‘ငါဘာတွေဖြစ်နေပါလိမ့်’
‘ငါဘာတွေဖြစ်နေပါလိမ့်’
“တစ်နေ့မှာ ကျွန်တော်အိပ်ရာက နိုးလာတော့ အရာရာဟာ ပြောင်းလဲသွားသလိုပဲ။ကျွန်တော်ဟာ တခြားပုဂ္ဂိုလ်တစ်ယောက်လိုဖြစ်နေတယ်။”—စမ်။
မြီးကောင်ပေါက်အရွယ်ဟူသည် အဘယ်နည်း။ ရိုးရိုးလေးဖော်ပြရလျှင် ကလေးဘဝနှင့် လူကြီးဘဝကြားအရွယ် ဖြစ်သည်။ ကာယပိုင်း၊ စိတ်ပိုင်းနှင့် လူမှုဆက်ဆံရေးတို့တွင်ပင် ထူးခြားသောအပြောင်းအလဲများ တွေ့ကြုံရသည့်ကာလဖြစ်သည်။ မြီးကောင်ပေါက်အရွယ်ဝင်စသည် တစ်နည်းအားဖြင့် စိတ်လှုပ်ရှားဖွယ်ဖြစ်၏။ အမှန်မှာ၊ သင်သည် လူလားမြောက်လာရန် အဆင့်ဆင့်တက်လှမ်းနေခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဤကာလအတွင်း ခံစားချက်အသစ်တို့ ဖြစ်ပေါ်လာရာ တချို့သောခံစားချက်မှာ စိတ်ရှုပ်စေပြီး ထိတ်လန့်ခြင်းပင် ဖြစ်စေနိုင်သည်။
မြီးကောင်ပေါက်ချိန်ကို စိုးရွံ့နေစရာမလိုပါ။ အတော်လေး စိတ်သောကရောက်နိုင်သည်မှာ မငြင်းသာပေ။ သို့သော်၊ ယင်းက သင် လူကြီးဘဝသို့ လုံးလုံးလျားလျား ရောက်သွားစေသည့် အံ့ဖွယ်အခွင့်ထူးလည်းဖြစ်သည်။ မြီးကောင်ပေါက်များရင်ဆိုင်ရသည့် စိန်ခေါ်ချက်တချို့ကို ဦးစွာဆန်းစစ်ခြင်းအားဖြင့် ယင်းတို့ကို မည်သို့ဖြေရှင်းနိုင်ကြောင်း ကြည့်ကြစို့။
လူပျိုအပျိုဖော်စဝင်ခြင်း
မြီးကောင်ပေါက်ချိန်အတွင်း သင့်ကိုယ်ခန္ဓာတွင် လိင်ဆိုင်ရာမျိုးပွားခြင်းအတွက် အသင့်ပြင်ဆင်ပေးသည့် အပြောင်းအလဲများဖြစ်လာသည်။ ဤဖြစ်စဉ်ကို လူပျိုအပျိုဖော်ဝင်ခြင်းဟုခေါ်ပြီး နှစ်ချီကြာတတ်သည်၊ ယင်းတွင် သင့်မျိုးပွားအင်္ဂါများ ဖွံ့ထွားလာရုံထက်မကကြောင်း အောက်ပါအချက်အလက်များမှ ကျွန်ုပ်တို့သိရှိရပါလိမ့်မည်။
မိန်းကလေးများသည် အသက် ၁၀ မှ ၁၂ နှစ်ကြားတွင် အပျိုဖော်စဝင်လေ့ရှိပြီး ယောက်ျားလေးများမှာ အသက် ၁၂ မှ ၁၄ နှစ်ကြားတွင် လူပျိုဖော်စဝင်သည်။ ယင်းတို့သည် ပျမ်းမျှသာဖြစ်သည်။ ဆယ်ကျော်သက်ကိုယ်ခန္ဓာအသစ် စာအုပ်အရ “လူပျိုအပျိုဖော်ဝင်ခြင်းဆိုင်ရာအပြောင်းအလဲများ အဘယ်အချိန်တွင်ဖြစ်မည်ကို လမ်းညွှန်စေစားပေးသော အထူးကိုယ်တွင်းဇီဝနာရီသည် ယောက်စီယောက်တိုင်းတွင် ရှိနေသည်” ဟုဖော်ပြသည်။ “ပုံမှန် လူပျိုအပျိုဖော်စဝင်ချိန်မှာ အလွန်ကွာခြားကြသည်” ဟုထပ်ဆင့်ဖော်ပြထား၏။ အကယ်၍ သင်၏လူပျိုအပျိုဖော်စဝင်ချိန်သည် သင့်ရွယ်တူချင်းများထက် စောလွန်းသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဘာပြဿနာမျှ မရှိပါ။
မည်သည့်အချိန်တွင် လူပျိုအပျိုဖော်စဝင်ပါစေ၊ ထိုအချိန်သည် သင့်ခန္ဓာကိုယ်ပုံပန်း၊ သင့်ခံစားချက်နှင့် သင့်ဝန်းကျင်ကို ရှုမြင်ပုံတို့အပေါ် အကျိုးသက်ရောက်နိုင်သည်။ ဤသူမတူသောအသက်အရွယ်၏ နှစ်လို့ဖွယ်လည်းဖြစ်၊ စိန်ခေါ်ချက်လည်းဖြစ်သည့်အရာတချို့ကို သုံးသပ်ကြည့်ကြစို့။
‘ငါ ဘာပုံထွက်နေပါလိမ့်’
မိန်းကလေးများတွင် အီစထရိုဂျင်ဟော်မုန်းနှင့် ယောက်ျားလေးတွင် တက်စတိုစတီရုန်းဟော်မုန်းတို့ မြင့်တက်လာခြင်းမှာ လူပျိုအပျိုဖော်ဝင်ခြင်း၏အစ ဖြစ်သည်။ ဟော်မုန်းအပြောင်းအလဲများကြောင့် အံ့ဖွယ် ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်ပြောင်းလဲခြင်း လိုက်ပါလာသည်။ အမှန်မှာ၊ လူပျိုအပျိုဖော်စဝင်ပြီးနောက် သင့်ခန္ဓာကိုယ်သည် လူမမည်အရွယ်နောက်ပိုင်း အမြန်ဆုံးနှုန်းဖြင့် ကြီးထွားလေတော့သည်။
ထိုအချိန်တွင် သင့်မျိုးပွားအင်္ဂါများသည် စတင်ကြီးရင့်ဖွံ့ဖြိုးလာရာ ယင်းသည် ခန္ဓာကိုယ်ကြီးထွားမှု တစ်ခုသာဖြစ်သည်။ သင်သည် ချက်ချင်းပင် အရပ်ထိုးထွက်လာမည်။ ကလေးဘဝက တစ်နှစ်လျှင် နှစ်လက်မခန့်အရပ်ထွက်ပြီး မြီးကောင်ပေါက်အချိန်တွင် ထိုနှုန်း၏နှစ်ဆဖြင့် အရပ်ထိုးထွက်လာခြင်းသည် အထူးအဆန်းမဟုတ်ပေ။
ထိုကြီးထွားချိန်တစ်လျှောက်လုံးတွင် ခန္ဓာကိုယ်သည် အတော်ပင် အချိုးအစားမကျဟု သင်ခံစားရပေမည်။ ယင်းသည် သဘာဝပင်။ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးသည် မတူညီသည့်နှုန်းများဖြင့် ကြီးထွားနေမည်ကို သတိရပါ။ အတော်ပင် ကိုးရိုးကားရားနိုင်ပေမည်။ သို့သော်၊ စိတ်ရှည်ပါ၊ မတော်တဆ တစ်သက်လုံး ဤသို့ဆက်ဖြစ်သွားမည်လောဟု စိုးရိမ်စရာမလိုပေ။ မြီးကောင်ပေါက်အချိန်၏ ခန္ဓာပိုင်းဆိုင်ရာ ကိုးရိုးကားရားဖြစ်ချိန်မှာ ကုန်ဆုံးသွားပါလိမ့်မည်။
မိန်းကလေးများသည် အပျိုဖော်စဝင်ချိန်တွင် သားအိမ်အတွင်းမှ သွေး၊ အရည်နှင့် အသားစများ လစဉ်ထုတ်လွှတ်သည့် ရာသီပန်းပွင့်လာသည်။ * ရာသီပန်းပွင့်ချိန်တွင် ဆီးစပ်ကိုက်တတ်သည့်အပြင် ဟော်မုန်းဓာတ်များ လျော့နည်းသွားလေ့ရှိ၏။ ယင်းသည် ကာယပိုင်းရော စိတ်ပိုင်းအရပါ ထိခိုက်မှုများရှိသောကြောင့် ရာသီစလာချိန်တွင် အတော်ပင် ထိတ်လန့်သွားနိုင်သည်။ ယခုအသက် ၁၇ နှစ်ရှိပြီဖြစ်သည့် ထရီဇာက ဤသို့ပြန်ပြောခဲ့၏– “ရုတ်တရက်ဖြစ်လာတဲ့ ဒီအတွေ့အကြုံသစ်ကို ကိုင်တွယ်ဖြေရှင်းရတယ်။ အဲ့ဒါက ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နာကျင်စေတယ်။ ပြီးတော့ လစဉ်လတိုင်းဖြစ်နေတယ်!”
ရာသီပန်းစပွင့်သည့်အခါ ထိတ်လန့်စရာမလိုပါ။ အမှန်မှာ၊ ယင်းသည် သင့်ခန္ဓာကိုယ် ပုံမှန်လုပ်ဆောင်နေကြောင်း ဖော်ပြခြင်းဖြစ်သည်။ နောက်ဆုံးတွင်၊ ရာသီလာချိန်၏ ကသိကအောက်ဖြစ်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းတတ်သွားပါလိမ့်မည်။ အချို့က လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းသည် ဆီးစပ်ကိုက်သည်ကို သက်သာစေကြောင်း သိရှိကြသည်။ သို့ရာတွင်၊ တစ်ယောက်နှင့်တစ်ယောက် မတူကြပါ။ ရာသီလာချိန်အတွင်း ကိုယ်လက်လှုပ်ရှားမှုများကို သိသိသာသာလျော့ပစ်ဖို့လိုကြောင်း သင်သိထားပေမည်။ သင့်ခန္ဓာကိုယ်က ဘာပြောနေသည်ကို “နားထောင်” တတ်ရန်သင်ယူပြီး လိုအပ်သလို ဖြည့်ဆည်းပေးပါ။
မြီးကောင်ပေါက်အချိန်တွင် မိန်းကလေးရော ယောက်ျားလေးများပါ မိမိတို့၏ပုံပန်းသဏ္ဌာန်ကို ပိုဂရုစိုက်လာတတ်သည်။ “ကြီးကောင်စဝင်ချိန်မှာ ကျွန်မရဲ့ပုံပန်းကို တခြားသူတွေ ဘယ်လိုမြင်ကြမယ်ဆိုတာ စပြီးသတိပြု၊ စိုးရိမ်တတ်လာတယ်” ဟုထရီဇာ ဖွင့်ပြောခဲ့သည်။ “ကျွန်မရဲ့ပုံပန်းကို တစ်ချိန်လုံး အလိုမကျဖြစ်နေမိတယ်၊ ဆံပင်က ပုံစံမကျ၊ အဝတ်အစားတွေက မလိုက်ဖက်၊ ကျွန်မနဲ့လိုက်ဖက်တဲ့အဝတ်တွေ မရှိတော့သလိုပဲ!” ဟုသူဆက်ပြောခဲ့သည်။
သင့်ကိုယ်ခန္ဓာကလည်း တစ်နည်းတစ်ဖုံဖြင့် သင့်စိတ်အလိုမကျအောင်ဖြစ်စေနိုင်သည်။ ဥပမာ၊ လူပျိုအပျိုဖော်ဝင်ချိန်အတွင်း သင့်ချွေးဂလင်းများ ပိုအလုပ်လုပ်လာပြီး ချွေးထွက်သန်မည်။ မှန်မှန်ရေချိုးခြင်းအပြင် အဝတ်အစားများကို လောလောလတ်လတ်လျှော်ဖွပ်မီးပူတိုက်ထားခြင်းက သင့်ခန္ဓာကိုယ်အနံ့အသက်များကို ထိန်းနိုင်လိမ့်မည်။ ချွေးနံ့ပျောက်ဆေး သုံးခြင်းဖြင့်လည်း အနံ့အသက်ကို ထိန်းထားနိုင်ပါသည်။
လူပျိုအပျိုဖော်ဝင်ချိန်အတွင်း သင့်အသားအရေထဲမှ အဆီဂလင်းများသည် ပိုအလုပ်လုပ်လာပြီး ဝက်ခြံနှင့် ဝက်ခြံပုန်းများ ထွက်စေသည်။ အဲန်းအမည်ရှိမိန်းကလေးက “ကျွန်မ အလှချင်ဆုံးဖြစ်လိုတဲ့အချိန်ရောက်ပြီဆိုရင် ဝက်ခြံက အမြဲထွက်ထွက်လာနေတယ်။ ကျွန်မကပဲ စိတ်ထင်လို့လား၊ ဒါမှမဟုတ် မလိုချင်ဆုံးအချိန်မှာထွက်ထွက်လာဖို့ ဝက်ခြံတွေမှာ ဆဋ္ဌအာရုံမျိုးရှိနေရော့သလား” ဟုညည်းညူခဲ့သည်။ ဝက်ခြံပုန်းသည် ထရီဇာအတွက်လည်း အခက်အခဲတစ်ခုဖြစ်ခဲ့သည်။ “ကျွန်မကို အကျည်းတန်စေပြီး ဝက်ခြံတွေကိုပဲ လူတွေကြည့်နေတယ်လို့ စိတ်မလုံမလဲဖြစ်ရတယ်!” ဟုသူပြောခဲ့သည်။
ယောက်ျားလေးများသည်လည်း အလားတူအသားအရေပြဿနာများ ခံစားရနိုင်သည်။ အမှန်မှာ၊ ယောက်ျားလေးများသည် မိန်းကလေးများထက် ပို၍အသားအရေပြဿနာဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူအချို့က ပြောကြသည်။ သင်သည် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ သင့်မျက်နှာ၊ လည်ပင်း၊ ပခုံး၊ နောက်ကျောနှင့် ရင်ဘတ်စသည့် အဆီပြန်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို မှန်မှန်ဆေးကြောသန့်စင်ခြင်းဖြင့် အကျိုးခံစားနိုင်ပါသည်။ မကြာခဏခေါင်းလျှော်ခြင်းက သင့်အသားအရေသို့ အဆီပြန့်မသွားစေရန် ကာကွယ်နိုင်ပေသည်။ ထို့ပြင်၊ ဝက်ခြံနှင့် ဝက်ခြံပုန်းများပျောက်စေရန် ထုတ်လုပ်ထားသည့်ပစ္စည်းများလည်းရှိ၏။ “ကျွန်မမိဘတွေက အရေပြားသန့်စင်ဆေးတွေ၊ သင့်တော်တဲ့ဆေးအဆီတွေ ရှာပေးကြတယ်။ အစာဖျင်းတွေ အများကြီးမစားဖို့လည်း ကူညီပေးတယ်။ အစာဖျင်းတွေမစားဘဲ ရေအများကြီးသောက်တဲ့အခါ ဝက်ခြံပုန်းတွေပျောက်သွားတတ်တယ်” ဟုထရီဇာပြောခဲ့သည်။
ယောက်ျားလေးများတွင်ဖြစ်ပေါ်သည့် နောက်ထပ်ခန္ဓာကိုယ်အပြောင်းအလဲတစ်ခုမှာ အသံဖြစ်သည်။ လူပျိုဖော်ဝင်ချိန်အတွင်း သင့်အသံကြိုးများသည် ထူပြီးရှည်လာရာ တဖြည်းဖြည်း အသံအောလာသည်။ ယင်းသို့ဖြစ်နေသည်ကို ဘီလ် သတိမထားမိခဲ့ချေ။ “ကျွန်တော်ဖုန်းပြောတဲ့အခါ လူတွေက ကျွန်တော့်အမေလား ဒါမှမဟုတ် ညီမလေးလားလို့ ထင်နေကြတဲ့အချိန်အထိ ကျွန်တော့်အသံပြောင်းသွားတာ မသိလိုက်ဘူး” ဟု သူပြောခဲ့သည်။
တစ်ခါတစ်ရံ၊ အသံပြောင်းနေစဉ်တွင် အနိမ့်သံမှ အမြင့်သံသို့ ရုတ်ခြည်းပြောင်းသွားကာ အသံခပ်အက်အက် ဖြစ်နေတတ်သည်။ တိုင်ရွန်က မိမိငယ်စဉ်အချိန်ကို ပြန်တွေးတောရင်း “ဒါက စိတ်အိုက်စရာအကောင်းဆုံးပဲ။ ကျွန်တော်စိတ်လှုပ်ရှားတဲ့အခါတိုင်း အသံအက်လာတယ်။ သိပ်စိတ်မလှုပ်ရှားဖို့ ကြိုးစားပေမဲ့ မရဘူး” ဟုပြောခဲ့၏။ “တစ်နှစ်၊ နှစ်နှစ်ကျော်ပြီးတဲ့နောက် အသံအက်တာ ပျောက်သွားတယ်” ဟုတိုင်ရွန်ဆက်ပြောခဲ့သည်။ သင်လည်း အလားတူဖြစ်နေလျှင် စိတ်မပျက်ပါနှင့်! မကြာမီ၊ သင့်အသံလည်း အတက်အကျ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မည်။
‘ငါဘာကြောင့် ဒီလိုခံစားရသလဲ’
မြီးကောင်ပေါက်တို့သည် စိတ်ဖိစီးမှုမျိုးစုံနှင့် ကြုံတွေ့ရသည်မှာ မဆန်းပါ။ ဥပမာ၊ သင့်ကလေးဘဝက အခင်ဆုံးမိတ်ဆွေတို့နှင့် တဖြည်းဖြည်း ဆက်ဆံရေးကျဲသွားသည်။ အကြီးအကျယ် ကတောက်ကဆဖြစ်ခြင်းကြောင့် မဟုတ်ပါ။ စရိုက်ကွဲသွားကြ၍ ဖြစ်နိုင်သည်။ တစ်ချိန်က နှစ်သိမ့်မှုနှင့် လုံခြုံစိတ်ချမှုအတွက် ပြေးဝင်ခိုလှုံသော သင့်မိဘများပင် ချက်ချင်းဆိုသလို ခေတ်နောက်ကျပြီး ချဉ်းကပ်ရန် ခက်ခဲပုံပေါက်လာမည်။
ဤအရာအားလုံးက ဆယ်ကျော်သက်များကို အထီးကျန်စိတ်ခံစားရစေသည်။ “မြီးကောင်ပေါက်အရွယ်သည် ကလေးဘဝ သို့မဟုတ် လူကြီးဘဝတွင်ထက် အထီးကျန်စိတ်ကို ပို၍အကြိမ်များများ၊ ပို၍ပြင်းပြင်းထန်ထန် ခံစားရကြသည်ဟု သုတေသီအချို့ကဆိုကြောင်း” စွယ်စုံကျမ်းတစ်ကျမ်းက ကိုးကားဖော်ပြထားသည်။ အခြားသူများက သင့်အား လူထူးလူဆန်းအဖြစ် ရှုမြင်ကြမည်စိုးသောကြောင့် သင့်သဘောထား၊ ခံစားချက်များကို မျိုသိပ်ထားပေမည်။ သို့မဟုတ် မည်သူမျှ သင်နှင့်အဖော်မလုပ်ချင်ဟု စွဲမြဲခံစားရနေကာ အခြားသူများကို အပေါင်းအသင်းမလုပ်ရဲဘဲ ဖြစ်နေပေမည်။
မြီးကောင်ပေါက်အများစုသည် အထီးကျန်စိတ်ခံစားကြရပြီး လူကြီးများစွာလည်း ထိုအတိုင်းပင်ဖြစ်၏။ စိတ်စွဲမှတ်ထားရမည့် အရေးကြီးဆုံးအချက်မှာ အချိန်တန်သော် ဤခံစားချက်များ ကင်းပျောက်သွားနိုင်သည်။ * သင်သည် မြီးကောင်ပေါက်တစ်ဦးဖြစ်သောကြောင့် သင်၌ အရာရာပြောင်းလဲနေကြောင်း စိတ်စွဲမှတ်ပါလေ။ ဘဝကို ရှုမြင်ပုံ၊ အခြားသူများကို ရှုမြင်ပုံ၊ သင့်ကိုယ်သင် ရှုမြင်ပုံတို့သည် အမြဲပြောင်းလဲနေသည်။ အမှန်မှာ၊ မှန်ထဲမှာ ဘယ်သူကြီးပါလိမ့်ဟု သူစိမ်းတစ်ဦးပမာ သင့်ကိုယ်သင် ထင်နေသည့်အခါများပင်ရှိမည်! “အပြောင်းအလဲမြန်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်အောင်ဖြစ်နေတယ်” ဟုပြောခဲ့သည့် ၁၇ နှစ်အရွယ် စတိဗ်ကဲ့သို့ အသင်လည်း ခံစားရနိုင်သည်။
အထီးကျန်စိတ်ကို တွန်းလှန်နိုင်ရန် အကောင်းဆုံးနည်းမှာ အခြားသူများနှင့် အပေါင်းအသင်းလုပ်ခြင်းဖြစ်သည်။ ယင်းက သင်နှင့် သက်တူရွယ်တူမဟုတ်သူတို့ကို သိကျွမ်းအောင်လုပ်ရမည်ဖြစ်သည်။ ရင်းရင်းနှီးနှီးလည်ပတ်နိုင်သည့် သက်ကြီးရွယ်အိုတစ်ဦးဦး ရှိသလော။ အထူးသဖြင့်၊ အကူအညီလိုနေချိန်တွင် သူတို့၏ဝေယျာဝစ္စများကို လုပ်ဆောင်ပေးနိုင်မည်လော။ သမ္မာကျမ်းစာက အခြားသူများအား ချစ်သည့်မေတ္တာ “ကျယ်ဝန်းစေ” ရန် ကြီးငယ်မဟူအားလုံးကို တိုက်တွန်းထားပါသည်။ (၂ ကောရိန္သု ၆:၁၁-၁၃) ထိုသို့ပြုလုပ်ခြင်းဖြင့် ကောင်းမြတ်သည့်အခွင့်ထူးများအတွက် လမ်းပွင့်သွားနိုင်ပါသည်။
အထက်တွင်ကိုးကားထားသည့်ကျမ်းပိုဒ်မှာ မြီးကောင်ပေါက်အရွယ်၏ စိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် လူငယ်တချို့ကို အကူအညီဖြစ်စေသည့် မူများစွာထဲမှ တစ်ခုသာဖြစ်သည်။ နောက်ဆောင်းပါးကို ဖတ်ရှုသည့်အခါ သင်သည် လူကြီးဖြစ်လာသည်နှင့်အမျှ ဘုရားသခင့်နှုတ်မြွက်တော်သည် သင့်အသက်တာကို မည်သို့ အကြီးအကျယ်သြဇာလွှမ်းမိုးနိုင်ကြောင်း စဉ်းစားသုံးသပ်ပါလေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 13 အစပိုင်းတွင်၊ ရာသီပန်းပွင့်ခြင်းသည် တစ်လလျှင် တစ်ကြိမ်ထက်ပိုတတ်သည် သို့မဟုတ် လျော့နည်းတတ်သည်။ သွေးဆင်းသည့်ပမာဏလည်း အမျိုးမျိုးရှိနိုင်သည်။ မည်သည့်အခြေအနေကိုမျှ မထိတ်လန့်သင့်ပါ။ သို့သော် တစ်နှစ်၊ နှစ်နှစ်အထိ မူမမှန်ဖြစ်နေပါက ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုသည်။
^ အပိုဒ်၊ 24 အထီးကျန်စိတ်ကို ကြာရှည်ခံစားနေရလျှင် သို့မဟုတ် သေကြောင်းကြံရန် အထပ်ထပ်တွေးတောနေမိလျှင် အကူအညီရှာယူသင့်သည်။ သင့်မိဘ သို့မဟုတ် သင်ရင်ဖွင့်နိုင်သည့် ရင့်ကျက်သောလူကြီးတစ်ဦးနှင့် ချက်ချင်းဆွေးနွေးပါ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
မိဘများ မစုံလင်ကြ
“ကျွန်မငယ်ငယ်တုန်းက မိဘတွေကို စုံလင်တယ်လို့ ထင်ခဲ့တာ။ ကျွန်မ ဆယ်ကျော်သက်အရွယ်ရောက်လာတော့ အင်း၊ သူတို့ သိပ်မတော်ကြတော့သလိုပဲ။ ဆိုလိုတာက မိဘတွေဟာ မစုံလင်ကြမှန်း သဘောပေါက်လာတော့ ကျွန်မ စိတ်ကသိကအောက်ဖြစ်မိတယ်။ ပိုဆိုးတာက မိဘတွေရဲ့အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေဟာ မှန်နိုင်ပါ့မလားလို့ ကျွန်မ သံသယဝင်လာတယ်။ အထိနာတဲ့သင်ခန်းစာတွေရလိုက်တော့မှ မိဘတွေကို အပြည့်အဝ ပြန်ရိုသေလေးစားလာတယ်။ သူတို့လည်း မစုံလင်ကြပေမဲ့၊ အများအားဖြင့် သူတို့မှန်ကြတယ်။ သူတို့မမှန်ရင်တောင်မှ ကျွန်မရဲ့မိဘတွေ ဖြစ်နေကြတုန်းပဲ။ ကျွန်မတို့ တဖြည်းဖြည်းနဲ့ မိတ်ဆွေတွေလို ပိုပြီးရင်းနှီးလာကြတယ်၊ ကလေးနဲ့မိဘစပ်ကြား ဖြစ်လေ့ရှိတဲ့အရာမျိုးလို့ ကျွန်မထင်တယ်။”—ထရေဇာ၊ ၁၇ နှစ်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူငယ်များစွာသည် သက်ကြီးရွယ်အိုများနှင့် ရင်းနှီးကျွမ်းဝင်ရန် ဖန်တီးကြ