မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရေတိမ်ရောဂါ—စက္ခုအာရုံသူခိုး

ရေတိမ်ရောဂါ—စက္ခုအာရုံသူခိုး

ရေ​တိမ်​ရောဂါ—စ​က္ခု​အာရုံ​သူခိုး

ဤ​ဝါကျ​ရှိ နောက်ဆုံး​စကားလုံး​ကို တဒင်္ဂ အာရုံစိုက်ကြည့်​လိုက်ပါ။ သင်၏​မျက်လုံး​များ​ကို မ​ရွေ့လျား​ဘဲ ဤ​မဂ္ဂဇင်း​၏ အထက်၊ အောက်​နှင့် ဘေး​တစ်ဖက်တစ်ချက်​ရှိ နေရာ​တချို့​ကို မြင်ရ​ပါသလော။ အများအားဖြင့် သင်​မြင်နိုင်​ပေ​သည်၊ အကြောင်း​မှာ အစွန်​ကျ​အမြင်​အာရုံ​ကြောင့်​ဖြစ်၏။ ဤ​စွမ်းရည်​က သင့်​အနား ချဉ်းကပ်​လာ​နေသည့် သူစိမ်း​တစ်ဦး​ကို ဂရုပြု​မိ​စေ​သည်။ ယင်းက သင့်​အား မြေပေါ်​မှ အရာဝတ္ထု​များ​ကို ရှောင်ကွင်း​သွား​စေနိုင်​ပြီး လမ်းလျှောက်​သည့်​အခါ နံရံ​ကို ဝင်​မ​တိုက်မိ​စေပါ။ သင်​ကားမောင်း​သည့်​အခါ အစွန်​ကျ​အမြင်​အာရုံ​က သင့်​အား ပလက်ဖောင်း​ပေါ်​မှ လမ်းလျှောက်​လာ​သူ​တစ်ဦး​ကို သတိထား​စေနိုင်​ပါ​သည်။

သို့သော် ဤ​စာမျက်နှာ​ကို သင်​ဖတ်ရှု​နေသည့်တိုင် သင်၏​အစွန်​ကျ​အမြင်​အာရုံ​သည် သင်​မသိ​လိုက်​ဘဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်​သွား​နိုင်​ပါ​သည်။ ကမ္ဘာ​တစ်ဝန်း​၌ ခန့်မှန်းခြေ ၆၆ သန်း​သည် ရေ​တိမ်​ရောဂါ​ဟု လူသိ​များ​သည့် မျက်စိ​ရောဂါ​အုပ်စု​ဝင် ရောဂါ​တစ်မျိုး​ကို ခံစား​နေကြ၏။ ထို​အရေအတွက်​အနက် ငါး​သန်း​ကျော်​မှာ လုံးဝ​မျက်စိကွယ်​လာ​ကြ​သဖြင့် ရေ​တိမ်​ရောဂါ​သည် အမြဲတမ်း​မျက်စိကွယ်​ခြင်း​ဖြစ်​ရသည့် တတိယ​အကြီးမားဆုံး အကြောင်းရင်း​ဖြစ်နေ​လေ​သည်။ “သို့​တိုင် ရေ​တိမ်​ရောဂါ​ကို ပစ်မှတ်​ထားသော လူထု​ပညာပေး​အစီအစဉ်များ​ရှိသည့် ဖွံ့ဖြိုးပြီး​နိုင်ငံ​များ​၌​ပင် ရေ​တိမ်​ရောဂါ​ရှိသူ​ထက်ဝက်​သည် ရောဂါ​အမည်​မဖော်​နိုင်​ဘဲ​ဖြစ်နေ​သည်” ဟု သည်​လ​န်​စက် ဆေး​ဂျာနယ်​က​ဆို​၏။

မည်သူသည် ရေ​တိမ်​ရောဂါ​ဖြစ်​မည့်​အန္တရာယ်​ရှိ​သနည်း။ ယင်း​ရောဂါ​ကို မည်သို့​စစ်ဆေး​သိရှိ​နိုင်​ပြီး မည်သို့​ကုသ​နိုင်​သနည်း။

ရေ​တိမ်​ရောဂါ​ဟူသည် အဘယ်နည်း

ဦးဆုံး ကျွန်ုပ်​တို့၏​မျက်လုံး​အကြောင်း အနည်း​အကျဉ်း​သိထားဖို့ လို​ပေ​သည်။ ဩစတြေးလျ ရေ​တိမ်​ရောဂါ​ဖောင်ဒေးရှင်း​မှ ထုတ်ဝေ​သည့် ဘရိုရှာ​တစ်စောင်​က ဤသို့​ရှင်းပြသည်– “မျက်လုံး တောင့်တင်း​ခြင်း​မှာ ဖိအား​ကြောင့်​ဖြစ်သည်၊ မျက်လုံး​၏​တစ်ရှူး​ပျော့​များသည် ကား​တာယာ​တစ်ခု သို့​မဟုတ် လေပူဖောင်း​တစ်ခု​ကဲ့သို့ ‘ဖောင်းကား’ နေသည်။” မျက်လုံး​၏​အတွင်းပိုင်း​တွင် မျှ​င်​ပွား​ကိုယ်​ဟု​ခေါ်​သည့် ပ​န့်​က မျက်စိ​ရည်​ကြည်​ဟု​သိရှိ​ကြ​သည့် အရည်​တစ်မျိုး​ကို သွေးကြော​များ​ထဲ​မှ မျက်လုံး​ထဲ​သို့ ပို့ပေး​သည်။ “ယင်း​အရည်​ကြည်​သည် မျက်လုံး​၏​အတွင်းအကျဆုံး​အပိုင်း​သို့ ပျံ့နှံ့​သွား​ရာ မျက်လုံး​၏ သက်ရှိ​အစိတ်အပိုင်း​များ​ကို အားဖြည့်ပေး​ပြီး အမျှင်​တစ်ရှူး​တန်း​စ​ကာ​ဟု​ခေါ်​သည့် ရေ​စစ်​ပုံ​အစိတ်အပိုင်း​တစ်ခု​မှ​တစ်ဆင့် သွေး​စီး​ကြောင်း​ထဲ ပြန်ရောက်​သွား​သည်။”

ဤ​စ​ကာ​သည် အကြောင်း​တစ်ခုခု​ကြောင့် ပိတ်ဆို့​သွား​မည် သို့​မဟုတ် ကျဉ်း​ကျုံ့​သွား​မည်​ဆိုလျှင် မျက်လုံး​အတွင်းပိုင်း​ဖိအား တိုးများ​လာပြီး မျက်လုံး​အနောက်ဘက်​ရှိ နုနယ်​သော နဗ်ကြော​မျှ​င်​များ​ကို တ​စ​တ​စ ပျက်စီး​စေ​ပေမည်။ ဤ​အခြေအနေ​မျိုးကို ထောင့်​ကျယ်​ရေ​တိမ် ဟု​ခေါ်​ပြီး မျက်စိ​ရောဂါ​အားလုံး​၏ ၉၀ ရာခိုင်နှုန်း​ခန့်​ရှိ​လေ​သည်။

မျက်တွင်း​ဖိအား (အိုင်​အို​ပီ) သည် နာရီ​ခြား​၍ အမျိုးမျိုး​ပြောင်းလဲ​နိုင်​သည်​ဖြစ်​ရာ သင့်​နှလုံးခုန်​နှုန်း၊ သင်​သောက်​လိုက်​သည့်​အရည်​ပမာဏ​နှင့် သင့်​ခန္ဓာကိုယ်​အနေအထား​တို့​အပါအဝင် အကြောင်းရင်း​အမျိုးမျိုး​ကြောင့် အကျိုး​သက်ရောက်​စေပါ​သည်။ သဘာဝ​အလျောက် ဤသို့​ကွဲပြားမှု​များ​က သင့်​မျက်လုံးကို မထိခိုက်​စေပါ။ မျက်လုံး​အတွင်း​ဖိအားများ​ခြင်း​သည် ရေ​တိမ်​ရောဂါ​ဖြစ်​ရခြင်း​၏ အထောက်အထား​မျှ မဟုတ်​ချေ၊ အကြောင်း​မှာ “သာမန်” မျက်လုံး​ဖိအား​သည် လူတစ်ဦး​နှင့်​တစ်ဦး မတူညီ​ကြသော​ကြောင့်​ဖြစ်၏။ သို့​တိုင်၊ မျက်တွင်း​ဖိအားများ​ခြင်း​သည် ရေ​တိမ်​ရောဂါ​ဖြစ်ပေါ်​လာနိုင်​သည့် လက္ခဏာများ​အနက် တစ်ခု​ဖြစ်​လေ​သည်။

ဤ​ရောဂါ​၏ ရှားပါး​သော​ပုံစံ​တစ်မျိုး​ကို ရုတ်ခြည်း​ရေ​တိမ် သို့​မဟုတ် ထောင့်​ကျဉ်း​ရေ​တိမ်​ဟု​ခေါ်​သည်။ ဤ​အမျိုးအစား​သည် ထောင့်​ကျယ်​ရေ​တိမ်​နှင့်​မတူဘဲ မျက်လုံး​အတွင်း​ဖိအား ရုတ်တရက်​တိုးများ​လာ​မှု​နှင့်​ပတ်သက်​သည်။ မျက်လုံးကို အလွန်အမင်း​နာကျင်စေ​ပြီး အမြင်​မှု​န်​ဝါး​စေ​ကာ အော့​အန်​စေ​သည်။ ရောဂါ​လက္ခဏာ​စတင်​ခံစားရ​သည်​နှင့် နာရီ​ပိုင်း​အတွင်း ကုသမှု​မခံယူ​လျှင် မျက်စိကွယ်​သွားပေ​လိမ့်​မည်။ နောက်​အမျိုးအစား​တစ်ခု​မှာ တစ်ဆင့်​ခံ​ရေ​တိမ်​ရောဂါ​ဖြစ်သည်။ ယင်း​အမည်​၏​အဓိပ္ပာယ်​အတိုင်း ဤ​အမျိုးအစား​သည် အကျိတ်​များ၊ အတွင်း​တိမ်​များ၊ သို့​မဟုတ် မျက်စိ​ထိခိုက်​ဒဏ်ရာ​များ အစ​ရှိသည့် အခြား​မျက်လုံး​အခြေအနေ​များ​ကြောင့် ဖြစ်ပေါ်​လာ​တတ်၏။ လူနည်းစု​မှာ​မူ မွေးရာပါ​ရေ​တိမ်​ရောဂါ​ဟု သိရှိ​ထား​သည့် စတုတ္ထ​အမျိုးအစား​ကို ခံစား​နေကြ​ရ၏။ ဤ​အမျိုးအစား​သည် မွေးရာပါ သို့​မဟုတ် မွေး​မွေးချင်း​ဖြစ်​ရာ မွေးကင်းစ​ကလေး​ငယ်​သည် မျက်ဆန်​ကြီး​နေပြီး အလင်း​ဒဏ်​ကို မခံနိုင်​ဖြစ်နေ​သည်​ဆိုလျှင် ဤ​ရောဂါ​ရှိသည်​ဟု ဖော်ပြ​သည်။

စ​က္ခု​အမြင်​အား “ခိုးယူ” ပုံ

ရေ​တိမ်​ရောဂါ​သည် သင်​သတိ​မပြုမိ​ဘဲ မျက်လုံး​တစ်လုံး​ရှိ သင့်​အမြင်​၏ ၉၀ ရာခိုင်နှုန်း​အထိ ခိုးယူ​တတ်​သည်။ ထိုသို့​မည်သို့​ဖြစ်​နိုင်​သနည်း။ ကျွန်ုပ်​တို့အားလုံး​တွင် မျက်လုံး​တစ်လုံးစီ​၏​အနောက်ဘက်​၌ သဘာဝ​အလျောက်​ဖြစ်ပေါ်​နေသည့် မမြင်​ကွက်​ငယ်​တစ်ခု​ရှိကြသည်။ စ​က္ခု​နဗ်ကြော​ဖွဲ့​ရန် သင်၏​နဗ်ကြော​မျှ​င်​များ စုစည်း​သည့်​နေရာ​ဖြစ်သော မြင်လွှာ​ပေါ်​ရှိ ဤ​အကွက်​ငယ်​တွင် အလင်း​အာရုံခံ​ဆဲလ်​များ မရှိ​ချေ။ သို့သော် သင့်​ဦးနှောက်​တွင် ရုပ်ပုံ​၏ ပျောက်​နေသည့်​အပိုင်း​များ​ကို “ရုပ်လုံးပေါ်” စေနိုင်​စွမ်း​ရှိသဖြင့် ယင်း​မမြင်​ကွက်​ငယ်​ကို သင်​သတိ​မပြုမိ​ခြင်း​ဖြစ်​ပေ​သည်။ ထူးဆန်း​နေသည်​မှာ ယင်းကို​လုပ်ဆောင်​သည့် ဦးနှောက်​၏​စွမ်းရည်​က ရေ​တိမ်​ရောဂါ​ကို တဖြည်းဖြည်း မသိမသာ​စိမ့်ဝင်​ပျံ့နှံ့​လာ​စေခြင်း​ဖြစ်သည်။

ဩစတြေးလျ မျက်စိ​အထူးကု​ပညာရှင် အကြီးအမှူး​တစ်ဦး​ဖြစ်သူ ဒေါက်တာ အိုင်​ဗင် ဂိုးလ်​ဘာ့ဂ်​က နိုးလော့!ကို ဤသို့​ပြောပြ​သည်– “ရေ​တိမ်​ရောဂါ​ကို အမြင်​အာရုံ​အလစ်​သုတ်​သ​မား ဟု​ခေါ်ဆို​သည်၊ အကြောင်း​မှာ ၎င်း​သည် အဘယ်​ရောဂါ​လက္ခဏာ​မျှ မပြ​သောကြောင့်​ဖြစ်၏။ အဖြစ်​အများဆုံး​ရေ​တိမ်​ရောဂါ​သည် ဖြည်းဖြည်း​နှင့်​မှန်မှန်​ဖြစ်လာ​ပြီး သတိပေး​ချက်​တစ်စုံတစ်ရာ​မရှိဘဲ မျက်လုံး​နှင့်​ဦးနှောက်ကို​ဆက်သွယ်​ထား​သည့် နဗ်ကြော​အဖွဲ့ကို ပျက်စီး​စေ​လေ​သည်။ သင်​မျက်ရည်​ယို​သည်​ဖြစ်စေ၊ မ​ယို​သည်​ဖြစ်စေ၊ သင့်​မျက်လုံး​များ ခြောက်သွေ့​သည်​ဖြစ်စေ၊ မ​ခြောက်သွေ့​သည်​ဖြစ်စေ၊ ရှင်းရှင်းလင်းလင်း စာရေး​စာဖတ်​နိုင်​သည်​ဖြစ်စေ၊ မ​ရေး​မဖတ်​နိုင်​သည်​ဖြစ်စေ ရေ​တိမ်​ရောဂါ​နှင့် မပတ်သက်​ချေ။ သင်၌ လုံးဝ​ကောင်းမွန်​သည့် မျက်လုံး​များ​ရှိ​နေနိုင်​သလို အလွန်​ဆိုးရွား​သော ရေ​တိမ်​ရောဂါ​လည်း ရှိ​နိုင်​ပေ​သည်။”

သူခိုး​ကို ရှာဖွေ​တွေ့ရှိ​ခြင်း

ဝမ်းနည်းစရာမှာ ရေ​တိမ်​ရောဂါ​အတွက် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်​စစ်ဆေးမှု တစ်ခု​မျှ​မရှိခြင်း​ဖြစ်သည်။ မျက်စိ​အထူးကု​ဆရာဝန်​တစ်ဦး​သည် တင်း​အား​တိုင်း​ကိရိယာ​ဟု သိထားကြ​သည့် ကိရိယာ​ကို​အသုံး​အပြု​၍ သင့်​မျက်လုံး​ရှိ အရည်​ဖိအား​ကို စစ်ဆေး​ကြည့်​ခြင်း​အားဖြင့် အစပြု​ပေမည်။ သင့်​မျက်လုံး​၏​အရှေ့ပိုင်း သို့​မဟုတ် မျက်​ကြည်​လွှာ​ကို ပြား​သွားစေရန် ယင်း​ကိရိယာ​ကို ညင်သာ​စွာ​အသုံးပြု​ရသည်။ ယင်း​သို့​လုပ်ဆောင်ရန် လိုအပ်​သည့် အား​ပမာဏ​ကို တိုင်းတာ​ရသည်၊ ဤနည်းဖြင့် သင့်​မျက်လုံး​အတွင်းရှိ​ဖိအား​ကို ခန့်မှန်း​နိုင်​ပေ​သည်။ ထို့​အပြင် မျက်စိ​အထူးကု​ဆရာဝန်​သည် မျက်လုံး​နှင့် ဦးနှောက်ကို ဆက်သွယ်​ထား​သည့် နဗ်ကြော​အဖွဲ့​ရှိ ပျက်စီး​သွားသော​တစ်ရှူး​ကို ဖော်ထုတ်​ပေး​သည့် ကိရိယာ​များ​ကို​အသုံးပြု၍​လည်း ရေ​တိမ်​ရောဂါ​လက္ခဏာများ​ကို ရှာဖွေ​နိုင်​ပေ​သည်။ ဒေါက်တာ ဂိုးလ်​ဘာ့ဂ်​က ဤသို့​ဆို​သည်– “မျက်လုံး​နောက်ဘက်​ရှိ သွေးကြော​များ သို့​မဟုတ် နဗ်ကြော​မျှ​င်​များ ပုံသဏ္ဌာန်​မှန်​မမှန် စစ်ဆေး​ကြည့်​ရသည်၊ အကြောင်း​မှာ ယင်းက နဗ်ကြော​များ ပျက်စီး​နေကြောင်း ဖော်ပြ​နိုင်သော​ကြောင့်​ဖြစ်၏။”

မြင်ကွင်း​စမ်းသပ်​စစ်ဆေး​နည်းဖြင့်​လည်း ရေ​တိမ်​ရောဂါ​ကို ရှာဖွေ​သိရှိ​နိုင်​ပေ​သည်။ ဒေါက်တာ ဂိုးလ်​ဘာ့ဂ်​က ဤသို့​ရှင်းပြသည်– “လူတစ်ဦး​သည် အဖြူရောင်​အလင်းတန်း​သက်ရောက်​သည့် ခွက်လုံး​တစ်လုံး​ထဲ​သို့ ကြည့်​လိုက်​ရာ ပိုမို​တောက်ပ​သည့် အဖြူရောင်​အလင်းတန်း​တစ်ခု​က ယင်း​ခွက်လုံး​အတွင်းရှိ အပြော​က်​လေး​တစ်ခု​တွင် တ​လက်​လက်​တောက်​နေသည်။ ထို​သူသည် ယင်း​အဖြူရောင်​အလင်းတန်း​လေး​ကို မြင်ရ​လျှင် လျှပ်စစ်​ခလုတ်​တစ်ခု​ကို နှိပ်​ခြင်း​အားဖြင့် တုံ့ပြန်​လိုက်​သည်။” ယင်း​အဖြူရောင်​အလင်းတန်း​သည် သင့်​မြင်ကွင်း​၏ အပြင်ဘက်​အစွန်း​တွင်​ရှိသည့်​အခါ ၎င်းကို​မ​တွေ့ရ​လျှင် ရေ​တိမ်​ရောဂါ​ရှိသည်​ဟု သတ်မှတ်​နိုင်​ပေ​သည်။ ကိရိယာ​အသစ်များ ပေါ်ပေါက်​နေပြီ​ဖြစ်​ရာ ငြီးငွေ့​ဖွယ်​ကောင်း​သည့် ဤ​လုပ်ထုံး​လုပ်​နည်းကို ရိုးရှင်း​လွယ်ကူ​စေနိုင်​ပါ​သည်။

မည်သူ ရောဂါ​ဖြစ်​မည့် အန္တရာယ်​ရှိ​သနည်း

ပေါလ်​သည် အသက်​လေးဆယ်​ကျော်​ခါ​စ​တွင် ကျန်းမာ​ရေး​ကောင်း​သူ​ဖြစ်၏။ သူက ဤသို့​ဆို​သည်– “မျက်မှန်​အသစ်​လုပ်ဖို့ မျက်မှန်​ကျွမ်းကျင်​သူ​ဆီ သွား​ပြ​တဲ့​အခါ မိသားစုမှာ ရေ​တိမ်​ရောဂါ​ခံစား​ရသူ​ရှိသလား​လို့ ကျွန်တော့်​ကို မေးပါ​တယ်။ စုံစမ်း​ကြည့်​လိုက်တဲ့အခါ အဒေါ်​တစ်ယောက်​နဲ့ ဦးလေး​တစ်ယောက်​ဆီ​မှာ ဒီ​ရောဂါ​ရှိခဲ့တယ်လို့ သိရတယ်။ ဒါနဲ့ မျက်စိ​အထူးကု​ဆရာဝန်​နဲ့​ပြ​ကြည့်​တော့ ကျွန်တော့်​မှာ ရေ​တိမ်​ရောဂါ​ရှိ​နေတယ်လို့ အတည်ပြု​လိုက်ပါ​တယ်။” ဒေါက်တာ ဂိုးလ်​ဘာ့ဂ်​က “မိခင် သို့​မဟုတ် ဖခင်​တွင် ရေ​တိမ်​ရောဂါ​ရှိပါက ယင်း​ရောဂါ​ရှိ​မည့်​အန္တရာယ် သုံး​ဆ​မှ ငါး​ဆ​အထိ​ရှိသည်။ သင်၌ ရေ​တိမ်​ရောဂါ​ရှိသည့် ညီအစ်ကို​မောင်နှမ​တစ်ဦး​ရှိ​မည်​ဆိုလျှင် ယင်း​ရောဂါ​ရှိ​မည့်​အန္တရာယ် ငါး​ဆ​နှင့် ခု​နစ်​ဆ​အကြား​ရှိသည်” ဟု​ရှင်းပြသည်။

အမေရိကန်​ပြည်ထောင်စု​ရှိ ရေ​တိမ်​ရောဂါ​ဖောင်ဒေးရှင်း​မှ ဒေါက်တာ ကီဗင် ဂ​ရင်း​နိဂျ်​က အန္တရာယ်​ဖြစ်စေ​သော အခြား​အကြောင်းရင်း​များ​ကို ဤသို့​မီး​မောင်း​ထိုး ပြောဆို​သွား​သည်– “သင်သည် အသက် ၄၅ နှစ်​ကျော်​ပြီး အာဖရိက​အနွယ်​ဖြစ်​မည်​ဆိုလျှင် သို့​မဟုတ် မိသားစု​ရာဇဝင်​တွင် ရေ​တိမ်​ရောဂါ၊ အဝေး​မှု​န်၊ ဆီး​ချို၊ ယခင်​မျက်စိ​ထိခိုက်​ဒဏ်ရာ​ရရှိ​မှု သို့​မဟုတ် ကော်​တီ​ဇုန်း/စ​တီး​ရွိုက်​ဆေးဝါး​များ ပုံမှန်​သောက်သုံးမှု​ရှိ​ခြင်း​စ​သည့် အန္တရာယ်​ဖြစ်စေ​သော အကြောင်းရင်း​တစ်မျိုး​မျိုး​ရှိပါက သင့်​မျက်လုံးကို နှစ်စဉ် စမ်းသပ်​ကြည့်​သင့်​ပေ​သည်။” သင်၌ အန္တရာယ်​ဖြစ်စေ​သည့်​အကြောင်းရင်း​များ မရှိသည့်​အပြင် အသက် ၄၅ နှစ်​အောက်​ဖြစ်သည့်​တိုင် ရေ​တိမ်​ရောဂါ​ရှိမရှိ လေးနှစ်​တစ်ကြိမ် စမ်းသပ်​စစ်ဆေး​ကြည့်​သင့်​၏။ သင်သည် အသက် ၄၅ နှစ်​ကျော်​ပါ​က နှစ်နှစ်​တစ်ကြိမ် စမ်းသပ်​စစ်ဆေး​ကြည့်​သင့်​ပေ​သည်။

ကုသ​၍​ထိန်းချုပ်​ပါ

ပေါလ်​၏​ရေ​တိမ်​ရောဂါ​ကို ကုသ​ခြင်း​တွင် တစ်နေ့​လျှင် တစ်ကြိမ် အထူး​မျက်​စဉ်း​ဆေးရည်​ခတ်​ခြင်း​ပါဝင်​သည်။ “ကျွန်တော်​အသုံးပြုတဲ့ မျက်​စဉ်း​ဆေးရည်​က မျက်လုံး​ထဲ​က မျက်စိ​ရည်​ကြည် ထုတ်လုပ်မှု​ကို ထိန်းချုပ်​ပေးတယ်” ဟု ပေါလ်​က​ဆို​သည်။ ထို့​အပြင် ပေါလ်​ခံယူ​သည့် ကုသမှု​တွင် လေ​ဆာ​ရောင်ခြည်တန်း​ကို​အသုံးပြု၍ သဘာဝ​အရည်​ထုတ်​ပြွန်​ပေါက်​များ ဖြစ်တည်ရာ​အနီး မျက်လုံး​အရှေ့ဘက်တွင် အလွန်​သေးငယ်သော အပေါက်​ဆယ်​ပေါက်​ခန့် “ဖောက်” ခဲ့​သည်။ သူက ဤသို့​ဆို​၏– “ကျွန်တော့်​ရဲ့​မျက်လုံး​တစ်ဖက်​ကို လေ​ဆာ​ရောင်ခြည်​နဲ့ ကုသ​လိုက်တဲ့အခါ အတော်လေး​ကို စိုးရိမ်​ထိတ်လန့်​ခဲ့​ပြီး စိတ်​ကသိကအောက်​ဖြစ်​ခဲ့​ရတယ်။ ဒါပေမဲ့ ရက်​အနည်းငယ်​အကြာ ကျွန်တော့်​ရဲ့ ဒုတိယ​မျက်လုံးကို ကုသ​လိုက်တဲ့အခါ ဘာကို​မျှော်လင့်​ထား​ရမယ်ဆိုတာ ကျွန်တော်​သိ​သွားတယ်။ စိတ်​သက်သာမှု​ပို​ရ​သွားပြီး ကျွန်တော်​မသိ​လိုက်​ခင်​မှာပဲ ဆရာဝန်​က ခွဲစိတ်​ပြီး​သလော​က်​ရှိနေပြီ။” ဆေးဝါး​ကုသမှု​က ပေါလ်​၏​မျက်လုံး​ဖိအား​ကို တည်ငြိမ်​စေ​ခဲ့​၏။

သို့​နှင့် ပေါလ်​၏​အမြင်​သည် အပြုသဘောဆောင်​နေသည်။ သူက ဤသို့​ဆို​သည်– “ကျွန်တော့်​ရဲ့​မြင်လွှာ​မှာ မဆိုစလောက်​လေး​ဘဲ ပျက်စီး​သွားတယ်၊ ကျွန်တော့်​မှာ အစွန်​ကျ​အမြင် အပြည့်အဝ​ရှိနေသေး​တာ ကျေးဇူး​တင်စရာ​ပဲ။ နေ့တိုင်း မျက်​စဉ်း​ခတ်​ဖို့ သတိရ​နေမယ်​ဆိုရင် ပုံမှန်​အတိုင်း နေသွား​လို့​ရ​ပါ​တယ်။”

“အမြင်​အာရုံ​အလစ်​သုတ်​သ​မား” သည် သင့်​မြင်ကွင်း​ကို ခိုးယူ​နေပါသလော။ သင့်​မျက်လုံး​တွင် ရေ​တိမ်​ရောဂါ​ရှိမရှိ တစ်ခါမျှ မ​စစ်ဆေး​ကြည့်ဖူး​ဘူး​ဆိုလျှင်—အထူးသဖြင့် သင်သည် အန္တရာယ်​ရှိသည့်​အုပ်စု​တစ်စု​တွင် ပါဝင်​နေ​မည်​ဆိုလျှင်—သင့်​ဆရာဝန်​အား ရေ​တိမ်​ရောဂါ​စမ်းသပ်​ကြည့်​ပေး​ရန် တောင်းဆိုခြင်း​က ပညာရှိရာ​ရောက်​ပေမည်။ ဒေါက်တာ ဂိုးလ်​ဘာ့ဂ်​၏​အဆို​အရ “အချိန်မီ၊ သင့်လျော်​သည့်​ကုသမှု​ခံယူ​ခြင်း​ဖြင့် ရေ​တိမ်​ရောဂါ​ကြောင့် ပျက်စီး​ဆုံးရှုံးမှု​များစွာ​ကို တားဆီး​နိုင်​ပေ​သည်။” မှန်ပါသည်၊ သင်သည် ဤ​စ​က္ခု​အာရုံ​သူခိုး​ကို တားဆီး​ဟန့်တား​နိုင်​ပါ​သည်!

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အကယ်၍ သင်သည်

● အာဖရိက​နွယ်​ဖွား ဖြစ်​မည်​ဆိုလျှင်

● သင့်​မိသားစုတွင် တစ်ဦး​တစ်ယောက်​သည် ရေ​တိမ်​ရောဂါ​ရှိ​မည်​ဆိုလျှင်

● သင်၌ ဆီး​ချို​ရောဂါ​ရှိ​မည်​ဆိုလျှင်

● သင်သည် အဝေး​မှု​န်​ဖြစ်နေ​သည်​ဆိုလျှင်

● သင်သည် လိမ်းဆေး​တချို့​နှင့် ပန်း​နာ​ရင်​ကျပ်​ဖျန်း​ဆေး​ဘူး​များ​တွင် အသုံးပြုသည့် ကော်​တီ​ဇုန်း/စ​တီး​ရွိုက် ဆေးဝါး​များ​ကို အတန်ကြာ ပုံမှန်​မှီဝဲ​နေ​သူ​ဖြစ်​မည်​ဆိုလျှင်

● သင်၌ ယခင်​က မျက်စိ​ထိခိုက်​ဒဏ်ရာ​ရခဲ့​သည်​ဆိုလျှင်

● သင်သည် အသက် ၄၅ နှစ်​ကျော်​ပြီ​ဆိုလျှင် ရေ​တိမ်​ရောဂါ​ဖြစ်​နိုင်​စ​ရာ​အကြောင်း​များသည်

[ရုပ်ပုံ]

မှန်မှန်​စမ်းသပ်​စစ်ဆေးခြင်း​က ဆိုးဆိုးရွားရွား အမြင်​အာရုံ​ဆုံးရှုံးမှု​ကို ကာကွယ်​တားဆီး​ပေး​နိုင်

[စာမျက်နှာ ၁၅ ပါ ပုံကြမ်း/ရုပ်ပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ထောင့်​ကျယ် ရေ​တိမ်​ရောဂါ

မျက်​ကြည်​လွှာ

မျက်​နက်​ဝန်း

မှန်ဘီလူး

မြင်လွှာ

အမြင်​နဗ်ကြော​သည် စ​က္ခု​အာရုံ​လှုံ့ဆော်မှု​များ​ကို ဦးနှောက်​သို့ သယ်ဆောင်​သွား​ပေး​သည်

အမြင်​ချပ်ဝိုင်း၊ သို့​မဟုတ် မမြင်​ကွက်​ငယ်​သည် အမြင်​နဗ်ကြော​ဖွဲ့​ရန် နဗ်ကြော​မျှ​င်​များ စုဆုံ​ရာ​နေရာ​ဖြစ်သည်

အရည်​ထုတ်လုပ်​ရာ မျှ​င်​ပွား​ကိုယ်​ကြွက်သား

မျက်စိ​ရည်​ကြည်​သည် မှန်ဘီလူး၊ မျက်​နက်​ဝန်း​နှင့် မျက်​ကြည်​အတွင်းပိုင်း​ကို အာဟာရ​ဖြည့်တင်း​ပေး​သည့် အရည်​ကြည်​တစ်မျိုး​ဖြစ်သည်။ ၎င်း​သည် မျက်လုံး​၏​အပြင်ဘက်​ကို ဆေးကြော​ပေး​သည့် မျက်ရည်​နှင့် မတူ​ပါ

အမျှင်​တစ်ရှူး​တန်း​စ​ကာ​သည် အရည်​ကို စီးဆင်း​သွား​စေ​သည်

စ​ကာ​သည် ပိတ်ဆို့​နေ​မည် ဆိုလျှင် မျက်လုံး​အတွင်းပိုင်း​တွင် ဖိအားများ​လာ​သည်

၄ ဖိအားများ​လာ​လျှင် မျက်လုံး​အနောက်ဘက်​ရှိ နုနယ်​သော နဗ်ကြော​မျှ​င်​များ ပျက်စီး​သွား​ကာ ရေ​တိမ်​ရောဂါ သို့​မဟုတ် အမြင်​လျော့နည်း​ခြင်း​ကို ဖြစ်စေ​သည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အမြင်​ချပ်ဝိုင်း

သင် မြင်တွေ့​မည့်​အရာ

သာမန် မြင်ကွင်း

ရေ​တိမ်​ရောဂါ​ဖြစ်​စ

ရေ​တိမ် ရောဂါ​ရ​င့်

[Credit Line]

Photos of optic disks: Courtesy Atlas of Ophthalmology