မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖခင်မဲ့များ ကြီးထွားလာသော ပြဿနာတစ်ရပ်

ဖခင်မဲ့များ ကြီးထွားလာသော ပြဿနာတစ်ရပ်

ဖခင်​မဲ့​များ ကြီးထွား​လာသော ပြဿနာ​တစ်ရပ်

ဖခင်​များ​၏ ပစ်ထား​ခြင်း​ကို​ခံရ​သော မိသားစု​များ များသည်ထက်​များ​လာ​နေပြီ။ ၁၉၉၀ ပြည့်လွန်​နှစ်များ​အတွင်း အမေရိကန်​ပြည်ထောင်စု​သည် “ဖခင်​မရှိသည့် မိသားစု​အရေအတွက် အများဆုံး​နိုင်ငံ” ဖြစ်သည်​ဟု ယူအက်စ်​အေ တူဒေး သတင်းစာ​က​ဆို​၏။ သို့သော် ဖခင်​မဲ့​ရခြင်း​အဖြစ်​သည် ကမ္ဘာချီ​ပြဿနာ​တစ်ရပ်​ဖြစ်နေ​သည်။

ဘရာဇီး​လ်​နိုင်ငံ​တွင် မိသားစု စုစုပေါင်း ၄၄.၇ သန်း​အနက် အမျိုးသမီးများ ဦးစီး​သည့် မိသားစု​အရေအတွက်​မှာ ၁၁.၂ သန်း​ဖြစ်​ကြောင်း ၂၀၀၀ ပြည့်နှစ် သန်း​ခေါင်​စာရင်း​မှတ်တမ်း​တစ်ခု​က ဖော်ပြ​ခဲ့​သည်။ နီကာရာဂွာ​နိုင်ငံ​တွင် ကလေး​သူငယ် ၂၅ ရာခိုင်နှုန်း​သည် မိခင်​နှင့်​သာ နေထိုင်ကြ​ရ၏။ ကော့စတာ​ရီ​ကာ​နိုင်ငံ​တွင် ဖခင်​၏​အသိအမှတ်ပြု​မှု​ကို မခံရ​ရှာ​သော ကလေး​သူငယ်​အရေအတွက်​မှာ ၁၉၉၀ ပြည့်လွန်​နှစ်များ​အတွင်း ၂၁.၁ ရာခိုင်နှုန်း​မှ ၃၀.၄ ရာခိုင်နှုန်း​သို့ ထိုး​တက်​သွားခဲ့သည်။

အဆိုပါ​နိုင်ငံသုံး​နိုင်ငံ​၏ ကိန်း​ဂဏန်း​များသည် ကမ္ဘာချီ​ခေတ်​ရေစီးကြောင်း​၏ နမူနာ​အချို့သာ​ဖြစ်​ပေ​သည်။ ဖခင်​မဲ့​များ​ပြဿနာ​၏ အခြား​အသွင်​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။

ရှိနေ​သော်လည်း တာဝန်​မ​ကျေ

“ဒယ်​ဒီ၊ ဘယ်တော့​ပြန်လာ​ဦး​မှာ​လဲ” လေးထောင့်ကွက်​ကို ကျေးဇူးပြု​၍​ကြည့်​ပါ။ ယခု အသက် ၂၃ နှစ်​ရှိပြီ​ဖြစ်သော နာ​အို​က ဤသို့​ဝန်ခံ​သည်– “ကျွန်မ မူလ​တန်း​ကျောင်း မ​တက်​ခင်​တုန်း​က အဖေ့ကို တွေ့ရ​ခဲ​တယ်။ တစ်ခါ​က သူ​ထွက်သွား​ခါနီး​မှာ ‘အဖေ ပြန်လာ​နော်’ လို့ ကျွန်မ​တောင်းပန်​ခဲ့​ဖူး​တယ်။”

နာ​အို​နှင့်​သူ၏​ဖခင်​ကဲ့သို့​သော မိသားစု​ဆက်ဆံမှု​များ​ကြောင့် ပိုလန်​စာရေး​ဆရာ ပျော်​တာ စ​ကာ​ခ​ဗစ်ခ်ျ​က “မိသားစုတွင် ဖခင်​သည် အရေးတကြီး ပျောက်ဆုံး​နေသည့် အကြောင်းရင်း​တစ်ရပ် ဖြစ်ပုံရ​သည်” ဟု ပြောဆို​ခဲ့​ရ၏။ ဖခင်​များစွာ​သည် မိသားစု​နှင့်အတူ​နေထိုင်ကြ​ပြီး ငွေ​ရေး​ကြေး​ရေး ထောက်ပံ့​ပေး​ကြသည်​မှာ မှန်ပါသည်။ သို့ရာတွင် ပြင်သစ်​မဂ္ဂဇင်း ကာ​ပီတာ ဆို​သည့်​အတိုင်း “ဖခင်​အများအပြား​သည် သွန်သင်​ဆုံးမ​ပေး​သူများ​မဖြစ်​လို​ကြ​ဘဲ အစာ​ရှာပေး​သူများ​ဖြစ်​ရုံ​နှင့် ကျေနပ်​နေကြ​သည်။”

ဖြစ်လေ့ဖြစ်ထ​ရှိသည်​မှာ ဖခင်​သည် မိသားစုတွင်​ရှိနေ သော်လည်း သားသမီးတို့၏​ဘဝ​ထဲ​တွင် ပါဝင်​ပတ်သက်မှု​မရှိခြင်း​ဖြစ်သည်။ အခြား​တစ်​နေရာကို သူ​အာရုံ​လွှဲ​ထား​၏။ “[ဖခင်] သည် လူသာ​ရှိပြီး စိတ်​မရှိ ဖြစ်နေ​သည်” ဟု ဖာမီ​ယေး ကရေတေ​ယင် ပြင်သစ်​မဂ္ဂဇင်းက​ဆို​သည်။ ယနေ့ ဖခင်​အတော်များများ​သည် စိတ်ပိုင်း​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​အရ မိသားစု​များနှင့် အဘယ်ကြောင့်​ကင်းကွာ​နေကြ​ရသနည်း။

အထက်ပါ​ဂျာနယ် ရှင်းပြ​သည့်​အတိုင်း အဓိက​အကြောင်း​မှာ “ဖခင်​ကဏ္ဍ၊ လင်ယောက်ျား​ကဏ္ဍ​ကို သူ​နားမလည်​၍​ဖြစ်သည်။” ဖခင်​များစွာ​၏ ရှုမြင်ချက်​အရ ဖခင်ကောင်း​တစ်ဦး၏​အခန်းကဏ္ဍ​မှာ အိမ်​သို့ လစာ​အလုံအလောက် ယူဆောင်​လာ​ခြင်း​ဖြစ်သည်။ “ဖခင်​အများ​က မိသားစုကို ငွေကြေး​ထောက်ပံ့​ပေး​သည့်​အတွက် မိမိတို့သည် မိဘ​ကောင်း​များ​ဖြစ်​ကြသည်​ဟူ၍ ထင်မှတ်​ကြ​၏” ဟု ပိုလန် လူမျိုး စာရေး​ဆရာ ယူ​ဇ​က်ဖ် ဩ​ဂတ်​စ​တင်း​က ဆို​သည်။ သို့သော် ငွေ​ရေး​ကြေး​ရေး​ထောက်ပံ့​ပေးခြင်း​သည် ဖခင်​ဝတ္တရား​၏ တစ်​ကဏ္ဍ​မျှ​ဖြစ်သည်။

အမှန်​မှာ သားသမီး​များသည် ဖခင်​၏​ဝင်ငွေ၊ သူ​ပေး​မည့် လက်ဆောင်​များ​ဖြင့် သူ့ကို​တန်ဖိုး​ဖြတ်​ကြသည်​မဟုတ်ပါ။ ၎င်း​အစား သားသမီး​များ အမှန်တကယ်​လိုချင်​ကြသည်​မှာ လက်ဆောင်​ပစ္စည်း​များ​ထက် သူတို့​ဖခင်​၏​မေတ္တာ၊ အချိန်​နှင့် ဂရုစိုက်​မှု​တို့​ဖြစ်​ပေ​သည်။ ယင်း​တို့သည် သူတို့​လေး​များ​အတွက် အမှန်တကယ်​အရေးပါသည့်​အရာများ ဖြစ်၏။

ပြန်လည်​ဆန်းစစ်​ကြည့်​ရန် လိုအပ်​နေ

ဂျပန်​ဗဟို​ပညာရေး​ကောင်စီ​၏ အစီရင်ခံစာ​အရ “ဖခင်​တို့သည် အလုပ်​တွင် အာရုံ​စုံးစုံးနှစ်မြှုပ်​ထား​သည့် သူတို့၏​ဘဝ​ပုံစံ​ကို ပြန်လည်​ဆန်းစစ်​ကြည့်​သင့်​ပေ​သည်။” မေးစရာ​မှာ ဖခင်​တစ်ဦး​သည် မိမိ​သားသမီး​များ​၏​အကျိုးအတွက် ပြုပြင်​ပြောင်းလဲ​နိုင်​ပါ​မည်​လော​ဖြစ်၏။ လေ့လာမှု​တစ်ရပ်​တွင် ဖခင်​များ​ကို တွေ့ဆုံ​မေးမြန်း​ကြည့်​ခဲ့​ကြ​ရာ အများစုက မိမိတို့၏​အလုပ်အကိုင်​ထက် သားသမီး​များ​ကို ဦးစား​ပေးဖို့ ငြင်းဆန်​ခဲ့​ကြ​ကြောင်း ဂျာမန်​သတင်းစာ ဂီ​စ​နာ အော်​လ်ဂီ​မိုင်​နာ​က ဖော်ပြ​သည်။

ကလေး​သူငယ်​များသည် မိမိတို့ကို ဖခင် စိတ်ဝင်စားမှု​ရှိ​ပုံ​မ​ပေါ်​သည့်​အတွက် အကြီးအကျယ် စိတ်ထိခိုက်​နိုင်​ကြ​ပါ​သည်။ ယခု အသက် ၂၁ နှစ်​ရှိ လီဒ်​ယာ​သည် မိမိ​ငယ်ရွယ်စဉ်​က ပိုလန်​နိုင်ငံ​တွင်​ရှိ ဖခင်​၏​ပုံပန်း​သဏ္ဌာန်​ကို ကွင်းကွင်းကွက်ကွက် အမှတ်ရနေ​ဆဲ​ဖြစ်သည်။ သူ​ဤသို့​ရှင်းပြ​၏– “ကျွန်မ​တို့​နဲ့ အဖေ ဘယ်တော့မှ စကားစမြည်​မပြောဘူး။ သီးခြား​ကမ္ဘာ​မှာ ကျွန်မ​တို့​နေခဲ့​ကြ​တာ။ ဒစ္စကို​ကပွဲ​ရုံ​တွေ​မှာ ကျွန်မ​အချိန်ဖြုန်း​တာ​ကိုလည်း သူ​မသိ​ဘူး။” အလားတူ၊ စပိန်​နိုင်ငံ​မှ အသက် ၂၁ နှစ်အရွယ်​ရှိ မာ​ကာ​ရေ​နာ ကလေး​ဘဝက သူ၏​ဖခင်​သည် “သူ့ရဲ့​မိတ်ဆွေတွေနဲ့ စ​နေ​တနင်္ဂနွေ​နေ့တွေမှာ ပျော်​ဖို့​ပါး​ဖို့ ထွက်သွား​တတ်တယ်၊ တစ်ခါ​တ​လေ တော်​တော်​နဲ့ ပြန်​မလာ​ဘူး” ဟု ပြောပြ​သည်။

ဦးစားပေး​ရာ​များ​ကို လျောက်ပတ်​စွာ ချမှတ်​ပေးခြင်း

ဖခင်​အတော်များများ​သည် မိမိတို့​သားသမီး​များ​ကို အချိန်​မပေး၊ ဂရုမစိုက်​ကြ​ကြောင်း သိ​ကြ​ပေမည်။ ဆယ်ကျော်သက်​အရွယ် သား​တစ်ဦး​ရှိ ဖခင်​ဖြစ်သူ​က ဤသို့​ဆို​သည်– “ကျွန်တော့်​အခြေအနေ​ကို သား နားလည်​ပေး​မယ်​လို့ မျှော်လင့်တယ်။ ကျွန်တော်​အလုပ်​များနေ​တာ​တောင် သူ့​အကြောင်း​ပဲ အမြဲ​စဉ်းစား​နေတယ်။” သို့​တိုင်၊ ဖခင်​၏​ပျက်ကွက်မှု​ကို ကလေး​က နားလည်​ပေး​မှာ​ပါ​ဟု မျှော်လင့်​နေ​ရုံ​နှင့် ပြဿနာ​ပြေလည်​သွား​မည်​လော။

ကလေး​တစ်ဦး၏ လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ရန် စစ်မှန်သော​အားထုတ်မှု​မ​က ကိုယ်ကျိုး​စွန့်​မှု မရှိမဖြစ်​လိုအပ်​သည်​မှာ သံသယ​မရှိ​ချေ။ ကလေး​များ အလိုအပ်ဆုံး​အရာ​ဖြစ်သည့် မေတ္တာ၊ အချိန်​နှင့် ဂရုစိုက်​မှု​တို့ကို​ပေး​ရန် လွယ်ကူ​မည်​မဟုတ်​ကြောင်း ရှင်းနေပါသည်။ ယေရှု​ခရစ်​က “လူသည် မုန့် [သို့​မဟုတ်၊ အစားအစာ] အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်” ဟု မိန့်တော်မူ​ခဲ့​၏။ (မဿဲ ၄:၄) ထို့​အပြင် ကလေး​များသည် ပစ္စည်းဥစ္စာ​ရှိ​ရုံ​နှင့် အောင်မြင်စွာ ကြီးထွား​လာနိုင်​မည်​မဟုတ်​သည်​ကား အမှန်ပင်။ ထို့​ကြောင့် ဖခင်​များ​အနေ​နှင့် သားသမီး​များ​အကျိုးအတွက် သင်​အလွန်​တန်ဖိုး​ထား​သည့် အချိန် သို့​မဟုတ် သင့်​အလုပ်အကိုင် တိုးတက်​ကြီးပွား​ရေး​ကို​ပင် အရှုံး​ခံ​လို​စိတ်​ရှိပါ​သလော။

၁၉၈၆၊ ဖေဖော်ဝါရီ ၁၀ ရက်​နေ့​ထုတ် မိုင်​နီ​ချီ နေ့စဉ်​သတင်း သတင်းစာ​က အမှန်တကယ်​တွင် မိမိ၏​သားသမီး​များ မည်မျှ​အရေးပါ​သည်ကို သိမြင်​လာ​သည့် ဖခင်​တစ်ဦး​အကြောင်း ဖော်ပြ​သည်။ “ဂျပန်​အမျိုးသား​မီး​ရထား​ဌာန (ဂျေ​အဲ​န်​အာရ်) ၏ အုပ်ချုပ်ရေး​အရာရှိ​တစ်ဦး​သည် မိသားစု​နှင့် ဆက်​ခွဲနေ​ထိုင်​မည့်​အစား အလုပ်​မှ​နုတ်ထွက်​ဖို့ ရွေးချယ်​လိုက်​သည်” ဟု ၎င်း​သတင်းစာ​က ဖော်ပြ​၏။ သည့်​အပြင် အဆိုပါ​အုပ်ချုပ်ရေး​အရာရှိ ပြော​ခဲ့​သည့်​စကား​ကို ဤသို့​ကိုးကား​ဖော်ပြ​ခဲ့​သည်– “ညွှန်ကြားရေးမှူး​တာဝန်ကို မည်သူ​မဆို ထမ်းဆောင်​နိုင်​ပါ​တယ်။ ဒါပေမဲ့ ကျွန်တော့်​သားသမီးတွေရဲ့ ဖခင်​ဆို​လို့ ကျွန်တော်​တစ်ယောက်တည်း​ပဲ​ရှိတယ်။”

ဖခင်ကောင်း​တစ်ဦး​ဖြစ်လာ​ရန် ဦးဆုံး​ခြေလှမ်း​မှာ အဘယ်​ဖခင်​မျိုးကို သားသမီး​များ​လိုအပ်ကြောင်း သိရှိ​ထား​ရန်ဖြစ်​သည်။ ထိုသို့​သော​ဖခင်​မျိုး​ဖြစ်​ရန် အဘယ်အရာ​ပါဝင်​ကြောင်း ဆန်းစစ်​ကြည့်​ကြပါစို့။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

“ဒယ်​ဒီ၊ ဘယ်တော့​ပြန်လာ​ဦး​မှာ​လဲ”

ငါး​နှစ်​သမီး နာ​အို​သည် သူ၏​ဖခင် အလုပ်သွား​ခါနီး တစ်ရက်​တွင် ဖခင်​အား ထိုသို့​မေးခဲ့သည်။ နာ​အို​၏​ဖခင်​သည် အိမ်​တွင်​နေထိုင်​သော်လည်း သူ့ကို တွေ့ရ​ခဲ​၏။ အများအားဖြင့် နာ​အို အိပ်ရာဝင်​ပြီး​နောက် အလုပ်​မှ​ပြန်ရောက်​လာ​တတ်​ပြီး နံနက်​အိပ်ရာ​မ​ထ​ခင် အလုပ်​သို့​သွားလေ့​ရှိသည်။