မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအတွက် အကူအညီနှင့် အကာအကွယ်

လူငယ်များအတွက် အကူအညီနှင့် အကာအကွယ်

လူငယ်များ​အတွက် အကူအညီ​နှင့် အကာအကွယ်

ကလေး​သာ​သာ​ရှိသေး​သည့် မိန်းကလေး​တစ်ဦး လက်မ​ထပ်​ဘဲ ကိုယ်ဝန်​ရလာ​ခြင်း​သည် နှလုံး​ကြေကွဲစရာ​ပင်။ သို့​တိုင်၊ ဆယ်ကျော်သက်​ကိုယ်ဝန်​ဆောင်​မှု​သည် အနှံ့အပြား​ဖြစ်နေ​ပြီး လူတိုင်းကို တစ်နည်း​နည်းဖြင့် ထိခိုက်​စေ​၏။ ဆယ်ကျော်သက်​ကိုယ်ဝန်​ဆောင်​မှု​၏ ကြေကွဲဖွယ်​ဖြစ်ရပ်ဆိုး​သည် “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်​ကြလော့” ဟူသော ဘုရားသခင့်​မိန့်မှာချက်​၏ ဖြောင့်မှန်မှု သက်သေ​တစ်ရပ်​သာ​ဖြစ်သည်။—၁ ကောရိန္သု ၆:၁၈

သို့​ဖြစ်သည့်​တိုင်၊ ဘုရားသခင့်​နည်းလမ်းတော်​များနှင့်​အညီ သွန်သင်ခံ​ခဲ့​ရသည့် မိန်းမငယ်​လေး​တစ်ဦး​သည် ရံဖန်ရံခါ မိမိ​သိရှိ​ထား​ရာ​ကို လျစ်လျူရှု​လို၊ ငြင်းဆန်​လို​ပေမည်။ သူသည် လိင်ဆိုင်ရာ အကျင့်​ယိုယွင်း​ခဲ့​ပြီး ကိုယ်ဝန်​ရသွား​မည်။ စစ်မှန်သော​ခရစ်ယာန်​များ မည်သို့​တုံ့ပြန်​ကြ​မည်​နည်း။ ဤသို့​လမ်းလွဲ​သွား​သည့် လူငယ်​တစ်ဦး​သည် နောင်တ​ရ​ကြောင်း ထင်ရှားပြ​သောအခါ သူ၏​မိဘများနှင့် အခြားသော ခရစ်ယာန်​အသင်းတော်​သားများ​က မေတ္တာပါပါ ကူညီ​ထောက်မ​ပေး​သင့်​သည်။

နီ​ကိုးလ်​ကို ပြန်​သုံးသပ်ကြည့်​ပါ။ သူ၏​မိဘများသည် သူ့​အား ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် ပြုစု​ပျိုးထောင်​ပေး​ခဲ့​ကြ​၏။ ထို့​ကြောင့် သူသည် လက်မ​ထပ်​ဘဲ ကိုယ်ဝန်​ရသွား​သည့်​အခါ အထူးသဖြင့် ဝမ်းနည်း​ကြေကွဲစရာ​ဖြစ်​ခဲ့​သည်။ သို့​တိုင်၊ “ကျွန်မ​ရဲ့​အိမ်ကို ခရစ်ယာန်​ချင်း​တွေ ရောက်လာ​တတ်​ပြီး ကျမ်းစာ​လေ့လာ​ဖို့၊ ယေဟောဝါ​နဲ့ နီးနီးကပ်ကပ်​နေဖို့ အားပေး​တတ်ကြ​တယ်” ဟု နီ​ကိုးလ်​က ပြန်​ပြောပြ​သည်။

ယေဟောဝါသက်သေ​များသည် လိင်ဆိုင်ရာ​အကျင့်ပျက်​ပြား​မှု​ကို လုံးဝ​မထောက်ခံ​ကြ​ပါ။ သို့သော် ကျမ်းစာ​မူများ​ကို​ကျင့်သုံး​ခြင်း​အားဖြင့် အမှား​ပြုသူ​များ “ပြောင်းလဲ” နိုင်​ကြောင်း သူတို့​သိထားကြသည်။ (ရောမ ၁၂:၂) ဘုရားသခင်​သည် နောင်တ​ရသည့် အမှား​ပြုသူ​များ​ကို ခွင့်လွှတ်​တော်​မူ​ကြောင်း သူတို့ မယိမ်းမယိုင်​ယုံကြည်​ထား​ကြသည်။ (ဧဖက် ၁:၇) ထို့​အပြင် လက်မ​ထပ်​ဘဲ ကလေး​ရသွား​သည့်​တိုင် ထို​ကလေး​၌ အပြစ်​မရှိကြောင်း​ကိုလည်း သူတို့​အသိအမှတ်ပြု​ကြသည်။ ထို့​ကြောင့် ထို​ကလေး​အား ကဲ့ရဲ့​ရှုတ်ချ​မည့်​အစား ခရစ်ယာန်​အသင်းသားများ​သည် မိမိတို့​အလယ်တွင်​ရှိနေကြ​သည့် အခြား​မည်သည့်​ကလေး​နှင့်​မဆို ထပ်တူ ချစ်ခင်​တွယ်တာမှု၊ စာနာမှု​နှင့် သနား​ကြင်နာ​မှု​ပြ​ကြ​ပါ​သည်။—ကောလောသဲ ၃:၁၂

ကြင်ဖော်​မဲ့​မိခင်​တစ်ဦး​သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စလေ့လာ​ခဲ့​သည်။ ကျမ်းစာ​သတင်းတရားကို သူ​ချက်ချင်း​လက်ခံ​တုံ့ပြန်​ပြီး သူ၏​ဘဝတွင် အကြီးအကျယ်​ပြောင်းလဲ​လာ​ခဲ့​သည်။ သက်သေခံ​များ​အကြောင်း သူ​ဤသို့​ပြောပြ​ခဲ့​၏– “သူတို့​အားလုံး ကျွန်မ​နဲ့ ကလေး​တွေ​အပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု​ပြ​ခဲ့​ကြတယ်။ အစားအသောက်​တွေ၊ အဝတ်အစား​တွေ ပေးကမ်း​တဲ့​အပြင် လိုအပ်​တဲ့​အခါ ငွေကြေး​အရ​လည်း ထောက်ပံ့​ပေး​ကြတယ်။ ယေဟောဝါသက်သေ​တွေ​နဲ့ လယ်ကွင်း​ဓမ္မ​အမှုမှာ ပါဝင်​ဖို့ ကျွန်မ​အရည်အချင်း​ပြည့်မီ​လာတော့ သူတို့ ကလေး​ဝိုင်း​ထိန်းပေး​ကြတယ်။ ယေဟောဝါ​အပေါ် စစ်မှန်တဲ့​မေတ္တာ​တိုးပွား​လာစေဖို့ ကျွန်မ​ကို တတ်နိုင်​သလော​က် ကူညီ​ပေး​ခဲ့​ကြတယ်။”

ကာကွယ်​တားဆီးခြင်း

သို့​တိုင်၊ အစ​ကတည်းက ယင်း​သို့​သော​ပြဿနာ​များ​ကို ရှောင်ကြဉ်​ဖို့ လူငယ်​လူရွယ်​များ​အား ကူညီ​ပေးခြင်း​က သာ၍​ကောင်း​ပေ​သည်။ ထို့​ကြောင့် မိမိတို့၏​သားသမီး​များ​အတွက် နွေးထွေး​လှိုက်လှဲ​မှု​ရှိ၍ မေတ္တာပြည့်​ဝ​သည့်​မိသားစု​ဖြစ်​ရန် ယေဟောဝါသက်သေ​များ ကြိုးစား​ကြသည်။ အေ့ဒ်စ်​ရောဂါ​၏​အန္တရာယ် သို့​မဟုတ် ကိုယ်ဝန်ဆောင်​ခြင်း​၏​ဆိုးကျိုး​များ​ကို ဖိ​ပြော​ခြင်း​ဖြင့် သားသမီး​များ ကြောက်လန့်​သွား​အောင် ကြိုးစား​မည့်​အစား သက်သေခံ​များသည် လူငယ်​လူရွယ်​များ​အား ယေဟောဝါ​နှင့် ကိုယ်တော်​၏​ပညတ်တော်​များ​ကို အမှန်တကယ်​မြတ်နိုး​စေရန် ကြိုးစား​သွတ်သွင်း​ပေး​ကြသည်။ (ဆာလံ ၁၁၉:၉၇) သားသမီး​များ​အား လိင်​နှင့်​ပတ်သက်​၍ တိတိကျကျ ပြောပြ​ပေးဖို့​လို​သည်​ဟု သူတို့​ယုံကြည်​ကြသည်။ ပို​၍​အရေးကြီး​သည်​မှာ သားသမီး​များ​ကို မွေး​စ​အရွယ်​မှ​စ၍ သမ္မာ​ကျမ်းစာပါ ကျင့်ဝတ်​မူများ​ကို သွန်သင်​ပေးဖို့​လို​သည်​ဟု သူတို့​ယုံကြည်​ကြသည်။ (၂ တိမောသေ ၃:၁၅) ယေဟောဝါသက်သေ​များ​၏ ဒေသခံ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် စနစ်တကျ သွန်သင်ပေး​ကြသည်။ သို့ရာတွင်၊ သက်သေခံ​မိဘများသည် မိမိတို့၏​သားသမီး​များနှင့်​အတူ ကိုယ်တိုင်​ကိုယ်​ကျ ကျမ်းစာ​လေ့လာ​ရန်​လည်း အားပေးခံရ​ကြသည်။ သားသမီး​များ​အား ကိုယ်ကျင့်တရား​လမ်းညွှန်မှု​ပေး​ရန် မိဘများ​ကို​အထောက်အကူ​ပြု​သည့် လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​စာအုပ်​ကဲ့သို့​သော စာပေ​ကို ထုတ်ဝေ​ထားပြီး​ဖြစ်သည်။ *

သမ္မာကျမ်းစာ​၏ တင်းကျပ်​သည့် ကျင့်ဝတ်​စံနှုန်း​များ​ကို လိုက်လျှောက်ခြင်း​ဖြင့် ဤ​လောကကို လွှမ်းမိုး​နေသည့် အကျင့်ပျက်မှု​ဒီရေ​ကို ဆန့်ကျင်​ပါ​လေ။ ယင်းသည် မိန်းမငယ် သန်းပေါင်း​များစွာ​တို့အား ဆယ်ကျော်သက်​ကိုယ်ဝန်​ဆောင်​မှု​၏ ကြေကွဲဖွယ်​ဖြစ်ရပ်ဆိုး​မှ လွတ်ကင်း​စေနိုင်​သည့် အသက်​လမ်းစဉ်​ဖြစ်​ပေ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

စစ်မှန်သော​ခရစ်ယာန်​များသည် လက်မ​ထပ် ထား​သည့် မိခင်များ​ကို သနား​ကြင်နာ​မှု​နှင့် ထောက်ထား​စာနာမှု​တို့​ဖြင့် ဆက်ဆံ​ကြ