ရင်သွေးငယ်များအား စာဖတ်ပြခြင်း၏ အကျိုးကျေးဇူးများ
ရင်သွေးငယ်များအား စာဖတ်ပြခြင်း၏ အကျိုးကျေးဇူးများ
ပိုလန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
“ပိုလန်နိုင်ငံသားအားလုံး ရင်သွေးငယ်များအား စာဖတ်ပြကြ” ဟူသော နှစ်စဉ်ပြုလုပ်သည့် ကင်ပိန်းတစ်ခုကို စီမံကွပ်ကဲသူများက ဤသို့ဆိုကြသည်– “စာဖတ်ခြင်းသည် အသိပညာအတွက်ရော တွေးခေါ်ဆင်ခြင်နိုင်စွမ်းအတွက်ပါ အရေးကြီးသည်။ . . . ယင်းသည် လူ့အတွေးအခေါ်နှင့် အသိပညာဘဏ္ဍာတံခါးကို ဖွင့်ပေးသည်။” ဤအဆိုမှန်ကန်လျှင် လူကြီးများနှင့် ကလေးသူငယ်များစွာတို့သည် စာဖတ်ခြင်းကို မနှစ်မြို့ဖွယ်တာဝန်တစ်ခုအဖြစ် အဘယ်ကြောင့် ယူမှတ်နေကြသနည်း။
ဤကင်ပိန်းကို အစပြုသူများက “စာဖတ်သည့်အလေ့အထနှင့် စာအုပ်များအား နှစ်သက်မှုကို ကလေးဘဝတွင် ပြုစုပျိုးထောင်ပေးရမည်” ဟုဆိုကြသည်။ မိဘများအား သူတို့က “မိမိ၏ရင်သွေးငယ်များကို ပညာရှိစေလိုပြီး ကျောင်းနှင့် ဘဝအသက်တာတွင် အောင်မြင်သူများဖြစ်စေလိုလျှင် နေ့စဉ် မိနစ် ၂၀ ကြာ အသံကျယ်ကျယ်နှင့် စာဖတ်ပြပါ” ဟု ပြောကြ၏။
ထို့အပြင် မိမိတို့၏ရင်သွေးငယ်များအား အချိန်ဆွဲမနေဘဲ “အတတ်နိုင်ဆုံး စောစော” စာဖတ်ပြကြဖို့လည်း မိဘများကို အားပေးထားသည်။ မည်သည့်အချိန်တွင်နည်း။ “နို့စို့ကလေးငယ်ကို ရင်ခွင်ထဲ ထွေးပိုက်ကာ ချစ်မြတ်နိုးစွာကြည့်ပြီး သူ၏စိတ်ဝင်စားမှုကို ကိုယ့်အသံဖြင့်နှိုးဆွပေး၍ စာဖတ်ပြကြပါစို့” ဟူ၍ မိဘများကို တိုက်တွန်းခဲ့သည်။ “ဤနည်းဖြင့် လုံခြုံမှု၊ ကြည်နူးမှု၊ ရင်းနှီးမှုရှိသည့် ခံစားချက်နှင့်အတူ တည်မြဲသောပေါင်းသင်းဆက်ဆံမှုရှိ စာဖတ်ပြခြင်းကို တည်ဆောက်ပေးသည်။ ထို့အပြင် သူ၏ ဉာဏဖွံ့ ဖြိုးမှုကိုလည်း လှုံ့ဆော်ပေးပါသည်။”
အဆိုပါကင်ပိန်းကို စီမံကွပ်ကဲသူများက “ရင်သွေးငယ်လေးများအား စာဖတ်ပြခြင်းသည် တစ်ခါနှင့်မျှမတူအောင် ယခုအခါ ပို၍အရေးကြီးနေ” ကြောင်း အလေးပေးပြောကြားကာ အခြားသော အကျိုးကျေးဇူးများကိုလည်း သူတို့ထောက်ပြကြသည်။ အသံကျယ်ကျယ် စာဖတ်ပြခြင်းသည် ရင်သွေးငယ်လေးများအား စဉ်းစားတွေးတောရန် သင်ပေးသည်၊ “အခြားသူများ၊ ကမ္ဘာလောကနှင့် မိမိတို့ကိုယ်ကို နားလည်သဘောပေါက်စေသည်၊ . . . စိတ်ဝင်စားမှုကို နှိုးဆွပေးသည်၊ စိတ်ကူးဉာဏ် ဖွံ့ ဖြိုးစေသည်၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ ဖြိုးမှုကို လှုံ့ဆော်ပေးသည်၊ နားလည်ခံစားမှုနှင့် စာနာမှုကို ပျိုးထောင်ပေးသည်၊ ကျင့်ဝတ်စံနှုန်းများကို သွန်သင်ပေးသည်၊ . . . ကိုယ့်ကိုယ်ကိုလေးစားမှုရှိစေသည်။” ယင်းသည် “ရင်သွေးငယ်များ၏ စိတ်နှလုံးကို ခြိမ်းခြောက်နေသည့် မလိုလားအပ်သော ဩဇာများစွာကို ပြေစေသည်” ဟု ဤကင်ပိန်း၏ ဦးဆောင်သူများက ကောက်ချက်ချကြသည်။
အထူးသဖြင့် စာဖတ်ပြခြင်းကို ထိရောက်စေရန် မိမိတို့၏ ကောင်းကင်ခမည်းတော်ထံ ချဉ်းကပ်ကြဖို့ ကလေးသူငယ်များကို အားပေးသည့် စာအုပ်စာပေများကို အသုံးပြုသင့်ပေသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည့် အကောင်းဆုံးစာအုပ်ဖြစ်သည်။ လူငယ်တိမောသေသည် “နို့စို့အရွယ်မှစ၍ သန့် ရှင်းသောစာစောင်များကို” သွန်သင်ခံခဲ့ရကြောင်း သမ္မာကျမ်းစာကဆို၏။ (၂ တိမောသေ ၃:၁၅၊ ကဘ) မိဘများသည် ရင်သွေးငယ်များအား အသံကျယ်ကျယ် စာဖတ်ပြသည့် အစီအစဉ်တစ်ခုတွင် ယေဟောဝါသက်သေများထုတ်ဝေပြီး အထူးသဖြင့် ကလေးသူငယ်များအတွက် ရေးသားထားသည့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်နှင့် ကြီးမြတ်သောဆရာထံမှ သင်ယူလော့ အစရှိသည့် ကျမ်းစာအခြေပြုစာအုပ်များကို ထည့်သွင်းနိုင်ပါသည်။