“သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့”
“သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့”
“‘ငါနေ၍မပျော်နိုင်’ဟု ဆိုရသောကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ ယခုအသက်ပျိုစဉ်အခါပင်သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့!”—ဒေ. ၁၂:၁။
အထက်ပါကျမ်းပိုဒ်သည် စဉ်းစားတွေးတောစရာ များစွာထွက်ပေါ်စေသည်။ လူငယ်ဘဝဟူသည် တစ်ကြိမ်သာရသည့် အခွင့်အရေးဖြစ်သည်။ နောက်ပိုင်းတွင် မြီးကောင်ပေါက်အရွယ်၏ ပျော်ရွှင်ကျေနပ်စရာဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ သင် ပြန်ပြောင်းတွေးမိပေမည်။ သင့်အခြေအနေကော အသို့နည်း။ ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို သင်မည်သို့ လမ်းညွှန်နိုင်မည်နည်း။
အထက်ပါကိုးကားချက်အရ “သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ပါ” ဟုသမ္မာကျမ်းစာက တိုတ်တွန်းထားသည်။ မည်သို့ အောက်မေ့နိုင်မည်နည်း။ ကိုယ်တော့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာပါ ပညတ်နှင့်မူများကို အနီးကပ်လိုက်နာခြင်းအားဖြင့်ဖြစ်သည်။ ယင်းသည် ပျော်ရွှင်သာယာဖွယ်အားလုံးကို ငြင်းပယ်ပြီး ဘာသာရေးတစ်ယူသန်ဖြစ်ကာ ခြိုးခြံချွေတာလွန်းသောဘဝမျိုးနှင့် နေရမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက်၊ သင့်ဖန်ဆင်းရှင်ကို အောက်မေ့နေခြင်းဖြင့် အကြီးမားဆုံးပျော်ရွှင်မှုကို ရရှိမည်ဖြစ်သည်။ မည်သို့ရနိုင်ပါမည်နည်း။
ယင်းကိုသရုပ်ဖော်ရန်၊ သင်သည် ကားတစ်စီးနှင့် ယာဉ်မောင်းလိုင်စင် ရရှိထားသည်ဟု စိတ်ကူးကြည့်ပါ။ အကြီးအကျယ်ပျော်ရွှင်နိုင်မည့် စိတ်လှုပ်ရှားဖွယ်လွတ်လပ်မှု သင်ရှေ့တွင် ရောက်နေလေပြီ။ သင်သွားလိုသည့်နေရာများကို စဉ်းစားကြည့်လိုက်ပါ! သို့သော်၊ အသစ်သောလွတ်လပ်မှုနှင့်အတူ အလေးထားစဉ်းစားရမည့် တာဝန်တစ်ခုလည်း လိုက်ပါလာသည်။ ကားမောင်းနေစဉ် လမ်းစည်းကမ်းလိုက်နာရပြီး မီးပွိုင့်အချက်ပြများ၊ အမြန်နှုန်းနှင့် သတိပေးဆိုင်းဘုတ်များကို ဂရုစိုက်ရန်လိုသည်။ ဤတာဝန်များက ပျော်ရွှင်စွာကားမောင်းခြင်းကို အဟန့်အတားဖြစ်စေသလော။ လုံးဝမဖြစ်စေပါ! အမှန်မှာ၊ ယင်းသည် သင့်ကို ကာကွယ်ပေးနေသည်။ ယာဉ်မတော်တဆမှုဖြစ်လျှင် သင်ပျော်ရွှင်ပါမည်လော။
သင့်အား ဖန်ဆင်းသောအရှင်၊ ယေဟောဝါဘုရားသခင် ပေးထားသည့်လွတ်လပ်မှုလည်း အလားတူပင်ဖြစ်သည်။ သင်အရွယ်ရောက်လာသည်နှင့်အမျှ သင့်ဘဝကို မည်သို့အသုံးပြုမည်ကို ရွေးချယ်ခွင့်ပေးထားသည်။ (တရားဟောရာ ၃၀:၁၉; သု. ၂၇:၁၁) မည်မျှထူးမြတ်လှသည့် အခွင့်ထူးပါတကား! သို့သော်၊ ဤလွတ်လပ်မှုနှင့်အတူ ကြီးလေးသည့်တာဝန် လိုက်ပါလာသည်။ ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်တွင် ‘လမ်းစည်းကမ်းများ’—ကျွန်ုပ်တို့ကို ကိုယ်တော်နေထိုင်စေလိုသည့် စံနှုန်းများချမှတ်ပေးထားသည်။ ဤစံနှုန်းများသည် သင့်ပျော်ရွှင်ရေးကို အဟန့်အတားဖြစ်စေသလော။ ဝေးလစွ! ယင်းအစား၊ ၎င်းတို့သည် ယနေ့လူငယ်များစွာကို ထိခိုက်စေသည့် နာကျင်မှု၊ စိတ်မချမ်းမြေ့စရာများမှ သင့်အား ကာကွယ်ပေးသည်။
ယခုအသက် ၃၀ ကျော်စ ဖေဒေရီကိုအတွက် ယင်းသည် အလွန်မှန်ကန်သည်။ လူငယ်တစ်ဦးအနေနှင့် မိမိရှောင်သင့်သည်ဟုသိထားသည့် အကျင့်အကြံအမျိုးမျိုးတွင် အတန်းဖော်များ ပါဝင်ကျင့်ကြံနေကြောင်း သူ တွေ့ခဲ့သည်။ “သူတို့ သိပ်ပျော်နေကြပုံပဲ။ ဒါပေမဲ့၊ သူတို့ တကယ်ပျော်ရွှင်နေတယ်လို့တော့ ကျွန်တော်မထင်ဘူး” ဟုပြောခဲ့သည်။ နောက်ကြောင်းကိုပြန်တွေးပြီး ဖေဒေရီကိုသည် မြီးကောင်ပေါက်အရွယ်တစ်လျှောက် ကျမ်းစာစံနှုန်းများ၏ လမ်းပြမှုရရှိထားသည့်အတွက် ပျော်ရွှင်ခဲ့သည်။ “ကျွန်တော့်မှာ တခြားလူငယ်တွေလိုပဲ ရုန်းကန်ခဲ့ရတာတွေရှိတာ ဝန်ခံပါတယ်။ ဒါပေမဲ့၊ သမ္မာကျမ်းစာက ကျွန်တော့်ကို တကယ်အကာအကွယ်ပေးခဲ့တယ်။ ပြီးတော့၊ ကျွန်တော့်ကိုကူညီပေးနိုင်တဲ့ ခရစ်ယာန်ချင်းတွေ အမြဲရှိနေတယ်။ ကျမ်းစာမူတွေကိုလိုက်နာခြင်းက ကျွန်တော်စိတ်ကူးကြည့်နိုင်တာထက် ပိုပြီးကြီးမားတဲ့ ပျော်ရွှင်မှုပေးတယ်!” ဟု သူပြောခဲ့သည်။
ယေဟောဝါဘုရားသခင်သည် သင့်အား အမှန်ပျော်ရွှင်စေလိုသည်။ ယင်းသည် စိတ်ဆင်းရဲမှုကို ဖုံးကွယ်ထားသည့် အပေါ်ယံပျော်ရွှင်မှုမျိုးနှင့်ယှဉ်လျှင် ဆီနှင့်ရေပင်။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်– “အသက်ပျိုသောအခါ ပျော်မွေ့လော့။ အရွယ်ကောင်းစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။” သို့သော်၊ ဤအခန်းငယ်တွင်ပင် “ထိုအရာရှိသမျှနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် သင့်ကိုတရားစီရင်တော်မူမည်ဟု သိမှတ်လော့” ဟုသတိပေးထားသည်။—ဒေ. ၁၁:၉၊ သမ္မာ။
ကိုယ်တော်ပေးအပ်ထားသည့် လွတ်လပ်မှုကို ပညာရှိရှိအသုံးပြုခြင်းဖြင့် သင့်ဖန်ဆင်းရှင်ကို အောက်မေ့ပါလေ။ ယင်းသို့ သင်လုပ်ဆောင်ပါက သင့်ဖန်ဆင်းရှင်သည် သင့်ကိုအောက်မေ့ပြီး အကြီးမားဆုံးသော ပျော်ရွှင်မှုကိုပေးမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။ သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထားသည်– “ထာဝရဘုရား[သခင်]၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။”—သု. ၁၀:၂၂။
မြီးကောင်ပေါက်အရွယ်၏စမ်းသပ်မှုများကို ဖြေရှင်းဖို့ လူငယ်များကိုကူညီရန် စာမျက်နှာ ၃၂၀ ရှိ လူငယ်များအမေး . . . တာသွားသည့်အဖြေစာအုပ်ကို ယေဟောဝါသက်သေများ ထုတ်ဝေထားသည်။ ယခုအချိန်ထိ ဤစာအုပ်ကို စောင်ရေ ၃၄ သန်းနီးပါး၊ ၇၇ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေထားပါသည်။ သင့်အနီးအနားရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ကာ စာအုပ်တစ်အုပ်ရယူနိုင်ပါသည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]
မြီးကောင်ပေါက်တစ်ဦးအဖြစ် အောင်မြင်ဖို့ သင့်အား ကူညီရန်
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အချိန်ယူဖတ်ရှုပါ
ဓမ္မအမှုတွင် ကြိုးစားလုပ်ဆောင်ပါ
မကောင်းသည့်အပေါင်းအသင်း များကို ရှောင်ပါ
သင့်မိဘများနှင့် ရင်းနှီးသည့်ဆက်သွယ်ရေးကို ဆက်ထိန်းသိမ်းပါ
[Credit Line]
Brochure cover: Pictorial Archive (Near Eastern History) Est.