မြီးကောင်ပေါက်အရွယ်၏ ရွှင်လန်းဖွယ်ရာနှင့် စိန်ခေါ်ချက်များ
မြီးကောင်ပေါက်အရွယ်၏ ရွှင်လန်းဖွယ်ရာနှင့် စိန်ခေါ်ချက်များ
မြီးကောင်ပေါက်အရွယ်သည် ဘဝတွင် အပျော်ရွှင်ဆုံးအချိန်အခါ ဖြစ်နိုင်သည်။ မြီးကောင်ပေါက်များစွာအတွက်တော့ ယင်းသို့ပင်ဖြစ်၏။ လူကြီးများစွာသည် မိမိတို့၏ဆယ်ကျော်သက်ဘဝကို ပြန်တမ်းတ,တတ်ကြသည်။
တစ်ချိန်တည်းတွင် ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေကြကြောင်း အသိအမှတ်ပြုကြရမည်။ (၂ တိမောသေ ၃:၁) ယင်းကြောင့်၊ ယခင်လူမျိုးဆက်များ တွေ့ကြုံခံစားခဲ့ရသည့် ဖိအားပေးမှုနှင့်မတူသည့်ဖိအားကို လူငယ်များ ထပ်ဆင့်ခံစားကြရ၏။ ထို့ကြောင့်၊ ဆယ်ကျော်သက်မဂ္ဂဇင်းတစ်စောင်၏ အမှုဆောင်အယ်ဒီတာ ဆဘရီနာ ဆိုလင်းဝိုင်းလ်က မြီးကောင်ပေါက်အရွယ်သည် “အောက်သို့ကျလျှင် ပိုက်ကွန်မခံထားသည့် ကြိုးတန်းပေါ်လမ်းလျှောက်ရခြင်း” နှင့်တူသည်ဟု ဖော်ပြခဲ့ခြင်းဖြစ်နိုင်ပေမည်။ မှန်ပါသည်၊ စိတ်ဓာတ်ထကြွလှုပ်ရှားတတ်သည့် ဤအရွယ်တွင် စိတ်တိုင်းမကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ ပြည့်နှက်နေနိုင်သည်။ “ကလေးဘဝနှင့် လူကြီးဘဝစပ်ကြားကာလ အဆိုးရွားဆုံးအခြေအနေများကို ဆယ်ကျော်သက်များဖြေရှင်းနေရ၏” ဟု ဝိုင်းလ် ရေးသားခဲ့သည်။
သင်သည် မြီးကောင်ပေါက်တစ်ဦးဖြစ်ပါက သင်ရင်ဆိုင်ရသည့်အခက်အခဲများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။ သင်သည် မြီးကောင်ပေါက်တစ်ဦး၏မိဘဖြစ်ပါက ဤစိတ်ဓာတ်ထကြွလှုပ်ရှားတတ်သည့်နှစ်များကို ပြန်သတိရကာ သင့်သားသမီး တွေ့ကြုံနေရာများကို ပိုပြီးနားလည်ရန် အဘယ်အရာက ကူညီနိုင်သနည်း။ ဤအခန်းဆက်ဆောင်းပါးများတွင် မြီးကောင်ပေါက်အရွယ်အကြောင်းကို ဆန်းစစ်ကြရန် လူငယ်များရော လူကြီးများကိုပါ ဖိတ်ခေါ်ပါသည်။ ယင်းသို့ပြုခြင်းဖြင့် လူငယ်များသည် မြီးကောင်ပေါက်အရွယ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါလိမ့်မည်။