မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပုံ

ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပုံ

ဖခင်ကောင်း​တစ်ဦး ဖြစ်​နိုင်​ပုံ

မိသားစု​ဘဝ​ယိုယွင်း​ပျက်စီးမှု​အကြောင်း အီကောနောမစ်​မဂ္ဂဇင်း​ပါ ဆောင်းပါး​တစ်ပုဒ်​က “အိမ်ထောင်​သား​မွေး အလွယ်​လေး၊ ဖခင်ကောင်း​ဖြစ်​ရေး အလှမ်းဝေး” ဟူ၍ အာရုံစိုက်​ချင်​စ​ဖွယ်​စကား​ဖြင့် အစပျိုး​ထား​သည်။

ဘဝ​အသက်တာတွင် ခဲရာခဲဆစ်​လုပ်စရာ​များစွာ​ရှိသည့်​အနက် အခက်ခဲဆုံး​နှင့် အရေးအပါဆုံး​အလုပ်​တစ်ခု​မှာ ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရေး​တည်း။ ဖခင်ကောင်း​တစ်ဦး​ဖြစ်​ခြင်း​သည် မိသားစု​ဘဝ သာယာ​ချမ်းမြေ့​ရေး​ကို အဆုံးအဖြတ်​ပေး​သည့်​အတွက် ဖခင်​ဖြစ်သူ​တိုင်း ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရေး​ကို စိတ်ဝင်စား​သင့်​သည်။

ခက်ခဲ​ရသည့်​အကြောင်း

ရိုးရိုးရှင်းရှင်း ဖော်ပြ​ရ​လျှင် ဖခင်ကောင်း​တစ်ဦး​ဖြစ်​ဖို့ မလွယ်ကူ​ရသည့် အဓိက​အကြောင်းရင်း​မှာ မိဘ​နှစ်ပါး​နှင့် သားသမီးတို့​ပါ မစုံလင်မှုကို အမွေခံ​ထား​ရခြင်း​ကြောင့်​ဖြစ်သည်။ “လူတို့သည် ငယ်​သော​အရွယ်​မှ​စ၍ စိတ်နှလုံး​အကြံအစည်​ဆိုး​ကြ​၏” ဟု ကျမ်းစာ​က​ဆို​၏။ (ကမ္ဘာဦး ၈:၂၁) သို့​ဖြစ်၍ ကျမ်း​ရေးသူ​တစ်ဦး​က “အမိဝမ်းထဲ​မှာ ပဋိသန္ဓေ​ယူ​စဉ်​ပင် အပြစ်​စွဲ​ပါ​၏” ဟု အသိအမှတ်ပြု ရေးသားခဲ့​သည်။ (ဆာလံ ၅၁:၅; ရောမ ၅:၁၂) မွေးရာပါ​အပြစ်​တရား​ကြောင့် မကောင်းမှု​ပြု​လို​ခြင်း​သည် ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရေး​အတွက် အတားအဆီး​တစ်ခု​သာ​ဖြစ်သည်။

ဤ​လောက သို့​မဟုတ် ဤ​အစီအစဉ်​စနစ်​သည်လည်း အလွန်​ကြီးမားသော အတားအဆီး​တစ်ခု​ဖြစ်၏။ အဘယ်ကြောင့်​နည်း။ သမ္မာကျမ်းစာ​ရှင်းပြ​သည့်​အတိုင်း ‘တစ်လောက​လုံး​သည် စာတန်​၏​လက်၌​ရှိ’ သောကြောင့်​တည်း။ ထို့​ပြင် ကျမ်းစာ​က စာတန်​ကို “ဤ​လောကကို​အစိုးရ​သော​ဘုရား” ဟု​လည်း ခေါ်ဆို​ထား​သည်။ ထို့​ကြောင့် မိမိ၏​နောက်လိုက်​များသည် မိမိ​ကဲ့သို့​ပင် “ဤ​လောက​နှင့်​မဆက်ဆံ” သင့်​ကြောင်း ယေရှု​မိန့်ဆိုခဲ့​ရခြင်း​မှာ အံ့ဩစရာ​မဟုတ်ပေ!—၁ ယောဟန် ၅:၁၉သမ္မာ; ဗျာ. ၁၂:၉; ၂ ကောရိန္သု ၄:၄; ယောဟန် ၁၇:၁၆

ဖခင်ကောင်း​တစ်ယောက်​ဖြစ်​ရေး​အတွက် မိမိတို့၏​မွေးရာပါ​မစုံလင်မှု၊ စာတန်​နှင့် စာတန်​ခြယ်လှယ်​နေသည့် ဤ​လောက​တို့ကို မပြတ်​သတိပြု​နေဖို့ အရေးကြီး​သည်။ ဤ​အတားအဆီး​များသည် စိတ်​အထင်​သက်​သက်​မဟုတ်ပေ။ ၎င်း​တို့ အမှန်တကယ်​ရှိကြ​၏! ထို​အတားအဆီး​များ​ကို ကျော်လွှား​အနိုင်ယူ​ကာ ဖခင်ကောင်း​တစ်ဦး​ဖြစ်​နိုင်​ဖို့ မည်သည့်​နေရာတွင် ပညာ​သွား​သင်​ရမည်​နည်း။

ဘုရားသခင်​ထံ​မှ​လာသော စံနမူနာ​များ

အထက်ပါ​အတားအဆီး​များ​ကို ကျော်လွှား​နိုင်​ရန် ဖခင်​တစ်ဦး​သည် သမ္မာကျမ်းစာ​မှ သင်ယူ​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​တွင် အလွန်​ထူးခြား​ကောင်းမွန်​သည့် စံနမူနာ​များ ပါရှိ​၏။ ယေရှု​က မိမိ၏​နောက်လိုက်​များ​အား “ကောင်းကင်ဘုံ​၌​ရှိတော်မူသော ကျွန်ုပ်​တို့၏​အဘ” ဟူ၍ ဆုတောင်း​ကြ​ရန် သွန်သင်ပေး​ချိန်​တွင် ကျွန်ုပ်​တို့​တုပ​ရမည့် အကောင်းဆုံး​ပုံ​နမူနာကို ဖော်ပြ​ခဲ့​သည်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို ဖော်ပြ​ရာ​တွင် သမ္မာကျမ်းစာ​က “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟု ရိုးရိုးလေး​ဆို​သည်။ လူသား​ဖခင်​တစ်ဦး​သည် ဤ​မေတ္တာ​ဆိုင်ရာ​စံနမူနာ​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း။ တမန်​တော်​ပေါလု​က “ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့။ . . . မေတ္တာ​တရား၌​ကျင်လည်​ကြလော့” ဟု တိုက်တွန်း​အားပေးခဲ့​သည်။—မဿဲ ၆:၉၊ ၁၀; ၁ ယောဟန် ၄:၈; ဧဖက် ၅:၁၊ ၂

သင်သည် ဖခင်​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သားတော်​ယေရှု​နှင့် ဘုရားသခင်​ဆက်ဆံ​ခဲ့​ချိန်​က အဖြစ်အပျက်​လေး​တစ်ခု​မှ အဘယ်အရာ​သင်ယူ​နိုင်​သည်ကို သုံးသပ်ကြည့်​ပါ။ ယေရှု​နှစ်ခြင်း​ခံ​ချိန်​တွင် “ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း” ဟု ကောင်းကင်​မှ ဘုရားသခင့်​အသံတော်​ကို ကြား​ခဲ့​ရ​ကြောင်း မဿဲ ၃:၁၇ တွင် ဖော်ပြ​ထား​သည်။ ယင်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ သင်ယူ​နိုင်​သနည်း။

ဦးဆုံး၊ ဖခင်​တစ်ဦး​က တစ်စုံ​တစ်ယောက်​အား ‘ဒါ ကျွန်တော့်​သား​လေ သို့​မဟုတ် ‘ဒါ ကျွန်တော့်​သမီး​လေ’ ဟု ဂုဏ်ယူ​ဝင့်ကြွား​စွာ ပြောလိုက်​ချိန်​တွင် ရင်သွေး​ဖြစ်သူ မည်သို့​ခံစား​လိုက်ရမည်​ကို တွေးဆ​ကြည့်​လိုက်ပါ။ မိဘ​၏​ဂရုစိုက်​မှု အထူးသဖြင့် အပြုသဘောဆောင်​သည့် အသိအမှတ်ပြု​မှု​ကို ခံ​နေရ​လျှင် သူတို့​လေး​၏​ဘဝ လှပ​ဖွံ့ဖြိုး​နေတတ်​သည်။ မိဘ​၏​နှစ်သက်​လက်ခံမှု ရထိုက်​သူ​ဖြစ်အောင်​လည်း ပို​၍​ကြိုးစား​လို​စိတ်​ရှိလာ​မည်။

ဒုတိယ​အနေ​နှင့် “နှစ်သက်​မြတ်နိုးရာ” ဟု​ခေါ်​လိုက်ခြင်းက ယေရှု​အပေါ်​ထား​ရှိသည့် ဘုရားသခင်​၏​ခံစားချက်​ကို ဖော်ထုတ်ပြ​နေသည်။ ခမည်းတော်​ထံ​မှ ချစ်ခင်​မြတ်နိုး​ကြောင်း ထုတ်ဖော်​ပြောဆိုချက်​သည် ယေရှု၏​စိတ်​နှလုံးကို ပီတိဖြာ​ဝေ​သွား​စေ​ပေမည်။ သင်သည် ထုတ်ဖော်​ပြောဆို​ဖို့ အချိန်ပေး​၍​တစ်မျိုး အလေးထား​ဂရုစိုက်​၍​တစ်​ဖုံ သူတို့​လေး​များ​ကို အလွန်​ချစ်​မြတ်နိုး​ကြောင်း ပြသ​မည်​ဆိုလျှင် သူတို့လည်း စိတ်အားတက်​လာ​ကြ​မည်။

တတိယ​အချက်​မှာ၊ ဘုရားသခင်​သည် သားတော်​အား “ငါ​၏​ချစ်​သား” ဟူ၍ မိန့်တော်မူ​ခဲ့​၏။ (မာကု ၁:၁၁) ယင်းသည်​လည်း ဖခင်​တစ်ဦး အရေးတကြီး​လုပ်ဆောင်​ရမည့် အရာတစ်ခု​ဖြစ်၏၊ ဆိုလိုသည်မှာ သူတို့​လေး​များနှင့်​နေရ​သည်​မှာ ကြည်နူး​စ​ရာ​ဖြစ်​ကြောင်း သားသမီးတို့​အား ပြောပြ​ရန်ဖြစ်​သည်။ ကလေး​တစ်ဦး​သည် ရံဖန်ရံခါ အမှား​ပြု​တတ်​သည်​မှာ မှန်ပါသည်။ ကျွန်ုပ်​တို့အားလုံး အမှား​ပြု​တတ်ကြ​၏။ သို့သော် ဖခင်​တစ်ဦး​အနေ​နှင့် သင်သည် သင့်​သားသမီး​များ​၏ ချီးမွမ်းဖွယ်​အပြု​အမူ၊ အပြောအဆို​လေး​များ​ကို ရှာဖွေ​ထုတ်ပြော​တတ်​သူ​ဖြစ်ပါ​သလော။

ယေရှုသည် မိမိ၏​ကောင်းကင်​ခမည်းတော်​ထံ​မှ ကောင်းကောင်း​သင်ယူ​ခဲ့​သည်။ ခမည်းတော်​သည် မြေကြီး​သားသမီး​များ​အပေါ် အဘယ်​သို့​ခံစား​ပေး​ကြောင်း ကိုယ်တော်​ကမ္ဘာ​ပေါ်​ရှိ​စဉ် အပြော​အားဖြင့်​ဖြစ်စေ၊ စံနမူနာ​ပြ​၍​ဖြစ်စေ ဖော်ပြ​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁၄:၉) ယေရှုသည် အလုပ်များ​ကာ စိတ်ဖိစီး​ခံ​နေရ​ချိန်​၌​ပင် ကလေး​သူငယ်​များနှင့်​ထိုင်​စကားပြော​ရန် အချိန်ပေး​ခဲ့​သည်။ “ထို​သူငယ်​တို့ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီးတား​ကြ​နှင့်” ဟု တပည့်​နောက်လိုက်​များ​အား ကိုယ်တော်​မိန့်ဆိုခဲ့​၏။ (မာကု ၁၀:၁၄) ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော့်​သားတော်​တို့၏ စံနမူနာ​ကို အသင်​ဖခင်​များ အပြည့်အဝ​လိုက်လျှောက်​နိုင်​ပါ​မည်​လော။

စံနမူနာ အရေးပါ

သင့်​သားသမီး​များ​အတွက် စံနမူနာ​ကောင်း​ပြသ​ရန် အလွန်​အရေးကြီး​၏။ သင်​ကိုယ်တိုင်​က ဘုရားသခင်​၏​ဆုံးမ​ပဲ့ပြင်​မှု​ကို လက်အောက်​မခံ၊ ကိုယ်တော်​၏​စည်းမျဉ်း​အတိုင်း​မသွား​လျှင် သားသမီး​များ​အား ‘ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်သဘော​တော်​အတိုင်း သူတို့ကို ဆက်၍​ပြုစု​ပျိုးထောင်​ပေး’ ရန် သင်၏​ကြိုးပမ်းမှု​များ​မှာ အရာထင်​မည်​မဟုတ်​ချေ။ (ဧဖက် ၆:၄က​ဘ) သို့ရာတွင် သားသမီး​များ​ကို ကြည့်ရှု​စောင့်ရှောက်​ပါ​ဟူသော ဘုရားသခင့်​မိန့်မှာချက်ကို လိုက်နာ​ဆောင်ရွက်ရန် အဘယ်​အတားအဆီး​ကို​မဆို ကိုယ်တော်​၏​အကူအညီ​ဖြင့် သင်​ကျော်လွှား​နိုင်​ပါ​သည်။

ယခင်​ဆိုဗီယက်​ပြည်ထောင်စု​မှ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ ဗစ်ခ်​တာ ဂူ​ရှ်​မ​စ်တ်​၏ ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ ၁၉၅၇ အောက်တိုဘာ​လ​တွင် မိမိ၏​ယုံကြည်ခြင်း​အကြောင်း ဟောပြော​သည့်​အတွက် ထောင်ဒဏ်​ဆယ်နှစ်​ချ​ခံ​ခဲ့​ရ၏။ ဇနီးသည် ပါ​လီ​နာ​နှင့် သမီး​ငယ်​နှစ်ဦး​ကို သူ​ထားရစ်​ခဲ့​ရ၏။ အကျဉ်းထောင်​ထဲ​တွင်​ရှိ​စဉ် မိသားစု​ထံ သူ​စာရေး​ခွင့်​ရ​သော်လည်း ဘုရားသခင်​အကြောင်း​ဖြစ်စေ၊ ဘာသာရေး​အကြောင်း​ဖြစ်စေ ရေးသား​ခွင့်​မရှိ​ချေ။ ဤ​အခက်အခဲ​များ​ကြား​မှ ဗစ်ခ်​တာ​သည် ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရန် ဆုံးဖြတ်ထား​သည်၊ မိမိ၏​ကလေး​များ​အား ဘုရားသခင်​အကြောင်း သွန်သင်​ပေးဖို့​လည်း အလွန်​အရေးကြီး​သည်ကို ဗစ်ခ်​တာ​သိရှိ​ထား​သည်။ သို့​နှင့် သူ​အဘယ်အရာ​ပြု​ခဲ့​သနည်း။

ငယ်ရွယ်​သော သဘာဝ​ပညာရှင်​နှင့် သဘာဝတရား​ဆို​တဲ့ ဆိုဗီယက်​မဂ္ဂဇင်း​မှာ အခြေခံ​အကြောင်း​တွေ ကျွန်တော်​ရှာတွေ့​သွားတယ်။ ပို့စကတ်​တွေ​ပေါ်မှာ တိရစ္ဆာန်​ပုံ​တွေ၊ လူ​ပုံ​တွေ​ဆွဲ​ပြီး ဇာတ်လမ်း​တစ်ပုဒ် ဒါမှ​မဟုတ် သဘာဝ​လောက​နဲ့​ပတ်သက်​တဲ့ အတွေ့အကြုံ​တစ်ခု​ကို ထည့်သွင်း​ဖော်ပြ​လိုက်တယ်” ဟု ဗစ်ခ်​တာ​က ပြန်​ပြောပြ​သည်။

“အဲဒီ​ပို့စကတ်​တွေ​ကို ကျွန်မ​တို့​ရတာ​နဲ့ သမ္မာကျမ်းစာ​အကြောင်းအရာတွေ​နဲ့ ချက်ချင်းပဲ ဆက်စပ်​လိုက်ကြတယ်။ ဥပမာ၊ ပို့စကတ်​တွေ​မှာ ရေ​မြေ​တောတောင်​သဘာဝရဲ့ အလှအပ​တွေ ပါ​လာတဲ့အခါ ကမ္ဘာကြီး​ကို ပရဒိသု​ဖြစ်အောင် လုပ်ပေးမယ်​ဆို​တဲ့ ဘုရားသခင်ရဲ့​ကတိတော်​အကြောင်းပါ​တဲ့ ဟေရှာယ အခန်းကြီး ၆၅ ကို ကျွန်မ​ဖတ်​တယ်” ဟု ပါ​လီ​နာ​က​ဆို​သည်။

“အဲဒီ​အချိန်​ရောက်ရင် ကျွန်မ​တို့​နဲ့​အတူ အမေ​ဆုတောင်း​တတ်တယ်၊ ပြီး​တော့ ကျွန်မ​တို့ ငို​ကြတယ်။ ကျွန်မ​တို့​ကြီးပြင်း​လာ​ရေး​မှာ အဲဒီ​ကတ်​လေး​တွေ​က အဓိက​ကဏ္ဍ​မှာ ပါဝင်​ခဲ့တယ်” ဟု ဗစ်ခ်​တာ​၏​သမီး​ဖြစ်သူ ယူ​လီ​ရာ​က ပြန်​ပြောပြ​သည်။ အကျိုး​ရလဒ်​အနေ​နှင့် “သမီးလေး​တွေ​ဟာ ကလေး​ဘဝက​စပြီး ဘုရားသခင်​ကို အရမ်း​ချစ်တတ်​လာကြတယ်” ဟု ပါ​လီ​နာ​က​ဆို​၏။ ယခု မိသားစု​၏​အခြေအနေ​ကော အသို့နည်း။

“အခု ကျွန်တော့်​သမီးတွေဟာ ခရစ်ယာန်​အကြီးအကဲ​တွေ​နဲ့ အိမ်ထောင်​ကျ​ပြီး သူတို့​အားလုံး​မှာ ယေဟောဝါ​ရဲ့​အမှုတော်ကို တည်တည်​ကြည်​ကြည် ထမ်းဆောင်​နေတဲ့ သားသမီးတွေ​ရှိကြ​တဲ့ ဝိညာဉ်​ရေး​ခိုင်မာ​တဲ့​မိသားစု​တွေ ရှိနေကြပြီ” ဟု ဗစ်ခ်​တာ​က ရှင်းပြသည်။

စံနမူနာ​ကောင်း​ပြ​ရာ​တွင် ဖန်တီး​တီထွင်​တတ်​ရုံ​သာမက အားထုတ်မှု​လည်း​လို​လေ့​ရှိ၏။ မိမိတို့၏​ဖခင်​သည် အမှန်တကယ် အင်တိုက်အားတိုက်​ကြိုးစား​နေကြောင်း သားသမီး​များ တွေ့မြင်​ရသည့်​အခါ သူတို့၏​စိတ်​နှလုံးကို သွား​၍​ရိုက်ခတ်​ဖို့​အကြောင်း​ရှိသည်။ အချိန်ပြည့်​ဓမ္မ​အမှု​လုပ်ငန်း​တွင် နှစ်ပေါင်း​များစွာ ပါဝင်​ခဲ့​သည့် သား​ဖြစ်သူ​က “တစ်ခါ​တ​လေ အဖေဟာ အလုပ်​ကနေ အရမ်း​ပင်ပန်း​လာတဲ့​အတွက် တက်တက်ကြွကြွ မရှိ​နိုင်​တော့​ဘူး၊ ဒါပေမဲ့ သူ​ဘယ်လောက်​ပဲ​ပင်ပန်း​နေပါ​စေ ကျွန်တော်​တို့​နဲ့ ကျမ်းစာ​လေ့လာ​တယ်။ အဲဒါက​နေ မိသားစု​လေ့လာမှု​ဟာ အရမ်း​အရေးကြီးတယ်ဆိုတာ​ကို ကျွန်တော်​တို့ သိမြင်ခဲ့​ကြတယ်။”

ရှင်း​နေသည်​မှာ ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရေး​သည် အပြော​နှင့်​ကော အလုပ်​ဖြင့်​ပါ စံနမူနာ​ကောင်း​ပြဖို့​အရေးကြီး​သည်။ “သူငယ်သွားရာ​လမ်းဝ၌ ဆုံးမ​သွန်သင်​လော့။ သို့ပြုလျှင် သူသည် အို​သောအခါ ထို​လမ်း​မှ​မလွှဲ လိုက်သွား​လိမ့်​မည်” ဆို​သည့် နယပုံပြင်​ကျမ်း မှန်ကန်ကြောင်း သင်​သိမြင်​လိုလျှင် ထိုသို့​ပြုလုပ်​ရန်လို​ပေ​သည်။—သု. ၂၂:၆

သင့်​အပြော​က​သာ အရေးပါ​သည်မဟုတ်၊ အထူးသဖြင့် သင်​လုပ်ဆောင်​သည့်​အရာ၊ သင်​ပြ​သည့်​ပုံ​နမူနာ​ပါ အရေးပါ​ကြောင်း သတိရပါ။ ကလေး​တို့၏​ပညာရေး​နှင့်​စပ်လျဉ်း၍ ကနေဒါ​လူမျိုး​ပညာရှင်​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “ကျွန်ုပ်​တို့၏​သားသမီး​များ​အား [ကျွန်ုပ်​တို့​ဖြစ်စေချင်​သည့်​ပုံစံ​အတိုင်း] ပြုမူ​စေသည့် အကောင်းဆုံးနည်း​လမ်းမှာ မိမိ​လိုချင်​သော​အပြုအမူကို မိမိ​ကိုယ်တိုင် ပြသခြင်း​ဖြစ်​ပေ​သည်။” သင်သည် သားသမီး​များ​အား ဝိညာဉ်​ရေးရာ​များ​ကို တန်ဖိုး​ထား​စေ​လိုလျှင် အသင်​ကိုယ်တိုင် တန်ဖိုး​ထား​ဖို့​အရေးကြီး​၏။

သူတို့​လေး​များ​အတွက် အချိန်​ရှာယူပါ!

သင်၏​သားသမီး​များသည် သင်၏​စံနမူနာ​ကောင်း​ကို တွေ့မြင်​ရဖို့ လို​သည်။ ဆိုလိုသည်မှာ သူတို့​လေး​များ​ကို ခဏ​တစ်​ဖြုတ်​သာ​မဟုတ်ဘဲ အချိန်​များစွာ​ပေးဖို့​လို​သည်။ သူတို့​လေး​များနှင့်​အတူ​နေနိုင်​ရန် ‘အချိန်ကို​ဝယ်ယူ​ပါ၊’ တစ်နည်း​ဆို​ရ​လျှင် အရေး​မကြီး​လှ​သည့်​အရာများ​ကို စွန့်လွှတ်​ပါ​ဟူသော ကျမ်းစာ​အကြံပေး​ချက်​ကို အမြော်အမြင်​ရှိ​ရှိ​လိုက်နာပါ။ (ဧဖက် ၅:၁၅၊ ၁၆က​ဘ) အမှန်တကယ်​တွင် အဘယ်အရာ​သည် မိမိ၏​သားသမီး​များ​ထက် ပို​အရေးကြီး​အံ့​နည်း။ တီဗွီ​ကြီးကြီး​တစ်လုံး​လော၊ ကြေးစား​ဂေါက်သီး​ရိုက်​တံ​တစ်စုံ​လော၊ အိမ်​လှလှလေး​တစ်လုံး​လော၊ အလုပ်အကိုင်​လော။

‘အငယ်​တည်း​က မဆုံးမ​သော်၊ မိဘ​တစ်​လည် ရန်သူ​မည်​၏’ ဟူသော အကျွမ်းဝင်​သည့် ဆိုရိုး​စကား​တစ်ခွန်း​ရှိ၏။ ဖခင်​များသည် သားသမီး​များ အကျင့်​ယိုယွင်းမှု သို့​မဟုတ် ဝိညာဉ်​ရေး​စိတ်ထား​ကင်းမဲ့​သည့် ဘဝ​ပုံစံ​ဖြင့် လေလွင့်​သွား​သည့်​အချိန်​ကျ​မှ နောင်တ​ကြီးစွာ​ရလေ့​ရှိသည်။ အများအားဖြင့် ဖခင်​ကို အမှန်တကယ်​လိုအပ်ချိန်​တွင် သူတို့​လေး​များ​ဘေး​တွင် မရှိခဲ့​မိ​သည့်​အတွက် သူတို့ ယူကျုံး​မရ​ဖြစ်​ရလေ​သည်။

သင့်​သားသမီး​များ ငယ်​နု​ချိန်​သည် မည်သည့်​အကျိုးဆက်များ​အား သင်​ရွေးယူ​မည်​ကို စဉ်းစား​ရမည့်​အချိန်​ဖြစ်​ကြောင်း သတိရပါ​လေ။ သမ္မာကျမ်းစာ​က သင့်​သားသမီး​များ​ကို ယေဟောဝါ “ဆုချ​၍ ပေးသနား​တော်​မူ​သော အမွေဥစ္စာ” ဟု​ဆို​ထား​ရာ ဘုရားသခင်​ကိုယ်တော်တိုင် သင့်ထံ အပ်နှင်း​ခဲ့​ရာ​ဖြစ်​ပေ​သည်။ (ဆာလံ ၁၂၇:၃) ထို့​ကြောင့် သူတို့​လေး​များ​အတွက် ဘုရားသခင်​ထံ သင် စာရင်း​ရှင်း​ရမည်ကို ဘယ်တော့​မျှ မမေ့​ပါ​နှင့်!

အကူအညီ​က အရန်​သင့်

ဖခင်ကောင်း​တစ်ဦး​သည် သားသမီး​များ​အတွက် အကျိုး​ရှိစေ​မည့် အကူအညီကို လက်ခံ​ယူ​လို​စိတ်​ပြင်းပြ​သည်။ ကောင်းကင်တမန်​တစ်ပါး​က မာနော်​၏​ဇနီး​အား ကလေး​ရတော့​မည့်​အကြောင်း ပြောပြ​ပြီး​နောက် မာနော်​က “အကျွန်ုပ်​တို့သည် ဖွားမြင်​လတ္တံ့​သော​သူငယ်​၌ အဘယ်​သို့​ပြု​ရမည်ကို ဘုရားသခင်​၏​တမန်​တော်​သည် တစ်ဖန်​လာ၍ သွန်သင်​စေတော်မူ​ပါ” ဟု ဘုရားသခင်​ထံ တောင်းလျှောက်​ခဲ့​သည်။ (တရားသူကြီး ၁၃:၈၊ ၉) မျက်မှောက်ခေတ် မိဘများ​ကဲ့သို့​ပင် မာနော်​လည်း အဘယ်​အကူအညီ​မျိုး လိုအပ်​ခဲ့​သနည်း။ သုံးသပ်ကြည့်​ကြ​စို့။

တောင်​အာဖရိက​နိုင်ငံ၊ ကိပ်​တောင်း​တက္ကသိုလ်​မှ ဆရာ​တစ်ဦး​ဖြစ်သူ ဘ​ရ​န့်တ် ဘာ​ဂို​နီ​က “ကလေး​တစ်ဦး​ကို ပေး​နိုင်​သည့် အကြီးမားဆုံး​လက်ဆောင်​တစ်ခု​မှာ မြင့်မား​သည့်​စံနှုန်း​များ သွန်သင်​ပေးခြင်း​ဖြစ်သည်” ဟု ထုတ်ဖော်​ပြောဆို​ခဲ့​၏။ ယင်း​သို့​သော အစီအစဉ်​တစ်ခု​ကို သားသမီး​များ သွန်သင်ခံ​ရဖို့​လို​သည်​ဟူသော​အချက်​ကို ဂျပန်​နိုင်ငံ​ထုတ် ဒေးလီး ယို​မီ​ယူ​ရီ​သတင်းစာ​ပါ သတင်း​တစ်ပုဒ်​တွင် တွေ့ရှိ​နိုင်​သည်၊ ဤ​သတင်းစာ​က “ဂျပန်​ကလေး​သူငယ် ၇၁ ရာခိုင်နှုန်း​သည် လိမ်​မပြော​ရ​ဟူသော ဖခင်​၏​ပြောဆို​ဆုံးမမှု​ကို တစ်ခါမျှ မခံခဲ့​ရ​ကြောင်း ဆန်းစစ်​လေ့လာချက် [တစ်ရပ်] က ဖော်ပြ​သည်” ဟု မှတ်ချက်ချ​ထား​သည်။ အမှန်ပင် ဝမ်းနည်းစရာ​မကောင်း​ပေ​လော။

အားထား​လောက်​သော စံနှုန်း​အစီအစဉ်ကို မည်သူ​ပေးစွမ်း​နိုင်​သနည်း။ မာနော်​အား လမ်းညွှန်​ပေး​ခဲ့​သည့် ဘုရားသခင်​ကိုယ်တိုင်​ပင်​တည်း! အကူအညီ​ပေး​ရန် မိမိ​ချစ်​မြတ်နိုး​ရသည့်​သားတော်​ယေရှုကို မိမိ​အား ခေါ်ဆို​လေ့​ရှိသည့် အသုံးအနှုန်း​ဖြစ်သော သွန်သင်သူ​အဖြစ် ဘုရားသခင်​စေလွှတ်​တော်​မူ​ခဲ့​၏။ ယခု​အခါ ငယ်ရွယ်သူ​များ​အား သွန်သင်ပေး​ရာ​တွင် သင်​အသုံးပြုရန် ယေရှု၏​သွန်သင်ချက်​များစွာ​ပါရှိ​သည့် ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​စာအုပ်​ကို ဘာသာ​စကား​များစွာ​ဖြင့် ရရှိနိုင်​ပါ​သည်။

ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​စာအုပ်​သည် သမ္မာကျမ်းစာ​အပေါ်​အခြေပြု​သည့် စံနှုန်း​များ​အကြောင်း ရှင်းပြ​ပေး​သည်​သာမက မေးခွန်းများကို ရည်ညွှန်း​သည့် ရုပ်ပုံ ၁၆၀ ကျော်​နှင့်အတူ စာသား​များ​ကို သရုပ်ဖော်​ပေး​ထား​ပါ​သည်။ ဥပမာ၊ “ဘာကြောင့် လိမ်​မပြော​သင့်တဲ့​အကြောင်း” ဟူ၍ ခေါင်းစဉ်​တပ်ထား​သည့် အခန်း ၂၂၊ စာမျက်နှာ ၁၁၇ ၌​တွေ့ရ​သည့် ရုပ်ပုံ​ပါရှိ​သော စာမျက်နှာ​ပေါ်​တွင် ဤ​စာသား​ပါရှိ​သည်– ယောက်ျားလေး​တစ်ယောက်​က သူ့​ဖေဖေ​ကို “အိမ်ထဲမှာ ဘောလုံး မကစား​ပါ​ဘူး” ဆိုပြီး​ပြော​တယ် ဆို​ကြပါစို့။ ဒါပေမဲ့ တကယ်တမ်း​ကျ​တော့ ကစား​ခဲ့တယ်​ဆိုရင်ကော။ မကစား​ပါ​ဘူးလို့ ပြော​တာ​ဟာ မှားတယ် မဟုတ်လား။

အဆိုပါ​စာအုပ်​တွင် အခန်း ၄၈ ခန်း​ပါရှိ​သည့်​အနက် အနည်းငယ် ဖော်ပြ​ရမည်​ဆိုလျှင် “နာခံမှု​က အကာအကွယ်​ပေးတယ်၊” “စုံစမ်း​သွေးဆောင်မှုတွေကို ခုခံ​ရမယ်၊” “ကြင်နာ​တတ်​ဖို့ သင်ခန်းစာ၊” “ဘယ်တော့မှ သူခိုး မဖြစ်စေ​ပါ​နဲ့၊” “ပါတီပွဲ​အားလုံး​ကို ဘုရားသခင် ကြိုက်​သလား၊” “ဘုရားသခင် ပျော်ရွှင်​အောင် ဘယ်လို​လုပ်နိုင်တဲ့​အကြောင်း” နှင့် “အလုပ်လုပ်ဖို့ လိုအပ်​ရတဲ့​အကြောင်း” ဟူ၍ ခေါင်းစဉ်​တပ်ထား​သည့် အခန်း​များ​က​လည်း ထိရောက်​သည့် သင်ခန်းစာများ သွန်သင်​ပေး​ပါ​သည်။

အဆိုပါ​စာအုပ်​၏ နိဒါန်းက ဤသို့​ကောက်ချက်​ချ​သည်– “ကလေး​များသည် ခပ်သိမ်း​သော​ဉာဏ်ပညာ​၏ ရင်းမြစ်​ဖြစ်သည့် ကောင်းကင်​ခမည်းတော်၊ ယေဟောဝါ ဘုရားသခင်​ထံ​သို့ ဦးတည်​ညွှန်ပြ​ပေးခြင်း​ကို အထူးသဖြင့် လိုအပ်​ကြသည်။ ကြီးမြတ်သော​ဆရာ ယေရှုသည် ဤသို့​ပင် အမြဲတစေ ပြုလုပ်​တော်​မူ​၏။ ဤ​စာအုပ်​သည် သင်​နှင့် သင့်​မိသားစု​ဘဝကို ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့သော ပုံစံ​ဖြစ်​လာအောင် ပုံသွင်း​ပေးခြင်း​ဖြင့် ထာဝရ ကောင်းချီး​မင်္ဂလာ ရရှိစေ​မည်​ဟု ကျွန်ုပ်​တို့ ရိုးသား​စွာ​ဖြင့် မျှော်လင့်​ပါ​သည်။ *

ဖခင်ကောင်း​တစ်ဦး​ဖြစ်​ရေး​တွင် သင့်​သားသမီး​များ​အတွက် စံနမူနာ​ကောင်း​ပြ​ခြင်း၊ သူတို့နှင့်​အတူ အချိန်​များစွာ​အသုံးပြုခြင်း​နှင့် သမ္မာကျမ်းစာ​၌ ဖော်ပြ​ထား​သည့်​အတိုင်း ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် သူတို့​လေး​များ​ကို ကူညီ​ပေးခြင်း​တို့ ပါဝင်​သည်​မှာ ရှင်းနေပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 35 ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ်၊ လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​နှင့် မိသားစု​ပျော်ရွှင်မှု​၏ လျှို့ဝှက်ချက်​စာအုပ်​တို့သည် မိသားစု​များ​ကို ကူညီ​ပေး​ရန် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် အခြားသော​စာအုပ်​များ​ဖြစ်​ကြ​ပါ​သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ထောင်ကျ​နေ​သော်လည်း ဗစ်ခ်​တာ ဂူ​ရှ်​မ​စ်တ်​သည် ဖခင်ကောင်း​တစ်ဦး ဖြစ်​နိုင်​ခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

မိမိ၏​ယုံကြည်ခြင်း​ကြောင့် အကျဉ်း​ချ​ခံ​နေရ​စဉ် ဗစ်ခ်​တာ​သည် ဤ​ရုပ်ပုံများ​ကို ရေးဆွဲ​ကာ မိမိ၏​ကလေး​များ​ကို သွန်သင်​ပေး​ခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

၁၉၆၅ ခုနှစ်​က ဗစ်ခ်​တာ​၏​သမီး​များ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖခင်​များသည် မိမိတို့၏​သားသမီး​များ​အား သွန်သင်ပေး​ရာ​တွင် တက်တက်ကြွကြွ ပါဝင်​သင့်