ဂီတကမ္ဘာလေးတစ်ခု သင့်လက်ဖျားတွင်ရှိ
ဂီတကမ္ဘာလေးတစ်ခု သင့်လက်ဖျားတွင်ရှိ
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
စန္ဒရားကို “တူရိယာတို့တွင် အရှင်သခင်” ဟု လူတချို့က ရှုမြင်ကြ၏။ ရသမြောက်စွာ စွယ်စုံတီးခတ်နိုင်ရာ ဂန္ထဝင်၊ ဂျတ်ဇ်နှင့် ပေါ့တေးဂီတလောကတွင် အရာဝင်နေပြီ။ ယင်းကို တစ်ကိုယ်တော်တီးခတ်နိုင်သလို ရှက်ကြောက်တတ်သည့် အဆိုရှင်တစ်ဦးကိုပင် ပါရမီဖြည့်ပေးနိုင်သည်။ “တစ်ကိုယ်တော်သံစုံဝိုင်း” သဖွယ်ဖြစ်ကာ တူရိယာတိုင်းနီးပါးနှင့် လိုက်ဖက်စွာတီးခတ်နိုင်သည်။ “ပန်းချီဆရာ၏ဆေးစပ်ပျဉ်နှင့် တန်းတူထားရသည့်တူရိယာ” သည် ရေးစပ်ခဲ့ဖူးသမျှတေးများတွင် လက်ရာအမြောက်ဆုံးတေးများကို ပေါ်ထွက်စေခဲ့ပြီ။ စန္ဒရားကို မည်သူတီထွင်ခဲ့သနည်း၊ ယင်းသည် အဘယ်ကြောင့် ယနေ့တိုင် လူကြိုက်များနေရသနည်း။ *
စန္ဒရား၏ဘိုးဘေးများ
လက်ဖြင့်တီးခတ်ရသည့် ရှေးအကျဆုံး ကြိုးတပ်တူရိယာများတွင် စောင်းနှင့် လိုင်ရာစောင်းတို့ပါဝင်သည်။ (ကမ္ဘာဦး ၄:၂၁) နောက်ပိုင်းတွင် လက်ခတ်တံနှစ်ချောင်းဖြင့် တီးခတ်ရသည့် ဒါလ်စီမာကြိုးတပ်တူရိယာ ပေါ်လာခဲ့သည်။ ဥရောပတိုက်တွင် အလယ်ခေတ်အတွင်း ကြိုးများကိုရိုက်ခတ်ရသည့် ခလုတ်ခုံပါသောတူရိယာများ ပေါ်ပေါက်လာခဲ့ရာ ဂလဲဗီကော့ဒ်နှင့် ဟာ့ပ်ဆီကော့ဒ်စန္ဒရားတို့မှာ လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ ဂလဲဗီကော့ဒ်သည် အဖုံးပါသော လေးထောင့်ရှည်သေတ္တာပုံဖြစ်ပြီး ယင်း၏ကြိုးများကို တန်းဂျင့်များဟုခေါ်သည့် သတ္တုပြားငယ်များအောက်မှ ရိုက်ခတ်စေသည်။ ယင်းကို ရသမြောက်စွာတီးခတ်နိုင်၏၊ သို့သော် ယင်း၏သေးငယ်လှသောအသံမှာ အခြားတူရိယာများနှင့် အဆိုရှင်တို့၏အသံအောက် တိမ်မြုပ်သွားနိုင်သည်။ ခေတ်သစ်စန္ဒရားကြီးများနှင့်ပိုမိုဆင်တူသည့် ပိုကြီးမားသောဟာ့ပ်ဆီကော့ဒ်စန္ဒရားတွင် ငှက်တောင် သို့မဟုတ် လက်ခတ်များဖြင့် တီးခတ်ရသည့် ကြိုးရှည်များပါရှိ၏။ ယင်းသည် မာ၍ ဟိန်းသောအသံကို ထွက်ပေါ်စေသော်လည်း အသံပမာဏမှာ အပြောင်းအလဲမရှိချေ။
၁၇၀၀ ပြည့်နှစ်တွင် ပိုမိုကောင်းမွန်ပြီး ရသမြောက်သောတေးဂီတအသစ် ပေါ်ထွက်ခဲ့ရာ တေးဂီတသမားများသည် ဂလဲဗီကော့ဒ်ကဲ့သို့ ထက်မြက်သည့် ခလုတ်ခုံပါပြီး ဟာ့ပ်ဆီကော့ဒ်ကဲ့သို့သောအင်အားမျိုးဖြင့် တူရိယာကို အလိုရှိခဲ့ကြသည်။
စန္ဒရားပေါ်ပေါက်လာ
အီတလီလူမျိုး တူရိယာပြုလုပ်သူ ဘာတိုလိုမီအို ခရစ္စတိုဖာရီသည် ထိပ်တွင်သားရေတပ်ထားသည့် သစ်သားမောင်းတံလေးများဖြင့် ကြိုးများကိုတီးခတ်ရသည့် ဟာ့ပ်ဆီကော့ဒ်နှင့် ဂလဲဗီကော့ဒ်ပုံစံတို့ ပေါင်းစပ်ထားသည့် တူရိယာတစ်မျိုး ထုတ်လုပ်ခဲ့သည်။ သူ၏တူရိယာကို ဂရာဗီစဲမ်ဘာလို ကိုလ် ပီယာနို ဧ ဖိုတီ (အသံပျော့၊ အသံကျယ်ဖြင့် ဟာ့ပ်ဆီကော့ဒ်) ဟုခေါ်ခဲ့ပြီး အတိုကောက်မှာ ပီယာနိုဖိုတီ သို့မဟုတ် စန္ဒရား (piano) ဖြစ်သည်။ ဤတူရိယာသည် ပိုမိုအသံသြဇာရှိပြီး ညက်ညောသောအသံဖြစ်ပေါ်စေသည့် ခလုတ်ခုံဖြစ်ကာ ပိုမိုပျော့ပျောင်းစွာဖြစ်စေ၊ ကျယ်လောင်စွာဖြစ်စေ တီးခတ်နိုင်သည်။
ဝမ်းနည်းဖွယ်မှာ ခရစ္စတိုဖာရီသည် မိမိတူရိယာအသစ်၏ အောင်မြင်မှုကို ကြာကြာမမြင်လိုက်ရချေ။ အကြောင်းမှာ လူအနည်းငယ်သာ ယင်းကို စိတ်ဝင်စားကြခြင်းကြောင့် ဟာ့ပ်ဆီကော့ဒ်များကို ပြန်၍ပြုလုပ်ခဲ့သည်။ ခရစ္စတိုဖာရီ၏ ပထမဆုံးစန္ဒရားပြီးနောက် အနှစ် ၃၀ နီးပါးတွင် ဂျာမန်အော်ဂင်ပြုလုပ်သူ ဂေါသ်ဖရတ် စီဘာမန်သည် ဒီဇိုင်းကို ပြန်လည်ဆန်းစစ်ပြီး သူ့ကိုယ်ပိုင်စန္ဒရားများကို ပြုလုပ်ခဲ့သည်။ ဂျာမနီနှင့် ဩစတြီးယားနိုင်ငံရှိ လက်မှုပညာသည်များသည် လေးထောင့်ပုံစန္ဒရားဟုခေါ်သော ပိုမိုသေးငယ်ပေါ့ပါးသည့်ပုံစံကို ဆက်လက် တီထွင်လုပ်ကိုင်ခဲ့ကြသည်။
အင်္ဂလန်နိုင်ငံရှိ နောက်အုပ်စုတစ်စုကလည်း စန္ဒရားတစ်မျိုးကို ပြုလုပ်ခဲ့ကြသည်။ သူတို့သည် ၁၇၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဂျာမနီနိုင်ငံမှ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးဖြစ်သော ဂျိုဟန်နက်စ် ဇမ်ပီသည် ရောင်းအားကောင်းသည့် လေးထောင့်ပုံစန္ဒရားကို တီထွင်ခဲ့သည်။ ပြင်သစ်နိုင်ငံမှ စီဘတ်စတီးယန် အက်ယာနှင့် ဥရောပ၊ အမေရိကတို့မှ အခြားစန္ဒရားပြုလုပ်သူများသည် ထပ်ဆင့်တိုးတက်ကောင်းမွန်စေခဲ့ကြသည်။ စဉ်းစားဉာဏ်ကောင်းသော စကော့လူမျိုး ပရိဘောဂလက်သမား ဂျွန် ဘရော့ဝုဒ်သည် တက်သစ်စ လူကုံထံလူလတ်တန်းစားမှ မိန်းမပျိုများအတွက် စန္ဒရားသည် အကြိုက်တွေ့စရာအံကိုက်ဖြစ်ကြောင်း သိမြင်ခဲ့သည်။ မကြာမီ သူ၏ကုမ္ပဏီသည် လေးထောင့်ပုံစန္ဒရားနှင့် စန္ဒရားကြီးတို့ကို အရေအတွက်များစွာ မနားမနေထုတ်လုပ်ခဲ့သည်။
နောက်အခက်အခဲတစ်ခုမှာ စန္ဒရားကြီး၏ သာလွန်ကောင်းမွန်သောအသံမျိုးဖြင့် ကျစ်လျစ်သောစန္ဒရားငယ်ကို ဖန်တီးရန်ဖြစ်သည်။ ထို့ကြောင့် စန္ဒရားများကို အလျားလိုက်မဟုတ်ဘဲ ဒေါင်လိုက်ပြုလုပ်လာကြရာ ကြီးမားသည်ထက် ကြီးမားလာခဲ့သည်။ ဘရော့ဝုဒ်ပြုလုပ်သောစန္ဒရားတစ်မျိုး၏ ကြိုးအမြင့်မှာ ခလုတ်ခုံမှ ကိုးပေရှိသည်။ သို့သော် အပေါ်ပိုင်းတွင် သိသိသာသာကြီးမားလေးလံခြင်းကြောင့် တီးခတ်ရန် အန္တရာယ်များလှ၏! သစ်ကုလားအုတ်ပုံစံဟုခေါ်သော မတ်တတ်စန္ဒရားတစ်မျိုးသည် စင်စစ်အားဖြင့် အပေါ်ပိုင်းသေးငယ်သွားသည့် စန္ဒရားကြီးဖြစ်သည်။ အင်္ဂလိပ်လူမျိုး ဂျွန် အိုင်းဇက်ဟော့ကင်စ်သည် ၁၈၀၀ ပြည့်နှစ်တွင် ကြိုးအောက်ခြေကို ကြမ်းခင်းအနီးတွင်ထားခြင်းဖြင့် မတ်တတ်စန္ဒရားကို ဦးဆုံးအကြိမ် အောင်မြင်စွာဖန်တီးနိုင်ခဲ့သည်။ ဤသို့ဖြင့် လေးထောင့်ပုံစန္ဒရားမှာ တဖြည်းဖြည်း တိမ်မြုပ်သွားခဲ့သည်။
စန္ဒရားကို တေးရေးသူများ သတိပြုလာကြ
ထိုအတောအတွင်း တေးရေးသူတို့သည် စန္ဒရားကို စတင်သတိပြုမိလာကြသည်။ ၁၇၇၇ ခုနှစ်တွင် လူငယ် ဝုဖ်ဂန် အမာဒီယပ်စ် မိုဇတ်သည် တူရိယာသစ်ကို စမ်းကြည့်ရန် ယိုဟန် စတင်း၏ ဘာဗေးရီးယန်းအလုပ်ရုံကို လာရောက်လည်ပတ်ခဲ့ရာ သဘောကျသွားခဲ့သည်။ မကြာမီ သူသည် တေးများရေးစပ်ခဲ့ရာ လေးနှစ်မျှဖြင့် စန္ဒရားသံစုံတေး ၁၅ ပုဒ်ထက်မနည်း ရေးစပ်သီကုံးနိုင်ခဲ့၏! သို့ရာတွင် နှစ်အနည်းငယ်ကြာသော် လုဒ်ဝိခ် ဗန် ဘီသိုဗင်သည် ဤတူရိယာသစ်၏ နောင်အလားအလာကို လမ်းဖွင့်ပေးခဲ့သည်။ သူသည် စန္ဒရားကို သီချင်းသံထွက်လုနီးပါး အသက်ဝင်စေခဲ့သည်။ တေးဂီတလောက,က စောင့်စားခဲ့သည့်တူရိယာ ထွက်ပေါ်လာပြီဖြစ်ရကား ခံစားချက်ပြည့်ဝ၍ ရသမြောက်သည့် တေးဂီတလိုင်းသစ်မျိုး ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ “စန္ဒရားဂီတစာဆို” ဖြစ်သည့် ဖရက်ဒရစ် ဖရန်ကို ချော့ပင်က ယင်းသည် စိတ်ကူးနှင့် ခံစားချက်များကို ဖော်ပြရန် အကောင်းဆုံးနည်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဖရန့် လဇ်ထ်သည် စန္ဒရားသံကို သံစုံတီးဝိုင်းကဲ့သို့ဖြစ်စေသည့် မြူးကြွဆန်းသစ်သောတေးဂီတကို ရေးစပ်ခဲ့သည်။ ထို့အပြင် သူ၏ပြောင်မြောက်လှသောလက်သံဖြင့် ပရိသတ်တို့ကို ဘဝင်ခိုက်သွားစေခဲ့သည်။
စန္ဒရား၏သစ်သားဘောင်နှင့် သေးသွယ်သောကြိုးများကြောင့် အားမာန်ပါပါ သီဆိုတီးခတ်ဖော်ကျူးနိုင်လောက်အောင် အသံမကျယ်ချေ။ ထို့ကြောင့် စန္ဒရားပြုလုပ်သူများသည် သံဘောင်ကိုယ်ထည် ပေါ်လာသည့်အထိ သံထောင့်ချုပ်တန်းများ စတင်ထောက်ကန်ပေးလာကြသည်။ သို့နှင့် အသံပိုကျယ်စေရန် ပိုထူသောကြိုးများနှင့် ပိုလေးသောမောင်းတံများကို အသုံးပြုလာနိုင်ကြသည်။ ထွက်ပေါ်လာသည့် နားမချမ်းသာဖွယ်အသံကို သက္ကလပ်စအုပ်ထားသည့် မောင်းတံများဖြင့် သက်သာစေခဲ့သည်။ ပိုရှည်သည့်ကြိုးများကို ပိုတိုသည့်ကြိုးအပေါ်ဘက်တွင် ဆွဲဆန့်ထားခြင်းဖြင့် အသံပိုကောင်းလာပြီး နေရာလွတ်နည်းစေခဲ့သည်။ ခေတ်သစ်စန္ဒရား ပေါ်ထွက်လာပြီးသည်နှင့် စန္ဒရားပညာရှင်ကြီးများ၏ အောင်မြင်မှုများကြောင့် ၎င်းတို့၏တိုးများလာသည့် စန္ဒရားတေးစုများကို နားဆင်လိုစိတ်ပြင်းပြသော ပရိသတ်များဖြင့် ရုံများပြည့်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဥရောပနှင့် အမေရိကတို့မှ စန္ဒရားပြုလုပ်သူများသည် အထူးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တူရိယာအမြောက်အမြားကို အမြန်ဆုံး ထုတ်လုပ်လာခဲ့ကြသည်။
စန္ဒရားခေတ်စားလာ
၂၀ ရာစုအစတွင် မိသားစုတိုင်းလိုလိုသည် တီးတတ်သည်ဖြစ်စေ၊ မတီးတတ်သည်ဖြစ်စေ လူမှုဂုဏ်ပုဒ်သစ်တစ်ခုအဖြစ် စန္ဒရားကို အိမ်တွင်ထားရှိကြသည်။ ဖောက်သည်များ၊ ခရီးသွားလာသူများကို ဖျော်ဖြေရန်၊ ဆန်းသစ်စအသံတိတ်ရုပ်ရှင်များအတွက် နောက်ခံတေးဂီတ ဖန်တီးပေးရန်၊ တိုးပွားလာသည့် ဝါသနာရှင်များကို သင်ကြားပေးရန် စန္ဒရားပညာရှင်များမှာ လူကြိုက်များလာသည်။ မိသားစုမိတ်ဆုံပွဲများတွင် စန္ဒရားကို အဓိကထားတတ်ကြသည်။ ဝါသနာရှင်များသည် မိမိတို့ကိုယ်ပိုင် တေးဂီတများဖြင့် တင်ဆက်ကြသည်။ စန္ဒရားတေးဂီတသစ်များ မှန်မှန်ပေါ်ထွက်လာသည်။ တစ်မူထူးခြားသော တီးခတ်ဟန်များ—ဆွဲဆောင်မှုရှိသော မြူးမြူးကြွကြွ ရက်ဂ်တိုင်းတီးလုံး၊ စည်းချက်လေးလေးနှင့် လွမ်းဆွေးဖွယ်ဂီတ၊ စည်းချက်ပြင်းပြင်း မပြတ်တီးခတ်ရသည့် ဘူဂီး-ဝူဂီးဂီတတို့လည်း ပေါ်ထွက်လာသည်။
ပထမကမ္ဘာစစ်ကြီးပြီးနောက် စန္ဒရားလုပ်ငန်း ကျဆင်းလာခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ထုတ်လုပ်မှုနှုန်း ၆၀၀၀,၀၀၀ ရှိခဲ့ရာမှ စန္ဒရားရောင်းအားသည် တစ်စတစ်စ ကျဆင်းသွားခဲ့သည်။ ဓာတ်ပြားစက်၊ ရေဒီယို၊ ဓာတ်ပြားဖွင့်စက်နှင့် ရုပ်မြင်သံကြားတို့က အိမ်တွင်းဖျော်ဖြေရေးကို အစားထိုးနေရာယူခဲ့သည်။ သို့သော် စန္ဒရားမှာ တိမ်မြုပ်မသွားခဲ့ချေ။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် နည်းပညာသစ်တိုးတက်မှုများကြောင့် စန္ဒရားမှာ စန်းထလာပြန်သည်။ ၁၉၈၀ ပြည့်နှစ်တွင် စန္ဒရားထုတ်လုပ်မှုသည် ၈၀၀,၀၀၀ အထိ ပြန်မြင့်တက်ခဲ့သည်။ ယနေ့ ပိုမိုပေါ့ပါးသော စန္ဒရားများကို ကော်နှင့် သတ္တုစပ်တို့ဖြင့် ပြုလုပ်ကြပြီး အဖြူရောင်ခလုတ်များကို ဆင်စွယ်အစား ဓာတုပစ္စည်းများ အုပ်ထားသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စန္ဒရားအများဆုံး ထုတ်လုပ်သည့်တစ်နိုင်ငံအဝင်ဖြစ်လာပြီး တရုတ်နိုင်ငံက စန္ဒရားကို “တူရိယာဧကရီ” ဟု တင်စားကာ ကြိုဆိုခဲ့ကြသည်။
သင် စန္ဒရားတီးလိုသလော
အချို့တူရိယာများသည် အသံထွက်ဖို့ပင် မနည်းလေ့ကျင့်ရ၏၊ သို့သော် စန္ဒရားခလုတ်အနည်းငယ်ကို အစဉ်အလိုက်နှိပ်သွားရုံဖြင့် တေးဂီတကို သင်ဖန်တီးနေပြီဖြစ်သည်! လူအချို့သည် နားထောင်ရုံဖြင့် စန္ဒရားကို တီးခတ်နိုင်စွမ်းရှိကြသည်။ သို့သော် လူများစွာသည် ကိုယ်တိုင်သင်ယူလက်စွဲစာအုပ်ဖြင့် တူရိယာအသံကို ဘယ်လက်ဖြင့် အားဖြည့်ပေးရင်း ညာဘက်လက်ဖြင့် တီးလုံးများ တီးခတ်သွားရုံမျှဖြင့် တတ်မြောက်လာကြသည်။ ပုံနှိပ်ဂီတသင်္ကေတစာရွက်ကိုကြည့်ရင်း သင်အကြိုက်ဆုံး တေးသွားတစ်ပုဒ်ကို တီးခတ်နိုင်သည့်အခါ သင့်အောင်မြင်မှုကို ခံစားကြည့်လိုက်ပါ! မြူးမြူးကြွကြွ ချီတက်တေး၊ ငြိမ့်ညောင်းသော ဝေါ့ဇ်တေး သို့မဟုတ် လေးလေးတွဲ့တွဲ့တေးတစ်ပုဒ်ကို ရွေးတီးမည်လော။ လက်တင်အမေရိကတေးသွားများ သို့မဟုတ် ဂျတ်ဇ်ဂီတကို သင် တီးခတ်ကောင်းတီးခတ်ပေမည်။ မိတ်ဆွေတစ်ဦးနှင့်အတူ သံပြိုင်တီးခတ်ရခြင်းသည် တကယ်ပျော်စရာပင်! သင့်ပတ်ပတ်လည်တွင် မိတ်ဆွေတစ်စုက သီချင်းဆိုနေစဉ် သို့မဟုတ် အခြားတူရိယာများကို တီးခတ်နေစဉ် တွဲဖက်တီးခတ်ခြင်းဖြင့် ရရှိနိုင်မည့် ကြည်နူးမှုကိုလည်း တွေးတောကြည့်ပါ။ အသင်ကော ဤဂီတကမ္ဘာလေးတစ်ခုကို ဖန်တီးလိုပါသလော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ၂၀၀၂၊ နိုဝင်ဘာ ၈ [လိပ်] နိုးလော့! စာမျက်နှာ ၁၉-၂၁ ကိုရှု။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ပလေရာစန္ဒရား
ခလုတ်ခုံနှင့် မထိတွေ့ဖူးသူတို့အတွက် ပလေရာစန္ဒရားသည် ဖြေရှင်းနည်းဖြစ်ခဲ့သည်။ တီးလုံးသေတ္တာနှင့် စန္ဒရားတို့ပေါင်းစပ်မှု၌ ရွေ့လျားစက္ကူလိပ်ပေါ်တွင် စီးတန်းဖောက်ထားသည့် အပေါက်များကြောင့် ခလုတ်များသည် ၎င်းတို့ဘာသာ အထက်အောက် ရွေ့လျားကြသည်။ ၁၈၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းပုံစံများတွင် တီးသည့်သူက စန္ဒရားခြေနင်းကို ဖိနင်းထားစဉ်တွင် စန္ဒရား ရှေ့ရှိယန္တရားတစ်ခုသည် သစ်သားလက်တံများဖြင့် ခလုတ်များကို ဖိထားပေး၏။ နောက်ပိုင်းပုံစံများတွင် စန္ဒရားအဖြစ် သီးသန့်ဖန်တီးထားကြသည်။ ပိုမိုတိုးတက်ကောင်းမွန်အောင် “ဆန်းသစ်ထားသောစန္ဒရား” သည် စန္ဒရားပညာရှင်ကြီးများ၏ တကယ့်လက်ရာများကို ပြန်လည်အားဖြည့်ပေးထားရာ ၎င်းတို့၏ အသံသွင်းစန္ဒရားတေးလိပ်များကို ခေတ်ပေါ်ဓာတ်ပြားဝိုင်းနှင့် တိတ်ခွေများကဲ့သို့ ရောင်းချရန် ပြန်ထုတ်လုပ်ကြသည်။ ၁၉၂၅ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် စန္ဒရားများကို သမားရိုးကျတူရိယာများထက် ပိုမိုပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ရေဒီယိုနှင့် ဓာတ်ပြားစက်တို့ ပေါ်ထွန်းမှုကြောင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင် စန္ဒရားသည် ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။
[Credit Line]
Culver Pictures
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
စန္ဒရားကြီးတစ်ခု အလုပ်လုပ်ပုံ
တင်းတင်းဆွဲထားသည့်ယှဉ်နေသော စတီးနန်းကြိုး ၂၀၀ ကျော်သည် တေးသံ ၈၈ မျိုးထွက်ပေါ်စေသည်။ တုန်ခါမှုမြန်သော တိုသောကြိုးသေးလေးများသည် အမြင့်သံပေါ်ထွက်စေပြီး ကြေးနီပတ်အုပ်ထားသော ရှည်ပြီး ထူသောကြိုးများက အနိမ့်သံပေါ်ထွက်စေသည်။ အနိမ့်ဆုံးအသံများမှလွဲ၍ အသံအားလုံးကို ကြိုးနှစ်ကြိုး၊ သုံးကြိုးတို့ တစ်ပြိုင်တည်း တီးခတ်ခြင်းဖြင့်ပေါ်ထွက်စေသည်။
တီးခတ်သူသည် စန္ဒရားခလုတ်တစ်ခု (၁) ကို နှိပ်လိုက်သည့်အခါ မောင်းတုံးများသည် မောင်းတံပြားကို တွန်းပေးလိုက်ရာ တေးသံထွက်သည့် ကြိုးတစ်ချောင်း သို့မဟုတ် ထို့ထက်မကကို ရိုက်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခုန်ထွက်သွားသည်။ ခလုတ်ကို ဆက်နှိပ်ထားပါက ကြိုးကိုတုန်ခါနေစေပြီး အသံမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားစေသည်။ တီးခတ်သူသည် ခလုတ်ပေါ်မှ လက်လွှတ်လိုက်သည့်အခါ (၂) အသံရပ်စေသောကိရိယာသည် ကြိုးကိုဖိထားပေးပြီး အသံတိတ်သွားစေသည်။ စန္ဒရားအောက်ခြေမှ ညာဘက်ခြေနင်းကို ဖိနင်းထားမည်ဆိုလျှင် ယင်းသည် အသံရပ်စေသောကိရိယာအားလုံးကို ဖယ်ထားပေးပြီး တေးသံများတစ်ခုနှင့်တစ်ခုရောစပ်စေသည်။
ကြိုးများသည် မြင်းမိုရ်ဟု ခေါ်သည့် သစ်သား အမြှောင်းများကို ဖြတ်ကျော်ပြီး (၃) သစ်သားအသံအိုးနှင့် တွဲဆက်ထားသဖြင့် (၄) ကြိုးများ၏အစွမ်းနှင့် ပဲ့တင်သံကို များစွာအားဖြည့်ပေးသည်။ ပတ်လည်မှသစ်သားအိမ်သည် အသံအိုးကဲ့သို့ အသံကိုမြှင့်တင်ပေးသည်။
ကြိုးများကို သံမဏိငုတ်တံများဖြင့် သံဘောင်တွင် ဆက်ထားသည် (၅)။ စန္ဒရားကြီး၏ဘောင်သည် တန်ချိန် ၃၀ အထိရှိသော ကြိုး၏ဆွဲအားကို ခံနိုင်လောက်အောင် ခိုင်ခံ့ဖို့လိုသည်။
[ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်ကြည့်ပါ)
အသံရပ်စေသောကိရိယာ
ကြိုး
မောင်းတံ
ဖိနှိပ်ထားသည့်ခလုတ်
ဖိနှိပ်မထားသည့်ခလုတ်
[ရုပ်ပုံများ]
ခရစ္စတိုဖာရီ၏ ဆက်လက်ရှိနေသည့် ရှေးအကျဆုံးစန္ဒရား၊ ၁၇၂၀
[Credit Line]
The Metropolitan Museum of Art, The Crosby Brown Collection of Musical Instruments, 1889. (89.4.1219) Photograph ©1983 The Metropolitan Museum of Art