“အဏ္ဏဝါ၏ ရတနာ”
“အဏ္ဏဝါ၏ ရတနာ”
လှပထူးခြားစွာ စီခြယ်ထားသော ဖန်သားအစ်ပုံစံထဲတွင် တည်ရှိသည့် ဒိုင်အာတမ်ခေါ် အဏုကြည့်ကိရိယာဖြင့်သာမြင်နိုင်သော အယ်လ်ဂျီအပင်ကလေးများကို ကမ္ဘာပေါ်ရှိ အဏ္ဏဝါသမုဒ္ဒရာရေပြင်တိုင်းတွင် အများအပြားတွေ့ရှိရ၏။ ၎င်းတို့သည် သိပ္ပံပညာရှင်များကို အာရုံဖမ်းစားထားသည်မှာ ရာစုနှစ်များစွာကြာလေပြီ။ အမှန်ဆိုရလျှင် အဏုကြည့်မှန်ပြောင်း ဦးစွာတီထွင်ကတည်းက လူတို့သည် ယင်းတို့၏အလှအပကို အကြမ်းဖျင်း ရုပ်လုံးဖော်ပေးနိုင်ခဲ့ကြသည်။ ဒိုင်အာတမ်ကို အဏ္ဏဝါရေပြင်၏ ရတနာဟု သမုတ်လိုက်ခြင်းမှာ ကျိုးကြောင်းသင့်မြတ်လှပေ၏။
၁၈၆၀ ပြည့်လွန်နှစ်များ၌ ယမ်းဘီလူးကို တီထွင်ခဲ့သူ အဲလ်ဖရက် နိုဗယ်လ်သည် နိုက်ထရိုဂလစ်ဆလင်း ဖောက်ခွဲပစ္စည်းကို တာရှည်ခံစေရန် ဒိုင်အာတမ်များမှ ဆီလီကာကို အသုံးပြုခဲ့ရာ ယင်းကြောင့် သယ်ဆောင်သွား၍ရသော ယမ်းဘီလူးချောင်းများကို သူဖန်တီးနိုင်ခဲ့လေသည်။ ယနေ့ ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်အာတမ်အခွံများကို စီးပွားဖြစ်ထုတ်ကုန်များတွင် နည်းအမျိုးမျိုးဖြင့် အသုံးပြုကြသည်—ဥပမာ၊ လမ်းအမှတ်အသားအရောင်များကို ရောင်ပြန်စေခြင်း၊ ဝိုင်ကို သန့်စင်ခြင်းနှင့် ရေကူးကန်ရှိရေများကို စစ်ခြင်းတို့တွင်ဖြစ်၏။
သို့သော်၊ ပို၍အရေးကြီးသည်မှာ အဆိုပါ အလွန့်အလွန်သေးငယ်သော ဆဲလ်တစ်ခုတည်းရှိ အပင်တို့သည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ပေါ်ရှိ အလင်းမှီစုဖွဲ့ခြင်း လေးပုံတစ်ပုံ၏တာဝန်ကို ထမ်းဆောင်ပေးနေခြင်းဖြစ်၏။ ဒိုင်အာတမ်၏ ဖန်သားအစ်အခွံရှိ ဆီလီကာသည် ၎င်းအစ်အတွင်းရှိ ရေကို ဓာတ်ပြောင်းစေရာ အလင်းမှီစုဖွဲ့ခြင်းအတွက် အကောင်းဆုံးဝန်းကျင်ကို ဖန်တီးပေးကြောင်း ယူ.အက်စ်.အေ.၊ ပရင်စတန်တက္ကသိုလ်မှ သုတေသီများဖြစ်ကြသည့် အယ်လဲန် မီလီဂန်နှင့် ဖရန်ကိုအစ် မိုရဲလ်တို့က တွေ့ရှိခဲ့ကြသည်။ ဖန်အစ်ခွံ၏ပုံစံ ထွေပြားလွန်းသည့်အတွက် မျက်နှာပြင်ဧရိယာအများစုမှာ ဖန်အစ်ခွံအတွင်းရှိ ရေနှင့်ထိစပ်နေသဖြင့် အလင်းမှီစုဖွဲ့ခြင်းကို ပို၍ဖြစ်မြောက်နိုင်စေသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ဤအလွန်သေးငယ်၍ လှပသည့် ဖန်အစ်ခွံများသည် ပင်လယ်ရေတွင် ပျော်ဝင်နေသည့် ဆီလီကွန်မှဖြစ်လာခြင်းမှာ သိရခက်ကြီးဖြစ်နေဆဲပင်၊ သို့သော် သုတေသနပညာရှင်များ သိထားကြသည့်အရာမှာ ဒိုင်အာတမ်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးခြင်းအားဖြင့် ကမ္ဘာပေါ် အသက်ကိုထောက်မပေးရာတွင် အဓိကကဏ္ဍမှပါဝင်ကြောင်း၊ ကုန်းအပင်အများစုထက်ပင် ပို၍အရေးပါသည့် အပင်တစ်မျိုးဖြစ်နိုင်ကြောင်းပင်တည်း။
“ကမ္ဘာပေါ် အအောင်မြင်ဆုံး သက်ရှိများတွင်” ဒိုင်အာတမ်များ ပါဝင်ကြောင်း မိုရယ်လ်က သတ်မှတ်သည်။ ၎င်းတို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အာသီသမရှိပါက “ဖန်လုံအိမ်အာနိသင်သည် ပို၍ပို၍ ဆိုးဝါးပြင်းထန်လာနိုင်” ကြောင်း မီလီဂန်က ဖြည့်စွက်ပြောဆိုသည်။
ဒိုင်အာတမ်များ သေဆုံးသွားသည့်အခါ ၎င်းတို့၏ ကာဗွန်ရုပ်ကြွင်းသည် သမုဒ္ဒရာကြမ်းပြင်တွင် နစ်မြုပ်သွားပြီး နောက်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားလေသည်။ ပြင်းထန်သောဖိအားကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားရသော ဒိုင်အာတမ်များသည် ကမ္ဘာ့ရေနံထိန်းသိမ်းသိုမှီးထားရေးကို များစွာထောက်ကူသည်ဟု သိပ္ပံပညာရှင်တချို့ ယုံကြည်ထားကြ၏။ သို့သော် ကြီးထွားလာနေသည့်စိုးရိမ်စရာမှာ ကမ္ဘာချီပူနွေးလာမှုကြောင့် ပင်လယ်ရေအပူချိန်များ မြင့်တက်လာရာ ဒိုင်အာတမ်ရုပ်ကြွင်းများ နစ်မြုပ်မသွားမီ ဘက်တီးရီးယားများက စားပစ်လိုက်ကြပြီး ကာဗွန်ကို ရေမျက်နှာပြင်ပေါ်သို့ ပြန်ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အံ့ဖွယ် အသက်ထောက်ပံ့ရေးစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဤ အလွန့်အလွန်သေးငယ်သော “အဏ္ဏဝါ၏ရတနာ” ပင်လျှင် ယခုအခါ အန္တရာယ်သင့်လျက်ရှိ၏။
[Picture Credit Line on page 31]
© Dr. Stanley Flegler/Visuals Unlimited