မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကောင်းဆုံး ကစားစရာများ

အကောင်းဆုံး ကစားစရာများ

အကောင်းဆုံး ကစားစရာ​များ

ကျွန်ုပ်​၏​ကလေး​အတွက် အဘယ်က​စားစရာ​မျိုး ဝယ်​ပေး​သင့်​သနည်း။ ငွေ​မည်မျှ​အကုန်ခံ​သင့်​သနည်း။ သင်သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ဤ​မေးခွန်းများကို ကြိမ်ဖန်​များစွာ မေး​ကောင်း​မေး​ပေမည်။ သတင်းကောင်း​မှာ တန်ဖိုး​အနည်းဆုံး​သည် အကောင်းဆုံး​ကစားစရာ​များ ဖြစ်​ပေမည်။

“မ​လှုပ်​မ​ယှက်​ထိုင်​ကြည့်​နေခြင်း​ထက် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား စူးစမ်း​လေ့လာခြင်း​က ကလေး​များ​အတွက် ပို​၍​အကျိုး​ရှိသည်၊ သို့​ဖြစ်၍ စိတ်ကူး​ဖြင့်​ဖန်တီး​နိုင်​သည့် ရိုးရိုး ကစားစရာ​များသည် သင့်​ကလေး​ငယ်​၏​လုပ်ဆောင်​ရည်​ကို ကန့်သတ်​ထား​သည့် ကြွားဝါ​စ​ရာ ဘက်ထရီ​အား​သုံး​ကား​များ သို့​မဟုတ် စကားပြော​အရုပ်​များ​ထက် သာ၍​ကောင်း​၏”ဟု ဉာဏ်စွမ်း​မြှင့်တင်—သင်ယူခြင်း​ကို​မြတ်နိုး​လာရန် ကလေး​များ​ကို ပျိုးထောင်​ပေးခြင်း စာအုပ်​က​ဆို​သည်။ ဒုတိယ​ကစားစရာ အမျိုးအစား​များသည် “အစ​ပထမ​တွင် ကလေး​များ​အတွက် ပျော်စရာ​ကောင်း​သော်လည်း စမ်းသပ်​စူးစမ်း​ဖန်တီး​၍​မရ​သောကြောင့် မကြာခင် ၎င်း​ကစားစရာ​များ​ကို စိတ်ဝင်စား​တော့​မည်​မဟုတ်​ချေ။”

ကလေး​၏​အသက်အရွယ်​အလိုက် စိတ်ဝင်စားစရာ​ကောင်း​သည့် ရိုးရိုး​ကစားစရာ​များ​တွင် ဆောက်လုပ်ရေး​သစ်တုံး​များ၊ သေတ္တာ​ခွံ​များ၊ စာရွက်​များ၊ အနုပညာ​ပစ္စည်း​များ​အပြင် သဲ​နှင့်​ရေ အစ​ရှိသည်​တို့ ပါဝင်​သည်။ “လယ်ယာ​သုံး​တိရစ္ဆာန်​ကဲ့သို့​သော ကစားစရာ​အရုပ်​လေး​များသည် [ကလေး​အား] အတွဲ​လိုက်၊ အုပ်စု​လိုက် ရွေးချယ်​ခွဲခြား​စေ​ကာ နှိုင်းယှဉ်​ခွင့်​ရရှိ​စေပြီး ဇာတ်လမ်း​များ ဖန်တီး​ပြောဆိုခြင်း​ဖြင့် သူ၏​ဘာသာ​စကား​စွမ်းရည် တိုးတက်လာ​စေ​လိမ့်​မည်” ဟု​ဉာဏ်စွမ်း​မြှင့်တင်​စာအုပ်​က ဆို​၏။ အကယ်၍ သင်သည် ဆူညံသံ​ကို ခံနိုင်​ဖို့ အသင့်ရှိနေ​မည်​ဆိုလျှင် တူရိယာ​ရိုးရိုးလေး​များ​ကို ဝယ်​ပေး​ရန် ထို​စာအုပ်​က​ပင် အကြံပြု​သည်၊ အကြောင်း​မှာ ကလေး​များသည် အသံနေအသံထား​များ​ကို လေ့လာ​စူးစမ်း​ခွင့်​ရရှိ​မည်​ဖြစ်သည်။

ကလေး​များ​တွင် ထက်မြက်​သော စိတ်ကူး​ဉာဏ်​များ​ရှိကြ​ရာ သူတို့သည် သင်ယူ​လို​စိတ်ရော ကစား​လို​စိတ်ပါ ပြင်းပြ​ကြသည်။ ထို့​ကြောင့် ကလေး​များ​အတွက် ကစားစရာ​များ​ကို ပညာရှိရှိ ရွေးချယ်​ပေးခြင်း​အားဖြင့် အဆိုပါ​ကဏ္ဍ​သုံးရပ်​စ​လုံး​တွင် ထောက်ကူ​ပေး​နိုင်​ပါ​သည်။