မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ရေခဲမြစ်​အရည်ပျော်​ခြင်း​မှ ရှေးဟောင်း​သုတေသန

အရည်ပျော်​သွား​သည့်​ရေခဲမြစ်​များသည် သမိုင်း​ပညာရှင်​များ အလွန်​စိတ်ဝင်စား​သည့် ရုပ်ကြွင်း​များစွာ​ကို ဖော်ထုတ်​ပေး​သည်​ဟု ဂျာမန် သတင်း​မဂ္ဂဇင်း ဒါ စ​ပိုက်​ဂျဲလ် က​ဆို​သည်။ ၁၉၉၉ ခုနှစ်​တွင် ကနေ​ဒီ​ယန် ရော့ကီး​တောင်တန်း​များ​ရှိ အရည်ပျော်​သွား​သည့်​ရေခဲမြစ်​တစ်စင်း​၌ လွန်ခဲ့သော​နှစ်ပေါင်း ၅၅၀ က​သေဆုံး​ခဲ့​သူ အိန္ဒိယ​အမျိုးသား​တစ်ဦး​ကို တွေ့ရှိ​ခဲ့​ရသည်။ ရုပ်ကြွင်း​အများစုကို​ကား အဲလ်​ပ်​တောင်တန်း​တွင် တွေ့ ရှိခဲ့​သည်။ ဥပမာ၊ ၁၉၄၉ ခုနှစ်​က ရည်းစား​ဖြစ်သူ​နှင့် တရား​မဝင်​ကလေး​ကို အခက်အခဲ​ကြား​တွင် မတတ်​သာ၍​ထား​ပစ်​ခဲ့​သူ​ဟု အများယူ​ဆ​ကြ​သည့် အမျိုးသား​တစ်ဦး၏ ရုပ်ကလာပ်​ကို မကြာသေးမီ​က တွေ့ရှိ​ခဲ့​သည်။ အမှန်​မှာ ထို​သူသည် နက်စောက်​သော​အက်ကြောင်း​တစ်ခု​ထဲ ပြုတ်ကျ​သွားခဲ့သည်၊ သူ့​အိတ်ထဲ​မှ စေ့စပ်​လက်စွပ်​နှစ်​ကွင်း​ကို တွေ့ရှိ​ခဲ့​သည်။ ဩစတြီးယား​နိုင်ငံ၊ အင်​န်စ်​ဘ​ရွတ်​ခ်​တက္ကသိုလ်​မှ ရေခဲမြစ်​သုတေသန​အဖွဲ့​ခေါင်းဆောင် ဟာ​ရ​ယ်လ် စက်​ဒ​လာ​၏​အဆို​အရ သမိုင်း​ပညာရှင်​များ​၏ မျှော်မှန်း​ချက်​မှာ ဆင် ၃၇ ကောင်​နှင့် အဲလ်​ပ်​တောင်တန်း​ကို​ဖြတ်​ခဲ့​သော ကျော်ကြား​သည့် ကား​သေ့ခ်ျ​စစ်ဗိုလ် ဟန်​နီ​ဘော​လ်​နှင့်​ပတ်သက်​သည့် အကြောင်းအချက်​များ​ကို တွေ့ရှိ​ရန်ဖြစ်​သည်။ သူက “ဆင်​ရိုး​တစ်ချောင်း​ကို​သာ​တွေ့​လိုက်ရင် လူတွေရဲ့​အာရုံ စူးစိုက်​ဆွဲဆောင်​စ​ရာ​ဖြစ်​သွားမှာပဲ” ဟု​ဆို​၏။

ဆယ်ကျော်သက်​များ လောင်းကစားခြင်း

မဂေးလ်​တက္ကသိုလ်​ရှိ လူငယ်များ​လောင်းကစားခြင်း အပြည်ပြည်ဆိုင်ရာ ဗဟို​ဌာန​အဆို​အရ “အသက် ၁၂ နှစ်​မှ ၁၇ နှစ်​ရှိ ကနေဒါ​နိုင်ငံသား လူငယ်​တစ်ဝက်​ကျော်​သည် စိတ်​ပြေ​လက်​ပျောက် လောင်းကစား​သူများ​ဟု သတ်မှတ်​ခံရ​သည်၊ ၁၀% မှ ၁၅% သည် လောင်းကစားခြင်း​ပြဿနာ တိုးပွား​နေသည့် အန္တရာယ်​ရှိပြီး ၄% မှ ၆% သည် ‘အရိုးစွဲ​နေသော လောင်းကစားသမား​များ’ ဖြစ်နေ​သည်​ဟု​ယူမှတ်​ရ” ကြောင်း တိုရွန်တို​၏ နေ​ရှင်​နယ် ပို့​စ် သတင်းစာ​က အစီရင်ခံ​သည်။ ကလေး​အချို့​သည် ထီ​လက်မှတ်​များ​ကို လက်ဆောင်​အဖြစ် ရရှိကြ​သောအခါ သို့​မဟုတ် အင်တာနက်​ကို​အသုံးပြုပြီး အွန်လိုင်း လောင်းကစား​ကြသောအခါ ငယ်ငယ်​ကတည်းက စွဲ​သွားလေ့​ရှိသည်။ ယင်းကြောင့် ဆယ်ကျော်သက်​သာ​ရှိသေး​သည့် ကနေဒါ​နိုင်ငံသား​များသည် ဆေးလိပ်​သောက်​ခြင်း၊ မူးယစ်​ဆေး​တလွဲသုံး​ခြင်း​ကဲ့သို့​သော စွဲ​တတ်​သည့်​အမူအကျင့်​တို့​ထက် လောင်းကစားခြင်း​ကို ပို​စွဲ​နေကြ​သည်​ဟု သုတေသီ​များ​က​ဆို​သည်။ ကနေဒါ​နိုင်ငံ​၏ အထက်တန်း​ကျောင်း​များ​မှ ဆယ်ကျော်သက်​များ​လောင်းကစားခြင်း ကာကွယ်​ရေး​အစီအစဉ်များ​က ဤ​ပြဿနာ​ကို တားဆီး​ပေး​နိုင်​လိမ့်​မည်​ဟု ပညာရေး​အဖွဲ့က မျှော်လင့်​သည်။

ပြင်သစ်​နိုင်ငံ အပူဒဏ်​ခံရ

၂၀၀၃၊ ဩဂုတ်​လ​၏ အစပိုင်း ၁၂ ရက်​အတွင်း ပြင်သစ်​နိုင်ငံ​၏ အပူချိန်​သည် မကြုံစဖူး​သည့်​အမှတ်​သို့ ရောက်ရှိ​ခဲ့​သည်။ ၁၈၇၃ ခုနှစ်​မှ​စ၍ အပူချိန်​ကို မှတ်တမ်းတင်​ခဲ့​ချိန်​ကတည်းက ပါရီ​မြို့တွင် ဤမျှ​ပူပြင်း​သော​နွေ​ရာသီ မကြုံ​ခဲ့​ဖူး​ချေ။ “[ပြင်သစ် မိုးလေဝသ​ဌာန] အရ ထို​အပူ​လှိုင်း​၏​ပြင်းအား​နှင့် ယင်း​၏ ကြာမြင့်​ချိန်​သည် ပါရီ​တွင် ယခင်​ရှိခဲ့​ဖူး​သည့် မည်သည့်​အပူချိန်​ထက်​မဆို သာလွန်​သည်” ဟု တဲ​ရ်စိုဗာ့ဂျ် မဂ္ဂဇင်းက​ဆို​သည်။ ပြင်သစ်​နိုင်ငံ​၏ တောင်ဘက်​နယ်စပ်​ရှိ ပီ​ရ​နီ​ဇ်​ဒေသ​မှ ရေခဲမြစ်​တစ်စင်း​သည် နှစ်လ​အတွင်း​ပင် ပေ ၁၅၀ အထိ အရည်ပျော်​ကျ​ခဲ့​သည်။ “နှစ်ပေါင်း ၁၅၀ အတွင်း ပီ​ရ​နီ​ယန်​ရေခဲမြစ်​များ​၏ မျက်နှာပြင်​ဧရိယာ​စုစုပေါင်း​သည် တစ်ဆယ်၊ ဆယ့်တစ်​စတုရန်း​မိုင်​ရှိခဲ့​ရာ​မှ နှစ်​စတုရန်း​မိုင်​အထိ လျော့ကျ​သွားခဲ့သည်” ဟု​ရေခဲမြစ်​အကြောင်း​လေ့လာသူ ပီ​ယာ ရာ​နာ က​ဆို​သည်။ ယင်းသည် ကမ္ဘာချီ​ပူနွေး​မှု​၏ အထောက်အထား​လော။ ကျွမ်းကျင်​သူများ သဘော​ကွဲလွဲ​နေကြ​သည်။ သို့ရာတွင် အပူ​လှိုင်း​သည် လာ​မည့်​နှစ်များ​တွင် အကြိမ်ကြိမ်​ဖြစ်လာ​ဖွယ်​ရှိသည်​ဟု မိုးလေဝသ​ပညာရှင်​အချို့ ယူဆကြ​ရာ စိတ်ပူ​စ​ရာ​ဖြစ်သည်၊ လွန်ခဲ့သော နွေ​ရာသီ​၏ ပြင်းထန်သော အပူရှိန်​ကြောင့် ပြင်သစ်​တွင် လူပေါင်း ၁၅,၀၀၀ နီးပါး သေဆုံး​ခဲ့​၍​ဖြစ်သည်။

အမျိုးသား စိတ်ကျ​ဝေဒနာ

“စိတ်ကျ​ဝေဒနာ​နှင့်​ပတ်သက်​၍ ဝမ်းနည်းဖွယ်​အကောင်းဆုံး​အရာတစ်ခု​မှာ ‘တကယ့်​ယောက်ျား’ များသည် မျိုးရိုး ဗီဇ​အရ ကာကွယ်​ထား​ခံရ​ရာ ယင်း​ဝေဒနာသည် ယေဘုယျ​အားဖြင့် ‘အမျိုးသမီး​စိတ်​မူမမှန်ခြင်း’ ဖြစ်သည်​ဟူသော စွဲ​နေသည့် ယုံ​တမ်း​စကား​ဖြစ်သည်” ဟု​ဂျိုဟန်နက်စ်ဘာ့ဂ် သည်​စ​တား​သတင်းစာ​က ဖော်ပြ​သည်။ “ယောက်ျား​များသည်

ကျန်းမာ​ရေး​ပညာရှင်​များ​ထံ မိန်း​မများ​လောက် မသွား​ခြင်း၊ သူတို့၏​ပြဿနာ​များ​ကို ပြောပြ​ရန် အခွင့်အလမ်း​မရှိခြင်း​နှင့် စိတ်ဝေဒနာ​ကို ရှင်း​မပြ​တတ်​ခြင်း​ကြောင့် အမျိုးသားများ​၏​စိတ်ကျ​ဝေဒနာ​ကို မသိ​ရှိ​ရခြင်း​ဖြစ်သည်​ဟု ကျွမ်းကျင်​သူများ​က ဆို​သည်။” ထို့​ကြောင့် ဆရာဝန်​များသည် အမျိုးသမီးများ​၏ စိတ်ကျ​ဝေဒနာ ရောဂါ​လက္ခဏာကို ပို​၍​အကျွမ်းတဝင်​ရှိကြသည်။ “အမျိုးသမီးများ​၏ စိတ်ကျ​ဝေဒနာ​ရောဂါ​လက္ခဏာ​သည် အမျိုးသားများ​၏​လက္ခဏာ​နှင့် သိသိသာသာ ကွဲပြား​ခြားနား​သည်” ဟု ဂျေ​အေ​အမ်​အေ က​ရှင်းပြသည်။ အမျိုးသားများ​၏ စိတ်ကျ​ဝေဒနာ ရောဂါ​လက္ခဏာ အချို့​ကား အဘယ်နည်း။ ဒေါသ​ထွက်​ခြင်း၊ ပင်ပန်းခြင်း၊ စိတ်​တို​ခြင်း၊ ရန်လို​ခြင်း၊ လုပ်ငန်း​ဆောင်ရွက်မှု ကျဆင်း​ခြင်း၊ ချစ်​မြတ်နိုးသူ​များ၊ မိတ်ဆွေများ​နှင့် ကင်း​ကင်းကွာ​ကွာ​နေခြင်း တို့​ဖြစ်သည်။ “အထူးသဖြင့် အမျိုးသားများ​၏ စိတ်ကျ​ဝေဒနာ​တွင် ဝမ်းနည်းခြင်း အမြဲ​ဖြစ်လေ့​မရှိ” ဟု တောင်​အာဖရိက​ထုတ် ရီး​ဒါး ဒို​င်​ဂျက်​စ်​တစ်စောင်​၌ ထပ်ဆင့်​ဆို​သည်။

အဝ​လွန်​ခြင်း​နှင့်​ဆက်စပ်​သည့် ပြဿနာ​များ

အမေရိကန်​တွင် အဝ​လွန်​ခြင်း​ပြဿနာ တိုးများ​လျက်​ရှိသည်။ ရောဂါ​ထိန်းချုပ်ရေး​နှင့် ကာကွယ်​ရေး​အတွက် အမေရိကန်​ဗဟို​ဌာန​၏ ခန့်မှန်းချက်​အရ အဝ​လွန်​သော အမေရိကန်​လူကြီး​များ​၏ အရေအတွက်​သည် ၁၉၉၁ ခုနှစ်​တွင် ၁၂.၅ ရာခိုင်နှုန်း​ရှိခဲ့​ရာ​မှ ၂၀၀၃ ခုနှစ်​တွင် ၂၀ ရာခိုင်နှုန်း​အထိ တိုးများ​လာပြီ​ဖြစ်သည်။ ဤမျှ​တိုးများ​လာ​ခြင်း​ကြောင့် လုပ်ငန်း​အတော်များများ ထိခိုက်​ခဲ့​သည်။ “ခရီးသည်​များသည် ယခင်​က​ထက် ပို​၍​လေးလံ​လာပြီ​ဖြစ်​ရာ ခရီးသည် ခန့်မှန်း​အလေးချိန်ကို ချိန်ညှိ​ပေး​ရန် [၂၀၀၃] မေလ​တွင် လေကြောင်း​ပို့ဆောင်​ရေး​လုပ်ငန်း​ကို သတိပေး​ခဲ့​သည့်​နည်းတူ ဝ,ဝ​လာသော အမေရိကန်​သားများ နေရာ​ဆံ့​ဖို့​အတွက် အသုဘ​လုပ်ငန်း​က​လည်း ပြန်​ပြုပြင်​လုပ်ကိုင်​ပေး​နေရ​သည်” ဟု သည်​န​ယူး​ရောက်​တိုင်းမ်​က ဖော်ပြ​သည်။ စံ​အဖြစ်​သတ်မှတ်​ထားသော​ခေါင်း​သည် အကျယ် ၂၄ လက်မ​ရှိသော်လည်း ယခု​အခါ ခေါင်း​များ​ကို အကျယ် ၄၉ လက်မ​အထိ​ရနိုင်​ပြီး ပို​၍​ခိုင်ခံ့​စွာ​ပြုလုပ်​ထား​သည်။ “မြေအောက်​သင်္ချိုင်းဂူ​များ၊ အုတ်ဂူများ၊ နိဗ္ဗာန်​ယာဉ်များ​နှင့် သင်္ချိုင်း​တွင် မြေ​တူး​ရန်​အသုံးပြုသည့် မြေ​သယ်​စက်​၏​ရှေ့​ပိုင်း​ဂေါ်​ပြား​များ” ကိုလည်း အရွယ်အစား​ကြီး​ပေး​ခဲ့​ရပြီ။ “လူတို့သည် ရှင်​ထွား​ထွား သေ​ထွား​ထွား​ဖြစ်နေ​ကြသော​ကြောင့် ထို​အခြေအနေ​နှင့်​အညီ လုပ်ငန်းများ​က အလိုက်သင့်​ပြုပြင်​ပြောင်းလဲ​ပေးဖို့​လို​သည်” ဟု အဝ​လွန်​သူများ​အတွက် ရှေ့နေ​အုပ်စု​တစ်စု​၏ အလုပ်​အမှုဆောင်​ဒါရိုက်တာ အယ်လန် စတက်​ဟ​မ် က​ဆို​သည်။

“ပင်လယ်သေ, သေ​လု​နီးပြီ”

“ပင်လယ်သေ သေ​လု​နီးပြီ၊ စက်​မှု​ပညာ​ဖြင့် အကြီးအကျယ်​ကြိုးစား​လုပ်ဆောင်ပေး​မှ​သာ ယင်းကို​ကာကွယ်​နိုင်​မည်” ဟု​အေ​ပီသ​တင်း​ဌာန​က အစီရင်ခံ​တင်ပြ​သည်။ ဆား​ပါဝင်မှုနှုန်း​မြင့်မား​၍ ရေ​နေ​သတ္တဝါများ အသက်မရှင်​နိုင်​ခြင်း​ကြောင့် ပင်လယ်သေ​ဟု​ခေါ်​သည့် ဤ​ပင်လယ်​သည် ပင်လယ်ရေ​မျက်နှာပြင်​အောက် ၁,၃၂၀ ပေ​ရှိ ကမ္ဘာ့​အနိမ့်ဆုံး ရေပြင်ကြီး​ဖြစ်သည်။ “ [မြင့်မားသော ရေ​ငွေ့​ပျံ​မှု​နှင့် ပြန်ဝင်​လာသော​ရေ​အကြား] ဟန်ချက်ညီ​မှု​ကို ပင်လယ်သေ​၏​တစ်ခု​တည်း​သော ရေ​ရင်းမြစ်​ဖြစ်သည့် ယော်ဒန်​မြစ်​က နှစ်ပေါင်း​ထောင်ချီ ထိန်းထား​ပေး​ခဲ့​သည်” ဟု​ထို​ဆောင်းပါး​က​ဆို​သည်။ “သို့ရာတွင် မကြာသေးမီ ဆယ်စုနှစ်​များ​အတွင်း အစ္စရေး​လ်​နှင့် ဂျော်ဒန်​နိုင်ငံ​ကို ပိုင်းခြား​ထား​သည့် ထို​မြစ်​ကျဉ်း​၏​ကမ်းပါး​တစ်လျှောက် စိုက်​ပျိုး​ထား​သည့် စိုက်ခင်း​ကြီး​များ​အတွက် ၎င်း​မြစ်​မှ ရေ​သွယ်​ယူ​ခဲ့​ကြ​ရာ ပင်လယ်သေ​ထဲ ဝင်​ရမည့်​ရေ​အား လျော့နည်း​သွား​သည်။” အဘယ်အရာမျှ​မလုပ်ဆောင်​ကြ​ပါ​က ရေ​မျက်နှာပြင်​သည် တစ်နှစ်​ကို သုံး​ပေ​အထိ ဆက်လက်​လျော့ကျ​သွား​မည်​ဖြစ်​ရာ သား​ရိုင်း​တိရစ္ဆာန်​များနှင့် သစ်ပင်​မြက်​ပင်​များ​အပါအဝင် ဝန်းကျင်ရှိ​မြေရာ​ကို အကြီးအကျယ်​ထိခိုက်​လိမ့်​မည်​ဟု အစ္စရေး​လ်​လေ့လာရေး​သ​မား​တစ်ဦး​က ဆို​သည်။ ငါး​နှစ်​တိုင်​မိုးခေါင်ခဲ့​ခြင်း​က​လည်း ပင်လယ်သေ​ကို ပို​၍​ဘေးသင့်နေ​စေပြီး​ဖြစ်သည်။