မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိခင်ဖြစ်စောလွန်းခြင်း

မိခင်ဖြစ်စောလွန်းခြင်း

မိခင်​ဖြစ်​စောလွန်း​ခြင်း

“ကျွန်မ​ရဲ့​ရည်းစား​က ဆွဲဆောင်မှု​ရှိတဲ့​သူပါ။ သူ့မှာ ငွေ​ရှိ​တော့ ကျွန်မ​တို့ လျှောက်​လည်​လို့​ရပြီး​ပျော်​လို့​ရတယ်။ ကျွန်မ ဓမ္မတာ​မလာ​တဲ့​အခါမှာ​တော့ တစ်ခုခု​မှားနေပြီ​လို့ သိလိုက်တယ်။ အမေ့ကို ဘယ်လို​ပြော​ရမလဲ။ ဘယ်လို​ကြောင့် ကျွန်မ ဒီလို​ဖြစ်​ရမှာ​လဲ။ ကျွန်မ​အသက်​က ၁၆ နှစ်ပဲ​ရှိသေးတာ၊ ဘာလုပ်​လို့ ဘာ​ကိုင်​ရ​မှန်း​မသိတော့ဘူး။”—နီ​ကိုးလ်။

ယနေ့ အသက်​သုံးဆယ့်​ငါး​နှစ်အရွယ်​ရှိပြီ​ဖြစ်သည့် နီ​ကိုးလ် *သည် ကိုယ့်​ကိုယ်ကို ယုံကြည်မှု​ရှိ၍ ဖျတ်လတ်​တက်ကြွ​သော ကလေး​သုံးယောက်​မိခင်​တစ်ဦး​ဖြစ်​နေပြီ။ သူ၏​အကြီးဆုံး​ကလေး​မှာ အသက် ၂၀ ရှိနေပြီ။ မှန်ပါသည်၊ လွန်ခဲ့သော​နှစ်များ​က သူသည် လက်မ​ထပ်​ဘဲ ကိုယ်ဝန်ဆောင်​သည့် ဆယ်ကျော်သက် သန်းပေါင်း​များစွာ​အနက် တစ်ဦး​ဖြစ်​ခဲ့​၏။ အခြား​ဆယ်ကျော်သက်​မိခင်များ​နည်းတူ သူသည် ထိတ်လန့်ဖွယ်​စိန်ခေါ်ချက်​များ၊ ခဲယဉ်း​သော​ဆုံးဖြတ်ချက်​များနှင့် မရေရာမှု​များနှင့်​ပြည့်နေ​သည့် နွံထဲ​တွင် နစ်​နေခဲ့ရ​၏။

မိမိ၏​ရွယ်တူချင်း​များ​က အဝတ်အစား​များ​အကြောင်း၊ ကျောင်း​ရမှတ်​များ​အကြောင်း စိုးရိမ်​တ​ကြီး​ပြောဆို​နေကြ​ချိန်​တွင် နီ​ကိုးလ်​က​မူ မိမိ​ဆယ်ကျော်သက်​နှောင်းပိုင်း​အချိန်​၏ အမှတ်အသား​များ​ဖြစ်သည့် စိတ်​ချောက်ချား​မှု၊ ငြင်းပယ်​ခံရ​မှု၊ ကြောက်ရွံ့​မှု၊ အမျက်ထွက်​မှု​နှင့် စိတ်ပျက်​မှု​တို့​မရှိသည့်​အလား ခံစား​နေရ​သည့် တုန်လှုပ်​ဖွယ်​အဖြစ်​တို့ကို ပြောဆို​လေ့​မရှိ​ချေ။ သို့သော်​ငြား​လည်း နီ​ကိုးလ်​၏​အခြေအနေ​မှာ မျှော်လင့်ချက်မဲ့​သည့်​အခြေအနေ မဟုတ်ပါ။ သူသည် မြင့်မားသော ကိုယ်ကျင့်တရား​များ​ကို ကြိုးစား​သွင်း​ပေး​ခဲ့​သည့် မေတ္တာပြည့်​ဝ​သော မိသားစု​မှ ပေါက်ဖွား​လာ​ခဲ့​သည်။ ယင်း​ကိုယ်ကျင့်တရား​များ​ကို တဒင်္ဂ လျစ်လျူရှု​မိ​ခဲ့​၍ ဆိုးကျိုး​များ ခံစား​လိုက်ရ​သော်လည်း နောက်ပိုင်း​တွင် ယင်း​စံနှုန်း​များ​က သူ၏​ဘဝကို အကျိုး​ဖြစ်ထွန်း​စေ​ခဲ့​ပြီး အဓိပ္ပာယ်​ရှိစေခဲ့​သည်။ “မျှော်လင့်ချက်​ဆိုတာ လုံးလုံး​ပျောက်ဆုံး​မသွား​ပါ​ဘူး” ဟူသည် သူ၏​ဆောင်ပုဒ်​ဖြစ်လာ​ခဲ့​၏။

ဆယ်ကျော်သက်​မိခင်​တိုင်း​တွင် ထောက်မ​ကူညီ​ပေး​သည့် မိသားစု​မရှိ၊ အဆိုပါ​အကောင်းမြင်​သဘောထား မရှိကြ​ခြင်း​သည် ဝမ်းနည်းစရာပင်။ များစွာ​တို့​မှာ မျှော်လင့်ချက်​ကင်းမဲ့​နေ​ဟန်​ရှိ ဆင်းရဲ​တွင်း​၌ ကျော့မိ​သွားခဲ့​ကြသည်။ တချို့​မှာ မတရား​ပြုကျင့်​ခံရ၊ အကြမ်းဖက်​ခံရ​ပြီး​နောက် စိတ်ထိခိုက်မှု​ဒဏ်​ကို ခံရပ်​ကြ​ရ​ပေမည်။

ယင်းသည် ဆယ်ကျော်သက်​မိခင်များ​၏ သားသမီး​များ​အတွက် ကောင်း​သည့်​လက္ခဏာ မဟုတ်​ချေ။ ဆယ်ကျော်သက်​မိခင်များ—နာကျင်မှု​နှင့် အလားအလာ​စာအုပ်​အဆို​အရ ဆယ်ကျော်သက်​မိခင်များ​၏ ကလေး​ငယ်​များသည် “ကိုယ်​အလေးချိန် မပြည့်​ခြင်း၊ ကလေး​ဘဝတွင် ပို​၍​ချူချာခြင်း၊ ကလေး​အရွယ်​တွင် သေဆုံးမှု​နှုန်း​ပို​များ​ခြင်း၊ ဆေးဝါး​ကုသမှု ပို​ညံ့ဖျင်းခြင်း၊ ဆာလောင်မှု​နှင့် အာဟာရ​ချို့တဲ့မှု​တို့ ပို​ခံစား​ရခြင်း​တို့ ဖြစ်တတ်​သည်၊ သူတို့သည် နိုင်​လို​မင်း​ထက်​ပြုခြင်း ပို​ခံရ​တတ်​ပြီး အသက်​ပို​ကြီး​သည့်​မိခင်များ​မှ မွေးဖွား​လာ​သည့် ကလေး​များ​ထက် ဖွံ့ဖြိုးမှု ပို​နှောင့်နှေး​ကြသည်။” စင်​စင်​အားဖြင့် ဆယ်ကျော်သက်​မိခင်များ​၏ သမီး​များသည် အသက်​ပို​ကြီး​သည့်​မိခင်များ​၏ သမီး​များ​ထက် ဆယ်ကျော်သက်​မိခင်​ဖြစ်လာ​နိုင်​စ​ရာ အကြောင်း​ပို​များသည်။

ဆယ်ကျော်သက်​ကိုယ်ဝန်​ဆောင်​မှု​သည် မည်မျှ​ပျံ့နှံ့​နေသနည်း။ မိမိတို့၏ မွေး​စ​ကလေး​များ​အား ကျွေးမွေး​ပြုစု​ခြင်း​၏​စိန်ခေါ်ချက်​များ​ကို ဆယ်ကျော်သက်​မိခင်များ မည်သို့​အောင်မြင်စွာ ရင်ဆိုင်​ဖြေရှင်း​နိုင်​သနည်း။ အစ​ကတည်းက ဤ​ရတက်မအေး​ဖွယ်​အခြေအနေ​ထဲ မ​သက်ဆင်း​မိ​စေရန် လူငယ်​လူရွယ်​များ​အား ကူညီ​ပေး​နိုင်​သည့် နည်းလမ်း​ရှိပါ​သလော။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​များ​တွင် ဆန်းစစ်​တင်ပြ​ထား​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​အခန်းဆက်​ဆောင်းပါး​များ​ရှိ နာမည်​အချို့​ကို ပြောင်း​ထား​ပါ​သည်။