လာဗင်ဒါ—အာရုံခံစားရန်အတွက် လက်ဆောင်
လာဗင်ဒါ—အာရုံခံစားရန်အတွက် လက်ဆောင်
ဩစတြေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
အင်္ဂလန်နိုင်ငံမှ ပထမမြောက် အဲလစ်ဇဘက်ဘုရင်မသည် ဘုရင့်စားပွဲတော်တွင် လာဗင်ဒါယိုဖြင့် တည်ခင်းဧည့်ခံရန် ညွှန်ကြားခဲ့သည်။ ပြင်သစ်နိုင်ငံ၏ ဆဋ္ဌမမြောက် ချားလ်စ်ဘုရင်သည် လာဗင်ဒါသွင်းထားသည့် ကူရှင်များပေါ် အခံ့သားထိုင်ခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ ဗစ်တိုးရီးယားဘုရင်မကြီးသည် လာဗင်ဒါဖြင့် ရေချိုးသန့်စင်ခဲ့သည်။ ဤတော်ဝင်ပုဂ္ဂိုလ်များ စွဲလမ်းနှစ်သက်ခဲ့ရာကား အဘယ်နည်း။ လာဗင်ဒါဟု လူသိများသည့် ရနံ့သင်းပျံ့သောချုံပင်တစ်မျိုးဖြစ်၏။ ခရမ်းရောင်စုံ လာဗင်ဒါပန်းခင်းအလယ်တွင် ရပ်နေဖူးသူသည် ဤရနံ့သင်းပျံ့သောအပင်ကို လူများစွာ အဘယ်ကြောင့်စွဲလမ်းနှစ်ခြိုက်ကြကြောင်း နားလည်ပါလိမ့်မည်။
လာဗင်ဒါမျိုးစိတ်ပေါင်း ၃၀ ကျော်ရှိသည်။ ဤခံနိုင်ရည်ရှိသောဆေးပင်သည် ပြင်သစ်နိုင်ငံရှိ အဲလ်ပ်တောင်တန်း၏လေအေးမှသည် အရှေ့အလယ်ပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှုအထိ ရာသီဥတုအမျိုးမျိုးတို့တွင် ရှင်သန်နိုင်ကြသည်။ အပင်၏ရုက္ခဗေဒအမည်မှာ လာဗင်ဂျူလာ ဖြစ်ပြီး လက်တင်စကား လာဗာရီ မှဆင်းသက်လာကာ “ဆေးကြောသန့်စင်သည်” ဟူသောအဓိပ္ပာယ်ရှိသည်။ မိမိတို့ချိုးမည့်ရေတွင် လာဗင်ဒါဆီထည့်ကာ ရနံ့မွှေးကြိုင်အောင်ပြုလုပ်သည့် ရှေးခေတ်ရောမလူတို့၏ဓလေ့မှ ဆင်းသက်လာခြင်းဖြစ်သည်။
ထုံးမီစံမျှ အားဆေးရည်
လာဗင်ဒါကို ဆေးဝါးအဖြစ် စတင်သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ နီးပါးရှိခဲ့ပြီ။ ယင်းသည် အလယ်ခေတ်အတွင်းတွင် ပလိပ်ရောဂါတိုက်ဖျက်ရာ၌ အသုံးပြုခဲ့သော စတုခိုးသားဗင်နီဂါအဖြစ် သိထားကြသည့် ဆေးရည်တွင် အဓိကဆေးတစ်မည်ဖြစ်သည်။ ပလိပ်ရောဂါကြောင့် သေဆုံးသွားသူတို့၏ပစ္စည်းများကို မွှေနှောက်ရှာဖွေသည့် ဂူဖောက်ဓားပြများသည် လာဗင်ဒါအရည်တွင် ဆေးကြောသန့်စင်ကြခြင်းမှ ဤဗင်နီဂါအမည် ဆင်းသက်လာဖွယ်ရှိသည်။ သူတို့အလုပ်သည် အသက်အန္တရာယ်များသည့်တိုင် ဤရောဂါကူးစက်ခဲပုံရသည်။
၁၆ ရာစုမှ ပရဆေးပင်ဆရာများက လာဗင်ဒါသည် အအေးမိခြင်း၊ ခေါင်းကိုက်ခြင်းသာမက ခြေလက်များလေဖြတ်ခြင်းနှင့် စိတ်ရောဂါတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်ဟု အခိုင်အမာဆိုကြသည်။ ထို့ပြင် လာဗင်ဒါနှင့်လုပ်ထားသည့် သံပရာခွံဦးထုပ်ဆောင်းခြင်းက ဉာဏ်ရည်တိုးစေသည်ဟုလည်း သူတို့ယူဆထားကြသည်။ ပထမကမ္ဘာစစ်ကြီးဖြစ်ပြီး မကြာခင်လေးတွင် အာဏာပိုင်အချို့က မိမိတို့၏မြို့သားများအား ၎င်းတို့၏ခြံမှ လာဗင်ဒါများခူးလာကြရန် မှာကြားခဲ့သည်၊ အဆီထုတ်ပြီး စစ်သားများ၏ဒဏ်ရာတွင် ဆေးထည့်ပေးရန်ဖြစ်သည်။
ရိုးရာကုထုံးများကိုဆန်းစစ်
အချို့သော လာဗင်ဒါဆီ၊ အထူးသဖြင့် လာဗင်ဂျူလာ အန်ဂပ်စတီဖော်လီယာမျိုးသည် ဗက်တီးရီးယားနှင့် ဖန်းဂပ်စ်မှို မျိုးစိတ်များစွာကို သုတ်သင်နိုင်ပုံရသည်။ လာဗင်ဒါဆီသည် ပဋိဇီဝဆေးခုခံနိုင်သည့် ဗက်တီးရီးယားကူးစက်မှုများကို ကုသရာတွင် အသုံးဝင်နိုင်သည်ဟု သုတေသီအချို့က အဆိုပြုကြသည်။ “သားဖွားလုပ်ငန်းတွင် လာဗင်ဒါဆီသည် အလွန်အသုံးတည့်လှ၏။ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုကြီးတစ်ခုအရ လာဗင်ဒါဆီကို [ရေချိုးသည့်အခါ] အမြဲသုံးစွဲသည့်မိခင်များသည် မီးဖွားပြီးနောက် ၃ ရက်မှ ၅ ရက်တွင် နာကျင်မှု အကြီးအကျယ်သက်သာသွားသည် . . . လာဗင်ဒါဆီ၏ ယေဘုယျ ငြိမ်းချမ်းစေသောသက်ရောက်မှုကြောင့် အများအားဖြင့် သားဖွားခန်းများစွာတွင် အသုံးပြုလာကြပြီ” ဟု မကြာသေးမီက သုတေသနဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။
လာဗင်ဒါထည့်ထားသောအစာကို စားလိုသည့် အဲလစ်ဇဘက်ဘုရင်မကြီး၏ ဆန္ဒနှင့်ပတ်သက်၍ကော။ လာဗင်ဒါသည် အမှန်ပင် စားမြိန်ပါသလော။ “လာဗင်ဒါသည် အင်္ဂလန်နိုင်ငံတွင် ထီးနန်းစံသည့်မင်းမျိုးနှင့် အဲလစ်ဇဘက်ဘုရင်မလက်ထက်မှ စားတော်ကဲများ အထူးနှစ်သက်သည့် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်၊ တောကောင်သား၊ အသားကင်နှင့် သီးစုံသုပ်တို့တွင် အမွှေးအကြိုင်ခတ်ခြင်း၊ ဟင်းလျာများအပေါ် ဖြူးခြင်း သို့မဟုတ် သူ့ချည်းသက်သက် သကြားခဲအဖြစ်လည်း အသုံးပြုကြသည်” ဟု ဂျူဒသ် မာလော့ဒ်ရေးခဲ့သည့် လာဗင်ဒါအကြောင်းစာအုပ်တွင် ဖော်ပြထားသည်။ ယနေ့ ဘီစကွက်၊ ကိတ်မုန့်နှင့် ရေခဲမုန့်တို့တွင် လာဗင်ဒါအမျိုးအစားတချို့ ထည့်ကြသည်။ သို့သော် လာဗင်ဒါအမျိုးအစားအားလုံး နှစ်သက်ဖွယ်မကောင်းပါ၊ အထူးသဖြင့် ပိုးမွှားများအတွက်ဖြစ်သည်။ “လာဗင်ဒါဆီ သို့မဟုတ် လာဗင်ဒါအမှုန့်နှင့် ပန်းပွင့်များကို စီးပွားဖြစ်အနေနှင့်ရော . . . လှေး၊ စပါးပိုး၊ ပျပိုး၊ အဝတ်အစားကိုက်သောပိုးတို့ကို ဟန့်တားသည့် လာဗင်ဒါလိမ်းဆေးကဲ့သို့သော အိမ်သုံးပိုးသတ်ဆေးများတွင်ပါ အသုံးပြုနိုင်သည်” ဟု သုတေသနပြုချက်တစ်ခုက ဖော်ပြသည်။
ရေပန်းစားလာ
လာဗင်ဒါသည် မကြာသေးမီဆယ်စုနှစ်များက ရေပန်းစားပြီး တစ်ခေတ်ဆန်းခဲ့သည်။ ယခုအခါ ယင်းကို ဩစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နှင့် မြောက်အမေရိကတို့တွင် စိုက်ပျိုးကြသည်။ ဩစတြေးလျနိုင်ငံ၊ ဗီတိုးရီးယားပြည်နယ် အရှေ့တောင်ပိုင်းမှ လာဗင်ဒါစိုက်ခင်း ၂၅ ဧကကို ဦးစီးသည့် ဥယျာဉ်စိုက်ပျိုးသူ လူငယ်ဗိုင်ရွန်က– “လာဗင်ဒါဟာ ဝိုင်နဲ့တူတယ်။ မျိုးစိတ်တစ်မျိုးတည်းက အဆီထုတ်တာဟာ လာဗင်ဒါစိုက်ပျိုးတဲ့ မြေဆီ၊ ရာသီဥတုတို့အပေါ်မူတည်ပြီး ဒေသတစ်ခုနဲ့တစ်ခု မတူကြဘူး။ ရိတ်သိမ်းချိန်နဲ့ ရိတ်သိမ်းနည်းစနစ်က နောက်ဆုံးထုတ်ကုန်ကို အကျိုးသက်ရောက်နိုင်တယ်” ဟုပြောခဲ့သည်။
ဝိုင်နှင့်မတူဘဲ လာဗင်ဒါဆီကို ဖိကြိတ်ခြင်းဖြင့်မဟုတ်၊ အငွေ့ခံခြင်းဖြင့် အဆီထုတ်ကြသည်။ ဗိုင်ရွန်က ဤသို့ရှင်းပြသည်– “အဆီတစ်လီတာ[ကွတ်] ထုတ်နိုင်ဖို့ လာဗင်ဒါ ၂၅၀ ကီလိုဂရမ်ခန့် [၅၅၀ ပေါင်] လိုတယ်။ လတ်လတ်ဆတ်ဆတ်ခူးဖြတ်ထားတဲ့ အပွင့်၊ ရိုးတံနဲ့ အရွက်တွေကို သံမဏိစည်ကြီးထဲ ကြပ်ကြပ် ဖိသိပ်ထားလိုက်တယ်။ စည်ရဲ့အောက်ခြေကို ရေနွေးငွေ့တွေ မှုတ်သွင်းလိုက်တယ်။ ရေနွေးငွေ့တွေဟာ လာဗင်ဒါပင်ရဲ့ အစိတ်အပိုင်းတွေကို ဖြတ်၊ အထက်ကိုတက်လာပြီး အဆီထွက်လာစေတယ်။ ရေနွေးငွေ့နဲ့ အဆီတို့ဟာ အရည်ဖွဲ့ကိရိယာကိုဖြတ်ပြီး အဆီနဲ့ရေကို ခွဲခြားပေးတဲ့ အိုးထဲရောက်သွားတယ်၊ အဆီတွေက ရေပေါ် ပေါ်တက်လာတယ်။ အဆီတွေကို ခပ်ယူပြီး အတွင်းကို ကြွေသားခံထားတဲ့အိုးတွေထဲမှာ လအတန်ကြာ နှပ်ထားကြတယ်။”
ဗိုင်ရွန်၏စိုက်ခင်းမှထွက်သည့် လာဗင်ဒါဆီကို ဆပ်ပြာ၊ အဆီနှင့် ဖယောင်းတိုင်တို့ပြုလုပ်ကြသည်။ အပွင့်လတ်လတ်ဆတ်ဆတ် သို့မဟုတ် ပွင့်ခြောက်နှင့် ပွင့်ဖူးတို့သည် ပန်းပေါင်းတွင် ဈေးကြီးသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ လာဗင်ဒါအချိုပွဲကို မြည်းစမ်းပြီး လာဗင်ဒါစိုက်ခင်းကို ကြည့်ရှု၊ ရနံ့ရှူရှိုက်နိုင်ရန် တိုင်းတစ်ပါးမှ ထောင်နှင့်ချီသည့်ခရီးသည်များ နှစ်စဉ်လာရောက်ကြသည်။ ကျေးဇူးတင်ကြောင်းပြောသည့် ဧည့်သည်များကို ဗိုင်ရွန်က ဤသို့ပြောလေ့ရှိသည်– “ကျွန်တော်တို့ အဆီမလုပ်နိုင်ကြဘူး၊ ထုတ်ရုံပဲ ထုတ်တတ်ကြတာ။ လာဗင်ဒါကိုပြုလုပ်သူက အာရုံခံစားဖို့အတွက်လက်ဆောင်အဖြစ် အပင်ကိုထောက်ပံ့ပေးတဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။”
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
စီးပွားဖြစ်ထုတ်လုပ်သည့် လာဗင်ဒါဆီ သုံးမျိုး
အများသိ လာဗင်ဒါဆီ “လာဗင်ဂျူလာ အန်ဂပ်စတီဖော်လီယာ” ဟုခေါ်သည့်မျိုးစိတ်မှ ထုတ်ယူထားသည်။ အောက်တွင်ဖော်ပြထားသည့် အဆီများနှင့်မတူဘဲ ယင်းသည် ပရုတ်နံ့မရသလောက်ဖြစ်သည်။ နှစ်စဉ်တန်ချိန် ၂၀၀ ခန့်ထုတ်သည်။
လာဗင်ဒါပန်းခိုင်ဆီ “လာဗင်ဂျူလာ လက်တီဖော်လီယာ” အပင်မျိုးမှရရှိသည်၊ တစ်နှစ်လျှင် တန်ချိန် ၂၀၀ ကျော် ထုတ်နိုင်သည်။
လာဗင်ဒင်ဆီ အထက်တွင်ဖော်ပြထားသည့် မျိုးစိတ် နှစ်မျိုးပေါင်းစပ်ခြင်းမှ ရရှိသည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် တန်ချိန်ထောင်နှင့် ချီပြီး ရောင်းချရသည်။
[စာမျက်နှာ ၁၀ ရုပ်ပုံ]
စိုက်ခင်းများစွာတွင် လာဗင်ဒါရိတ်သိမ်းရန် ရိုးရာနည်းစနစ်များကို အသုံးပြုနေဆဲ
[စာမျက်နှာ ၁၀ ရုပ်ပုံ]
လာဗင်ဒါဆီကို ပေါင်းခံအိုးကြီးများဖြင့် ထုတ်ယူကြ
[စာမျက်နှာ ၁၀ ရုပ်ပုံ]
ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတွင် အသုံးမပြုမီ လာဗင်ဒါဆီကို အတွင်းတွင် ကြွေသားခံထားသော စတီးအိုးများထဲတွင် နှပ်ထားရ