မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြင်းနှင့်လျှာကို ထိန်းချုပ်ခြင်း

မြင်းနှင့်လျှာကို ထိန်းချုပ်ခြင်း

မြင်း​နှင့်​လျှာ​ကို ထိန်းချုပ်ခြင်း

“စစ်တိုက်​ရာ​ကာလ​အဖို့ မြင်းများ​ကို​ပြင်ဆင်” သည်​ဟု ရှေး​ဣသရေလ​နိုင်ငံ​၏ ပညာရှိ​ရှင်ဘုရင် ရှောလမုန်က ပြော​ခဲ့​သည်။ (သု. ၂၁:၃၁) တိုက်ပွဲ​များ အောင်မြင်​ရေး​တွင် မြင်းတပ်​များသည် အရေးကြီး​သည့်​ကဏ္ဍ​မှ နှစ်ပေါင်း​များစွာ​ကြာကြာ ပါဝင်​ခဲ့​ကြသည်။ ရှေးခေတ်​စစ်တပ်​များ​မှ​စ၍ မြင်း​၏​စရိုက်​နှင့် ခွန်အား​ကို​ထိန်းချုပ်​ရန် ဇ​က်​ကြိုး​ကို အသုံးပြု​ခဲ့​ကြသည်။

ဇ​က်​ကြိုး​ဟူသည် “မြင်း​၏​ပါးစပ်​ထဲ​တွင် ဇ​က်​သွား​မြဲ​မြဲ​ထည့်​ထား​သည့် ကြိုး​တစ်စုံ​ဖြစ်​ပြီး ဇ​က်​သတ်​ကြိုး​ဖြင့် လူက မြင်း​ကို ဇ​က်​ကိုင်ထား​နိုင်​သည်” ဟု ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​က ရှင်းပြ​၏။ ရှေးခေတ်​ဇ​က်​ကြိုး​များသည် မျက်မှောက်ခေတ်​ဇ​က်​ကြိုး​များနှင့် ကွဲပြားမှု​မရှိ​လှ​ပါ၊ မြင်းများ​ကို ယဉ်ပါး​လာ​စေရန်​နှင့် မြင်း​စီး​ရာ​တွင် ယင်းကို​အသုံးပြု​ခဲ့​ကြသည်။

ရှောလမုန်​၏​ခမည်းတော်​ဖြစ်သော ဘုရင်​ဒါဝိဒ်က ဇ​က်​ကြိုး​၏​အရေးကြီးမှုကို ဤသို့​ရည်ညွှန်း​ရေးသားခဲ့​၏– “ဉာဏ်ပညာ​မဲ့​သော မြင်း​လား​ကဲ့သို့​မဖြစ်​နှင့်။ သူသည် သင့်ထံ​သို့​မ​ချဉ်းကပ်​သောကြောင့် ပါးစပ်​ကို​ဇက်ခွံ့​၍ ဇ​က်​ကြိုး​နှင့်​ဆွဲ​ရမည်။” (ဆာလံ ၃၂:၈၊ ၉) မြင်း​တစ်ကောင် ယဉ်ပါး​လာပြီ​ဆိုလျှင် ထို​မြင်း​သည် တည်ကြည်သော အဖော်အဖက်​ဖြစ်လာ​နိုင်​သည်။ မဟာ​အလက်ဇန္ဒား​သည် သူ၏​မြင်း ဗူ​စက်​ဖလ​ပ်စ်​ကို အလွန့်အလွန် တန်ဖိုး​ထားသော​ကြောင့် သူ၏​မြင်း​ကို ဂုဏ်ပြု​သည့်​အနေ​နှင့် အိန္ဒိယ​နိုင်ငံ​ရှိ မြို့​တစ်မြို့​ကို ထို​မြင်း​အမည်​ဖြင့် မှည့်​ခဲ့​သည်။

လူတို့သည် မြင်းများ​ကို အောင်မြင်စွာ ယဉ်ပါး​အောင်​လုပ်ဆောင်​နိုင်​ခဲ့​သည်​မှာ နှစ်ထောင်​ချီ​၍​ရှိပြီ​ဖြစ်​သော်လည်း ကျွန်ုပ်​တို့၏ မစုံလင်​သော​သဘောသဘာဝ​ကို ထိန်းချုပ်ရေး​ကိစ္စ​မှာ​မူ တခြား​စီ​ဖြစ်သည်။ “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏” ဟု​ခရစ်တော်​၏​တပည့် ယာကုပ်​ဆို​ခဲ့​၏။ “စကား​အားဖြင့် မှား​ခြင်း​မရှိသော​သူ​မည်​သည်​ကား စုံလင်သော​သူ​ဖြစ်၏။ မိမိ​ကိုယ်​တစ်ကိုယ်လုံး​ကို ချုပ်တည်း​နိုင်သော​သူ​ဖြစ်၏။” (ယာကုပ် ၃:၂) မိမိသည် တစ်ကြိမ်​တစ်ခါမျှ မဆင်မခြင်၊ ထိခိုက်​နာကျင်စေ​သည့်​စကား၊ ဒေါသ​စကား​မျိုး မပြောဖူး​ပါ​ဟု မည်သူ​အမှန်ပြော​နိုင်​သနည်း။

သို့​ဆိုလျှင် “အဘယ်​လူ​မျှ​မအောင်​နိုင်” ထိန်းရခက်​သော ကျွန်ုပ်​တို့၏​လျှာ​ကို ထိန်းချုပ်​ရန် မကြိုးစား​သင့်​ပေ​လော။ (ယာကုပ် ၃:၈) ယဉ်ပါး​သော​တိရစ္ဆာန်​သည် အသုံးဝင်​ကြောင်း သိရှိ​ထား​ကြသော​ကြောင့် မြင်း​တစ်ကောင်​ယဉ်ပါး​လာ​စေရန် အချိန်ပေး​ကြိုးစား​ကြသည်။ အလားတူ​ပင် ကျွန်ုပ်​တို့၏​လျှာ​ကို ပို​၍​လေ့ကျင့်၊ ထိန်းချုပ်​နိုင်​လေ​လေ ပို​အသုံးဝင်​လေ​လေ​ဖြစ်သည်။

ထောက်ထား​စာနာမှု​ပါ​သော​စကားလုံး​များသည် မိတ်ဆွေများ၊ အလုပ်ဖော်​များနှင့် ဆွေမျိုး​များ​ကို စိတ်​သက်သာမှု​ရစေ​ကာ အားပေးမှု​ဖြစ်စေ​နိုင်​သည်။ (သု. ၁၂:၁၈) ထိုစကား​များသည် ကျွန်ုပ်​တို့​ဝန်းကျင်ရှိ​သူများ​၏ ဘဝ​အသက်တာကို ပို​ပျော်ရွှင်​စေနိုင်​သည်။ သို့ရာတွင် ထိန်းချုပ်မှု​မရှိသော​လျှာ​သည် ပြဿနာ​ရှာ​တတ်​သည်။ သမ္မာကျမ်းစာ​က “မိမိ . . . လျှာ​ကို​စောင့်​သော​သူသည် မိမိ​စိတ်​ဝိညာဉ်​ကို [ပြဿနာ]နှင့်​လွတ်​စေခြင်း​ငှာ စောင့်​ရာ​ရောက်​၏” ဟု​သတိပေး​ထား​သည်။ (သု. ၂၁:၂၃) ကျွန်ုပ်​တို့၏​လျှာ​ကို ထိန်းချုပ်​ရာ​တွင် အောင်မြင်​သည့်​အတိုင်းအတာ​အထိ ကျွန်ုပ်​တို့သည် မိမိတို့​ကိုယ်တိုင်​နှင့် နားထောင်သူ​များ​ကို​ပါ ကူညီ​ပေး​နေသည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 စိတ်ဝင်စားစရာ​မှာ၊ သမ္မာကျမ်းစာ​က ခရစ်ယာန်​များ​၏ စကားပြော​ဆို​ပုံ​သည် ဝတ်ပြု​ကိုးကွယ်​မှု​နှင့် ခွဲခြား​၍​မရနိုင်​ကြောင်း သတိပေး​ထား​သည်။ ဤသို့​ဆို​ထား​၏– “အကြင်သူသည် ဘုရား[သခင်​ကို]ကြည်ညို​သည်​ဟု ကိုယ်ကို​ထင်​သော်လည်း နှုတ်​ကို​မချုပ်တည်း​ဘဲ မိမိ​နှလုံးကို​လှည့်ဖြား​၏။ ထို​သူ၏​ကြည်ညို​ခြင်း​သည် အချည်းနှီး​သက်​သက်​ဖြစ်၏။”—ယာကုပ် ၁:၂၆သမ္မာ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မဟာ​အလက်ဇန္ဒား

[Credit Line]

Alinari/Art Resource, NY