မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“နှစ်ခါပြန် ရောဂါဒဏ်”

“နှစ်ခါပြန် ရောဂါဒဏ်”

“နှစ်ခါ​ပြန် ရောဂါဒဏ်”

ဂျက်​ခ် မာန်​စ်​မာ ပြောပြ​သည်

အစွမ်းထက်​ကာကွယ်​ဆေး​တွေ​နဲ့ တစ်စိုက်မတ်မတ် ကာကွယ်​ဆေးထိုး​ပေး​တဲ့​အစီအစဉ်တွေ​ကြောင့် ကလေး​ဘဝမှာ​ဖြစ်တတ်​တဲ့ ပိုလီယို​ရောဂါ​ကင်းစင်​ဖို့ ကြိုးစား​ရာ​မှာ သိပ္ပံ​ပညာ​ဟာ အကြီးအကျယ် တိုးတက်အောင်​မြင်ခဲ့​ပါ​ပြီ။ ဒါပေမဲ့ ပိုလီယို​ရောဂါ​ဖြစ်လို့ ပြန်​နာလန်ထူ​ပြီး ဆယ်စုနှစ်ချီ​ကြာ​တဲ့​နောက်ပိုင်း​မှာ​တောင် ပိုလီယို​ဒဏ်​ခံ​ခဲ့​ဖူး​သူတချို့​ဟာ ပိုလီယို​နောက်ဆက်တွဲ​လက္ခဏာစု (ပီပီအက်စ်) လို့​ခေါ်​တဲ့​ရောဂါ​ကို ပြန်​ခံစား​ခဲ့​ကြရတယ်။

သင့်​အနေ​နဲ့ ပီပီအက်စ် ဆိုတာ​ကို ကြားဖူး​ချင်​မှ​ကြားဖူး​မယ်။ ကျွန်တော်​လည်း ကိုယ်တိုင်​ခံစားရ​တော့​မှ ကြားဖူး​တာ။ ဒါပေမဲ့ ဒီ​ရောဂါဒဏ်​ကို သိ​နားလည်​ဖို့ ကျွန်တော်​တစ်နှစ်​သား​အရွယ်၊ ၁၉၄၁ ခုနှစ်​က နေ့​တစ်နေ့​ကို ပြန်​ပြောပြ​ပါ​ရစေ။

ကျွန်တော် ထိုင်ခုံ​မြင့်​ပေါ်မှာ ပုံ​လျက်​သား​ကျနေ​တာ​ကို အမေ​မြင်​လိုက်တယ်။ ဒါနဲ့၊ ကျွန်တော့်​ကို ဆရာဝန်​ဆီ အမြန်​ခေါ်သွား​ခဲ့တယ်။ ကျွန်တော့်​ကို ဆေးစစ်​ပြီး​တာ​နဲ့ ဆရာဝန်​က “ခင်ဗျား​ရဲ့​သားဟာ ပိုလီယို​အကြောသေ​ရောဂါ​ဖြစ်​နေတယ်” လို့​အမေ့ကို ပြော​လိုက်တယ်။ * မကြာခင်​ပဲ ကျွန်တော့်​ခါး​အောက်ပိုင်း အကြောသေ​သွားတယ်။

ခြောက်​လ​ကြာ​စောင့်​ပြီး​နောက် ကျွန်တော် ဆေးရုံ​တက်​ရတယ်။ နှစ်​အတော်ကြာ ဖျား​ပြီး​ရင်း ဖျားနေ​ခဲ့တယ်။ ကာယပိုင်း​ဆိုင်ရာ အထူး​ဂရုစိုက်​ကုသ​ပြီး​နောက်​မှ ကျွန်တော့်​ခြေထောက်​တွေ တဖြည်းဖြည်း ပြန်​အသုံးပြု​လို့​ရလာတယ်။ ကျွန်တော် ၁၄ နှစ်အရွယ်မှာ ပြန်လမ်း​လျှောက်​နိုင်​ပေမဲ့ ဆီး​မထိန်းနိုင်​တဲ့​အပြင် တခြား​မစွမ်းဆောင်​နိုင်တာ​တွေ ရှိနေတုန်းပဲ။ နှစ်တွေ​တစ်လျှောက် အကြိမ်ကြိမ် ခွဲစိတ်​ကုသ​ခံရ​တာ၊ ဘီးတပ်​ကုလားထိုင်​မှာ နေခဲ့​ရတာ၊ ကာယပိုင်း​ပြန်​နာလန်ထူ​နိုင်​ဖို့ ကုသ​ခံရ​တာတွေကို ခံစား​ခဲ့​ရတယ်။ အခုထိ၊ ကျွန်တော်​ရဲ့​ဘယ်ဘက်​ခြေထောက်​က ညာဘက်​ထက် သုံး​ဆ​ပို​သေး​ပြီး တစ်လက်​မ ပို​တို​နေတယ်။ ကျွန်တော်​အသက် ၂၀ ကျော်​လောက်​မှ ဆီး​ထိန်း​နိုင်​တော့​တယ်။ နောက်ဆုံး၊ ပိုလီယို​ရောဂါ လုံးဝ​ပျောက်​သွားပြီ​လို့ ကျွန်တော်​ထင်​ခဲ့တယ်!

ဒါပေမဲ့ ကျွန်တော့်​အသက် ၄၅ နှစ်မှာ ခြေထောက်​တွေ နာကျင်​လာပြီး အရမ်း​မော​လာတယ်။ ဒါ့အပြင် ည​အချိန်​မှာ ခြေထောက်​ကြွက်သား​တွေ အလိုလို​လှုပ်​နေလို့ အိပ်မရ​ဘူး။ အဲ့ဒီ​ရောဂါ​လက္ခဏာတွေ​ဟာ မ​သက်သာ​ဘဲ ပို​ဆိုး​လာတယ်။ ကျွန်တော် ပိုလီယို​ရောဂါ​ဖြစ်နေမှန်း အမေ ပထမ​အကြိမ်​သိ​ပြီး​တဲ့​နောက် ၄၄ နှစ်​ကြာ​မှ ပီပီအက်စ်​ရောဂါ​ဖြစ်နေ​တာ သိလိုက်​ရလို့ အံ့ဩ​သွားတယ်။

ပိုလီယို​ဟူသည် အဘယ်နည်း

ပိုလီယို​ဆိုတာ ဗိုင်းရပ်စ်​တစ်မျိုး​ဟာ ပါးစပ်​က​တစ်ဆင့် ခန္ဓာကိုယ်​ထဲ​ဝင်ပြီး အူ​သိ​မ်​တွေ​ထဲမှာ​ပြန့်ပွား​သွားတဲ့ ကူးစက်​မြန်​ရောဂါ​တစ်မျိုး​ဖြစ်တယ်။ အဲ့ဒီ​ဗိုင်းရပ်စ်​ဟာ အာရုံကြော​စနစ်​ထဲ ရောက်သွား​တာ​နဲ့ ချက်ချင်းပဲ လုံးဝ​အကြောသေ​စေနိုင်​တယ်။ အဲ့ဒီ​ဗိုင်းရပ်စ်​ဟာ ဦးနှောက်၊ အဲ့ဒီ​နောက် ကျောရိုး​နဗ်ကြော​တစ်လျှောက် ဖြတ်သွားတဲ့​အခါ အစပိုင်း​မှာ​ဖြစ်​လာမယ့် ရောဂါ​လက္ခဏာတွေ​က ဖျား​မယ်၊ မော​မယ်၊ ခေါင်းကိုက်​မယ်၊ အန်​မယ်၊ လည်ပင်း​တောင့်တင်း​လာမယ်၊ ခြေတံ​လက်တံ​တွေ နာကျင်​လာမယ်။ အဲ့ဒီ​အခါ အာရုံကြော​အတော်များများ အလုပ်​မ​လုပ်​တော့​လို့ လက်မောင်း၊ ခြေထောက်​နဲ့ ရင်ဘတ်​က ကြွက်သား​တချို့ အကြောသေ​သွား​တတ်တယ်။

ဒါပေမဲ့ ကိုယ်ခန္ဓာ​ရဲ့​ပြန်လည်​နာလန်ထူ​နိုင်စွမ်း​ဟာ အံ့ဩစရာ​ပဲ။ ဗိုင်းရပ်စ်​ပိုး​တိုက်ခိုက်​မခံ​ရတဲ့ နဗ်ကြော​တွေ​က အရင်​နဗ်ကြော​တွေ​သေသွား​လို့ အကာအကွယ်မဲ့​ဖြစ်​နေတဲ့ ကြွက်သား​ဆဲလ်​တွေ​ကို ချိတ်ဆက်​ဖို့ တယ်လီဖုန်း​လိုင်း​ပို​တွေ​လို “အတက်​တွေ” ထွက်​လာတယ်။ ကျောရိုး​နဗ်ကြော​စည်း​ထဲ​က လှုပ်​မှု​နဗ်ကြော​ဆဲလ်​တစ်ခု​ဟာ အ​စို့​အညှောက်​လေး​တွေ​ထွက်​ပြီး နဂို​က​ထက် ပို​များတဲ့​ကြွက်သား​ဆဲလ်​တွေ​နဲ့ ချိတ်ဆက်​လိုက်​တော့ အာရုံကြော​ဆဲလ်​ကို ပို​အလုပ်လုပ်​စေတယ်။ အရင်က ကြွက်သား​ဆဲလ် ၁,၀၀၀ ကို​လှုံ့ဆော်​နိုင်​တဲ့ လှုပ်​မှု​နဗ်ကြော​ဆဲလ်​တစ်ခု​ဟာ နောက်ဆုံး​မှာ ဆဲလ်​ပေါင်း ၅,၀၀၀ နဲ့ ၁၀,၀၀၀ စပ်ကြား​ကို ပြန်​ချိတ်ဆက်​ပေး​နိုင်တယ်။ ကျွန်တော်​လည်း အဲ့ဒီ​လို​ဖြစ်​ခဲ့​တာ​ကြောင့် လမ်း​ပြန်လျှောက်​နိုင်တာ။

ဒါပေမဲ့ ဒီ​နဗ်ကြော​ကြွက်သား​အဖွဲ့​ဟာ ၁၅ နှစ်​က အနှစ် ၄၀ ကျော်​အထိ အလုပ်ပို​လုပ်​ရတော့ အားကုန်​တဲ့​လက္ခဏာ စ​ပြ​လာ​တတ်တယ်​လို့ လောလောဆယ် ယူဆ​ထား​ကြတယ်။ ပီပီအက်စ်​ရောဂါ​ဆိုတာ အစောပိုင်း​ဆယ်စုနှစ်​က ပိုလီယို​ဖြစ်​ပြီး နာလန်ထူ​လာတဲ့​သူတွေမှာ ပြန်​ပေါ်လာ​တဲ့​ရောဂါ​လက္ခဏာ​ဖြစ်တယ်။ လူနာ​အတော်များများမှာ ကြွက်သား​အားနည်း​တာ၊ မောပန်း​တာ၊ ရိုး​ဆစ်​နဲ့ ကြွက်သား​နာကျင်​တာ၊ အအေး​မခံနိုင်​တာ၊ အသက်ရှူ​ကျပ်​တာ​တို့​ဖြစ်တတ်​တယ်။ ကိန်း​ဂဏန်း​အတိအကျ​ရဖို့ ခက်ခဲ​ပေမဲ့ ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က ကမ္ဘာ​တစ်ဝန်း​မှာ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူ သန်း ၂၀ နီးပါး​ရှိမယ်လို့ ခန့်မှန်း​ကြတယ်။ သူတို့​ထဲမှာ ၂၅ ကနေ ၅၀ ရာခိုင်နှုန်း​လောက်​ဟာ ပီပီအက်စ်​ရောဂါ​ခံစား​နေရ​တယ်လို့ နောက်ဆုံး​အထောက်အထား​က ဖော်ပြ​တယ်။

မည်သို့​ကူညီ​နိုင်​မည်​နည်း

အိုမင်း​ဟောင်းနွမ်း​ပြီး အလုပ်ပို​လုပ်ခဲ့​ရတဲ့ လှုပ်​မှု​နဗ်ကြော​ဟာ အားအင်ကုန်ခန်း​လာတဲ့အခါ နဗ်ကြော​ဆုံး​တချို့ သေသွား​ပြီး အကာအကွယ်မဲ့​ကြွက်သား​မျှ​င်​တွေ အများကြီး​ချန်​ခဲ့​ပြန်​တယ်လို့ သုတေသီ​တွေ ပြော​ကြတယ်။ ဒီ​ဖြစ်​စဉ်​ကို နှေးကွေး​သွား​စေဖို့ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူဟာ ထိခိုက်​ထား​တဲ့​ကြွက်သား​တွေ​ကို သိပ်​မ​သုံးဖို့​လိုတယ်။ ကုထုံး​ဆရာ​တချို့က တုတ်​ကောက်၊ သိုင်း​ကြိုး၊ ချိုင်းထောက်၊ ဘီးတပ်​ကုလားထိုင်၊ ခြေတွန်း​စက်ဘီး​စတဲ့ အထောက်အကူ​ပြု​ကိရိယာ​တွေ​အသုံးပြု​ဖို့ အားပေးကြတယ်။ ကျွန်တော်​ကျ​တော့ ခြေထောက်​နှစ်ဖက်စလုံး​မှာ သိုင်း​ကြိုး​တပ်ထား​ဖို့​လို​လာတယ်။ နောက်တော့ ကျွန်တော့်​ခြေ​မျက်စိ​ကို ထိန်းပေး​ပြီး လဲကျ​မသွား​စေဖို့ အထူးပြု​လုပ်ထား​တဲ့​ရှူးဖိနပ် စီး​ရတယ်။

လူတစ်ဦးရဲ့​အခြေအနေ​ပေါ်​မူတည်ပြီး လေ့ကျင့်ခန်း​အတော်အသင့်​လုပ်တာ၊ ကြွက်သား​ဆန့်တန်း​ပေး​တာ​တို့ လိုအပ်​တယ်။ ရေကူး​တာ ဒါမှ​မဟုတ် ရေ​နွေး​နဲ့​ရေချိုး​တာ​တွေ​က​လည်း ကြွက်သား​တွေ​ကို မ​တောင့်တင်း​စေ​ဘဲ နှလုံးသွေး​ကြော​လုပ်ဆောင်မှုကို တိုးတက်စေ​တယ်။ လေ့ကျင့်ခန်း​လုပ်တဲ့​အခါ ဆရာဝန်​နဲ့​တိုင်ပင်​ပြီး​မှ​လုပ်ဖို့ အရေးကြီးတယ်။

ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူတွေဟာ အာရုံကြော​ဆဲလ်​တွေ​ကို မနားတမ်း​အသုံးပြု​နေရ​လို့ ကြွက်သား​မျှ​င်​တချို့ ကောင်းကောင်း​အလုပ်​မလုပ်နိုင်တော့ဘူး။ ဒါ​ကြောင့် အဲ့ဒီ​လူနာ​တွေ​ဟာ ခံနိုင်ရည်​သိပ်​မရှိကြဘူး၊ အားယုတ်​မောပန်း​တတ်ကြ​တယ်။ အမြဲ​နာကျင်​နေလို့၊ ဒါမှ​မဟုတ် ပြန်​မသန်မစွမ်း​ဖြစ်လာ​လို့ ကြိုးစား​အားထုတ်​ရတဲ့​အတွက် ခံနိုင်ရည်​နည်း​သွားစေတယ်။ ဒါ​ကြောင့်၊ နေ့လယ်​နေ့ခင်း​မှာ ကျွန်တော်​အနားယူ​လိုက်ရင် ပြန်​အားပြည့်​လာတယ်။ ဆရာဝန်​အများ​က သူတို့ရဲ့​လူနာ​တွေ​ကို နေ့စဉ် ကိုယ်​နိုင်​သလော​က်​ပဲ​လုပ်ဖို့၊ မောပန်း​တဲ့​အထိ ခွန်အား​မစိုက်​ထုတ်​ဖို့ သတိပေး​ကြတယ်။

အဆစ်​နဲ့​ကြွက်သား​တွေ အမြဲ​နာ​နေတာကို ကျွန်တော် ခံရ​အခက်ဆုံး​ပဲ။ တချို့​ကျ​တော့ နေ့စဉ်​လုပ်ငန်းဆောင်တာ​တွေ​ကို အားစိုက်လုပ်​လိုက်တဲ့အခါ သက်ဆိုင်​တဲ့​ကြွက်သား​တွေ အရမ်း​နာကျင်​သွား​တတ်တယ်။ တခြားသူ​တွေ​ကျ​တော့ တုပ်ကွေး​နဲ့​ခပ်​ဆင်​ဆင် တစ်ကိုယ်လုံး​ကိုက်ခဲ​ပြီး မောပန်း​နေတတ်​ကြတယ်။

အ​ကိုက်​အခဲ​ပျောက်ဆေး​တွေ​က အနာ​သက်သာ​စေပါ​တယ်။ ဒါပေမဲ့ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူတွေက ဘာ​ဆေး​ပဲ​သောက်​သောက်၊ ရေရှည်​ကိုက်ခဲ​နာကျင်​တဲ့​ဝေဒနာ ခံစား​ကြရတယ်။ အပူဓာတ်​ပေး​တာ၊ ကိုယ်လက်​လှုပ်ရှား လေ့ကျင့်ခန်း​လုပ်တာ​တွေ​က သက်သာ​စေတယ်။ မေ့​ဆေးဆရာ​ဝန်​အလုပ်​က ထွက်​လိုက်ရ​တဲ့ ဝေဒနာရှင်​တစ်ဦး​က– “ကျွန်မ ဒီ​ဘီးတပ်​ကုလားထိုင်​ပေါ်​က​ဆင်း​ပြီး အခန်း​ထဲမှာ ကြိုးစား​လမ်းလျှောက်သွား​နိုင်တယ်။ ဒါပေမဲ့ နာကျင်​လွန်းလို့ မတန်​ပါ​ဘူး” လို့​ပြောပြ​တယ်။ အခု၊ ကျွန်တော်​လည်း ဆေး​သောက်​နေပေမဲ့ ဘီးတပ်​ကုလားထိုင်​ကို မကြာခဏ အသုံးပြု​နေရ​တုန်း​ပါ​ပဲ။

ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူတချို့​ဟာ သွေး​စီးဆင်းမှု​ကို အရေပြား​နဲ့​ဝေးဝေး လမ်း​လွှဲ​ပေး​နိုင်စွမ်း ဆုံးရှုံး​သွား​ကြတယ်၊ အဲ့ဒီ​လို​ပြောင်း​ပေး​တာ​ဟာ ကြွက်သား​မျှ​င်​ထဲမှာ အပူဓာတ်​ထိန်းပေး​ဖို့ ခန္ဓာကိုယ်​က ပုံမှန်​လုပ်ဆောင်ပေး​တဲ့​အရာ​ဖြစ်တယ်။ အဲ့ဒီ​စွမ်းရည်​မရှိရင် ရောဂါ​ဖြစ်​ခဲ့​တဲ့​ခြေတံ​လက်တံ​တွေ​ဟာ အပူ​ပို​ဖြာထွက်​ပြီး အေးစက်​သွားတယ်။ ကြွက်သား​တွေ​အေးစက်​နေရင် လှုပ်​မှု​နဗ်ကြော​ဆဲလ်​နဲ့ ကြွက်သား​တွေ​ဟာ ဆက်သွယ်မှု​မကောင်း​တော့​တဲ့​အတွက် ကြွက်သား​တွေ ကောင်းကောင်း​အလုပ်​မ​လုပ်​တော့​ဘူး။ ဒါ့​ကြောင့်၊ ထိခိုက်​ထား​တဲ့​ကြွက်သား​တွေ​ကို နွေး​နွေးထွေး​ထွေး​ထား​ဖို့ လိုတယ်။ တချို့က အေး​တဲ့​ည​တွေ​မှာ လျှပ်စစ်​စောင်၊ ရေ​နွေး​အိတ်တွေ​သုံး​တတ်ကြ​တယ်။ အအေးဒဏ်​မခံ​ရင် ပို​ကောင်းတယ်။ ဒါ​ကြောင့် ရာသီဥတု​ပူနွေး​တဲ့​ဒေသ​ကို ကျွန်တော်​ပြောင်းရွှေ့​နေထိုင်ခဲ့ရတယ်။

အထူးသဖြင့် လည်ပင်း​အထက်ပိုင်း ကျောရိုး​နဗ်ကြော​ကို ထိခိုက်​စေ​တဲ့ ဦးနှောက်​အကြောသေ​ရောဂါ​လို့​ခေါ်​တဲ့ ပိုလီယို​မျိုး​ဖြစ်​ခဲ့​ဖူး​သူတွေဟာ အသက်ရှူ​ကြွက်သား​တွေ အားနည်း​သွား​လို့ အသက်ရှူ​ရ​ခက်​တဲ့​ပြဿနာ​တွေ​ရှိကြတယ်။ လွန်ခဲ့တဲ့​အချိန်​က ဒီ​ပိုလီယို​ရောဂါ​မျိုး​ကြောင့် လူ​အတော်များများဟာ သံ​အဆုတ်​နဲ့ အသက်ရှူ​ခဲ့​ကြရတယ်။ အခုတော့၊ အားနည်းတဲ့​အဆုတ်​ကြွက်သား​တွေ​ကို ထောက်ကူ​တဲ့ လေ​သန့်​သွင်း​ကိရိယာ​ကို အသုံးပြုကြတယ်။ ကျွန်တော်​ကျ​တော့ နည်းနည်း​အားစိုက်​မိရင် အသက်ရှူ​ကျပ်​လာတယ်။ ဒါ့​ကြောင့်၊ ကျွန်တော့်​အဆုတ်​ကြွက်သား​တွေ​ကို လှုပ်ရှား​လေ့ကျင့်ပေး​တဲ့ ကိရိယာ​ငယ်​လေး​တစ်ခု​ကို နေ့တိုင်း​အသုံးပြု​ရတယ်။

ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူတွေ သတိထား​ရမယ့် တခြား​အန္တရာယ်​တစ်ခု​ရှိသေးတယ်။ သူတို့ဟာ ခွဲစိတ်​ကုသ​တဲ့​နေ့မှာ အိမ်မပြန်​သင့်ဘူး။ က​က်စ်​လာ ပြန်လည်​ထူထောင်​ရေး​တက္ကသိုလ်​က ဒေါက်တာ ရစ်ချက် အယ်​လ်. ဘ​ရူ​နို​က– “ထုံ​ဆေး​တစ်ခု​တည်း​သာ သုံးဖို့​လို​တဲ့ ရိုးရိုး​ခွဲစိတ်​ကုသမှု​မှ​လွဲ​ပြီး ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူဟာ ဘယ် အကြောင်းကြောင့်​မဆို ခွဲစိတ်​တဲ့​နေ့မှာ အိမ်မပြန်​သင့်ဘူး” လို့​ဆိုတယ်။ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူတွေဟာ ထုံ​ဆေး​ပြ​ယ်​ဖို့ တခြား​သူတွေ​ထက် နှစ်ဆ​ကြာ​တတ်​ပြီး ထပ်ဆင့်​အ​ကိုက်​အခဲ​ပျောက်ဆေး​တွေ လိုအပ်​နိုင်တယ်​လို့ သူ​ထပ်​ပြော​သေး​တယ်။ ဒါ​ကြောင့်၊ တခြား​လူနာ​တွေ​ထက် ဆေးရုံ​မှာ ပို​ကြာကြာ​နေဖို့လို​တယ်။ အဲ့​ဒါကို ကျွန်တော်​သိထား​ခဲ့ရင် အသေးစား​ခွဲစိတ်​ခံရ​ပြီး​နောက် အဆုတ်​ရော​င်​ရောဂါ​ဖြစ်​ခဲ့​မှာ​မဟုတ်ဘူး။ ဒါ​ကြောင့် အဲ့ဒီ​အကြောင်း​တွေ​ကို ခွဲစိတ်​ဆရာဝန်၊ မေ့​ဆေးဆရာ​ဝန်​တွေ​နဲ့ တိုင်ပင်​ဆွေးနွေး​ပြီး​မှ ခွဲစိတ်​ခံ​ရင် ကောင်း​မယ်။

ယနေ့ ကျွန်တော့်​အသက်တာ

ကျွန်တော် ၁၄ နှစ်အရွယ်မှာ ပြန်လမ်း​လျှောက်​နိုင်​တဲ့​အခါ ကျွန်တော့်​ရောဂါ အတော့်​ကို သက်သာ​သွားပြီ​လို့​ထင်​ခဲ့​တာ။ ဒါပေမဲ့ ဒီလောက်​ကြာပြီး​နောက်​မှ အရင်တုန်းက​ရောဂါ​တွေ​ကို တစ်ခါ​ပြန်​ခံစား​နေ​ရတယ်။ ကျွန်တော့်​လို ပီပီအက်စ်​ရောဂါ​ရလာတဲ့ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူတွေရဲ့​အခြေအနေဟာ စာရေး​ဆရာ​တစ်ဦး​ပြော​သလို “နှစ်ခါ​ပြန် ရောဂါဒဏ်” ဆိုတာ​မျိုး​ဖြစ်တယ်။ ဒါ​ကြောင့် စိတ်ဓာတ်ကျ​တာ​ဟာ မဆန်းပါဘူး။ တော်​သေး​တယ်၊ ကျွန်တော် သွားလာ​လှုပ်ရှား​နိုင်​သေး​လို့ ကိုယ့်​ကိုယ်ကို ဂရုစိုက်​နိုင်တယ်။ ကျွန်တော့်​အတွက် အကောင်းဆုံး​ဆေး​က​တော့ အပြုသဘော​ရှိဖို့၊ အခြေအနေ​အရ အလိုက်သင့်​နေတတ်​ဖို့၊ ကိုယ်​လုပ်နိုင်​သေး​တာတွေကို ကျေးဇူး​တင်​တတ်​ဖို့​ဖြစ်တယ်။

ဥပမာ၊ လွန်ခဲ့တဲ့ ၁၀ နှစ်​ကျော်​က အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်တော် စ​ပါဝင်​ခဲ့​တုန်း​က အခု​ထက်ပိုပြီး သွားလာ​လှုပ်ရှား​နိုင်တယ်။ အတော်လေး​လမ်းလျှောက်​ပြီး​နောက်​မှ မောပန်း​တယ်၊ အခု​လောက်​လည်း မ​နာကျင်​ဘူး။ အခု​ဆိုရင် သိပ်​လမ်းမ​လျှောက်​နိုင်​တော့​ဘူး။ အားအင်​မကုန်​ရအောင် လှေကား​နဲ့ အမြင့်​တက်တာ​တွေ​ကို ရှောင်တယ်။ ဖြစ်​နိုင်​တဲ့​အခါတိုင်း ဘီးတပ်​ကုလားထိုင်​ကို သုံးတယ်။ ကျွန်တော့်​ရဲ့​အမှုဆောင်​လုပ်ငန်းမှာ နည်း​မျိုးစုံ​နဲ့ အလိုက်သင့်​ပါဝင်​ရလို့ ပျော်ရွှင်​တဲ့​အပြင် ကျန်းမာ​ရေး​လည်း အတော်​ကောင်း​လာတယ်။

ပီပီအက်စ်​ရောဂါ​က ကျွန်တော့်​ဘဝကို အတော်​ထိခိုက်​စေတယ်။ ကျွန်တော့်​ကျန်းမာ​ရေး ပို​ဆိုး​လာနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာသစ်​မှာ လူသား​အားလုံး ပြန်​နုပျို​လာပြီး ဒေါင်ဒေါင်မြည်​ကျန်းမာ​လာတော့​မယ်​ဆို​တဲ့ ကျမ်းစာ​ကတိတော်​က ကျွန်တော့်​ကို တကယ်​ခွန်အား​ပေးတယ်။ လွန်ခဲ့တဲ့​နှစ်တွေ​တစ်လျှောက်​မှာ ဟေရှာယ ၄၁:၁၀ မှာပါတဲ့ “မစိုးရိမ်​နှင့်၊ ငါသည် သင့်​ဘက်မှာ​ရှိ၏။ မကြောက်​နှင့်၊ သင်၏​ဘုရားသခင် ငါသည် သင့်ကို​ခိုင်ခံ့​စေမည်။ သင့်ကို​စောင့်မ​မည်” ဆို​တဲ့​မှုတ်သွင်းခံ​စကား​ကို မကြာခဏ​စဉ်းစား​မိတယ်။ ပီပီအက်စ်​ရောဂါ​ဟာ အတိတ်မှာ ကျန်ရစ်​ခဲ့ပြီ​ဆို​တဲ့​အချိန်အထိ ကျွန်တော် ဆက်​ကြိုးစား​သွားမယ်လို့ ဆုံးဖြတ်ထား​တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ပိုလီယို​အကြောသေ​ရောဂါ သို့​မဟုတ် ပိုလီယို​ဟု​လည်း​ခေါ်​သည်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

‘ကျွန်ုပ် ပိုလီယို​နောက်ဆက်တွဲ​လက္ခဏာစု ဖြစ်​နိုင်​သလား’

ပိုလီယို​နောက်ဆက်တွဲ​လက္ခဏာစု​ဟု အမည်တပ်​ရန် အောက်ပါ​စံ​ပြုထားသော​အခြေအနေ​များ ရောနှော​ခံစား​ရခြင်း​မျိုး​ရှိဖို့လို​သည်​ဟု ကျွမ်းကျင်​သူ​အများစုက သတ်မှတ်​ကြသည်–

▪ အတိတ်​က ပိုလီယို​အကြောသေ​ရောဂါ​ဖြစ်​ခဲ့​ဖူး​ခြင်း

▪ အတော်အသင့် သို့​မဟုတ် လုံးဝ​ပြန်​နာလန်ထူ​လာပြီး​နောက် စပ်ကြား​ကာလ​တွင် (အနည်းဆုံး ၁၅ နှစ်​ခန့်) အာရုံကြော​လုပ်ဆောင်မှု တည်ငြိမ်​သွားခြင်း

▪ ကြွက်သား​အားနည်းခြင်း၊ မောပန်း​ခြင်း၊ ကြွက်သား သိ​မ်​ခြင်း၊ ကြွက်သား​နှင့် အရိုး​အဆစ်​နာကျင်ခြင်း​တို့ တဖြည်းဖြည်း သို့​မဟုတ် ချက်ချင်း​ဖြစ်ပေါ်​လာ​ခြင်း

▪ အသက်ရှူ​ရန် သို့​မဟုတ် မျိုချ​ရန် ခက်ခဲ​ခြင်း

▪ အနည်းဆုံး​တစ်နှစ်​ခန့် ရောဂါ​လက္ခဏာများ ဆက်တိုက်​ပြ​ခြင်း

▪ အာရုံကြော၊ ဆေး​ဘက်​ဆိုင်ရာ​နှင့် အရိုး​ဆိုင်ရာ​ရောဂါ​များ မရှိခြင်း

ပိုလီယို​ရောဂါ​ဖြစ်​ခဲ့​ဖူး​သူ​တိုင်း အသက်ကြီး​လာ​လျှင် ပီပီအက်စ်​ရောဂါ​မဖြစ်​ကြသော်လည်း အသက်ကြီး​လာ​သည်​နှင့်​အမျှ အာရုံကြော​ကြွက်သား​များ အလွန်​အလုပ်လုပ်​ရခြင်း​ကြောင့် သူတို့သည် မမော​သင့်​ဘဲ​မောပန်း​နေပြီး အသက်ကြီး​ပုံ​ပေါက်​နေတတ်​သည်။ ထို့​ပြင် ရောဂါ​လက္ခဏာ​အသစ်များ​ပေါ်​လာ၍ ဆရာဝန်​ထံ​သွား​ကြ​သည့် ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူ ထက်ဝက်ကျော်​တွင် ပီပီအက်စ်​ရောဂါ​မရှိကြ​ချေ။ ပါရဂူ​တစ်ဦး​က ဤသို့​ဆို​သည်– “ရောဂါ​လက္ခဏာ​အသစ်များ​ရှိနေ​သည့် ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူ ခြောက်​ဆယ်​ရာခိုင်နှုန်း​သည် ပိုလီယို​နှင့်​ဆက်နွှယ်မှု​မရှိသော ကုသ​ပျောက်ကင်း​နိုင်​သည့် ဆေး​ဘက်​ဆိုင်ရာ၊ အာရုံကြော​ဆိုင်ရာ​ရောဂါ​များ ဖြစ်တတ်​သည်။ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူ နှစ်​ဆယ် ရာခိုင်နှုန်း​မှာ​မူ ပိုလီယို​ရောဂါ​၏ လက်ကျန်​ဆိုးကျိုး​များနှင့်​ဆက်နွှယ်​နေသည့် အရိုး​ရောဂါ​များ တိုးပွား​ဖြစ်လာ​သည်။”

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

ရောဂါ​ပျောက်ကင်း​နိုင်​သလော

ရောဂါ​ဖြစ်​ရသည့်​အကြောင်းရင်း​နှင့် တိကျ​သည့်​ဓာတ်​ခွဲ စမ်းသပ်ချက် မရှိ​သကဲ့သို့ လက်ရှိ​အချိန်အထိ ပိုလီယို နောက်ဆက်တွဲ​လက္ခဏာစု (ပီပီအက်စ်) ကို ကုသ​၍​မရနိုင်​သေး​ချေ။ သို့သော် ကုသမှု​များ​တွင် ပြန်လည်​ထူထောင် နည်း​သုံးမျိုး​ကို အာရုံစိုက်​ထား​ကြသည်။ ပါရဂူ​တစ်ဦး​က “ပီပီအက်စ်​ဝေဒနာရှင် ၈၀ ရာခိုင်နှုန်း​ကျော်​သည် ပြန်လည်​ထူထောင်​ရေးနည်း​စနစ်​များ​ကြောင့် ရောဂါ သက်သာ ကြသည်” ဟု​ဆို​သည်။

ထို​နည်း​သုံးမျိုး​မှာ–

၁။ ဘဝ​ပုံစံ​အလိုက်သင့်​ပြောင်းလဲခြင်း

▪ အားအင်​ချွေတာ​ခြင်း

▪ အထောက်အကူ​ပြု​ကိရိယာ​များ​သုံး​ခြင်း

▪ မမော​ပန်း​စေသော လေ့ကျင့်ခန်း​ပြုလုပ်ခြင်း

▪ နွေး​နွေးထွေး​ထွေး​နေခြင်း

၂။ ဆေးဝါး​များနှင့် ဖြည့်စွက်​ရာ​များ

ဆရာဝန်​ညွှန်း​သော​ဆေး၊ သဘာဝ​ဆေး​ရွက်​များနှင့် ကုသ​ခဲ့​စေ​ကာ​မူ ယင်း​တို့​က ရောဂါ​မ​ပျောက်စေ​နိုင်​ပါ။ တိုးတက်​ကောင်းမွန် သက်သာ​စေ​သည်​ဟု​ဆို​ကြသော်လည်း သုတေသန​ဆက်​ပြု​ဖို့ လိုအပ်​နေပါ​သည်။ ဆေး​ဖက်​ဝင်​အပင်များ​သည် ဆေး​ကုသ​ခြင်း​ကို အဟန့်အတား​ဖြစ်စေ​နိုင်​ကြောင်း သတိပြု​ပြီး အဘယ်​ဆေး​မျိုးကို မှီဝဲ​ဖို့​ကြံစည်​နေကြောင်း သင့်​ဆရာဝန်​အား အမြဲ​အသိပေး​ပါ။

၃။ ဘဝ​အရည်အသွေး

“ပီပီအက်စ်​လူနာ​တစ်ဦး​အား ဆရာဝန်​ပေး​နိုင်​သည့် အစွမ်း​အထက်​ဆုံး​ဆေးဝါး​များ​မှာ ညွှန်ကြားချက်​နှင့် ပညာ​ပေးခြင်း​ဖြစ်သည်။ . . . ဘဝ​ပုံစံ​ကို အလိုက်သင့် ပြုပြင်​နိုင်​သည့်​လူနာ (အခက်အခဲ​များ​ကို ပို​၍​ကောင်းစွာ​ဖြေရှင်း​နိုင်စွမ်း​ရှိသူ၊ ပတ်ဝန်းကျင်​နှင့် ပို​၍​အလိုက်သင့် နေထိုင်​တတ်​သူ၊ အကြံပေး​ချက်​နှင့် အကူအညီကို လက်ခံသူ၊ အထောက်အကူ​ပြု​ကိရိယာ​များ​ကို အသုံးပြု လို​သူ) တို့သည် နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​ကို ပို​ပြီး အလိုက်သင့်​လုပ်ဆောင်​နိုင်​ကြသည်။”—ဒေါက်တာ စူ​ဆန် ပါ​လ်​မာန်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်း​လုပ်သင့်​သလော

အစပိုင်း​တွင် ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူများကို “အခံရခက်​သည်​တိုင်အောင်” လေ့ကျင့်ခန်း​လုပ်ကြဖို့ တိုက်တွန်း​ခဲ့​သည်။ ၁၉၈၀ ပြည့်လွန်​နှစ်များ​တွင် လေ့ကျင့်ခန်း​လုပ်ခြင်း၊ အဓိက​အားဖြင့် ကြွက်သား​မျှ​င်​၏​လုပ်ဆောင်မှုများ​ကို “သုံး​ပစ်​ခြင်း” ၏ အန္တရာယ်များ​အကြောင်း သတိပေး​ခဲ့​ကြသည်။

ယနေ့​တွင် ကျွမ်းကျင်​သူများ​က အလယ်အလတ်​ကျ​သည့် ဖြေရှင်း​နည်းကို ထောက်ခံကြ​သည်။ ယခု​အခါ၊ သူတို့သည် “လေ့ကျင့်ခန်း အလွန်အကျွံ​မ​လုပ်​ရ၊ သို့သော် မလှုပ်မရှား​မနေ​ပါ​နှင့်” ဟု​ပြော​ကြသည်။ “ကျွန်ုပ်​တို့သည် မည်မျှ​ပင် မသန်မစွမ်း​ဖြစ်နေ​စေ​ကာ​မူ လေ့ကျင့်ခန်း​လုပ်သင့်​သည်၊ မိမိ​လိုအပ်ရာ၊ မိမိ​နှင့်​သင့်တော်​မည့် လေ့ကျင့်ခန်း​များ​ကို ဖန်တီး​ပြီး မှန်မှန်​ပြုလုပ်ခြင်း​ဖြင့် အကျိုး​ခံစားရ​မည်​ဟု ယခု​သိထားကြ​ပြီ” ဟု ကာယပိုင်း​လှုပ်ရှားမှု​နှင့် မစွမ်းမသန်​ဆိုင်ရာ​အမျိုးသား​ဗဟို​က ပြော​ခဲ့​သည်။

အကျဉ်းချုပ်​အနေ​ဖြင့် တစ်ဦးချင်း​စီ​၏​လေ့ကျင့်ခန်း​အစီအစဉ်မှာ ဤသို့​ဖြစ်​သင့်​သည်–

▪ ဗဟုသုတ​ကြွယ်​သော ဆရာဝန်​များ​၏​အကူအညီ​ဖြင့် ဖြည်းဖြည်းချင်း ပြုစု​စီမံ​ထား​ပါ

▪ ဖြည်းဖြည်းချင်း သို့​မဟုတ် တော်သင့်ရုံ​စ​လေ့ကျင့်​ပြီး တဖြည်းဖြည်း တိုး၍​ပြုလုပ်​သွားပါ

▪ လေ့ကျင့်ခန်း​အစ​တွင် တဖြည်းဖြည်း​သွေး​ပူ​လာ​စေပြီး​နောက် အဆုံး​တွင် သွေးအေး​သွား​စေသည့်​လေ့ကျင့်ခန်း​များ ထည့်​ပေး​ပါ

▪ ခြေလက်​ဆန့်တန်း​၍ သွေး​ပူ​လေ့ကျင့်ခန်း​များ​ကို အာရုံစိုက်​ပြုလုပ်​ပါ

▪ ဖြစ်​နိုင်​လျှင် ရေ​နွေး​နွေး​ရှိသည့် ရေကူး​ကန်​တွင် ရေကူး​ပါ

ဂျွန် ဟော့ပ်​ကင် ဆေး​ဆောင်းပါး​တွင် ပညာရှင်​တစ်ဦး​က ဤသို့​ဆို​သည်– “မောပန်း​ခြင်း​နှင့် နာကျင်ခြင်း​သည် တစ်​နာရီ​ထက် ပို​ပြီး တာ​ရှည်​လျှင် ကြွက်သား​များ​ကို အလွန်အကျွံ​အသုံးပြု​ထား​သည့် လက္ခဏာ​ဖြစ်သည်။” ထို့​ကြောင့် သင့်​ခန္ဓာကိုယ်​၏ အရိပ် အ​ခြည်​ကို သတိပြု​ကာ နာကျင်​မောပန်း​စေခြင်း၊ အားနည်း စေခြင်း​တို့ကို ရှောင်ပါ။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

အန္တရာယ်​ဖြစ်စေ​သော အကြောင်း​များ​ကား အဘယ်နည်း

လူနာ​တိုင်း မတူညီ​ကြသော်လည်း အောက်ပါ​အချက်များ​သည် ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူများကို ပိုလီယို​နောက်ဆက်တွဲ​လက္ခဏာစု ခံစားရ​စေနိုင်​၏–

ပထမ​အကြိမ် ပိုလီယို​ဖြစ်​ချိန်​၏​ရောဂါ​ပြင်းထန်မှု။ များသောအားဖြင့် ပထမ​အကြိမ်​ပိုလီယို​ရောဂါ​ဖြစ်သည့် အခါ​က ရောဂါ​ပြင်းထန်​ခဲ့​လျှင် ပီပီအက်စ်​ဖြစ်​ဖို့​အကြောင်း ပို​များ​နိုင်

ပထမ​အကြိမ်​ရောဂါ​ဖြစ်သည့်​အသက်အရွယ်။ အသက်​ငယ်ရွယ်စဉ်​က ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူများ​သည် ပီပီအက်စ် ရောဂါ အဖြစ်နည်း​ကြ

ပြန်​နာလန်ထူ​ခြင်း။ အံ့ဩစရာ​မှာ၊ ပိုလီယို​ဖြစ်​ပြီး အတော်အတန်​ပြန်​နာလန်ထူ​၍ ရောဂါ​ပျောက်ကင်း​နေ​ပုံ​ရှိသူ​များသည် နောက်ဆုံး​တွင် ပီပီအက်စ်​ဖြစ်​ဖို့​အကြောင်း​ပို​များ​နိုင်

ကာယ​လှုပ်ရှားမှု။ ပိုလီယို​ဖြစ်​ခဲ့​ဖူး​သူ​တစ်ဦး​သည် နှစ်များ​တစ်လျှောက် အားအင်ကုန်ခန်း​မောပန်း​သည်​အထိ လေ့ကျင့်ခန်း​ပြုလုပ်​ခဲ့​လျှင် ပီပီအက်စ်​ဖြစ်​နိုင်​စ​ရာ​အကြောင်း​ရှိ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ကျွန်တော် ၁၁ နှစ်အရွယ်​တွင် ခွဲစိတ်​ကုသ​ခံ​ပြီး​နောက် ပြန်​နာလန်ထူ​ရန် သူနာပြု​တစ်ဦး​ကူညီ​ပေး

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယနေ့၊ အချိန်ပြည့် ခရစ်ယာန်​အမှုတော်တွင် ကျွန်တော့်​ဇနီး​နှင့်အတူ