မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆယ်ကျော်သက်မိခင်ဘဝ စိန်ခေါ်ချက်များကို ရင်ဆိုင်ခြင်း

ဆယ်ကျော်သက်မိခင်ဘဝ စိန်ခေါ်ချက်များကို ရင်ဆိုင်ခြင်း

ဆယ်ကျော်သက်​မိခင်​ဘဝ စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ခြင်း

ဆယ်ကျော်သက်​ကိုယ်ဝန်​ဆောင်​မှု​သည် လူကြီး​ဆန်​ဆန် ဆုံးဖြတ်ချက်​များ​ချ​ရမည့်​ဝန်ကို ဖြစ်ပေါ်​စေ​သည်။ “အသက် ၄၀ အရွယ်​ရှိနေပြီ​လို့ ကျွန်မ​ခံစား​ရတယ်။ ကျွန်မ​ရဲ့ ကလေး​ဘဝ​တစ်ခုလုံး​ကို ဆုံးရှုံး​လိုက်ရတယ်” ဟု ဆယ်ကျော်သက်​မိခင်​တစ်ဦး​က ဆို​ရှာ​သည်။ မိန်းကလေး​တစ်ဦး​သည် မိမိ​တွင် ကိုယ်ဝန်​ရှိနေကြောင်း သိ​သည်​နှင့် ကြောက်ရွံ့​မှု​နှင့် စိုးရိမ်​ပူပန်မှု​တို့​ကြောင့် လုံးလုံးလျားလျား စိတ်ဖိစီးမှု​ခံရ​ပေမည်။

သင်သည် ကိုယ်ဝန်ဆောင်​ဆယ်ကျော်သက်​တစ်ဦး ဖြစ်​မည်​ဆိုလျှင် ထိုသို့​ခံစားရ​ပေမည်။ သို့ရာတွင် အပျက်သဘော​ဆန်​သည့် စိတ်​လှုပ်ရှားမှုများ​ကြောင့် အားအင်​မဲ့​သွား​မည်​ဆိုလျှင် အဘယ်အရာမျှ ဖြစ်မြောက်​မည်​မဟုတ်ပေ။ ကျမ်းစာ​က “လေကို မှတ်​တတ်သော​သူသည် မျိုးစေ့ကို​မ​ကြဲ။ မိုးတိမ်​တို့ကို ပမာဏ​ပြု​တတ်သော​သူသည်​လည်း စပါး​ကို​မ​ရိတ်​ရာ” ဟု ဆို​သည်။ (ဒေ. ၇:၈; ၁၁:၄) ရာသီဥတု​ကို စိုးရိမ်​ပူပန်​ပြီး အလုပ်​သိမ်း​လိုက်​သည့် လယ်သမား​တစ်ဦး​သည် လိုအပ်​သလို လုပ်ဆောင်ရန် ပျက်ကွက်​ပါ​လိမ့်​မည်။ မှိုင်တွေ​မနေ​ပါ​နှင့်။ အနှေး​နှင့်​အမြန်​ဆို​သလို သင့်​ဘဝ​ခရီး​ကို ရှေ့ဆက်​ရမည်​ဖြစ်​ကာ တာဝန်​တစ်​လှေ​ကြီး ထမ်းဆောင်​ရ​ပါ​မည်။—ဂလာတိ ၆:၅

သင်​ရွေးချယ်စရာ​များ​ကား အဘယ်နည်း။ တချို့က ကိုယ်ဝန်​ဖျက်​ချဖို့ ပြော​ကြ​ပေမည်။ သို့သော် ဘုရားသခင့်​မျက်နှာသာ​ရ​လို​သူတို့​အတွက် ယင်းသည် ရွေးချယ်စရာ​မဟုတ်​ချေ၊ ကိုယ်ဝန်​ဖျက်ချခြင်း​သည် ဘုရားသခင့်​ပညတ်တော်​ကို ဆန့်ကျင်​ကြောင်း သမ္မာကျမ်းစာ​က အတိအလင်း ဆို​ထားသော​ကြောင့်​ဖြစ်၏။ (ထွက်မြောက်ရာ ၂၀:၁၃; ၂၁:၂၂၊ ၂၃; ဆာလံ ၁၃၉:၁၄-၁၆) လက်မ​ထပ်​ဘဲ​ရသည့် သန္ဓေသား​အပါအဝင် အဘယ်​သန္ဓေသား​မဆို ဘုရားသခင့်​အမြင်​တွင် အလွန်​တန်ဖိုး​ရှိသည်။

ကလေး​အဖေ​နှင့် လက်ထပ်​ပြီး ကလေး​ကို အတူတူ​ကျွေးမွေး​ပြုစု​မည်​ဆိုလျှင်​ကော အသို့နည်း။ ယု​တ်စွ​အဆုံး ထိုသို့​ထိမ်းမြားခြင်း​သည် သင့်​အား အရှက်တကွဲ​ဖြစ်​ခြင်း​မှ အနည်းငယ် သက်သာ​စေ​ပေမည်။ သို့သော် ငယ်ရွယ်​သည့် ဖခင်​တစ်ဦး​က မိမိ​ရင်သွေး​အား ပြုစု​ပျိုးထောင်​ဖို့​တာဝန်​ရှိသည်​ဟု ယူဆ​သည့်​တိုင် ထိမ်းမြား​လိုက်ခြင်းက ပညာရှိ​သည့်​ရွေးချယ်မှု အမြဲ​မဟုတ်​ချေ။ * လူရွယ်​တစ်ဦး​တွင် မျိုးပွား​နိုင်စွမ်း​ရှိသည့်​အတွက် ခင်ပွန်း​ကောင်း​နှင့် ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရန် လိုအပ်​သည့် စိတ်​လှုပ်ရှားမှု​ပိုင်း​နှင့် စိတ်ပိုင်း​ဆိုင်ရာ အရည်အချင်းများ သူ၌​ရှိသည်​ဟူ​သည့်​သဘော လုံးဝ​မသက်ရောက်​ပေ။ ဇနီးသည်​နှင့် ကလေး​ကို ငွေ​ရေး​ကြေး​ရေး ထောက်ပံ့​ပေး​နိုင်​သည်​ဟူ​သည့် သဘောလည်း​မသက်ရောက်​ချေ။ ထို့​အပြင် ယင်း​လူရွယ်​သည် သင်၏​ဘာသာရေး​ယုံကြည်ချက်ကို လက်မခံ​ပါ​က သူနှင့်​လက်ထပ်​လိုက်ခြင်း​သည် “သခင်​ဘုရား​၌​သာ” ထိမ်းမြား​ပါ​ဟူသော ကျမ်းစာ​သတိပေး​ချက်​ကို ဖီဆန်​ရာ​ရောက်သွား​နိုင်​သည်။ (၁ ကောရိန္သု ၇:၃၉) အချိန်မတန်​ဘဲ အလောတကြီး​လက်ထပ်​လိုက်ခြင်း​သည် တစ်ခဏ​သာ​တည်​တတ်​ပြီး နာကျင်မှု​နှင့် စိတ်​ဆင်းရဲခြင်း​ကို​သာ ထပ်ဆင့်​စေနိုင်​ကြောင်း အတွေ့အကြုံ​က ဖော်ပြ​၏။

ကလေး​ကို မွေးစားဖို့ ပေး​လိုက်​မည်​ဆိုလျှင်​ကော အသို့နည်း။ ယင်းသည် ကိုယ်ဝန်​ဖျက်ချခြင်း​ထက် သာ၍​ကောင်း​ဟန်​တူ​သော်လည်း အခွင့်မသာ​သည့်​ကြား​မှ မိမိ​ကလေး​ကို ကျွေးမွေး​ပြုစု​ခွင့်​ရှိသည်​ဟူသော အချက်​ကို သင်​သုံးသပ်​သင့်​သည်။

စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ခြင်း

အိမ်ထောင်ဖက်​မရှိဘဲ ကလေး​ကို ကျွေးမွေး​ပြုစု​ခြင်း​သည် မလွယ်ကူ​ကြောင်း ဝန်ခံ​ရ​ပေမည်။ သို့ရာတွင် သင့်​အစွမ်းအစ​ရှိသလော​က် ကျမ်းစာ​မူများ​ကို လိုက်လျှောက်ပြီး ခွန်အား​နှင့် လမ်းညွှန်မှု​အတွက် ဘုရားသခင်​အား ယုံကြည်​ကိုးစားခြင်း​အားဖြင့် စိန်ခေါ်ချက်​များစွာ​ကို အောင်မြင်စွာ ရင်ဆိုင်​နိုင်​ပါ​သည်။ အောင်မြင်စွာ​ကိုင်တွယ်​စေရန် သင့်​အား အကူအညီ​ပေး​နိုင်​မည့် ခြေလှမ်း​တချို့​ကို ဤ​တွင်​ဖော်ပြ​ထား​ပါ​သည်။

ဘုရားသခင်​နှင့် သင့်​ဆက်ဆံ​ရေး​ကို ပြုပြင်​ပါ။ လက်မထပ်မီ လိင်ဆက်ဆံခြင်း​သည် ဘုရားသခင်​အား ပြစ်မှားခြင်း—ကိုယ်တော်​၏ မြင့်မားသော ကျင့်ဝတ်​စံနှုန်း​များ​ကို ကျူးလွန်​ဖောက်ဖျက်​ခြင်း—ဖြစ်​ကြောင်း သိမှတ်ပါ။ (ဂလာတိ ၅:၁၉-၂၁; ၁ သက်သာလောနိတ် ၄:၃၊ ၄) သို့​ဖြစ်၍ အရေးပါသော​ခြေလှမ်း​တစ်ရပ်​မှာ နောင်တ​ယူပြီး ဘုရားသခင်​၏​ခွင့်လွှတ်​မှု​ကို တောင်းခံ​ရန်ဖြစ်​သည်။ (ဆာလံ ၃၂:၅; ၁ ယောဟန် ၂:၁၊ ၂) ကိုယ်တော်​၏​ကူညီ​မစမှု​ကို မရ​ထိုက်​ဟု သင်​ခံစားရ​မည်​မှာ မှန်ပါသည်။ သို့သော် ယေဟောဝါ​က ခွင့်လွှတ်​မည်​ဟု ကတိပြု​ထားပြီး မိမိတို့၏​အမှား​များ​ကြောင့် နောင်တ​ယူ​သူတို့ကို ကိုယ်တော်​ကူညီ​ပေး​တော်​မူ​သည်။ (ဟေရှာယ ၅၅:၆၊ ၇) ဟေရှာယ ၁:၁၈ တွင် ယေဟောဝါ ဤသို့​မိန့်တော်မူ၏– “သင်တို့​အပြစ်​သည် နီ​သော​အဆင်း [လေးလံ​သော၊ ကြီး​လေး​သော] ရှိသော်လည်း မိုး​ပွင့် (လုံးဝ​သန့်စင်​ထားပြီး) ကဲ့သို့ ဖြူ​လိမ့်​မည်။” ထို့​အပြင် ခန့်အပ်​ခံ အသင်းတော်​အကြီးအကဲ​များ ကမ်း​လှမ်း​သည့် ဝိညာဉ်​ရေး​အကူအညီကို ရှာ​ယူဖို့​လည်း အမှား​ပြုသူ​များ​ကို သမ္မာကျမ်းစာ​က​အားပေးထား​ပါ​သည်။—ယာကုပ် ၅:၁၄၊ ၁၅

လက်မထပ်မီ လိင်ဆက်ဆံခြင်း​ကို ရပ်တန့်​လိုက်ပါ။ ယင်းက ကလေး​အဖေ​နှင့် သင့်​ဆက်ဆံ​ရေး​ကို ဖြတ်တောက်​ပစ်​ရမည့်​သဘော​ပင်။ အိမ်ထောင်​ပြင်ပ ဆက်ဆံ​ရေး​ကို ဆက်​ပြုခြင်း​က ဘုရားသခင်​မနှစ်သက်​သည့် အမူအကျင့်ကို ဆက်​ပြုလုပ်​နေ​ရန် သင့်​အား​ဖိအားပေး​ရာ​ရောက်မည်။ ဘုရားသခင့်​ပညတ်တော်​များသည် တင်းကျပ်​သော်လည်း ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​ကြောင်း ဘယ်တော့​မျှ မမေ့​ပါ​နှင့်။ ဤ​အခန်းဆက်​ဆောင်းပါး​များ​တွင် အစပိုင်း​က ကိုးကား​ဖော်ပြ​ခဲ့​သည့် နီ​ကိုးလ်​က “ဘုရားသခင်​မှန်တယ်​ဆိုတာ​ကို ကျွန်မ​သိလာ​ခဲ့တယ်။ ကိုယ်တော်​ဟာ ကျွန်မတို့ကို အကျိုး​ခံစား​စေ​ချင်​ပါ​တယ်” ဟု ပြန်ပြောင်း​ပြောပြ​သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

သင်၏​မိဘများ​ကို ပြောပြ​ပါ။ သင့်​အား မိဘများ စိတ်ဆိုး​ကြ​မည်​ကို ကြောက်လန့်​သင့်ပါသည်။ သင်၌ ကိုယ်ဝန်​ရှိနေကြောင်း သူတို့​သိရှိ​သည့်​အခါ ဝမ်းနည်းပြီး စိုးရိမ်​ပူပန်​ကြ​မည်​မှာ မှန်ပါသည်။ မိဘများ​အနေ​နှင့် သင့်​အပေါ် တာဝန်​မ​ကျေ​ဟု​ပင် သူတို့​ခံစား​ရပြီး သင်၏​အကျင့်ပျက်​ပြား​မှု​အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်​ကြ​ပေမည်။ သို့ရာတွင်၊ သင်၏​မိဘများသည် ဘုရားသခင်​အား အမှန်တကယ် ကြောက်ရွံ့ ကြ​မည်​ဆိုလျှင် ထိခိုက်​နာကျင်မှု​မုန်တိုင်း​သည် အချိန်တန်သော် စဲ​သွားပါ​လိမ့်​မည်။ သူတို့သည် သင်၏​မိဘများ​ဖြစ်​ကြ​သဖြင့် သင်​အမှား​ပြု​မိ​လင့်​ကစား သင့်​အား သူတို့​ချစ်​မြတ်နိုးကြ​ပါ​သည်။ သင်​နောင်တ​ရသည်ကို သူတို့​တွေ့မြင်​သောအခါ ယေရှု၏​ဖြုန်းတီးသော​သား​ပုံ​ဥပမာ​မှ ဖခင်​ကို အတု​ယူပြီး မေတ္တာပါပါ ခွင့်လွှတ်​ကြ​မည်​မှာ သံသယ​မရှိ​ချေ။—လုကာ ၁၅:၁၁-၃၂

ကျေးဇူး​သိ​တတ်​ပါ။ မိဘများ၊ ဆွေမျိုး​များနှင့် မိတ်ဆွေများ​သည် အကူအညီ​နှင့် ထောက်မမှု​တို့အတွက် ကြီးမား​သည့် ရင်းမြစ်​တစ်ခု​ဖြစ်လေ့​ရှိ၏။ ဥပမာ၊ သင်၏​မိဘများသည် သင်​အတွက် ဆေး​ကုသမှု​ခံယူ​ရန် စီစဉ်​ပေး​ပေမည်။ သင်က​လေး​မွေး​ပြီး​နောက် အခြေခံ​မွေးကင်းစ​ကလေး​ငယ်​အား ပြုစု​စောင့်ရှောက်မှု​ကို တတ်မြောက်​ရန် သင့်​အား​ကူညီ​ပေး​မည်; သည့်​အပြင် သူတို့သည် ကလေး​ဝိုင်း​ထိန်းပေး​ကြ​ပေမည်။ သူ၏​မိခင်​အကြောင်းကို နီ​ကိုးလ်​က “ကျွန်မ ကလေး​ရသွား​ပေမဲ့ ကျွန်မ​ကို အမေ အများကြီး ကူညီ​ပေး​ခဲ့တယ်” ဟု ပြောပြ​သည်။ အလားတူ မိတ်ဆွေများ​က​လည်း ကလေး​အနှီး​များနှင့် အသုံးတည့်​သည့် အခြား​ပစ္စည်းပစ္စယ​များ​ကို ပညာသတိ​နှင့် ထောက်ပံ့​ပေး​ကြ​ပေမည်။ (သု. ၁၇:၁၇) သင်သည် သနား​ကြင်နာ​မှု​ပြ​ခံရ​သည့်​အခါ သမ္မာကျမ်းစာ အကြံပေး​ချက်​ကို လိုက်လျှောက်​၍ ‘ကျေးဇူး​သိ​တတ်​ကြောင်း ဖော်ပြ’ ပါ​လေ။ (ကောလောသဲ ၃:၁၅) ကျေးဇူး​တင်​စကား​များ​က သူတို့၏ မေတ္တာပါ​သည့် လုပ်ရပ်များ တန်ဖိုး​ထား​မခံရ​ဟူ၍ ခံစား​စေမည်​မဟုတ်ပေ။

သားသမီး​ပြုစု​ပျိုးထောင်​ခြင်း စွမ်းရည်​များ​ကို သင်ယူပါ။ သင်သည် သင်၏​မိသားစု​နှင့် မိတ်ဆွေများ​အပေါ် အမြဲ​မှီခို​လို​မည်​မဟုတ်ပါ။ ထို့​ကြောင့် ကလေး​ကြည့်ရှု​စောင့်ရှောက်ခြင်း​နှင့် အိမ်ထောင်​စီမံခန့်ခွဲ​ခြင်း​တို့​တွင် အတိုင်းအတာ​တစ်ခု​အထိ လုပ်ရည်ကိုင်ရည်​ရှိစေ​မည့် ကျွမ်းကျင်​မှုများ​ကို စတင်​ပျိုးထောင်​ပါ။ စောင့်ရှောက်​ရန် အလွန်​လိုအပ်​နေသည့် လူသား​တစ်ဦး​ကို ကြည့်ရှု​ရန် သင်ယူ​တတ်မြောက်​ဖို့​ကား မလွယ်ကူ​ပေ။ အစာ​အာဟာရ၊ ကျန်းမာ​ရေး​နှင့် ကလေး​ပြုစုရေး​ဆိုင်ရာ အခြားသော​ကဏ္ဍ​များနှင့်​ပတ်သက်​၍ သင်ယူစရာ များစွာ​ရှိ​ပေ​သည်။ စိတ်ဝင်စားစရာ​မှာ အမျိုးသမီးငယ်​များ​အား “အိမ်ကို ပြုစု​သော​သူများ” ဖြစ်​ကြ​ရန် တိုက်တွန်း​ပေးဖို့ သမ္မာကျမ်းစာ​က သက်ကြီး​အမျိုးသမီးများ​ကို အားပေးခြင်း​ဖြစ်သည်။ (တိတု ၂:၅) ယင်း​နှင့်​စပ်လျဉ်း၍ သင်၏​မိခင်​နှင့် ခရစ်ယာန်​အသင်းတော်​ရှိ အခြား​အသက်ကြီးသူ​များသည် သင့်​အား အဖိုးတန်​သည့် လေ့ကျင့်မှု​အချို့ ပေး​နိုင်​ကြ​ပါ​သည်။

ငွေ​ကို ပညာရှိရှိ သုံးစွဲ​ပါ။ သမ္မာကျမ်းစာ​က “ငွေ​သည်လည်း ကွယ်ကာ​တတ်၏” ဟု​ဆို​သည်။ (ဒေ. ၇:၁၂) ကလေး​ရလာ​ခြင်း​က ကုန်ကျ​စရိတ် အတော်အတန်​ရှိလာ​ပေမည်။

ဦးဆုံး​အနေ​နှင့် သင်သည် တရား​ဥပဒေ​အရ သင်​ခံစား​ထိုက်သည့် အစိုးရ​အထောက်အပံ့​ကို ရ​လို​ပေမည်။ သို့သော် တစ်ခါတစ်ရံ​တွင် မိန်းကလေး​တစ်ဦး​သည် မိမိ၏​မိသားစု​အပေါ် ငွေကြေး​အရ မှီခို​နေရ​ဆဲ​ရှိ​မည်။ သင်လည်း ထိုသို့​မှီခို​နေ​မည်​ဆိုလျှင် သင့်​ဘက်​မှ အသုံးစရိတ်​ကို အတတ်နိုင်ဆုံး လျှော့ချခြင်း​က ပညာရှိရာ​ရောက်​ပြီး ထောက်ထား​စာနာမှု​ပြ​ရာ​ရောက်​ပေမည်။ သင့်​ကလေး​အတွက် အသုံးအဆောင်​သစ်​များ​ရှိ​လို​မည်​မှန်​သော်လည်း အဟောင်း​ဆိုင်​များနှင့် အိမ်ဆိုင်​များ​တွင် ဈေးဝယ်ခြင်း​အားဖြင့် ငွေ​ချွေတာ​နိုင်​ပေမည်။

ပညာ​ကို​ကြိုး​စား၍​ဆည်းပူး​ပါ။ “ပညာရှိ​သော​သူတို့သည် ကြားသိ​သော​အရာ​ကို သိမ်းထား​တတ်၏” ဟု နယပုံပြင် ၁၀:၁၄ က​ဆို​သည်။ ယင်းသည် ကျမ်းစာ​အသိပညာနှင့်​စပ်လျဉ်း၍ အထူးသဖြင့် မှန်ကန်​သော်လည်း လောက​ပညာရေး​နှင့်​ပတ်သက်​၍​လည်း မှန်ကန်​ပါ​သည်။ အသက်မွေးဝမ်းကျောင်း​ပြု​ဖို့ လိုအပ်​သည့် စွမ်းရည်​များ​ကို မွေးမြူ​ကျင့်ယူ​ဖို့​လို​သည်။

ကလေး​ကို ကြည့်ရှု​ပြုစု​နေရင်း ကျောင်းတက်​ဖို့​မလွယ်​သည်ကို ဝန်ခံ​ရ​ပေမည်။ သို့ရာတွင် အခြေခံ​ပညာ​မရှိ​ထား​လျှင် သင်​နှင့် သင့်​ကလေး​အား ဆင်းရဲ​မွဲတေ​ခြင်း၊ အစိုးရ​အေဂျင်စီ​ကို အားကိုး​ရခြင်း၊ ဝင်ငွေ​နည်း​ခြင်း၊ အနေ​ချို့တဲ့ခြင်း သို့​မဟုတ် အာဟာရချို့​တဲ့​ခြင်း​ဘဝသို့ ရောက်​စေ​တတ်​သည်။ ထို့​ကြောင့် တတ်နိုင်​သ၍ ကျောင်း​ဆက်​တက်​ပါ​လေ။ နီ​ကိုးလ်​၏​မိခင်​သည် သူ့​အား ကျောင်း​ပြီး​အောင်​တက်​ရန် တိုက်တွန်း​ခဲ့​ရာ ရလဒ်​အနေ​နှင့် နီ​ကိုးလ်​သည် နောက်ပိုင်း​တွင် ရှေ့နေ​၏​အကူ​တစ်ဦး​အဖြစ် မိမိကိုယ်ကို​ထောက်ပံ့ဖို့ လေ့ကျင့်​နိုင်​ခဲ့​သည်။

အဘယ်​ပညာရေး​ဆိုင်ရာ အခွင့်အရေး​များ ရနိုင်​သည်ကို အတော်အသင့် စူးစမ်း​ရှာဖွေ​ကြည့်​လျှင် မကောင်း​ပေ​လော။ အတန်း​တက်​ရခြင်း​က ခက်ခဲလွန်း​မည်​ဆိုလျှင် အိမ်​၌ လေ့လာ​၍​ရနိုင်၊ မရနိုင်​ကို စုံစမ်း​ကြည့်​နိုင်​ပေ​သည်။ စာ​ပေးစာ​ယူ​သင်တန်း​များ တက်ရောက်ခြင်း​က သင့်​အခြေအနေ​အတွက် လက်တွေ့ကျ​ကြောင်း တွေ့ရ​ပေမည်။

သင်​အောင်မြင်​နိုင်

လက်မ​ထပ်​ဘဲ​ရလာ​သည့် ကလေး​အား ကျွေးမွေး​ပြုစု​ခြင်း​က မိန်းမငယ်​လေး​တစ်ဦး​အတွက် စိန်ခေါ်ချက်​ဖြစ်​ပေ​သည်။ သို့သော် သင့်အတွက် အောင်မြင်​နိုင်​စ​ရာ​အကြောင်း​ရှိပါ​သည်! စိတ်ရှည်ခြင်း၊ စိတ်ဓာတ်​ကြံ့ခိုင်​ခြင်း​နှင့် ယေဟောဝါ​ဘုရားသခင်​၏ အကူအညီ​ဖြင့် သင်သည် မေတ္တာပြည့်​ဝ​၍ လုပ်ရည်ကြံရည်​ရှိသော မိဘ​ကောင်း​တစ်ဦး​ဖြစ်လာ​နိုင်​ပါ​သည်။ ထို့​အပြင် လက်မ​ထပ်​ထားသော မိခင်များ​၏ ကလေး​များသည်​လည်း အလိုက်အထိုက်​နေတတ်​သော​လူကြီး​များ​အဖြစ် ကြီးပြင်း​လာနိုင်​ပေ​သည်။ သင်၏​ကလေး​သည် သင်​ပုံသွင်း​လေ့ကျင့်ပေး​သည်ကို တုံ့ပြန်​ပြီး ဘုရားသခင်​အား​ချစ်သူ​ဖြစ်လာ​သည်ကို တွေ့မြင်​ရခြင်း​၏ ရွှင်လန်းမှု​ကို​ပင် သင်​ခံစားရ​ပေမည်။—ဧဖက် ၆:၄

ယင်းကို နီ​ကိုးလ်​က ဤနည်းဖြင့် ဖော်ပြ​သည်– “ဘုရားသခင့်​အကူအညီ​နဲ့ အတားအဆီး​မှန်သမျှကို ဆန့်ကျင်​လိုက်တဲ့အခါ ကျွန်မ​ရဲ့​သမီးလေး​ဟာ ကြင်နာ​တတ်၊ ယဉ်ကျေး​ပြီး တာဝန်​ယူ​တတ်​တဲ့ အမျိုးသမီး​လေး​ဖြစ်​လာအောင် ကူညီ​ပေး​လိုက်ရ​တဲ့​ရွှင်လန်းမှု​ကို ကျွန်မ​ရရှိခဲ့တယ်။ သူ့ကို ကြည့်​နေရင်း​နဲ့ အိပ်မပျော်​တဲ့​ည​တွေ​ကို ပြန်သတိရ​စေ​သလို ပျော်​လည်း​ပျော်ရွှင်​စေပါ​တယ်။”

သို့သော် လူကြီး​များသည် ဆယ်ကျော်သက်​မိခင်များ​နှင့် ၎င်းတို့၏​သားသမီးကို မည်သို့​ဆက်ဆံ​သင့်​သနည်း။ အစ​ကတည်းက ဆယ်ကျော်သက်​ကိုယ်ဝန်ဆောင်​ခြင်း​၏ နာကျင်မှုကို လူငယ်​လူရွယ်​များ ရှောင်ကြဉ်​ရန် ကူညီ​ပေး​နိုင်​သည့် နည်းလမ်း​ရှိပါ​သလော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 လက်မ​ထပ်​ထားသော လူငယ်​ဖခင်​များ​ရင်ဆိုင်​ရသည့် တာဝန်​များနှင့် စိန်ခေါ်ချက်​များ​အကြောင်း ဆွေးနွေးချက်​ကို ၂၀၀၀ ပြည့်နှစ် ဧပြီလ ၂၂ နှင့် မေလ ၂၂ ရက်​နေ့​ထုတ် နိုးလော့! [လိပ်] ရှိ “လူငယ်များ​အမေး . . . ” ကဏ္ဍ​တွင် တွေ့​နိုင်​ပါ​သည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဆယ်ကျော်သက်​မိခင်များ​သည် ၎င်းတို့၏​ကလေး​များ​ကို ကျွေးမွေး​ပြုစု​ရာ​တွင် စိန်ခေါ်ချက်​များစွာ ရင်ဆိုင်​ရ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အချိန်မတန် အလောတကြီး​လက်ထပ်​ခြင်း​သည် ဖြေရှင်း​နည်း​မဟုတ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင်​နှင့် သူတို့၏​ဆက်ဆံ​ရေး​ကို ပြုပြင်​ရန် အမှား​ပြု​သည့်​လူငယ်များ​အား ခရစ်ယာန်​အကြီးအကဲ​များ ကူညီ​ပေး​နိုင်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မိမိတို့၏​အခြေခံ​ပညာရေး​ကို ဆုံးခန်းတိုင်​အောင် ဆည်းပူးခြင်း​က ကြင်ဖော်​မဲ့ မိခင်များ​အတွက် ပညာရှိရာ​ရောက်