ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု—ကမ္ဘာချီ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုး
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု—ကမ္ဘာချီ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုး
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုကို ကပ်ရောဂါဟု ခေါ်ဆိုခဲ့ကြပေပြီ။ သို့သော် ထိတ်လန့်နေသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ကိုယ်ဝန်ရသွားခြင်းကြောင့် သက်ရောက်သည့်ဒဏ်ကို သုံးသပ်ကြည့်သည့်အခါ ဤပြဿနာ၏ ကြေကွဲဖွယ်အတိုင်းအဆမှာ သိသာထင်ရှားပါသည်။ ယုတ်စွအဆုံး သူ၏ဘဝတွင် သိသာသည့်အပြောင်းအလဲများကို တွေ့ကြုံရမည်ဖြစ်ကာ မိမိကိုယ်တိုင်ကိုရော၊ မိသားစုနှင့် ချစ်မြတ်နိုးရသူများကိုပါ အကြီးအကျယ် ထိခိုက်စေပါလိမ့်မည်။
ဆယ်ကျော်သက်လေးများသည် ကျမ်းစာကဆိုသည့် “လူငယ်ဘဝ၏အပွင့်လန်းဆုံးအရွယ်” တွင် သွေးသားတပ်မက်သည့်စိတ်မှာ အမြင့်မားဆုံးဖြစ်လေ့ရှိ၏။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) သို့တိုင်၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုကို သန္ဓေတားဆေး မသုံးခြင်းကြောင့်ဖြစ်သည့်ကိစ္စဟုသာ သုံးသပ်မည်ဆိုလျှင် လွယ်သယောင်ဖြစ်ပေလိမ့်မည်။ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုတွင် ရှုပ်ထွေးသည့် လူမှုရေးနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာကိစ္စရပ် အတော်များများ ပါဝင်ပတ်သက်နေကြောင်း အထောက်အထားက ဖော်ပြနေသည်။
အခြေခံအကြောင်းရင်းများ
ဆယ်ကျော်သက်မိခင်များစွာတို့သည် အိမ်ထောင်ပျက်များမှဖြစ်ကြောင်း သုတေသနပြုချက်က ဖော်ပြ၏။ “ကျွန်မဘဝတစ်လျှောက်လုံး လိုချင်တောင့်တနေခဲ့တဲ့အရာက စစ်မှန်တဲ့မိသားစုပဲ” ဟူသည့်စကားကို ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်များစွာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။ သို့ဖြစ်၍ သာမန်အနေအထားမဟုတ်သည့် မိသားစုများသည် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုဖြစ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။ ဆယ်ကျော်သက်မိခင်များကို ကူညီပေးသည့် အစီအစဉ်တစ်ရပ်က သူတို့သည် “၎င်းတို့၏မိခင်များနှင့် တစ်ခဏမျှသာ ပြောဆိုဆက်ဆံလေ့ရှိပြီး ၎င်းတို့ဖခင်များနှင့်မူ ပြောဆိုဆက်ဆံမှုမရှိ” ကြောင်း တွေ့ရှိခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် မိခင်ဖြစ်လာသည့် အနီးထာက သူ၏ကြင်ဖော်မဲ့မိခင်သည် မိမိအား ရုပ်ပိုင်းအရ ကြိုးကြိုးစားစား ထောက်ပံ့ခဲ့သော်လည်း ဖခင်မရှိသည့်အတွက် စိတ်ထဲဟာတာတာခံစားနေရဆဲ ဖြစ်ကြောင်း ပြောပြလေသည်။
မိန်းကလေးအချို့သည် မတရားပြုကျင့်ခံရသည့်အတွက် လက်မထပ်သေးသော မိခင်များဖြစ်လာကြသည်။ ထိုသူတို့အနက် တချို့အတွက် စိတ်ဒဏ်ရာသည် စိတ်ပိုင်းဆိုင်ရာနာကျင်မှုကို ဖြစ်စေပုံရရာ နောက်ပိုင်းတွင် ထိခိုက်စေသောအမူအကျင့်ကို ပြလာကြပေမည်။ သာဓကအနေနှင့် ဂျက်စမင်သည် အသက် ၁၅ နှစ်အရွယ်တွင် မတရားပြုကျင့်ခံခဲ့ရသည်။ “အဲဒီနောက်ပိုင်း ကျွန်မကိုယ်ကျွန်မ ဖျက်ဆီးတော့တာပဲ။ ကျွန်မ အသက် ၁၉ နှစ်အရွယ်မှာ ကိုယ်ဝန်ရလာခဲ့တယ်။” လိင်ဆိုင်ရာ မတရားပြုကျင့်ခံရခြင်းသည် တန်ဖိုးမရှိဟူသောခံစားချက်များကိုလည်း ဖြစ်ပေါ်စေနိုင်ပေသည်။ “ဘာနဲ့မှ မထိုက်တန်ဘူးလို့ ကျွန်မခံစားခဲ့ရတယ်” ဟု ဂျက်စမင်က ဝမ်းနည်းစွာပြောပြသည်။ အနီးထာလည်း ထပ်တူခံရခက်သည့်အဖြစ်မျိုး ကြုံခဲ့ရ၏– “အသက် ၇ နှစ်နဲ့ ၁၁ နှစ်အရွယ်ကြားမှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စော်ကားမှုကို ခံခဲ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို မုန်းတီးမိတယ်။ ကိုယ့်ကိုယ်ကို အပြစ်ပဲတင်ခဲ့တယ်။” သူသည် အသက် ၁၇ နှစ်အရွယ်တွင် ကိုယ်ဝန်ရလာခဲ့၏။
အခြားတစ်ဖက်တွင်မူ၊ လူငယ်အချို့သည် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချလွန်းခြင်းနှင့် စူးစမ်းလိုစိတ်တို့ကြောင့် ဆိုးကျိုးများခံစားကြရသည်။ ရှေ့ဆောင်းပါးတွင် ကိုးကားဖော်ပြခဲ့သည့် နီကိုးလ်က ဤသို့ဝန်ခံသည်– “အားလုံးကို သိထားတယ်၊ ဘာမဆို ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ထင်ခဲ့တာ။ ဒီလိုနဲ့ပဲ ကလေးတစ်ယောက်ရအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်လေ။” အလားတူ ငယ်ငယ်ရွယ်ရွယ်နှင့် လက်မထပ်ထားသည့် မိခင်တစ်ဦးဖြစ်လာသော ကယ်ရဲလ်သည်လည်း စူးစမ်းလိုစိတ်ကြောင့် လိင်ဆက်ဆံကြည့်ခဲ့သည်။ “ကျွန်မလက်လွှတ်ဆုံးရှုံးနေတဲ့ အရာတွေရှိတယ်လို့ ခံစားခဲ့မိတယ်” ဟု သူကဆိုသည်။
လိင်ဆက်ဆံခြင်း၏ ဆိုးကျိုးများကို လျစ်လျူရှုခြင်းကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပေသည်။ ဗြိတိန်နိုင်ငံတွင် လူမှုရေးဗေဒပညာရှင်များဖြစ်သော ကယ်ရဲင် ရိုလင်စဲန်နှင့် စတီဗင် မက္ကေးတို့၏အဆိုအရ လူငယ်တချို့သည် “လိင်ဆက်ဆံလျှင် ဘာဖြစ်မည်၊ ကိုယ်ဝန်ရခြင်းက ဘာကိုဆိုလိုသည်နှင့်ပတ်သက်၍ တိကျမှန်ကန်သည့် အသိပညာ မရှိကြပေ။” လူငယ်တချို့မှာမူ လိင်နှင့် ကိုယ်ဝန်ဆောင်ခြင်းတို့ ဆက်နွှယ်မှုကို သဘောပေါက်ဟန်မတူကြချေ။ စစ်တမ်းတစ်ခုအရ ဆယ်ကျော်သက်မိခင်များသည် “သန္ဓေတားဆေးကို အသုံးမပြုခဲ့လျက်ပင် မိမိတို့ကိုယ်ဝန်ရှိနေကြောင်း သိရှိသည့်အခါ အထိတ်တလန့်၊ အံ့ဩတကြီး ဖြစ်တတ်ကြသည်ဟု ဖော်ပြသည်။”
သို့ဖြစ်လင့်ကစား၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုအပေါ် အကြီးမားဆုံး ဩဇာသက်ရောက်သည့်အရာမှာ လိင်နှင့်ပတ်သက်သည့် ပြောင်းလဲနေသော သဘောထားများဖြစ်သည်။ လူတို့သည် “ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်” ကြသည့်အချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြရ၏။ (၂ တိမောသေ ၃:၁-၄) ဩစတြေးလျလူမျိုး သုတေသီများဖြစ်ကြသည့် အိုင်ဆာ ဘာန်းနှင့် ကက်တ် စကော့တ်တို့က “လက်မထပ်ဘဲ လိင်ဆက်ဆံမှုကို တားမြစ်သည့် လူမှုရေး၊ ဘာသာရေးနှင့် စီးပွားရေး ပြဋ္ဌာန်းချက်များ လျော့ရဲလာ” နေပြီဟု ဆိုကြသည်။ လက်မထပ်ဘဲကလေးရခြင်းကြောင့် အတိတ်ကရရှိခဲ့သည့် ထပ်တူအမည်းစက်မျိုး ဆက်ကပ်ငြိသွားတော့မည်မဟုတ်ချေ။ ယင်းကြောင့် တချို့နေရာများတွင် ဆယ်ကျော်သက်များသည် ကလေးရခြင်းကို အောင်မြင်မှု၏အထိမ်းအမှတ် သို့မဟုတ် လူမှုရေးဂုဏ်ပုဒ်တစ်ခုအဖြစ်ပင် ရှုမြင်ကြပေမည်!
စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဒဏ်
ဆယ်ကျော်သက်မိခင်ဘဝ ဖြစ်ရပ်မှန်များသည် ပျိုမျစ်နုနယ်ချိန်က စိတ်ထင်များနှင့် အတော်ပင်ခြားနားပါသည်။ မိမိတို့ ကိုယ်ဝန်ရှိနေသည်ကို သိရှိသွားကြသည့် မိန်းကလေးများသည် အကြီးအကျယ် စိတ်လှုပ်ရှားလေ့ရှိကြ၏။ မိန်းကလေးအများက ခြေမကိုင်မိလက်မကိုင်မိ အထိတ်တလန့်ဖြစ်ကြကြောင်း ဝန်ခံကြသည်။ “ဖြစ်လေ့ဖြစ်ထရှိသည့် တုံ့ပြန်မှုများတွင် ဒေါသထွက်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် အဖြစ်မှန်ကို လက်မခံခြင်းတို့ ပါဝင်ကြသည်” ဟု အမေရိကန်နိုင်ငံရှိ ကလေးနှင့် မြီးကောင်ပေါက် စိတ်ရောဂါကုသပေးသည့်ကျောင်းက ဆို၏။ သို့သော် အဖြစ်မှန်ကို ငြင်းပယ်ခြင်းသည် အန္တရာယ်ရှိနိုင်သည်၊ အကြောင်းမှာ ယင်းက မိန်းကလေးအား လိုအပ်သည့် ဆေးကုသမှုကို မခံယူရန် တားဆီးပေမည်။
“စွန့်စား” ၍ လိင်ဆက်ဆံမိသည့်ရလဒ်များကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့် တစ်ခဏတွင် “ကျွန်မ အထိတ်တလန့်ဖြစ်သွားခဲ့တယ်” ဟု အဲလ်ဗီနီးယားက ပြန်ပြောပြသည်။ ကိုယ်ဝန်ရသွားသည့် မိန်းကလေးများစွာမှာ ရင်ဖွင့်ရမည့်သူမရှိ၊ မိမိတို့၏အခြေအနေကို မပြောပြရဲလောက်အောင်ဖြစ်တတ်ကြသည်။ သို့ဖြစ်၍ မိန်းကလေးအချို့ အပြစ်ရှိသည်ဟု ခံစားကြခြင်း၊ ကြောက်ကြခြင်းမှာ မဆန်းချေ။ ထို့အပြင် ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်များစွာသည် အကြီးအကျယ် စိတ်ဓာတ်ကျတတ်ကြသည်။ “အသက်ရှင်နေထိုင်ရေးကို ကျွန်မ ထူးထူးထွေထွေ ဂရုစိုက်မနေတော့ဘူး၊ ကျွန်မ သေသွားလည်း ဂရုမစိုက်ပါဘူး” ဟု ဂျက်စမင်ကဆိုသည်။ *
မိန်းကလေးတစ်ဦးသည် အစပိုင်းတွင် မည်သို့ပင်တုံ့ပြန်ပါစေ မိမိကိုယ်တိုင်နှင့် ရင်သွေးအတွက် ကြီးလေးသည့် ဆုံးဖြတ်ချက်အတော်များများကို ချကြရပါမည်။ မိန်းကလေးများသည် အဆိုပါဆုံးဖြတ်ချက်များကို ပညာရှိစွာ မည်သို့ချနိုင်ကြောင်း နောက်ဆောင်းပါးတွင် ဖော်ပြထားသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ကို ကိုင်တွယ်ဖြေရှင်းခြင်းအကြောင်းကို ၂၀၀၂၊ စက်တင်ဘာလ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်းပါ “အသက်ရှင်ရကျိုးနပ်” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု တုန်လှုပ်ဖွယ် ဖြစ်ရပ်မှန်များ
အောက်ပါအချက်အလက်များသည် အမေရိကန်ပြည်ထောင်စုရှိ အခြေအနေကို ဖော်ပြခြင်းဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်များ ရင်ဆိုင်နေရသည့် အဖြစ်မှန်အချို့ကို ပေါ်လွင်စေပါသည်။
• မိန်းကလေး ၁၀ ဦးတွင် လေးဦးသည် အသက် ၂၀ မတိုင်မီ—နှစ်စဉ် ဆယ်ကျော်သက် ၉၀၀,၀၀၀ ကျော်—ကိုယ်ဝန်ရနေကြ၏။
• ဆယ်ကျော်သက်မိခင် ၄၀ ရာခိုင်နှုန်းခန့်သည် အသက် ၁၈ နှစ်အောက်များဖြစ်ကြ၏။
• ဆယ်ကျော်သက်မိဘများ၏ ကလေးများသည် အသက်အရွယ်ပိုကြီးသည့် မိဘများ၏ ကလေးများထက် မတရားပြုခံရမှုနှင့် လျစ်လျူရှုခံရမှုနှုန်း ပိုမြင့်မားသည်။
• အသက် ၁၈ နှစ်အောက် မိခင် ၁၀ ဦးတွင် ၄ ဦးသာ အထက်တန်းကျောင်းပြီးကြသည်။
• ကလေးအဖေ ၈၀ ရာခိုင်နှုန်းနီးပါးသည် ဆယ်ကျော်သက်ကလေးအမေများကို လက်မထပ်ကြချေ။
• ကလေးမွေးပြီးနောက်မှ လက်ထပ်ကြသည့် ဆယ်ကျော်သက်မိခင် ၃၀ ရာခိုင်နှုန်းသာ အိမ်ထောင်မြဲကြသည်; ဆယ်ကျော်သက်အိမ်ထောင်ရေးသည် အနည်းဆုံး အသက် ၂၅ နှစ်ရှိအမျိုးသမီး၏ အိမ်ထောင်ရေးထက် ပျက်ပြားနိုင်စရာအကြောင်း နှစ်ဆပိုများသည်။
• ဆယ်ကျော်သက်မိခင်များ၏ ကလေးများသည် လမစေ့ဘဲမွေးဖို့၊ ပေါင်မပြည့်ဘဲ မွေးဖို့အကြောင်း ပိုများသည်၊ ကလေးငယ်သေဆုံးခြင်း၊ မျက်စိမမြင်ခြင်း၊ နားမကြားခြင်း၊ နာတာရှည်အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာများရှိခြင်း၊ ဉာဏ်နုံ့ခြင်း၊ စိတ်ရောဂါ၊ ဦးနှောက်သွက်ချာပါဒရောဂါ၊ ဒစ်လက်စ်ဇီးယား (စာဖတ်ခက်ရောဂါ) နှင့် လွန်ကဲစွာလှုပ်ရှားသည့်ရောဂါတို့ ဖြစ်နိုင်စရာပိုများသည်။
[Credit Line]
နောက်ထပ်ကိစ္စတစ်ခုမျှသာမဟုတ်– အခြားသော ရတက်မအေးဖွယ် လူမှုရေးကိစ္စများနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု ကာကွယ်တားဆီးရေး၏ဆက်နွှယ်မှုမှ ကောက်နုတ်ထားပါသည်၊ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတားဆီးရေး အမျိုးသားလှုပ်ရှားမှု။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ကမ္ဘာချီ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု
ဘရာဇီးလ်– “၁၉၉၈ ခုနှစ်တွင် အသက် ၁၉ နှစ်အောက် ဆယ်ကျော်သက်မိန်းကလေး ၆၉၈,၄၃၈ ဦးသည် ဘရာဇီးလ်အစိုးရ ကျန်းမာရေးစနစ်ကို အသုံးပြုကာ ကလေးမွေးဖွားခဲ့ကြသည်။ . . . ယင်းမိန်းကလေးများအနက် ၃၁,၈၅၇ ဦးသည် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အကြားရှိ ကလေးများဖြစ်ကြရာ ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးရခြင်းသည် သဘာဝမကျကြောင်း သင်သဘောတူပါလိမ့်မည်” ဟုဆိုသည်။—ဖိုလ်ယာ ဒီ အက်စ်. ပေါ်လို၊ ဩဂုတ် ၂၅၊ ၁၉၉၉။
ဗြိတိန်–“အနောက်ဥရောပတွင် ဗြိတိန်နိုင်ငံသည် ဆယ်ကျော်သက်ကလေးမွေးဖွားမှုနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်သည်။ . . . ၁၉၉၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ဆယ်ကျော်သက် ၉၀,၀၀၀ နီးပါး ကိုယ်ဝန်ရခဲ့ကြသည်။ ငါးပုံသုံးပုံခန့် (၅၆,၀၀၀) သည် ကလေးမွေးဖွားခဲ့ကြပြီး၊ ၁၉၉၇ ခုနှစ်တွင် ဆယ်ကျော်သက်ကလေးမွေးဖွားမှု ၉၀ ရာခိုင်နှုန်း (၅၀,၀၀၀ ခန့်) သည် လက်မထပ်ဘဲ မွေးဖွားခဲ့ကြခြင်းဖြစ်သည်။”—ကြင်ဖော်မဲ့မိဘရှိ မိသားစုများ၊ ၂၀၀၂။
မလေးရှား– “နိုင်ငံအတွင်းရှိ လက်မထပ်ဘဲ မွေးဖွားလာသည့် ကလေးများသည် အသက် ၁၈၊ ၁၉ နှစ်အရွယ်ရှိ မိခင်အများစုနှင့်အတူ ၁၉၉၈ ခုနှစ်ကတည်းက တိုးများလာခဲ့သည်။”—နယူး စထရိတ်စ် တိုင်းမ်စ်– မန်းနေ့ရှ်မဲန်တ် တိုင်းမ်စ်၊ ဧပြီ ၁၊ ၂၀၀၂။
ရုရှား– “ယမန်နှစ်က ရုရှားနိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးသူငယ်အားလုံး၏ သုံးပုံတစ်ပုံနီးပါးသည် လက်မထပ်ထားသည့် မိခင်များမှ မွေးဖွားလာခဲ့ကြခြင်းဖြစ်၏၊ ယခင်ဆယ်စုနှစ်၏ ရာခိုင်နှုန်းထက် နှစ်ဆတိုးသွားပြီး ဒုတိယကမ္ဘာစစ်ကတည်းက မဖြစ်ခဲ့သည့်နှုန်းဖြစ်ကြောင်း အစိုးရစာရင်းဇယားများက ဖော်ပြသည်။ ယင်းကလေးသူငယ်များအနက် ၄၀ ရာခိုင်နှုန်းကျော်သည် ဆယ်ကျော်သက်များမှ မွေးဖွားလာကြခြင်းဖြစ်သည်။”—သည်မော်စကို တိုင်းမ်စ်၊ နိုဝင်ဘာ ၂၉၊ ၂၀၀၁။
အမေရိကန်ပြည်ထောင်စု– “မကြာသေးမီက ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်း ကျဆင်းသွားလင့်ကစား ဆယ်ကျော်သက်မိန်းကလေး ၁၀ ဦးတွင် ၄ ဦးသည် အသက် ၂၀ မတိုင်မီ အနည်းဆုံး တစ်ကြိမ် ကိုယ်ဝန်ဆောင်နေကြသည်။”—ကလေးဘဝ ဘာဖြစ်သွားပါလိမ့်။ အမေရိကန်ပြည်ထောင်စုရှိ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုပြဿနာ၊ ၁၉၉၇။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
မိဘများ လမ်းခွဲကြသည့်အခါ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု အန္တရာယ် ပိုတိုးများလာ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
လူငယ်တချို့သည် လိင်နှင့် ကိုယ်ဝန်ဆောင်ခြင်းတို့ ဆက်နွှယ်မှုကို သဘောပေါက်ဟန်မတူကြ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ကိုယ်ဝန်ဆောင်ခြင်းသည် ယင်းမိန်းကလေးကိုရော သူ၏ ချစ်မြတ်နိုးရသူများကိုပါ သိသိသာသာ ထိခိုက်