မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ကလေး​ငယ်​များ​အတွက် ရေ​ပူ​စမ်း​များ

ကလေး​ငယ်​များ​ကို ရေ​ပူ​စမ်း​နှင့်​ကုသ​ပေး​သည့် ကျန်းမာ​ရေး​ဌာန​များသည် ဂျာမနီ​နှင့်​အခြား​နေရာအနှံ့​တွင် မှို​လို​ပေါက်​လျက်​ရှိသည်​ဟု ဖရန့်​ဖာသာ အော်​လ်​ဂျီ​မေ​နီ ဆွန်​တက်​စ်​ဇေ​တွန်​သတင်းစာ​က ဖော်ပြ​၏။ အသက်​လေးနှစ်​အရွယ်​ရှိ ကလေး​ငယ်​များ​ကို ဆီ​နွေး​နွေး​ဖြင့် နှိပ်​နယ်​ပေး​ကြသည်၊ တခြား​ကုထုံး​များ​အပြင် တယုတယ​နှင့်​ပြုစုပေး​ကြသည်။ ယင်း​တို့အားလုံး​သည် ကလေး​ငယ်​များ​၏​ကျန်းမာ​ရေး ကောင်း​စေဖို့​ထက် ငွေကြေး​အကျိုးအမြတ်​ရရှိ​စေဖို့​ဖြစ်သည်​ဟု ပညာရှင်​အချို့​က ယူဆကြ​၏။ အမြတ်ရ​ရှိ​ရန် “ကလေး​ငယ်​များ​ကို လောကကြီး​ထဲ​သို့ အတင်း​သွတ်သွင်း​နေကြ​ခြင်း​ဖြစ်သည်” ဟု​ခေတ်​ရေစီးကြောင်း​ဟ​မ်း​ဘတ်​ရုံး ဒါရိုက်တာ​ပီတာ ပိုက်​ပါ​မဲ​န်​က​ဆို​သည်။ မဲ​န်းဇ်​တက္ကသိုလ်​မှ ကလေး​ရောဂါ​လေ့လာရေး​အဖွဲ့​ခေါင်းဆောင် ဒေါက်တာ​ခရစ္စတိုဖာ ကာ​မ်​မဲ​န်​၏​အဆို​အရ စိုးရိမ်​စ​ရာ​တစ်ခု​မှာ “ကလေး​များ​ကို ကိုယ်ကျိုး​ကို​သာ​ကြည့်​တတ်​လွန်း​ကြ​သည့် စိတ်​နေ​မြင့်​သူများ​အဖြစ် ရောက်ရှိ​သွား​စေ​လိမ့်​မည်။” သာမန်​ကလေး​ဘဝ၏​ဝေဒနာ​များ​ကို ရေ​ပူ​စမ်း​နှင့်​ကုပေး​မည့်​အစား “ကလေး​များ​ကို သစ်ပင်​ပေါ် တက်​ခိုင်း​သင့်​သည်၊ ခုန်ပေါက်​ကစား​ခိုင်း​သင့်​သည်။ ယင်းသည် စိတ်သဘောထား​ပြဿနာ​များ​ကို ကာကွယ်​ပေး​သည်၊ ခံတွင်း​လိုက်​စေ​သည်၊ နှစ်နှစ်​ခြိုက်​ခြိုက် အိပ်ပျော်​စေ​သည်​မှာ သေချာ​၏” ဟု​အစီရင်ခံစာ​က ဖော်ပြ​သည်။

ရေ​ပြတ်လပ်​နေသော စိုက်ပျိုးရေး

“ဩစတြေးလျ​သည် အ​ခြောက်သွေ့​ဆုံး တိုက်​ဖြစ်သည်၊ သို့သော် ကျွန်ုပ်​တို့သည် ကမ္ဘာ​ပေါ်​တွင် တစ်ဦးချင်း​စီ ရေ​အများဆုံး အသုံးပြု​သူများ​ဖြစ်​ကြသည်” ဟု​သြစတြေးလျ​န်း​သတင်းစာ​က ဖော်ပြ​သည်။ ဩစတြေးလျ​တွင် နေ့စဉ် တစ်​ဦးလျှင် ပျမ်းမျှ​ရေ ၉၅၀ ကွတ်​အသုံးပြု​ကြ​ရာ မြောက်​အမေရိက​တိုက်​တွင်​မူ တစ်​ဦးလျှင် ၆၃၀ ကွတ်​သာ​အသုံးပြု​ကြသည်။ “ဩစတြေးလျ​တွင် သုံးစွဲ​သော ရေ​လေး​ပုံ​သုံး​ပုံ​ကို ရေ​သွင်း​စိုက်​ပျိုး​ရန် အသုံးပြု​ခဲ့​သည်” ဟု​မှတ်တမ်း​၌​ဖော်ပြ​သည်။ ဂျုံ​တစ်ပေါင်​ထွက်​ရှိ​ရန် ရေ ၄၃၀ ကွတ်​လိုအပ်​၏။ တစ်နေ့​လျှင် နွား​နို့​တစ်​ကွတ်​ထွက်​ရှိ​ရန် နွား​သည် ရေ ၆၀၀ ကွတ်​ခန့် သောက်​ရသည်။ ထို့​ပြင် ထော​ပတ်​တစ်ပေါင် ထွက်​ရှိ​ရန်​ရေ ၈,၀၀၀ ကွတ်​ကျော်​နှင့်၊ အ​မဲ​သား​တစ်ပေါင်​အတွက် ၂၁,၀၀၀ ကွတ်​လိုအပ်​၏။ အဝတ်​အထည်​ထုတ်လုပ်ခြင်း​သည်လည်း ရေ​များစွာ​လိုအပ်သော စက်​မှု​လုပ်ငန်း​တစ်ခု​ဖြစ်၏။ ချည်​တစ်ပေါင်​ရရှိရန် ရေ ၂,၃၀၀ ကွတ်​လိုအပ်​ပြီး သိုးမွေး​တစ်ပေါင်​ရရှိရန် ရေ ၇၃,၀၀၀ ကွတ်​ကျော် လိုအပ်​သည်။ သိုးမွေး​ထ​ည်​တစ်စုံ​တည်း ရဖို့​ပင် ရေ ၆၅၀,၀၀၀ ကွတ်​အသုံးပြု​ရသည်​ဟု ခန့်မှန်း​ရ၏။

ရာသီဥတု​ပူနွေး​လာ​မှု​နှင့် တောရိုင်း​တိရစ္ဆာန်​ကောင်ရေ

“ကမ္ဘာချီ​ပူနွေး​မှု​ကြောင့် တောရိုင်း​တိရစ္ဆာန်​ကောင်ရေ​ကို က​မော​က်​က​မဖြစ်​နေ​စေ​သည်​ဟု သိပ္ပံ​ပညာရှင်​များ သံသယဝင်​ကြ​ကာ သေစေနိုင်​သည့် အ​နီ​အ​စင်း​အ​ကျား​ပင့်ကူ​များ​အပါအဝင် ဩစတြေးလျ​တွင် ပင့်ကူ​ကောင်ရေ များပြား​လာ​လျက်​ရှိသည်” ဟု​အားလပ်ရက်​သြစတြေးလျ​န်း သတင်းစာ​က ဖော်ပြ​၏။ ကွင်းစလန်​ပြတိုက်​မှ ဒေါက်တာ​ရော့​ဘတ် ရေ​ဗဲန်​၏​အဆို​အရ တစ်နှစ်​လျှင် တစ်ခါ​သာ သားပေါက်​လေ့​ရှိသော ပင့်ကူ​များသည် ဤ​နှစ်​တွင် သုံးခါ သို့​မဟုတ် လေး​ခါ သားပေါက်​နိုင်​ဖွယ်​ရှိသည်။ သူက ဤသို့​ပြောပြ​သည်– “နှစ်​၏​ဤ​အချိန်တွင် သားပေါက်​ငယ်​များ​သာ​ဖြစ်​သင့်​သေး​သည့် ပင့်ကူ​များသည် သက်ကြီး​ကောင်​များ ဖြစ်နေ​ကြပြီ။ သက်တမ်း​နှစ်ဆ​တိုး​သွား​သည့် ပင့်ကူ​အချို့​ကို ကျွန်ုပ်​တို့ စောင့်ကြည့်​နေကြ​သည်။” ရာသီဥတု​ပူနွေး​လာ​မှု​သည် ငှက်​များ​ကိုလည်း ထိခိုက်​နေကြောင်း သုတေသီ​များ​ယူဆကြ​၏။ သတင်းစာ​က ဤသို့​ဖော်ပြ​သည်– “တစ်နှစ်​လျှင် တစ်ကြိမ် သားပေါက်​လေ့​ရှိသည့် သစ်တော​ပိန်​ည​င်း​ငှက်​ကဲ့သို့​သော ငှက်​များသည် နှစ်ကြိမ် သားပေါက်​နေကြ​သည်။” ငှက်​များသည် “စောစီး​စွာ သားပေါက်​ပြီး ဥရောပ​တွင် ဆောင်း​ခို​ရာ​မှ စောစောစီးစီး​ပြန်လာ​ကြ​ခြင်း​က​လည်း ကမ္ဘာချီ ပြောင်းလဲမှု​များ​ရှိကြောင်း ဖော်ပြ​၏။”

နောက်ထပ် အရန်​ဂြိုဟ်​များ ရှာဖွေ​တွေ့ ရှိ

တိုးတက်​နေသော နည်း​ပညာ​ကြောင့် စကြဝဠာ​တွင်​တည်ရှိ​သည်​ဟု နဂို​က​သိထား​သော အရန်​ဂြိုဟ်​အရေအတွက်​ထက် နှစ်ဆ​ကို ခြောက်​နှစ်​အတွင်း ရှာဖွေ​တွေ့ရှိ​ခဲ့ပြီ​ဟု မက္ကဆီကို​ရှိ အမျိုးသား​ပုဂ္ဂလိက​တက္ကသိုလ် ကို​မိုဗာစ်​သိပ္ပံ​မဂ္ဂဇင်းက​ဆို​၏။ ၂၀၀၃ ခုနှစ်​နှစ်ကုန်ပိုင်း​တွင် ဂြိုဟ်​ခု​နစ်​လုံး​ကို ပတ်​နေသည့် အရန်​ဂြိုဟ် ၁၃၆ လုံး​ရှိသည်—ဗုဒ္ဓဟူး​ဂြိုဟ်​နှင့် သောကြာ​ဂြိုဟ်​တို့​တွင်​မူ အရန်​ဂြိုဟ်​မရှိ—ဟု​သိရှိ​ရပြီး နက္ခတ္တ​ဗေဒ​ပညာရှင်​များ​က နောက်ထပ်​တွေ့ရှိ​နိုင်​ဖွယ်​ရှိသည်​ဟု ခန့်မှန်း​ကြသည်။ ကြာသပတေး​ဂြိုဟ်​တွင် အရန်​ဂြိုဟ် (၆၁) လုံး​ရှိပြီး အများဆုံး​ဖြစ်​ကာ စ​နေ​ဂြိုဟ်​တွင် (၃၁)၊ ယူ​ရေး​နတ်​ဂြိုဟ်​တွင် (၂၇)၊ နတ်​ပ​ကျွန်း​ဂြိုဟ်​တွင် (၁၃)၊ နှင့် အင်္ဂါ​ဂြိုဟ်​တွင် (၂) လုံး​အသီးသီး​ရှိကြသည်။ ပ​လူ​တို​ဂြိုဟ်​နှင့် ကမ္ဘာ​ဂြိုဟ်​တို့​တွင် အရန်​ဂြိုဟ်​တစ်လုံးစီ​ရှိကြသည်။

မောပန်း​ခြင်း​သည် နှလုံး​ရောဂါ​၏ လက္ခဏာ​ဖြစ်​နိုင်

လေ့လာမှု​တစ်ခု​အရ၊ “အမျိုးသမီးများ​သည် ထူးထူးခြားခြား​မောပန်း​ပြီး အိပ်မပျော်​ခြင်း​သည် နှလုံး​ရောဂါ​၏ အစောပိုင်း​သတိပေး​လက္ခဏာများ​ဖြစ်​နိုင်​စ​ရာ​ရှိသည်” ဟု​အပြည်ပြည်ဆိုင်ရာ မီ​ယာ​မီ​သံတော်ဆင့် မဂ္ဂဇင်းက ဖော်ပြ​သည်။ လေ့လာမှု​ပြု​ရာ​တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း​သာ အစောပိုင်း လက္ခဏာ​အဖြစ် ရင်ဘတ်​အောင့်​ပြီး ၇၁ ရာခိုင်နှုန်း​သည် နှလုံး​ရောဂါ​မဖြစ်မီ တစ်လ​ကျော် ထူးထူးခြားခြား မောပန်း​တတ်ကြ​သည်​ဟု ဖော်ပြ​၏။ ဆေး​သိပ္ပံ အာ​ကဲ​န်​စော​တက္ကသိုလ်​မှ ပါမောက္ခ​ဂျီးန် မက်​ဆွီ​နီ​က ဤသို့​ဆို​သည်– “မည်သို့​မောပန်း​သည်ကို ရှင်း​မပြ​တတ်​အောင် ထူးဆန်း​သည်၊ အချို့​ဆိုလျှင် အိပ်ရာသိမ်း​သည့်​အခါ မ​နား​ဘဲ​မနေ​နိုင်အောင် အလွန်​မော​တတ်ကြ​သည်။ . . . နှလုံး​ရောဂါ​သည် အမျိုးသမီးများ​အတွက် နံပါတ် ၁ လူသတ်ကောင်​ဖြစ်၏။” သူ​ဤသို့​ဖော်ပြ​သည်– “နှလုံး​ရောဂါ​၏​အစောပိုင်း လက္ခဏာများ​ကို သိရှိ​စေရန် အမျိုးသမီးများ​အား ကျွန်မ​တို့ နားလည်အောင် ပြောပြ​နိုင်​လျှင် ယင်း​ရောဂါ​ကို ကုသ​ကာကွယ်​ပေး​နိုင်​မည် သို့​မဟုတ် နှောင့်နှေး​စေမည်​ဖြစ်သည်။”

ဗင်း​နစ်​မြို့ကို ရေ​ဘေး​မှ ကာကွယ်​ခြင်း

အေ​ဒ​ရီ​အက်​တစ်ပင်​လယ်​ရှိ ကျွန်း​ပေါင်း ၁၂၀ ခန့်​ပေါ်​၌ တည်ဆောက်​ထားသော အီတလီ​နိုင်ငံ​မှ ဗင်း​နစ်​မြို့တွင် ရေ​ကြီး​လေ့​ရှိသည်။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာ​ဆွေးနွေး​ပြီး​နောက် ပင်လယ်​ကမ်းခြေ​အဝ​သုံးခု​ကို ဖြတ်ကျော်​ပြီး ဖွင့်​ပိတ်​၍​ရသော ရေ​ထိန်း​စနစ်​တစ်ခု ဆောက်လုပ်ရေး​ကို အီတလီ​အစိုးရ​က ခွင့်ပြု​လိုက်​သည်။ ရေ​ထိန်း​များ​တွင် သံမဏိ​သေတ္တာ​ကြီး ၇၉ လုံး​ပါရှိ​ပြီး တစ်လုံးစီ​သည် အမြင့်ပေ ၁၀၀၊ အကျယ် ၆၅ ပေ​နှင့် ထု ၁၅ ပေ​ရှိကြသည်။ သာမန်​အခြေအနေ​များ​တွင် သေတ္တာ​များသည် ပင်လယ်​ကြမ်းပြင်​နှင့် တညီတည်း​ရှိစေရန် ရေဖြည့်​ထား​ကြ​မည်​ဖြစ်​ရာ ရေ​ယာဉ်များ​သွား​လာနိုင်​ပြီး ဒီရေ​အတက်အကျ​ဖြစ်​နိုင်၏။ သို့သော် ရေ​ကြီး​တော့​မည်​ဆိုလျှင် သေတ္တာ​ထဲ လေ​သွင်း​ပေး​လိုက်​မည်​ဖြစ်​ကာ ဘေး​ဘက်​ရှိ ပ​တ္တာ​ဖြင့် ပင်လယ်​ကြမ်းပြင်​သို့ ကျောက်ဆူး​ချထား​မည်​ဖြစ်သည်။ ယခု သေတ္တာ​များ ဖော့​ကန်​အားရှိ​လာပြီး ပင်လယ်ရေ​မျက်နှာပြင်​ပေါ် မတ်​ထောင်​လာ​ကာ တံတား​အရှင်​များ​ကဲ့သို့ ဖြစ်လာ​မည်။ ဘေးချင်းယှဉ်​ထားသော ထို​သေတ္တာ​များသည် ရှည်လျားသော​ရေ​ထိန်း​ပုံစံ​ဖြစ်သွား​ပြီး ရေ​လျှံ​ခြင်း​ကို ဟန့်တား​ထား​လိမ့်​မည်။ ဤ​စနစ်​ကို ၂၀၁၁ တွင်​စတင်​သုံး​မည်​ဟု မျှော်လင့်​ရ၏။

ဆေးလိပ်​သောက်​ခြင်း​သတင်း

• “မွန်​တာ​နာ​ပြည်နယ်၊ ဟ​ယ်လီ​နာ​မြို့မှ အရက်​ဆိုင်​များ၊ စားသောက်​ဆိုင်​များနှင့် အခြား​မိုး​လုံ​လေ​လုံ​စီးပွားရေး​လုပ်ငန်းများ​တွင် ဆေးလိပ်​သောက်​ခြင်း​ကို တားမြစ်​ထားခြင်း​သည် ခြောက်​လ​အတွင်း နှလုံး​ရောဂါ​ဖြင့် ဆေးရုံ​တက်ရောက်သူ ၆၀ ရာခိုင်နှုန်း​နီးပါး ကျဆင်း​သွားခြင်း​နှင့် ဆက်နွှယ်​လျက်​ရှိကြောင်း သုတေသီ​များ တွေ့ရှိ​ခဲ့​ကြသည်” ဟု​ဝေါ​လ်​စ​ထ​ရိ​ဂျာနယ်​က ဖော်ပြ​သည်။ ဒေသန္တရ​တရားရုံး​တစ်​ရုံး​က ဆေးလိပ်​တားမြစ်​ရေး​ကို ဖျက်သိမ်း​လိုက်ပြီး​နောက် ယခင်​နှုန်း​ထား​အတိုင်း နှလုံး​ရောဂါ ပြန်​ဖြစ်ပေါ်​လာ​၏။ နှလုံး​အထူးကု​ဆရာဝန် ဆစ်ဒနီ​စ​မ​စ်​က “ယင်းသည် ဆေးလိပ်​ငွေ့​သင့်​ခြင်း​၏ အန္တရာယ်ကို ရှောင်​ဖို့​လို​ရသည့် ခိုင်လုံ​သော​အထောက်အထား​ဖြစ်သည်” ဟု​ဆို​၏။

• “ပြည်နယ်​အစိုးရ​များသည် ယခင်​က ဆေး​ရွက်​ကြီး​လုပ်ငန်း​ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်​ခဲ့​ကြသော်လည်း ယခု​အခါ အခြေအနေ​တစ်မျိုး​ပြောင်း​သွား​၏– သူတို့သည် နိုင်ငံ​၏​အကြီးဆုံး​စီးကရက်​လုပ်ငန်းရှင်​ကြီး​ကို ကယ်ဆယ်​ရန် အသင့်ရှိနေ​ကြပြီ” ဟု ထို​ဂျာနယ်​က​ပင် ဖော်ပြ​သည်။ အဘယ်ကြောင့်​နည်း။ စီးကရက်​ကုမ္ပဏီ​တစ်ခု​သည် အမှု​တစ်ခု​တွင် အယူခံဝင်​ရန် ဒေါ်လာ ၁၂ ဘီလီယံ ပေးဆောင်​ရမည်ဟု တရားသူကြီး​တစ်ဦး​က စီရင်ချက်​ချ​ခဲ့​သည်။ ယင်းက သူတို့ကို ဒေဝါလီ​ခံစေ​မည်​ဖြစ်​ပြီး ယခင်​အမှု​တွင် ပေးဆောင်​ရမည့် ဘီလီယံ​နှင့်​ချီ​သော ဒေါ်လာ​များ​ကို ပေး​ဆပ်​နိုင်​တော့​မည် မဟုတ်​ချေ။ ပြည်နယ်​အစိုးရ​များသည် “ပြည်နယ်​များစွာ​အတွက် ရသုံးငွေ​ဖရိုဖရဲ​ဖြစ်မှု​ကို တားဆီး​နိုင်​မည့်​ငွေ​ကို မက်မော​လာ​ကြသည်” ဟု​ထို​ဆောင်းပါး​တွင် ဖော်ပြ​ထား​၏။ ယင်းကြောင့် “ပြည်နယ်​များသည် ဘက်​ပြောင်း​သွား​ကြသည်။” နှစ်ပတ်​အကြာတွင် တရားသူကြီး​သည် သူ၏​စီရင်ချက်​ကို ဖျက်သိမ်း​ပြီး ကုမ္ပဏီ​အား ထို့​ထက်နည်း​သော​ငွေ​ကို ပေးဆောင်​စေ​ခွင့်ပြု​လိုက်​သည်။