မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုများကို မည်သို့ဆက်ဆံသင့်သနည်း

သက်ကြီးရွယ်အိုများကို မည်သို့ဆက်ဆံသင့်သနည်း

သမ္မာကျမ်းစာ​ရှုထောင့်

သက်ကြီးရွယ်အို​များ​ကို မည်သို့​ဆက်ဆံ​သင့်​သနည်း

အနှစ် ၆၀ အတွင်း ဥရောပတိုက်​ကို ရိုက်ခတ်​သွားသော အဆိုးဝါးဆုံး​အပူ​လှိုင်း​တစ်ခု​ကြောင့် ၂၀၀၃ ခုနှစ် နွေ​ရာသီ​တွင် ဥရောပ​အနှံ့ လူ​ထောင်နှင့်ချီ သေဆုံး​ခဲ့​ကြသည်။ သေဆုံး​သူ​အများစုမှာ သက်ကြီးရွယ်အို​များ ဖြစ်​ကြ​၏။ တချို့​မှာ ဆွေမျိုးသားချင်း​များ အားလပ်ရက်​ခရီး​ထွက်သွား​ကြ​သဖြင့် တစ်ကိုယ်တည်း ကျန်ရစ်​ခဲ့​သူများ​ဖြစ်​ကြ​လေ​သည်။ တချို့​မှာ​မူ အလုပ်ပိ​နေကြ​သည့် ဆေးရုံ​နှင့် ဘိုးဘွား​ရိပ်သာ ဝန်ထမ်း​များ​က ဂရုမစိုက်​ဘဲ ပစ်ထား​ခံရ​သူများ ဖြစ်​ကြသည်​ဟု​ဆို​၏။ ပါရီ​မြို့​တစ်မြို့တည်း​တွင် ပိုင်ရှင်မဲ့​အလောင်း ၄၅၀ ရှိသည်​ဟု လာ ပါရီဇင်​သတင်းစာ​က ဖော်ပြ​ခဲ့​သည်။ တစ်ကိုယ်တည်း​သေဆုံး​သွားခဲ့​ကြ​သူ၊ အမည်​မသိ​သေဆုံး​သွားခဲ့​ကြ​သူတို့၏ အခြေအနေ​နှင့်​ပတ်သက်​၍ အဆိုပါ​သတင်းစာ​က “မိမိတို့၏​ဖခင်​များ၊ မိခင်များ​နှင့် ဘိုးဘွား​များ​ကို မေ့လျော့​ရ​လောက်​အောင် အဘယ်​အခြေအနေ​မျိုး​တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​သနည်း” ဟု မေးခွန်းထုတ်​ခဲ့​သည်။

ကမ္ဘာ​တစ်ဝန်း​တွင် အသက် ၆၅ နှစ်​ကျော်​သည့် လူဦးရေ လစဉ် ၇၉၅,၀၀၀ သည် မကြုံစဖူး​တိုးများ​လာ​ရာ သက်ကြီးရွယ်အို​များ​၏ လိုအပ်ရာ​များ​ကို ကြည့်ရှု​ပေးခြင်း​သည် မျက်မှောက်ခေတ်​၏ စိုးရိမ်ဖွယ်​အကောင်းဆုံး​အရာတစ်ခု ဖြစ်လာ​နေပြီ။ “တစ်ကမ္ဘာလုံး​တွင် အိုမင်း​ခြင်း​သည် မ​တွေ့ မြင်ဖူး​သော​နှုန်း​ဖြင့် ဖြစ်ပေါ်​နေရာ အသက်အရွယ်​ကြီးရင့်​ခြင်း​၏ စိန်ခေါ်ချက်​များနှင့် အခွင့်အလမ်း​များ​ကို နိုင်ငံ​အများ​က မည်သို့​တုံ့ပြန်​မည်​ကို ကျွန်ုပ်​တို့ အာရုံစိုက်​ဖို့​လို​မည်” ဟု ယူ.အက်စ်. အစိုးရ​သန်း​ခေါင်​စာရင်း​ဌာန​မှ ဖွား​သေ​စာရင်း​အစီအစဉ်​၏ တွဲဖက်​ညွှန်ကြားရေးမှူး​ဖြစ်သူ နန်စီ ဂေါ်​ဒွန်​က ပြောကြား​ခဲ့​သည်။

ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည်လည်း သက်ကြီးရွယ်အို​များ​ကို စိတ်ဝင်စား​တော်​မူ​၏။ အမှန်​ဆို​ရ​လျှင် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​က သူတို့အား မည်သို့​ဆက်ဆံ​ရမည်ကို ကျွန်ုပ်​တို့အား ညွှန်ကြား​ထား​သည်။

သက်ကြီးရွယ်အို​များ​ကို ရိုသေ​လေးစားပါ

မောရှေ​အား ပေး​ခဲ့​သည့် ဘုရားသခင့်​ပညတ်တော်​က သက်ကြီးရွယ်အို​များ​ကို ရိုသေ​လေးစားဖို့ အားပေးခဲ့​သည်။ ထို​ပညတ်တော်​က ဤသို့​ဆို​၏– “ဆံပင်​ဖြူ​သော​သူ​ရှေ့မှာ ထ​ရမည်။ အသက်ကြီး​သော​သူ၏​မျက်နှာကို ရိုသေ​ရမည်။” (ဝတ်ပြုရာ ၁၉:၃၂) ဘုရားသခင်​အား နာခံမှု​ရှိ​ရှိ ဝတ်ပြုသူ​များသည် (၁) အသက်​ကြီးရင့်​သူကို ရိုသေ​လေးစား​သည့် အမှတ်လက္ခဏာ​အဖြစ်​နှင့် (၂) ဘုရားသခင်​ကို​ဝတ်ပြုသူ​များ​၏ ရိုသေ​ခန့်ညား​သည့် အထောက်အထား​အဖြစ် သက်ကြီးရွယ်အို​များ​ရှေ့တွင် “ထ” သင့်​ပေ​သည်။ သို့​နှင့် အသက်ကြီးသူ​များသည် ဂုဏ်တင်​ခံရ​ကြ​ကာ တန်ဖိုး​ရှိ​သူများ​အဖြစ် မှတ်ယူ​ခံရ​ကြသည်။—သု. ၁၆:၃၁; ၂၃:၂၂

မျက်မှောက်ခေတ် ခရစ်ယာန်​များသည် မောရှေ​ပညတ်​အောက်​မရှိကြ​သော်လည်း ၎င်း​၏​မူများ​သည် ယေဟောဝါ​၏ အတွေးအခေါ်​များနှင့် ဦးစားပေး​ရာ​များ​ကို ဖော်ပြ​ရာ သက်ကြီးရွယ်အို​များ​ကို ကိုယ်တော်​တန်ဖိုး​ထား​ကြောင်း သေချာစေပါ​သည်။ ယင်း​မူများ​ကို ပထမ​ရာစု​ခရစ်ယာန်​အသင်းသားများ နားလည်​သဘောပေါက်ခဲ့​ကြ​၏။ ယင်း​နှင့်​စပ်လျဉ်း၍ အစောပိုင်း​သာဓက​တစ်ခု​ကို တမန်တော်ဝတ္ထု​တွင် ဖော်ပြ​ထား​သည်။ ထို​အချိန်​က ယေရုရှလင်​မြို့ရှိ ခရစ်ယာန်​များ​အလယ်တွင် အကူအညီ​လိုအပ်​နေသည့် မုဆိုးမများ​ရှိ​လေ​သည်။ ၎င်း​တို့​အထဲ​တွင် အတော်များများမှာ သက်ကြီးရွယ်အို​များ​ဖြစ်​ကြ​မည်​မှာ သေချာ​သည်။ တမန်​တော်​များသည် “အသရေရှိသော​လူ” ခု​နစ်​ဦး​ကို ခန့်အပ်​ပြီး ထို​အမျိုးသမီးများ​အား အစာရေစာ​ကို စနစ်တကျ နေ့စဉ်​ရရှိစေ​ခဲ့​သည်၊ ထိုသို့​သော အထူး​ဂရုစိုက်​မှု​ကို အသင်းတော်​၏ “အမှု” အဖြစ် ယူမှတ်ခဲ့​ကြသည်။—တမန်​တော် ၆:၁-၇

တမန်​တော်​ပေါလု​သည် ‘အသက်ကြီး​သော​သူ​ရှေ့တွင် ထ​ခြင်း’ ဟူသော​မူကို ခရစ်ယာန်​အသင်းတော်၌​လည်း ကျင့်သုံး​စေ​ခဲ့​၏။ အသက်​ပို​ငယ်​သည့် ခရစ်ယာန်​ကြီးကြပ်မှူး တိမောသေ​အား “အသက်ကြီး​သော​သူကို ကျပ်တည်း​စွာ​မဆုံးမ​နှင့်။ အဘ​ကဲ့သို့​မှတ် . . . လော့။ အသက်ကြီး​သော​မိန်းမတို့ကို အမိ​ကဲ့သို့ . . . မှတ်၍​ကျင့်​ကြလော့” ဟု သူ​ဆို​ခဲ့​သည်။ (၁ တိမောသေ ၅:၁၊ ၂) လူငယ်​တိမောသေ​သည် သက်ကြီးရွယ်အို​ခရစ်ယာန်​များ​ကို​ကျော်​၍ အခွင့်အာဏာ အတော်အတန်​ရရှိ​ထား​သော်လည်း အသက်ကြီးသူ​တစ်ဦး​ကို ချိုးနှိမ်​၍​မပြော​ဆို​မိဖို့ မှာကြား​ခံရ​သည်။ သို့​အစား ဖခင်​တစ်ဦး​ကဲ့သို့ ရိုသေ​လေးစား​စွာ ဆက်ဆံ​ရမည်​ဖြစ်သည်။ ထို့​အပြင် အသင်းတော်​ရှိ အသက်ကြီး​သော အမျိုးသမီးများ​ကိုလည်း ထပ်တူ​ဂုဏ်တင်​ရမည်​ဖြစ်၏။ အမှန်​ဆို​ရ​လျှင် တိမောသေ​နှင့် ခရစ်ယာန်​အသင်းသား​အားလုံး ‘အသက်ကြီး​သော​သူ​ရှေ့တွင် ထ’ ရမည်ဟု တမန်​တော်​ပေါလု​က ဆုံးမ​နေခြင်း​ဖြစ်​ပေ​သည်။

ဘုရားသခင်​ရေးရာ​စိတ်ထား​ရှိသူတို့​တွင် အသက်ကြီးသူ​များ​ကို သိက္ခာ​ရှိ​ရှိ၊ ရိုသေ​လေးစား​စွာ ဆက်ဆံ​သည့် ဥပဒေ​ပြဋ္ဌာန်းချက် ရှိ​စ​ရာ​မလို​ချေ။ အသက် ၁၃၀ အရွယ်​ရှိ ယာကုပ်​အား နေရာအနှံ့​ဖြစ်နေ​သည့် ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​မှ ကယ်တင်​ရန် မိမိ၏​သက်ကြီးရွယ်အို​ဖခင်​ကို အီဂျစ်​ပြည်​သို့ အကုန်​ကျ​ခံ ခေါ်ဆောင်​ခဲ့​သူ ယောသပ်​၏ ကျမ်းစာ​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ အ​နှစ်နှစ်​ဆယ်​ကျော်​အတွင်း ဦးဆုံး​အကြိမ် မိမိ​ဖခင်​ကို ယောသပ်​တွေ့ မြင်​သောအခါ “အဘ​၏​လည်ပင်း​ကို​ဖက်​လျက် ကြာကြာ​ငို​လေ​၏။” (ကမ္ဘာဦး ၄၆:၂၉) သက်ကြီးရွယ်အို​များ​ကို ထောက်ထား​စာနာ​ပြီး အလွန်​ရိုသေ​လေးစား​စွာ​ဆက်ဆံခြင်း​သည် ကြာမြင့်စွာ​ကတည်းက ဣသရေလ​လူမျိုး​တို့​အလယ်တွင် ပညတ်တရား​ဖြစ်လာ​ခဲ့​ရာ ယောသပ်​သည် ထိုသို့​လုပ်ဆောင်ခြင်း​အားဖြင့် ဘုရားသခင့်​ရှုမြင်ချက်​ကို ရောင်ပြန်ဟပ်​ခဲ့​လေ​သည်။

မိမိ၏​ဓမ္မ​အမှုဆောင်ချိန်​အတွင်း ယေရှု​ကိုယ်တိုင်​လည်း သက်ကြီးရွယ်အို​များ​အတွက် စိုးရိမ်​ကြောင်း​ပြသ​ခဲ့​၏။ ဘာသာရေး​ထုံးတမ်း​စဉ်​လာ​ကြောင့် အိုမင်း​နေသော​မိဘများ​ကို လျစ်လျူရှု​ရမည်ဟု ယူဆ​ခဲ့​ကြ​သည့် ဘာသာရေး​ခေါင်းဆောင်​များ​ကို ကိုယ်တော် ပြင်းပြင်းထန်ထန် ပြစ်တင်​ရှုတ်ချခဲ့​သည်။ (မဿဲ ၁၅:၃-၉) ယေရှုသည်​လည်း မိခင်​ဖြစ်သူ​ကို မေတ္တာပြည့်​ဝ​စွာ ဂရုစိုက်​ပေး​ခဲ့​၏။ ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် မချိမဆံ့​နာကျင်မှုကို ခံစား​နေရ​စဉ် မိမိ၏ အိုမင်း​နေသော​မိခင်​အား မိမိ​ချစ်သော တမန်​တော်​ယောဟန်​က ကြည့်ရှု​စောင့်ရှောက်​ပေး​မည်​ဖြစ်​ကြောင်း သေချာ​စေ​ခဲ့​၏။—ယောဟန် ၁၉:၂၆၊ ၂၇

ဘုရားသခင်​သည် မိမိ​အပေါ်​တည်ကြည်သူ​တို့ကို စွန့်​တော်​မ​မူ

ဆာလံဆရာ​က ဤသို့​ဆုတောင်း​ခဲ့​၏– “အကျွန်ုပ်​ကို အို​သောအခါ ပယ်​တော်​မ​မူ​ပါ​နှင့်။ အားလျော့​သောအခါ စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်။” (ဆာလံ ၇၁:၉) တည်ကြည်သော​ကျေးကျွန်​များသည် အသုံးမဝင်​တော့​ဟု သူတို့​ကိုယ်​၌ ခံစား​ကြ​ရသည့်တိုင် သူတို့ကို ဘုရားသခင် “စွန့်ပစ်​တော်” မ​မူ​ချေ။ ယေဟောဝါ​၏​စွန့်ပစ်ခြင်း​ကို ခံရ​သည်​ဟု ဆာလံဆရာ မခံစား​ခဲ့​ရ​ချေ၊ ယင်းအစား အသက်အရွယ်​အိုမင်း​လာ​သည့်​တိုင် မိမိ၏​ဖန်ဆင်း​ရှင်​အပေါ် အားထား​မှီခို​ဖို့​လိုအပ်ကြောင်း သူ​အသိအမှတ်ပြု​ခဲ့​လေ​သည်။ ယေဟောဝါ​သည် ယင်း​သို့​တည်ကြည်မှု​တင်ပြ​သူကို သူ့​ဘဝ​တစ်လျှောက်​လုံး ကူညီ​ထောက်မ​ပေးခြင်း​ဖြင့် တုံ့ပြန်​တော်​မူ​လေ​သည်။ (ဆာလံ ၁၈:၂၅) ယင်း​သို့​သော​ထောက်မ​ကူညီ​မှု​ကို ခရစ်ယာန်​ချင်း​များ​ထံ​မှ​တစ်ဆင့် ရလေ့​ရှိ၏။

အထက်ပါ​အချက်​ကို ထောက်ရှု​သော် ဘုရားသခင်​အား ဂုဏ်တင်​လို​သူအား​လုံး​တို့သည် သက်ကြီးရွယ်အို​များ​ကိုလည်း ဂုဏ်တင်​ရမည်​မှာ ရှင်းနေပါသည်။ အသက်ကြီးသူ​များသည် ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏ မျက်မှောက်​တော်​တွင် အမှန်ပင်​အဖိုးထိုက်​လှ​၏။ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​သူများ​ဖြစ်​ကြသော​ကြောင့် “ဆံပင်​ဖြူ” သော​သူကို ဘုရားသခင်​ရှုမြင်​သကဲ့သို့ အမြဲ​ရှုမြင်​နိုင်​ကြ​ပါစေ။—ဆာလံ ၇၁:၁၈

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် အသက်ကြီးသူ​များ​ကို ဂုဏ်​တင်၍ ရိုသေ​လေးစား​ကြ