲဒီ​အချိန်တုန်းက ဂျာမနီ​နိုင်ငံ ဗစ္စ​ဘာ​တင်​မြို့မှာ​ရှိတဲ့ သက်သေခံတွေရဲ့ ဌာနခွဲရုံး​မှာ​အမှုထမ်း​ဖို့ လျှောက်လွှာတင်​ကြည့်​ဖို့ သူ​အကြံပေး​ခဲ့တယ်။ ကျွန်တော်​လျှောက်လွှာတင်​လိုက်တယ်၊ နှစ်ပတ်​ကြာ​တော့ အမြန်ဆုံး​လာဖို့ ကြေးနန်း​စာ​ရောက်​လာတယ်။ တစ်ပတ်​ကြာပြီး​နောက် ၁၉၆၃၊ မေလ​မှာ ဗေသလ​လို့​ခေါ်​တဲ့ ဂျာမနီ​ဌာနခွဲ​ကို ကျွန်တော်​ရောက်နေပြီး မဂ္ဂဇင်း​တွေ​ရိုက်တဲ့ ပတ်လည်​ပုံနှိပ်​စက်​မှာ အလုပ်လုပ်​နေပြီ။

လုံ့လ​ရှိ​ရှိ​သင်ယူခြင်း

ကျွန်တော်​နေခဲ့​ဖူး​သမျှ​မှာ ဗေသလ​ဟာ အကောင်းဆုံး​နေရာပါ​ပဲ၊ မြန်မြန်​ပဲ အားကြိုးမာန်တက် လုပ်ကိုင်တတ်​သွားတယ်။ ၁၉၆၅ ခုနှစ်​မှာ စပိန်​နိုင်ငံ​ကို ကျွန်တော်​အလည်သွား​တယ်၊ အဲဒီမှာ ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​ထား​တဲ့​အတွက် ကျမ်းစာ​စာပေ​စာတမ်း​တွေ​ကို ဝှက်​ပြီး​သယ်ဆောင်​သွားခဲ့​ရတယ်။ အဲဒီလို​လည်ပတ်​တဲ့​အခါ ဘာသာ​ခြား​စကား​ကို သင်ယူ​ချင်စိတ်​ပေါ်လာ​လို့ အင်္ဂလိပ်​ဘာသာ​စကား​ကို ကျွန်တော်​ရွေးချယ်​လိုက်တယ်။ အခွင့်အရေး​ရ​တိုင်း သင်ယူ​လေ့လာ​ခဲ့တယ်။ အဲဒီ​အချိန်​လောက်​က ဂျာမနီ​နိုင်ငံ​မှာ ပထမ​ဆုံး​အင်္ဂလိပ်​စကားပြော​အုပ်စု ဖွဲ့​ခဲ့​တော့ အဲဒီ​အုပ်စု​နဲ့ ကျွန်တော်​ပူးပေါင်း​ခဲ့တယ်။ ကင်းမျှော်စင် သင်တန်း​အတွက် အင်္ဂလိပ်​လို ပထမ​အကြိမ် ကြိုတင်​လေ့လာ​တာ ခု​နစ်နာ​ရီ​ကြာ​ခဲ့တယ်။ ဒုတိယ​အကြိမ်​မှာ ငါး​နာရီ​ပဲ​ကြာ​တော့ ကျွန်တော်​တိုးတက်လာ​ပြီ​ဆိုတာ သိခဲ့ရတယ်။

၁၉၆၆ ခုနှစ်​မှာ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​အတွက် ယေဟောဝါသက်သေ​ဓမ္မ​အမှုဆောင်​တွေ​ကို လေ့ကျင့်​ပေးဖို့ အမေရိကန်​ပြည်ထောင်စု​မှာ ဖွင့်​ထား​တဲ့ ဂိလဒ်​ကျောင်း​ရဲ့ ၄၃  ကြိမ်​မြောက်​သင်တန်းကို တက်ရောက်​ဖို့ ကျွန်တော်​ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။ အဲဒီနောက် ကျောင်းဆင်း​ပွဲ​ပြီး​တော့ ၁၉၆၇၊ ဧပြီလ​မှာ ဂွန်​တာ  ရက်​ရှ်​ကာ​နဲ့ ကျွန်တော်​ဟာ အနောက်​အာဖရိက၊ ဂါဘွန်း​နိုင်ငံ​ကို​သွားဖို့ တာဝန်ကျ​တယ်။ ဂါဘွန်း​ရဲ့​မြို့တော် လီဗ​ရာ​ဗေးလ်​ကို​ရောက်တော့ အစပိုင်း​မှာ​ပြောပြ​ခဲ့​တဲ့ အခန်း​ကျဉ်း​လေး​ထဲမှာ ကျွန်တော်​တို့​နေထိုင်ခဲ့​ကြ​ရပြီး ထမင်း​စား​ခန်း​မှာ အဝတ်အစား​တွေ လှမ်း​ခဲ့​ရတယ်။ ခြောက်​လ​ကြာ​တော့ တခြား​သာသနာပြု​အိမ်ကို ကျွန်တော်​တို့​ပြောင်းရွှေ့​သွားခဲ့​ကြတယ်။

ဂါဘွန်း​နိုင်ငံ​မှာ ကျွန်တော့်​အတွက် အခက်ခဲဆုံး​က​တော့ ပြင်သစ်​ဘာသာ​စကား သင်ယူ​ရတာပဲ။ ဒါပေမဲ့ ကြိုးစားပမ်းစား သင်ယူပြီး​တဲ့​နောက်​မှာ​တော့ အဲဒီ​ဘာသာ​စကား​ကို တော်တော်လေး​ပြော​နိုင်​ခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်​မှာ ကျွန်တော်​တို့​ရဲ့ ဟောပြောခြင်း​လုပ်ငန်း​ကို ဂါဘွန်း​နိုင်ငံ​မှာ ရုတ်တရက်​ပိတ်ပင်​လိုက်တယ်၊ ကျွန်တော်​တို့​သာသနာပြုတွေကို နှစ်ပတ်​အတွင်း တိုင်းပြည်​က​ထွက်ခွာ​ဖို့ အကြောင်းကြား​တယ်။

ဗဟို​အာဖရိက​သမ္မတနိုင်ငံ​သို့

တခြား​သာသနာပြုတွေ​နဲ့​အတူ ဗဟို​အာဖရိက​သမ္မတနိုင်ငံ​ကို​သွား​အမှုဆောင်ဖို့ ကျွန်တော်​တာဝန်ရ​ခဲ့တယ်။ အဲဒီ​နိုင်ငံ​ရဲ့ ရုံး​သုံး​ဘာသာ​စကား​က ပြင်သစ်​ဖြစ်​ပေမဲ့ လူအများစု​ကို​ဟောပြောနိုင်​ဖို့ စ​န်​ဂို​ဘာသာ​စကား သင်ယူ​ခဲ့​ကြရတယ်။ ဘ​န်ဂီး​မြို့တော်​နဲ့ မိုင် ၂၀၀ အကွာ​လောက်​မှာ​ရှိတဲ့ ဘ​န်​ဘား​ရီ​မြို့မှာ သာသနာပြု​အိမ်တစ်လုံး​ဖွင့်လှစ်​ကြဖို့ ကျွန်တော်​တို့ကို စေလွှတ်​လိုက်တယ်။ ဘ​န်​ဘား​ရီ​မြို့မှာ လျှပ်စစ်မီး​တို့ ရေပိုက်​တို့​မရှိပေမဲ့ အဲဒီမှာ​ရှိတဲ့ အသင်းတော်​နှစ်ခု​က ကျွန်တော်​တို့​ရဲ့​အကူအညီ လိုအပ်​နေတယ်။ ဥရောပ​မှာ စစ်​တွင်း​ကာလ​က တွေ့ကြုံမှု​တွေ​ကြောင့် ဘ​န်​ဘား​ရီ​မြို့မှာ​သာမက နောက်ပိုင်း ပြောင်းရွှေ့​နေထိုင်ခဲ့​ရတဲ့​နေရာတွေ​ရဲ့ လူနေမှု​အခြေအနေ​တွေ​နဲ့ အလိုက်အထိုက်​နေတတ်​ဖို့ ကျွန်တော့်​အတွက် မ​ခက်​တော့​ဘူး။

ဘ​န်​ဘား​ရီ​မြို့မှာ နှစ်နှစ်​အမှုဆောင်​ပြီး​တဲ့​နောက် နယ်လှည့်​ကြီးကြပ်မှူး​အဖြစ် အသင်းတော်တွေကို​လည်ပတ်​ဖို့ ကျွန်တော် တာဝန်ရ​ခဲ့တယ်။ အဲဒီ​နိုင်ငံ​မှာ အသင်းတော် ၄၀ လောက်​ရှိပြီး ကျွန်တော်​တာဝန်ကျ​တဲ့ အသင်းတော်​တွေ​တစ်ခုစီ​မှာ တစ်ပတ်​ကြာနေ​ထိုင်​ခဲ့တယ်။ ကျွန်တော့်​မှာ ကား​လေး​တစ်စီး​ရှိပေမဲ့ မြေသား​လမ်း​တွေ အခြေအနေ​သိပ်​ဆိုး​လာ​ရင် ဘတ်စကား​နဲ့​ပဲ​သွား​လိုက်တယ်။

တစ်နိုင်ငံ​လုံး​မှာ ကား​တွေ​ပြင်​လို့​ရတဲ့​နေရာ​ဆို​လို့ ဘ​န်ဂီး​မြို့​တစ်မြို့​ပဲ​ရှိတယ်။ ကျွန်တော့်​ရဲ့​အလုပ်​က ကျယ်ကျယ်ပြန့်ပြန့် ခရီး​သွား​ရတာ​ကြောင့် ကား​ပြုပြင်ရေး​စာအုပ်​တွေ​နဲ့ ကိရိယာ​တချို့ ဝယ်ထား​ပြီး အများအားဖြင့် ကိုယ့်​ဘာသာ​ကိုယ်​ပဲ ပြင်​တယ်။ တစ်ခါ​ကျ​တော့ အ​မောင်း​ရှ​ပ်​ပေါ်​က ယူ​နီ​ဗာ​ဆယ်​ဂျွိုင့်​အုံ​ကွဲ​သွား​လို့ ကား​က​မောင်း​လို့ မရတော့ဘူး။ အနီးဆုံး​လူနေအိမ်​ခြေ​နဲ့ မိုင် ၄၀ အကွာ​လောက်​မှာ ကျွန်တော်​ရောက်​နေတာ၊ ဒါနဲ့ တော​ထဲ​က​သစ်သား​တစ်ချောင်း ခုတ်​ယူပြီး ဂျွိုင့်​အထိုင်​အိမ် ထွင်း​လိုက်တယ်။ အဲဒါကို ချောဆီ​များများ​ထည့်၊ အ​မောင်း​ရှ​ပ်​ပေါ်​အုပ်၊ ဝါ​ယာ​ကြိုး​နဲ့​ချည်​ပြီး​နောက် ကျွန်တော်​ခရီးဆက်​နိုင်​ခဲ့တယ်။

တော​ခေါင်​ခေါင်​အရပ် ဒါမှ​မဟုတ် ကျေးလက်​ဒေသ​တွေ​မှာ အမှုထမ်း​တဲ့​အခါ အထူး​အခက်တွေ့​ရတဲ့​အကြောင်း​က အဲဒီ​နေရာတွေမှာ စာရေး၊ စာဖတ်​နိုင်​တဲ့​သူတွေ နည်း​လို့​ဖြစ်တယ်။ အသင်းတော်​တစ်ခု​မှာ​ဆိုရင် စာဖတ်​နိုင်​တဲ့​သူ​တစ်ယောက်ပဲ​ရှိပြီး သူက စကားထစ်​နေတယ်။ တစ်ခါ​ဆိုရင် ကင်းမျှော်စင်​ဆောင်းပါး​က တော်တော်လေး​ခက်တယ်၊ ဒါပေမဲ့ အသင်းတော်​သားတွေ​က ဆွေးနွေး​နေတဲ့​အချက်​တွေ​ကို သဘောပေါက်​နားလည်​နိုင်​ဖို့ စိတ်ရောကိုယ်ပါ ကြိုးစား​ကြ​တာ​တွေ့ရ​တော့ ယုံကြည်ခြင်း တကယ်​တိုးပွား​စေတယ်။

သင်တန်း​ပြီး​တဲ့​နောက် သူတို့​ကောင်းကောင်း​နားမလည်​နိုင်​တဲ့ သင်တန်း​တွေ​ကနေ ဘယ်လို​အကျိုး​ရသလဲ​လို့ အုပ်စု​ကို ကျွန်တော်​မေးတော့ သူတို့ရဲ့​အဖြေ​က တကယ်​အားရှိစရာ​ပဲ– “အချင်းချင်း အားပေး​တိုက်တွန်း​ခွင့်​ရ​ကြတယ်​လေ” တဲ့။—ဟေဗြဲ ၁၀:၂၃-၂၅

ကျွန်တော့်​ရဲ့​ခရစ်ယာန်​ညီအစ်ကို အတော်များများဟာ အရေးအဖတ်​မတတ်​ကြ​ပေမဲ့ ကျွန်တော့်​ကို အသက်ဆက်​နည်း​တွေ အများကြီး​သင်ပေးတယ်။ ဒါ​ကြောင့် ‘သူတစ်ပါးကို ကိုယ်​ထက်သာ​သည်​ဟု ယူမှတ်’ ပါ​ဆို​တဲ့ ကျမ်းစာ​သွန်သင်ချက်​ရဲ့​တန်ဖိုး​ကို ကျွန်တော်​သိ​နားလည်​လာတယ်။ (ဖိလိပ္ပိ ၂:၃) ကျွန်တော့်​ရဲ့ အာဖရိက​ညီအစ်ကို​တွေ​က မေတ္တာ၊ ကြင်နာ​မှု၊ ဧည့်ဝတ်​ပျူ​ငှာ​မှု​နဲ့ တော​ထဲမှာ ဘယ်လို​အသက်ဆက်​ရမယ်ဆိုတာ​တွေ​ကို သင်ပေးတယ်။ ကျွန်တော် ဂိလဒ်​ကျောင်းဆင်း​တဲ့​နေ့မှာ အဲဒီ​အချိန်​က ကျောင်း​ရဲ့​ဥက္ကဋ္ဌ ညီအစ်ကို နေသန်  နောရ်​ပြော​ခဲ့​တဲ့ နှုတ်​ခွန်း​ဆက်​အားပေး​စကား​က ကျွန်တော့်​အတွက် တော်​တော်​အဓိပ္ပာယ်​ရှိ​လာတယ်။ သူ​ဒီလို​ပြော​ခဲ့တယ်– “အမြဲတမ်း စိတ်​နှိမ့်ချမှု​ရှိပါ၊ ငါ​အကုန်လုံး​သိတယ်လို့ ဘယ်တော့မှ မယူဆပါနဲ့။ ကျွန်တော်​တို့ အကုန်​မသိကြ​ပါ​ဘူး။ ကျွန်တော်​တို့ သင်ယူစရာတွေ အများကြီး​ရှိ​နေပါ​သေး​တယ်။”

အာဖရိက တောတွင်း​ဘဝ

အသင်းတော်​တွေ​လည်ပတ်​တဲ့​အခါ ဒေသခံ​ညီအစ်ကို​တွေ​ဆီ​မှာပဲ ကျွန်တော်​တည်းတယ်။ အများအားဖြင့်​ဆိုရင် ကျွန်တော်​လည်ပတ်​ရောက်ရှိ​တဲ့​အချိန်​ဟာ အထူးသဖြင့် ကလေး​တွေ​အတွက် ပွဲတော်​လို​ပဲ။ ဘာကြောင့်​လည်း​ဆိုတော့ အိမ်ရှင်​အသင်းတော်က လူတိုင်း​ဖောဖောသီသီ​စား​နိုင်​ကြဖို့ အထူး​ကြိုးစား​ပြီး အမဲလိုက်၊ ငါး​ရှာ​ထွက်​ထား​တတ်ကြ​လို့​ပါ။

ညီအစ်ကို​တွေ​နဲ့​အတူ သူတို့​တဲအိမ်​တွေ​ထဲမှာ​နေပြီး ခြ​ကောင်​က​အစ ဆင်​သား​အဆုံး ကျွန်တော်​အကုန်စား​တာ​ပဲ။ မျောက်​သားက​တော့ ပုံမှန်​ဟင်း​တစ်ခွက်​ပါ။ တော​ဝက်​နဲ့ ဖြူကောင်​အသား​က တော်​တော်​အရသာ​ရှိတယ်။ နေ့တိုင်း စားကောင်း​သောက်​ဖွယ်​တွေ စား​ရတာ​တော့ မဟုတ်ပါဘူး။ အဲဒီအစား​အစာ​တွေ​ကို အစကတော့ မစားနိုင်​ဘူး၊ ဒါပေမဲ့ စား​နိုင်​လာတဲ့အခါ​ကျ​တော့ ကျွေး​သမျှ​ကို ကျွန်တော့်​အစာအိမ်​က အစာ​ခြေ​ပေး​နိုင်​ခဲ့တယ်။ သင်္ဘော​သီး​ကို အစေ့​နဲ့​တွဲ​စား​တာ​ဟာ အစာအိမ်​အတွက်​ကောင်းတယ်​ဆိုတာ ကျွန်တော်​သိလာ​ခဲ့တယ်။

တော​ထဲမှာ မမျှော်လင့်​ထား​တာ​တွေ အမျိုးမျိုး ဖြစ်ပျက်​နိုင်တယ်။ တစ်ခါ​က​ဆို သူတို့​အယူ​ရှိ​ထား​တဲ့ အဖြူရောင်​ရေ​သရဲ​လို့ ကျွန်တော့်​ကို ထင်​ခဲ့​ကြတယ်။ အဲဒီ​ရေ​သရဲ​ဟာ လူတွေကို​ရေ​ထဲ​ဆွဲချ​ပြီး နှစ်​သတ်​နိုင်တယ်​လို့ သူတို့​ယုံကြည်​ကြတယ်။ ဒါ​ကြောင့် ကျွန်တော်​ရေချိုး​ပြီး ချောင်း​ထဲ​က​တက်​လာတဲ့​တစ်ခါ​မှာ ရေခပ်​လာတဲ့ မိန်းကလေး​တစ်ယောက် ကျွန်​တော့​ကို​မြင်​တာ​နဲ့ အော်​ပြီး​ထွက်ပြေး​ပါ​လေ​ရော။ ကျွန်တော်​ဟာ သရဲ​မဟုတ်ပါဘူး၊ အလည်​လာတဲ့​တရားဟော​ဆရာ​ပါ​လို့ သက်သေခံ​ညီအစ်ကို​တစ်ယောက်​က ရှင်းပြ​ပေမဲ့ လူတွေ​မယုံကြဘူး။ သူတို့က “လူဖြူ​တစ်ယောက်​ဟာ ဒီလို​နေရာ​မျိုးကို ဘယ်တော့မှ လာ​မှာ​မဟုတ်ဘူး” လို့ ပြန်​ငြင်းခုံ​ပြောဆို​ကြတယ်။

လေ​ကောင်း​လေ​သန့်​ရတဲ့​အတွက် ဟင်းလင်းပြင်​မှာ ကျွန်တော်​အိပ်​တဲ့​အကျင့်​ရှိတယ်။ ခြင်ထောင်​တော့ အမြဲ​ပါ​တယ်၊ မြွေတွေ၊ ကင်းမြီးကောက်​တွေ၊ ကြွက်​တွေ​နဲ့ တခြား​အကောင်​တွေ​ရဲ့​ရန်ကနေလည်း အကာအကွယ်​ပေး​လို့​ဖြစ်တယ်။ စစ်တပ်​ပုရွက်ဆိတ်​ရန်ကို ကျွန်တော်​အကြိမ်ကြိမ်​ကြုံဖူး​ခဲ့တယ်၊ ခြင်ထောင်,ထောင်​ထား​လို့ တော်​သေး​တယ်။ တစ်ည​မှာ​ဆိုရင် ခြင်ထောင်​ကို လက်​နှိပ်​ဓာတ်​မီး​နဲ့​ထိုး​ကြည့်​လိုက်​တော့ ပုရွက်ဆိတ်​တွေ​ချည်း​ပဲ။ ဒီ​ပုရွက်ဆိတ်​တွေ​က အကောင်​သာ​ငယ်​တာ၊ ခြင်္သေ့​တွေ​ကို​တောင် သေစေနိုင်​တဲ့​အတွက် ကျွန်တော်​အမြန်​ထွက်ပြေး​ခဲ့​ရတယ်။

ကွန်ဂို​မြစ်​နားက ဗဟို​အာဖရိက​သမ္မတနိုင်ငံ တောင်ပိုင်း​ကို ကျွန်တော်​ရောက်​တုန်း​မှာ မြေကြီး​အားကိုး​နဲ့ အသက်ဆက်​နေကြ​တဲ့ ပစ်​ဂ​မီ​တွေ​ကို ဟောပြော​ခွင့်​ရခဲ့တယ်။ သူတို့ဟာ ကျွမ်းကျင်​တဲ့​မုဆိုး​တွေ​ဖြစ်​ပြီး ဘာကို​စား​လို့​ရ၊ မရ​သိ​ကြ​တဲ့​သူတွေပါ။ တချို့က စ​န်​ဂို​ဘာသာ​စကားပြော​တတ်တယ်၊ သတင်းတရားကို ဝမ်းသာ​အားရ နားထောင်​ကြ​တဲ့​သူတွေ​ဖြစ်တယ်။ သူတို့ဆီ​ပြန်လည်ပတ်​မယ်​လို့​ပြော​ရင် သဘောတူ​လက်ခံ​ကြ​ပါ​လိမ့်မယ်၊ ဒါပေမဲ့ ပြန်​သွားတဲ့အခါ တခြား​တစ်​နေရာကို သူတို့​ရွှေ့​ပြောင်း​သွား​နှင့်​ကြပြီ။ အဲဒီတုန်းက ပစ်​ဂ​မီ​တစ်ယောက်မှ သက်သေခံ​ဖြစ်​မလာ​ခဲ့​ဘူး၊ ဒါပေမဲ့ ကွန်ဂို​သမ္မတနိုင်ငံ​မှာ သက်သေခံ​ဖြစ်လာတဲ့ ပစ်​ဂ​မီ​တွေ​ရှိတယ်လို့ နောက်ပိုင်း​မှ သတင်းရ​တယ်။

ဗဟို​အာဖရိက​သမ္မတနိုင်ငံ​မှာ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် ငါး​နှစ်လောက် ကျွန်တော်​အမှုထမ်းခဲ့​ရတယ်။ တစ်နိုင်ငံ​လုံး အနှံ့​ရောက်ခဲ့တယ်၊ အများအားဖြင့် တော​ထဲ​က အသင်းတော်တွေဆီ လည်ပတ်​ရင်း တစ်နိုင်ငံ​လုံး ကျွန်တော်​နှံ့​သွားတယ်။

နိုင်ဂျီးရီးယား​ဌာနခွဲ​တွင် အမှုဆောင်ခြင်း

၁၉၇၇၊ မေလ​မှာ နိုင်ဂျီးရီးယား​နိုင်ငံ၊ လေး​ဂေါစ်​မြို့က ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနခွဲရုံး​မှာ​အမှုထမ်း​ဖို့ ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။ အဲဒီ​အချိန်​က အာဖရိကရဲ့ အ​စည်ကား​ဆုံး​နိုင်ငံ​ဖြစ်​တဲ့ ဒီ​နိုင်ငံ​မှာ သက်သေခံ ၁၀၀,၀၀၀ နီးပါး​ရှိပြီး ဌာနခွဲ​မှာ​အမှုထမ်း​သူ ၈၀ လောက်​ရှိတယ်။ ယာဉ်​တွေ​ကို ပြုပြင်​ထိန်းသိမ်း​ခြင်း​ပါဝင်​တဲ့ ကား​ဝပ်​ရှော့​မှာ ကျွန်တော်​တာဝန်ကျ​တယ်။

၁၉၇၉ ခုနှစ်​ကျ​တော့ ဥရောပ​မှာ​ကြီးပြင်း​လာစဉ် လူငယ်​တစ်ဦး​အဖြစ် ကျွန်တော်​လုပ်ဆောင်ခဲ့ရ​တဲ့ စိုက်ပျိုးရေး​အလုပ်ကို လုပ်ခဲ့​ရတယ်။ ဌာနခွဲ​အမှုထမ်းတွေ​စားသုံး​ဖို့ စိုက်​ပျိုး​မွေးမြူ​တဲ့​ခြံ​က လေး​ဂေါစ်​မြို့ကနေ မိုင် ၅၀ အကွာမှာ​ရှိတဲ့ အီ​လေ​ရို​မြို့မှာ​ရှိတယ်။ အပူပိုင်း​မိုးသစ်တော​မှာ စိုက်​ပျိုး​မွေးမြူတာ​ဟာ ဥရောပ​မှာ​စိုက်​ပျိုး​မွေးမြူတာ​နဲ့ လုံးဝ​မတူတာ​ကို အဲဒီမှာ ကျွန်တော်​သိလိုက်​ရတယ်။ ဒီ​အလုပ်ကို သုံးနှစ်ခွဲ​လုပ်ကိုင်ပြီး​တော့ လေး​ဂေါစ်​မြို့ ကားပြင်​ဝပ်​ရှော့​မှာ ပြန်​အလုပ်လုပ်​ခဲ့​ရတယ်။

၁၉၈၆ ခုနှစ်​မှာ လေး​ဂေါစ်​မြို့​နဲ့ ၂၂၅ မိုင်​လောက်​ဝေး​ပြီး ဌာနခွဲ​အဆောက်အအုံ​သစ်​တွေ ဆောက်လုပ်​မယ့် အီဂေဒူမေမြို့​ကို ကျွန်တော်​ပြောင်းရွှေ့​သွားခဲ့​ရတယ်။ ဒီ​အဆောက်အအုံ​ကို ၁၉၉၀၊ ဇန်နဝါရီ​မှာ ဆက်ကပ်​အပ်နှံ​ခဲ့တယ်။ ပုံနှိပ်​တိုက်​တစ်လုံး၊ စိုက်ပျိုးရေး​ခြံ​လေး​တစ်ခြံ​နဲ့ လူ ၅၀၀ ကျော်​နေနိုင်တဲ့ လူနေအိမ်​အဆောက်အအုံ​တွေ​ပါဝင်​တယ်။ မြေ​ဧ​က ၁၄၀ ကျယ်​ပြီး ခု​နစ်​ပေ​လောက်​မြင့်တဲ့​တံတိုင်း​နဲ့ ခြံခတ်​ထား​တယ်။ လောလောဆယ်​တော့ အမှုထမ်း ၃၅ ယောက်​လောက်​ရှိတဲ့ အဲဒီ​ခြံ​နဲ့ မြေကွက်​ကို ကျွန်တော်​ကြီးကြပ်​ကွပ်ကဲ​ပေး​နေ​ရတယ်။

အခု​ဆိုရင် နိုင်ဂျီးရီးယား​မှာ​နေတာ ၂၇ နှစ်လောက်​ရှိပြီ၊ ဌာနခွဲ​မှာ ကျွန်တော်​ရရှိ​ထား​တဲ့ တာဝန်​အမျိုးမျိုးကို တကယ်​ကြိုက်​နှစ်သက်ပါ​တယ်။ ကျွန်တော့်​အမေ​ဟာ ယေဟောဝါ​အပေါ် တည်ကြည်​ပြီး၊ ကျွန်တော့်​ညီမလေး အင်​ဂ​ရ​စ်​လည်း အထူး​ရှေ့ဆောင်​အဖြစ် ၁၄ နှစ်​ကြာ အမှုဆောင်ခဲ့​ပြီး သူ့​ခင်ပွန်း​နဲ့​အတူ ယေဟောဝါ​ရဲ့​အမှုတော်ကို အခုထိ​ထမ်းဆောင်​နေဆဲ​ဖြစ်လို့ ကျွန်တော်​ဝမ်းသာ​မိတယ်။

အခက်အခဲ​တွေ ကျွန်တော်​ကြုံ​ခဲ့​ရပေမဲ့​လည်း ယေဟောဝါ​နဲ့ အနောက်​အာဖရိက,က ကျွန်တော့်​ရဲ့​ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​အတွက် အသုံးတော်ခံ​ခဲ့​ရလို့ တကယ်​ပျော်​တယ်။ အခု​အချိန်အထိ ကျန်းမာ​ရေး​ကောင်း​နေ​သေး​လို့​လည်း ကျေးဇူး​တင်​မိ​တဲ့​အပြင် ကျွန်တော်​တို့​ရဲ့ ကြီးမြတ်​တဲ့​ဘုရားသခင်၊ ယေဟောဝါ​ကို ကျန်း​ကျန်းမာ​မာ၊ တက်တက် ကြွကြွ ဆက်​အမှုထမ်း​နိုင်​ဖို့​လည်း ဆုတောင်း​ပါ​တယ်။

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

နိုင်ဂျီးရီးယား

ဗဟို​အာဖရိက သမ္မတနိုင်ငံ

ဂါဘွန်း

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၉၃၉ ခုနှစ်​တွင် ကျွန်တော့်​အမေ​ဂါး​ထ​ရု၊ ကျွန်တော့်​ညီမလေး အင်​ဂ​ရ​စ်​တို့​နှင့်အတူ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဂါဘွန်း​တွင် ခရစ်ယာန်​သာသနာပြု​တစ်ဦး အဖြစ် အမှုထမ်း​နေစဉ်

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဗဟို​အာဖရိက​သမ္မတနိုင်ငံ​မှာ​ရှိ​စဉ် ဤသို့​သော​ကျေးရွာ​များ​တွင် ကျွန်တော်​နေထိုင်ခဲ့