သားသမီးများလိုအပ်သည့် ဖခင်မျိုး
သားသမီးများလိုအပ်သည့် ဖခင်မျိုး
သားသမီးများသည် မိမိတို့ကို ချစ်မြတ်နိုး၍ ထောက်မကူညီပေးရန် အသင့်ရှိသော၊ တာဝန်ယူတတ်ပြီး ယုံကြည်အားကိုးနိုင်သည့် လူကြီးများဖြစ်လာစေရန် အတတ်နိုင်ဆုံးကူညီပေးမည့် ဖခင်တစ်ဦး လိုအပ်ကြသည်။ သို့သော် ဤကဲ့သို့သောဖခင်မျိုးကို သားသမီးများလိုအပ်ကြောင်း အသိအမှတ်ပြုသင့်သလောက် မပြုခဲ့ကြချေ။
မိခင်တို့သည် ကလေးမွေးဖွားပေးပြီး မိခင်ကောင်းတစ်ဦးဖြစ်ဖို့ အလွန်အရေးကြီးသည်ကားအမှန်ပင်။ သို့သော် ဖခင်သည်လည်း ထပ်တူအရေးကြီးသည့်ကဏ္ဍတွင် ပါဝင်သည်ကိုအသိအမှတ်ပြုကာ သည်ဝေလ်စင်ကွာတာလီမဂ္ဂဇင်းက ဤသို့ဆိုသည်– “အမေရိကန်လူ့အဖွဲ့အစည်းကို ဘေးသင့်စေသည့် စိတ်အနှောင့်အယှက်အဖြစ်ဆုံးပြဿနာများ၏ အဓိကအကြောင်းရင်းမှာ ဖခင်တာဝန်ယူသူ လျော့နည်းလာခြင်းဖြစ်၏။” ကျန်ကမ္ဘာ့ဒေသများတွင်လည်း အလားတူပင်။
လေ့လာချက်တစ်ခုအရ ရန်လိုမှု၊ ကလန်ကဆန်ပြုမှု၊ ကျောင်းတွင် စာညံ့ဖျင်းမှုနှင့် စိတ်မပါမှုအစရှိသည့် လူငယ်များ၏ အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာများသည် များသောအားဖြင့် “ဖခင်မဲ့ခြင်းကြောင့်” ဖြစ်သည်ဟု ဘရာဇီးလ်သတင်းစာ ယော်နာလ် ဒါ ထာဒေက ကောက်ချက်ချခဲ့သည်။ ထို့ပြင် မာရှယ်လို ဘာနာဒီ၏ လေအီ အင်မ်ပါဖက်တေ ဂျေနီတောရီ (မစုံလင်သော မိဘများ) အီတာလျံ စာအုပ်က သားသမီးများ အောင်မြင်စွာ ဖွံ့ ဖြိုးကြီးထွားလာရန် မိဘနှစ်ပါးစလုံး၏အကူအညီကို အထူးလိုအပ်ကြောင်း အလေးပေးဖော်ပြသည်။
မိသားစုဘဝ တိုးတက်ကောင်းမွန်နိုင်
သားသမီးကိုဂရုမစိုက်သော ဖခင်တစ်ဦးသည် မိသားစုတွင် ပြဿနာများ ပေါ်ပေါက်စေခဲ့မည်၊ သို့မဟုတ် ပြဿနာများသည် သူ့ကြောင့် အဓိကဖြစ်ပေါ်ခဲ့သည့်တိုင် ထိုအဖြစ်ကို ပြုပြင်မပေးနိုင်တော့၍ မိသားစုဘဝ တိုးတက်ကောင်းမွန်လာစရာအကြောင်းမရှိဟု မဆိုလိုပါ။ မည်သို့အားဖြင့်နည်း။ ဖခင်ဖြစ်သူသည် အဘယ်အရာကို လုပ်ဆောင်ဖို့လိုသနည်း။
ကလေးများသည် မိသားစုအဖွဲ့အစည်း၊ မိမိတို့၏အကျိုးကိုလိုလားသူတစ်ဦးက မိမိတို့ကိုထိန်းချုပ်ကွပ်ကဲနေသည် ဟူသော အသိစိတ် ရှိဖို့လိုကြောင်း ထင်ရှားသည်။ ထိုလိုအပ်ချက်ကို မဖြည့်ဆည်းပေးသည့်အခါ ကလေးသူငယ်များ၏ဘဝသည် ယနေ့ ဖြစ်ပျက်လေ့ရှိသည့်အတိုင်း ဆိုးဆိုးရွားရွား ထိခိုက်ခံရလေတော့သည်။ သို့တိုင် မိသားစုတွင် ဖခင်ရှိရှိမရှိရှိ ယင်းအခြေအနေသည် မျှော်လင့်ချက်မရှိဘဲမနေပါ။ သမ္မာကျမ်းစာက ဆာလံ ၆၈:၅ [သမ္မာ] တွင် ‘ဘုရားသခင်သည် သန့်ရှင်းရာဌာနတော်တွင် စံပယ်လျက် အဘမရှိသောသူတို့၏ အဘဖြစ်တော်မူ၏’ ဟုဆိုသည်။ *
အကူအညီရရှိနိုင်ပုံ
အောင်မြင်မှုရရှိရေးအတွက် ဘုရားသခင့်အကူအညီသည် အရေးပါကြောင်း၊ ယင်းကို ရလည်းရနိုင်ကြောင်း ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် ပိုလန်နိုင်ငံမှ မိန်းကလေး လီဒ်ယာ၏အခြေအနေက သက်သေထူသည်။ သူ၏မိသားစုဘဝကော မည်သို့ရှိသနည်း။ အဆိုပါမိသားစုသည် ဘုရားသခင့်အကူအညီကို မည်သို့ရရှိခဲ့သနည်း။
လီဒ်ယာ၏ဖခင် ဖရန်စီဇက်ခ်က သမီးပြောသည့်အတိုင်းပင် မိမိသည် ကလေးများ ငယ်ရွယ်စဉ်က မိသားစုကို လျစ်လျူရှုခဲ့ကြောင်း ဝန်ခံသည်။ သူဤသို့ဆို၏– “ကလေးတွေ ဘာလုပ်နေကြတယ်ဆိုတာကို ကျွန်တော်ဂရုမစိုက်မိဘူး။ သူတို့ကို ချစ်ခင်တွယ်တာမှုမပြတဲ့အတွက် ကျွန်တော်တို့မှာ ဘာနှောင်ကြိုးမှမရှိခဲ့ဘူး။” သို့နှင့် လီဒ်ယာသည် အသက် ၁၄ နှစ်ရှိသောအခါ သူရော သူ၏မောင်နှင့်ညီမတို့ပါ မူးယစ်သောက်စားပျော်ပါးသည့် ပါတီပွဲများသွား၊ ဆေးလိပ်သောက်၊ ရန်ပွဲများတွင်လည်း ပါနေကြသည်ကို ဖခင်ဖြစ်သူ သတိမပြုမိချေ။
နောက်ဆုံး သူ၏သားသမီးများ ပြဿနာတက်နေကြသည်ကို ဖရန်စီဇက်ခ် သိရှိသွားပြီး အထိတ်တလန့်နှင့် တစ်စုံတစ်ရာကို ပြုလုပ်လိုက်လေသည်။ “ကူညီပေးပါလို့ ဘုရားသခင်ကို ကျွန်တော်ဆုတောင်းလိုက်တယ်” ဟုသူဆို၏။ အံ့ဩစရာမှာ သူ့ထံ ယေဟောဝါသက်သေများ ရောက်လာကြပြီး များမကြာမီ သူနှင့် သူ၏ဇနီးသည်တို့သည် ကျမ်းစာလေ့လာဖို့ သဘောတူလိုက်ကြ၏။ အတန်ကြာသော် မိဘများသည် ကျမ်းစာသွန်သင်ချက်များကို သူတို့၏အသက်တာတွင် စတင်ကျင့်သုံးကြလေသည်။ သားသမီးများအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
ဖရန်စီဇက်ခ်က ဤသို့ရှင်းပြ၏– “ကျွန်တော်အရက်ဖြတ်လိုက်တာ၊ ပိုပြီးကောင်းတဲ့ ဖခင်တစ်ယောက်ဖြစ်လာတာကို ကလေးတွေ သတိထားမိကြတယ်။ သူတို့လည်း ယေဟောဝါသက်သေတွေနဲ့ ပိုရင်းနှီးချင်လာကြတယ်။ ဒါ့အပြင် သူတို့ပါ ကျမ်းစာစလေ့လာကြပြီး သူတို့ရဲ့ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်လိုက်ကြတယ်။” သားဖြစ်သူ ရာဖောက သူ့ဖခင်အကြောင်း ဤသို့ဆို၏– “အဖေ့ကို မိတ်ဆွေတစ်ယောက်လို ကျွန်တော်ချစ်ခင်လာတယ်။” သူထပ်လောင်း၍ဆိုသည်မှာ “လမ်းသရဲအဖွဲ့ဟာ ဗြုန်းကနဲဆို ဘာမှအရေးမပါတော့ဘူး။ ကျွန်တော်တို့မိသားစုဟာ ဝိညာဉ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ အလုပ်များနေကြတော့တယ်။”
ယခု ဖရန်စီဇက်ခ်သည် ယေဟောဝါသက်သေများ၏ အသင်းတော်တစ်ခုတွင် ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်နေပြီး မိသားစုနှင့် တစ်ဦးချင်းစီ၏ ဝိညာဉ်ရေးကြီးထွားမှုတွင် ပါဝင်ပတ်သက်နေဆဲပင်။ သူ၏ဇနီးသည်နှင့် လီဒ်ယာတို့သည် အချိန်ပြည့် ဧဝံဂေလိတရားဟောပြောသည့် ရှေ့ဆောင်များဖြစ်နေကြ၏။ ရာဖောနှင့် သူ၏ညီမ စီလ်ဗီယာတို့မှာမူ ကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်စည်းဝေးများတက်ရောက်ကာ ပါဝင်ဖြေဆိုခြင်း၊ အခြားသူများအား သူတို့၏ယုံကြည်ခြင်းကို ကြားသိစေခြင်းတို့တွင် စိုးလ်အပြည့်ပါဝင်နေကြသည်။
အပြောနှင့်အလုပ်ညီသူ
မာကာရီနာ၏ဖခင် လူအီစ်ကိုလည်း သုံးသပ်ကြည့်ပါ။ မာကာရီနာအကြောင်းကိုလည်း အဖွင့်ဆောင်းပါးတွင် ကိုးကားဖော်ပြထား၍ သူသည် စပိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း သတိရပါ။ လူအီစ်၏ဘဝလမ်းစဉ်သည် သူ၏အရက်အိုး ဖခင်ကြီးအတိုင်းပင် ဖြစ်နေခဲ့ရသည်။ မာကာရီနာပြောပြသည့်အတိုင်းပင် သူသည် ရက်အတန်ကြာ မိတ်ဆွေများနှင့်အတူ ထွက်သွားတတ်၏။ ထို့အပြင်၊ ဇနီးသည်ကိုလည်း အဖော်အဖက်တစ်ဦးအဖြစ် တန်ဖိုးထားမည့်အစား အိမ်စေတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်။ သူတို့၏အိမ်ထောင်ရေးသည် ပြိုကွဲလုနီးနီးဖြစ်ကာ မာကာရီနာနှင့် သူ၏မွေးချင်းတို့ခမျာ အကြီးအကျယ် စိတ်ဆင်းရဲနေရရှာသည်။
သို့ရာတွင်၊ အတန်ကြာသော် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာဖို့ လူအီစ်သဘောတူလိုက်သည်။ သူက ဤသို့ရှင်းပြ၏– “အဲ့ဒီနောက် ကျွန်တော့်ဇနီးနဲ့ ကလေးတွေကို အချိန်ပေးလှာတယ်။ အတူတူ စကားစမြည်ပြောဆိုကြ၊ အတူတူ အစာစားကြတဲ့အပြင် အတူတူ ကျမ်းစာလေ့လာကြတယ်။ ဒါ့အပြင် အိမ်အလုပ်ကို အတူတူလုပ်ကိုင်ကြတယ်၊ အတူတူအပန်းဖြေကြတယ်။” ထို့နောက် မာကာရီနာက “မိသားစုကို တကယ်စိတ်ဝင်စားပြီး ကြင်နာတတ်တဲ့ဖခင် ရှိပါလားလို့ ကျွန်မခံစားလာရပါတယ်” ဟုဆိုရှာသည်။
ထူးခြားလာသည်မှာ လူအီစ်သည် မိသားစုကို ဘုရားသခင့်အမှုတော်ဆောင်ဖို့ အားပေးသည်သာမက အပြောနှင့်အလုပ် ညီသူဖြစ်ကြောင်း တင်ပြခဲ့သည်။ သူသည် “မိသားစုအရေးကိစ္စတွေကို ပိုဂရုစိုက်နိုင်ဖို့ အချိန်စားလွန်းတဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်း” ကို စွန့်လွှတ်လိုက်သည်ဟု မာကာရီနာက ရှင်းပြသည်။ အကျိုးဆက်မှာ တစ်မူထူးခြားပါသည်။ “အဖေ့ရဲ့ပုံသက်သေက ကျွန်မရဲ့မျက်စိကို ရိုးရှင်းစေဖို့၊ ဝိညာဉ်ရေးရာတွေကို ရှေးဦးထားဖို့ ကူညီပေးခဲ့ပါတယ်” ဟု မာကာရီနာက ပြောပြသည်။ ယခု သူသည် ရှေ့ဆောင်ဖြစ်နေပြီး သူ၏မိခင်နှင့် မွေးချင်းများကလည်း ခရစ်ယာန်အသင်းတော်တွင် တက်ကြွလှုပ်ရှားသူများ ဖြစ်နေကြပြီ။
မီးရထားရုံးမှ အုပ်ချုပ်ရေးအရာရှိ၏ ဆုံးဖြတ်ချက်
သားသမီးများ၏အကျိုးကို ထောက်ထားပြီး ဆုံးဖြတ်ချက်များချတတ်သည့် ဖခင်မျိုးကို ကလေးများလိုအပ်ကြပါသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် ဂျပန်လူမျိုး အုပ်ချုပ်ရေးအရာရှိ တာကေရှီ တာမူယာ၏ ဆယ်ကျော်သက်အရွယ် သားသည် ကိုယ်ကျင့်တရားမကောင်းသူတို့နှင့် ပေါင်းသင်းလာရာ ကြီးလေးသည့် ပြဿနာတက်စရာအကြောင်းပေါ်နေသည်။ ၁၉၈၆ ခုနှစ်က ယင်းသို့ဖြစ်ပျက်ခဲ့၏၊ ထိုနှစ်တွင်ပင် တာကေရှီသည် ဂျပန်အမျိုးသားမီးရထားဌာနတွင် သူရရှိထားသည့် အုပ်ချုပ်ရေးအရာရှိရာထူးကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့လေသည်။ ယခု ၁၈ နှစ်ကျော်ကြာပြီဖြစ်သော သူ၏ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ တာကေရှီ မည်သို့ခံစားရသနည်း။
မကြာသေးမီက သူဤသို့ပြောပြခဲ့သည်– “ကျွန်တော်ချခဲ့ဖူးသမျှ ဆုံးဖြတ်ချက်တွေထဲမှာ ဒါအကောင်းဆုံးပဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်သားကို အချိန်ပေးပြီး သူနဲ့အတူတူ ကျမ်းစာဖတ်တာ၊ အရာရာကို အတူတူလုပ်ကိုင်ခဲ့ကြတာတွေဟာ ထူးထူးခြားခြား အကျိုးရှိခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် မိတ်ဆွေတွေဖြစ်လာကြတယ်၊ သူ့ရဲ့ မကောင်းတဲ့အဖော်တွေနဲ့ မပေါင်းသင်းတော့ဘဲ အမူအကျင့်ဆိုးတွေကိုလည်း သူဖျောက်လိုက်တယ်။”
အစောပိုင်းနှစ်အနည်းငယ်က တာကေရှီ၏ဇနီးသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လာခဲ့ရာ သူ၏ အတုယူဖွယ် အမူအကျင့်က ခင်ပွန်းဖြစ်သူအား သမ္မာကျမ်းစာကို ဆန်းစစ်ကြည့်ရန်၊ မိသားစုကိစ္စတွင် ပို၍ပါဝင်ပတ်သက်လာရန် လှုံ့ဆော်ပေးခဲ့သည်။ နောက်ဆုံးတွင် တာကေရှီနှင့် ၎င်း၏သားနှင့်သမီးတို့ပါ သက်သေခံများဖြစ်လာကြပြီ။ ယခု တာကေရှီနှင့် သူ၏သားသည် တာဝန်ကျရာ အသင်းတော်အသီးသီးတွင် အကြီးအကဲများဖြစ်နေကြပြီး သူ၏ဇနီးနှင့်သမီးတို့မှာမူ ရှေ့ဆောင်များဖြစ်နေကြသည်။
ဖခင်များ အကူအညီလိုအပ်
ဖခင်များစွာသည် မိမိတို့၏သားသမီးများကို လျစ်လျူရှုနေကြောင်း သိကြသော်လည်း သူတို့လေးများအတွက် အဘယ်အရာပြုလုပ်ပေးရမည်ကို မသိရှိကြချေ။ စပိန်သတင်းစာ လာ ဗန်ဂါဒီယာ က “[စပိန်လူမျိုး] မိဘ ၄၂ ရာခိုင်နှုန်းသည် မိမိတို့၏ ဆယ်ကျော်သက်အရွယ်ရှိ သားသမီးများကို မည်သို့မွေးမြူပြုစုပေးရမည်ကို မသိရှိပါကြောင်း ဝန်ခံထားသည်” ဟု ခေါင်းစီးတွင် ဖော်ပြထားသည်။ ဆယ်ကျော်သက်အရွယ်မရောက်သေးသော ကလေးများနှင့် လမ်းလျှောက်တတ်ခါစကလေးများ၏ ဖခင်များနှင့်စပ်လျဉ်း၍လည်း ထပ်တူပြောဆိုနိုင်ပါသည်။ လူအများ ယူဆသကဲ့သို့မဟုတ်ဘဲ ဤငယ်ရွယ်သူများသည်လည်း သူတို့ကိုချစ်မြတ်နိုးသည့်ဖခင် သူတို့အနားတွင်ရှိနေပြီး သူတို့အားဂရုစိုက်ခြင်းကို လိုအပ်ကြပါသည်။
ဖခင်ကောင်းတစ်ဦးဖြစ်လာနိုင်ပုံနှင့်စပ်လျဉ်း၍ အဘယ်အရာကို ထပ်သင်ယူနိုင်သေးသနည်း။ ဖခင်များအတွက် အကောင်းဆုံးစံနမူနာရှင်များကား အဘယ်သူများနည်း၊ ထိုသူတို့ထံမှ အဘယ်အရာ သင်ယူနိုင်သနည်း။ ကျွန်ုပ်တို့၏ နောက်ဆုံးဆောင်းပါးက ဤမေးခွန်းများကို ဆန်းစစ်ပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ယေဟောဝါသက်သေများထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်တွင် “ကြင်ဖော်မဲ့မိသားစုများ အောင်မြင်နိုင်!” အခန်းကို ကျေးဇူးပြု၍ကြည့်ပါ။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံများ]
သားသမီးများလိုအပ်ရာကို ဖြည့်ဆည်းပေးခဲ့သည့် ဖခင်များ
ဖရန်စီဇက်ခ်နှင့် သူ၏မိသားစု
လူအီစ်နှင့် သူ၏မိသားစု
တာကေရှီနှင့် သူ၏မိသားစု