မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး တိုးတက်မှုများ

အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး တိုးတက်မှုများ

အေ့ဒ်စ်​ရောဂါ တိုက်ဖျက်ရေး တိုးတက်မှု​များ

“လူ့​သမိုင်း​တွင် အလွန်​ရှုပ်ထွေး​သည့်​ရောဂါ​တစ်မျိုး​အကြောင်းကို အချိန်တို​လေး​အတွင်း နှံ့နှံ့စပ်စပ် သိရှိ​ခဲ့​ဖူး​ခြင်း မရှိ​ချေ” ဟု ဒေါက်တာ ဂီ​ရ​ယ်လ် ဂျေ. စ​တိုင်း​က အေ့ဒ်စ် အပ်​ဒိတ် ၂၀၀၃ စာအုပ်​တွင် ရေးသား​ထား​သည်။ သူက “အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် သုတေသန​မှတ်တမ်း​သည် ထူးခြားသည့် သိပ္ပံ​ဆိုင်ရာ​အောင်မြင်မှု​တစ်ရပ်​ဖြစ်သည်” ဟု ဆို​သည်။ အဘယ်အရာ အောင်မြင်​ခဲ့ပြီ​နည်း။

ခေတ်​သစ် ဆေး​ဘက်​ဆိုင်ရာ​အသိပညာနှင့် ကျွမ်းကျင်​မှု​တို့​ကြောင့် သုတေသီ​များသည် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ခံ​နေရသူ​တို့အတွက် မျှော်လင့်ချက်​အသစ် ကမ်း​လှမ်းပေး​သည့် ဆေးဝါး​ပေါင်းစပ်မှု​များ​ကို တိုးတက်​စေနိုင်​ခဲ့​ကြပြီ​ဖြစ်သည်။ ထို့​အပြင် အေ့ဒ်စ်​ပညာပေး​အစီအစဉ်များ​က နိုင်ငံ​အတော်များများ​တွင် အကျိုး​ဖြစ်ထွန်း​စေ​ခဲ့ပြီ။ သို့သော် ထိုသို့​သော ကြိုးစား​အားထုတ်မှု​များ​၏ အောင်မြင်မှု​သည် ဤ​သေစေနိုင်​သည့်​ကူးစက်​ရောဂါ အဆုံးတိုင်တော့​မည်​ဟု အချက်ပြ​ပါသလော။ လက်ရှိ​သိပ္ပံ​နှင့် ပညာပေး ကြိုးပမ်း​အားထုတ်မှု​များသည် အေ့ဒ်စ်​ရောဂါ​ပြန့်ပွားမှု​ကို ရပ်တန့်​စေနိုင်​ပါသလော။ အောက်ပါ​တို့ကို သုံးသပ်ကြည့်​ပါ။

ဆေးဝါး​ကုထုံး

“အေ့ဒ်စ်​တိုက်ဖျက်ရေး မျှော်လင့်ချက်​ရောင်ခြည်” ဟူ၍ ၁၉၈၆၊ စက်တင်ဘာ ၂၉ ရက်​နေ့​ထုတ် တိုင်းမ်​မဂ္ဂဇင်း​၏ ခေါင်းစီး​ပိုင်း​တွင် ဖတ်​ရ၏။ အိပ်ခ်ျအိုင်ဗွီ​ကု ရောဂါ​အရှိန်​တန့်​စေသော​ဆေးဝါး​တစ်မျိုး​ဖြစ်သော အာဇိုင်ဒိုသိုင်မဒင်း (အေ​ဇ​က်​တီ) ကို​အသုံးပြုသည့် ဆေးဝါး​စမ်းသပ်မှု​ရလဒ်များ​ကြောင့် ဤ “မျှော်လင့်ချက်​ရောင်ခြည်” သန်း​ခဲ့​သည်။ ထူးခြား​သည်​မှာ အေ​ဇ​က်​တီ​ဆေး​မှီဝဲ​သည့် အိပ်ခ်ျအိုင်ဗွီ လူနာများ​သည် အသက်ပိုရှည်​ကြသည်။ ထို​အချိန်​မှ​စ၍ ရောဂါ​အရှိန်​တန့်​စေသော​ဆေး​များ (အေ​အာရ်​ဗွီ) သည် လူနာ​ထောင်ပေါင်း​များစွာ​၏​အသက်ကို ပို​ရှည်​စေ​ခဲ့​သည်။ (စာမျက်နှာ ၇ ရှိ “အေ့စ်ဒ်​ရောဂါ​အရှိန်​တန့်​စေသော​ဆေး​များ​ဟူသည် အဘယ်နည်း” လေးထောင့်ကွက်​ကို​ရှု။) အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ရောဂါ​ကို ကုသ​ရာ​တွင် မည်မျှ​အောင်မြင်​ခဲ့​ကြပြီ​နည်း။

အေ​ဇ​က်​တီ​ဆေး​ကို ထုတ်ဝေ​ခဲ့​ချိန်​က အားတက်သရော​ရှိကြ​လင့်​ကစား “အေ​ဇ​က်​တီ [သည်] အေ့ဒ်စ်​ရောဂါ​ကို​တိုက်ဖျက်​သည့် အကောင်းဆုံး​လက်နက်​မဟုတ်​ဟု” အေ့ဒ်စ်​သုတေသီ​များ “ယုံကြည်ခဲ့​ကြ” ကြောင်း တိုင်းမ်​မဂ္ဂဇင်းက ဖော်ပြ​ခဲ့​သည်။ သူတို့​မှန်​ခဲ့​ကြ​ပါ​သည်။ တချို့​လူနာများ​သည် အေ​ဇ​က်​တီ​ဆေး​ဒဏ်​ကို မခံနိုင်​ကြ​ချေ၊ ထို့​ကြောင့် အခြားသော အေ​အာရ်​ဗွီ​ဆေးဝါး​များ ပေါ်ထွက်​လာ​ခဲ့​သည်။ နောက်ပိုင်း​တွင် ယူ.အက်စ်. အစားအစာ​နှင့် ဆေးဝါး စီမံခန့်ခွဲရေး​အဖွဲ့က ရောဂါ​ရ​င့်​နေပြီ​ဖြစ်သည့် အိပ်ခ်ျအိုင်ဗွီ​လူနာများ​အတွက် အေ​အာရ်​ဗွီ​ဆေးဝါး​များ​ကို ပေါင်းစပ်​ရန် သဘောတူ​လိုက်​ကြ​၏။ ဆေးဝါး​ပေါင်းစပ်​ကုထုံး​တွင် ရောဂါ​အရှိန်​တန့်​စေသော​ဆေးဝါး သုံးမျိုး သို့​မဟုတ် ထို့​ထက်မက သုံးစွဲခြင်း​ပါဝင်​လာ​ခဲ့​ရာ အေ့ဒ်စ်​ကျန်းမာ​ရေး​လုပ်သားများ​က စိတ်အား​ထက်သန်​စွာ ကြိုဆို​ခဲ့​ကြသည်။ အမှန်တကယ်​တွင် ၁၉၉၆ ခုနှစ်​က ကျင်းပ​ခဲ့​သည့် နိုင်ငံတကာ အေ့ဒ်စ်​ရောဂါ​ကွန်​ဖ​ရ​င့်​တွင် ဆရာဝန်​တစ်ဦး​က ဆေးဝါး​များသည် အိပ်ခ်ျအိုင်ဗွီပိုး​ကို ကိုယ်ခန္ဓာ​မှ လုံးလုံးလျားလျား ဖယ်ရှား​ပေး​နိုင်​မည်​ဟု​ပင် ကြေညာ​သွားခဲ့​၏!

ဝမ်းနည်းစရာမှာ သုံးမျိုးစပ်​ဆေးဝါး​ကို စွဲစွဲမြဲမြဲ​မှီဝဲ​ကြ​သည့်​တိုင် အိပ်ခ်ျအိုင်ဗွီပိုး​ကို ပျောက်ကင်း​အောင် မဖယ်ရှား​ပေး​နိုင်​ကြောင်း တစ်နှစ်​အတွင်း ထင်ရှား​ခဲ့​၏။ သို့သော် “အေ​အာရ်​ဗွီ​ပေါင်းစပ်​ကုထုံး​သည် အိပ်ခ်ျအိုင်ဗွီပိုး​ရှိသူတို့​ကို ပို​အသက်ရှည်​စေ​၍ ကျန်းမာ​စေ​ကာ ဘဝကို​လည်း ပို​၍​အကျိုးရှိ​စေနိုင်​ခဲ့” ကြောင်း ယူအဲန်​အေ့ဒ်စ်​အစီရင်ခံစာ​တစ်စောင်​တွင် ဖော်ပြ​ထား​သည်။ ဥပမာ၊ အမေရိကန်​ပြည်ထောင်စု​နှင့် ဥရောပ​တို့​တွင် အေ​အာရ်​ဗွီ​ဆေးဝါး​အသုံးပြုခြင်း​ကြောင့် အေ့ဒ်စ်​ရောဂါ​ဖြင့်​သေဆုံးမှု​ကို ၇၀ ရာခိုင်နှုန်း​ကျော် လျော့နည်းစေ​ခဲ့​ပေ​ပြီ။ သည့်​အပြင် လက်ရွေးစင်​အေ​အာရ်​ဗွီ​ကုသမှု​သည် ရောဂါပိုး​ရှိ ကိုယ်ဝန်ဆောင်​အမျိုးသမီး​တစ်ဦးထံ​မှ သူ၏​ကလေး​သို့ အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​မှု​ကို သိသိသာသာ လျော့နည်း​စေနိုင်​ကြောင်း လေ့လာမှု​အတော်များများ​က ဖော်ပြ​ခဲ့​ကြပြီ။

သို့​တိုင်၊ သန်းနှင့်ချီ​သော အိပ်ခ်ျအိုင်ဗွီ​လူနာများ​သည် အေ​အာရ်​ဗွီ​ဆေးဝါး​များ​ကို သုံးစွဲ​ခွင့်​မရ​ကြ​ချေ။ အဘယ်ကြောင့်​နည်း။

“ဆင်းရဲသား​ရောဂါ”

အေ​အာရ်​ဗွီ​ကုထုံး​ကို ဝင်ငွေ​မြင့်မား​သည့် နိုင်ငံ​များ​တွင် ကျယ်ကျယ်ပြန့်ပြန့် ပေးကမ်း​တိုက်ကျွေး​နေကြ၏။ သို့ရာတွင်၊ ဖွံ့ ဖြိုး​ဆဲ​နိုင်ငံ​တချို့​တွင် အေ​အာရ်​ဗွီ​ကုထုံး​လိုအပ်သူ ၅ ရာခိုင်နှုန်း​သာ ထို​ဆေးဝါး​များ​ကို ရယူ​သုံးစွဲ​နိုင်​ကြသည်​ဟု ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က ခန့်မှန်း​သည်။ ကုလသမဂ္ဂ​သံတမန်များ​က ဤ​တစ်ဖက်​စောင်း​နင်း​ဖြစ်နေ​မှု​ကို “ဆိုးရွား​သည့်​မမျှတ​မှု” နှင့် “ခေတ်​သစ်​လောက​၏ အမြင်​မတော်​သော​ညစ်ပတ်​မှု” ဟု​ပင် ဖော်ပြ​ခဲ့​ကြ​လေ​သည်။

မမျှမတ​ကုသ​ပေး​မှု​သည် တစ်နိုင်ငံ​တည်း​သားချင်း​များ​တွင်​လည်း ရှိ​နိုင်​ပါ​သည်။ သည်​ဂ​လို့​ဘ် အဲ​န် မေးလ်​သတင်းစာ​က အေ့ဒ်စ်​ရောဂါ​နှင့်​သေဆုံး​သွား​သည့် ကနေဒါ​လူမျိုး​သုံးဦး​တွင် တစ်ဦး​သည် အေ​အာရ်​ဗွီ​ဆေးဝါး​များ​ဖြင့် တစ်ခါမျှ ကုသ​မခံခဲ့​ရ​ကြောင်း ဖော်ပြ​သည်။ ကနေဒါ​နိုင်ငံ​တွင် ယင်း​ဆေးဝါး​များ​ကို အခမဲ့​ရရှိနိုင်​သော်လည်း တချို့သော အုပ်စု​များ​ကို​ကား လျစ်လျူရှု​ထား​ကြ​၏။ “လျောက်ပတ်​သည့် ကုသမှု​မခံခဲ့​ရသူ​တို့​မှာ အကူအညီ အလိုအပ်ဆုံး​သူများ​ဖြစ်​ကြ​သည့် မူလ​တိုင်းရင်းသား​များ၊ အမျိုးသမီးများနှင့် ဆင်းရဲသား​များ​ဖြစ်​ကြသည်” ဟု သည်​ဂ​လို့​ဘ်​က​ဆို​သည်။ သည်​ဂါးဒီးယန်း​သတင်းစာ​က အိပ်ခ်ျအိုင်ဗွီပိုး​ရှိနေ​သည့် အာဖရိကန်​အမျိုးသမီး​တစ်ဦး၏​စကား​ကို ဤသို့​ကိုးကား​ဖော်ပြ​ခဲ့​သည်– “ကျွန်မ နားမလည်​တော့​ဘူး။ ဘာကြောင့် ယောက်ျား​ချင်း​လိင်ဆက်ဆံ​ကြ​တဲ့ ဒီ​လူဖြူ​တွေ​ကျ​တော့ အသက်ရှင်​ကြ​ပြီး ကျွန်မ​က သေ​ရမှာ​လဲ။” သူ၏​မေးခွန်း​ကို ဖြေဆို​ရန်​မှာ ဆေးဝါး​ထုတ်လုပ်​ဖြန့်ဖြူး​သည့် စီးပွားရေး​လုပ်ငန်းများ​အပေါ် မူတည်​ပေ​သည်။

အမေရိကန်​ပြည်ထောင်စု​နှင့် ဥရောပ​တို့​တွင် ဆေးဝါး​သုံးမျိုးစပ် အေ​အာရ်​ဗွီ​သုံးစွဲမှု ပျမ်းမျှ​ဈေးနှုန်း​မှာ တစ်နှစ်​လျှင် ဒေါ်လာ ၁၀,၀၀၀ နှင့် ၁၅,၀၀၀ အကြား​ရှိသည်။ ဤ​ပေါင်းစပ်​ဆေးဝါး​များ​၏ မျိုး​တူ​ဆေးဝါး​များ​ကို ဖွံ့ဖြိုးဆဲ​နိုင်ငံ​တချို့​တွင် နှစ်စဉ် ဒေါ်လာ ၃၀၀ သို့​မဟုတ် ထို​ထက်နည်း​သည့်​နှုန်း​ဖြင့် ပေးဝေ​လျက်​ရှိနေ​သည့်​တိုင် အိပ်ခ်ျအိုင်ဗွီပိုး​ရှိသူ​များနှင့် အေ​အာရ်​ဗွီ​ဆေးဝါး​များ အလိုအပ်ဆုံး​နေရာများ​၌ နေထိုင်ကြ​သူများစွာ​အတွက် ယင်းသည် အလှမ်းဝေး​နေဆဲ​ပင်။ ဒေါက်တာ စ​တိုင်း​က ယင်း​အခြေအနေ​ကို “အေ့ဒ်စ်​ရောဂါ​သည် ဆင်းရဲသား​ရောဂါ” ဟူ၍ အကျဉ်း​ချုံး​ဖော်ပြ​သည်။

ဆေးဝါး​ထုတ်လုပ်မှု​လုပ်ငန်း

မူပိုင်​ထုတ်လုပ်​ခွင့်​ရထား​သော ဆေးဝါး​များ​ကို ပုံတူ​ပွား​ထုတ်လုပ်​ပြီး ဈေး​လျှော့ရောင်း​ချရန် မလွယ်ကူ​ဘဲ​ဖြစ်နေ​သည်။ နိုင်ငံ​များစွာ​ရှိ တင်းကျပ်​သည့် မူပိုင်​ထုတ်လုပ်​ခွင့်​ဥပဒေ​များ​က ကုန်​အမှတ်​တံဆိပ်​ရှိ ဆေးဝါး​များ​ကို ခွင့်ပြု​ချက်​မရဘဲ ပုံတူ​ပွား​ခြင်း​ကို တားမြစ်​ထား​သည်။ “ယင်းသည် စီးပွားရေး​စစ်ပွဲ​တစ်ခု​ဖြစ်သည်” ဟု ဆေးဝါး​ထုတ်လုပ်သည့် ကုမ္ပဏီ​ကြီး​တစ်ခု​၏​အကြီးအကဲ​က ဆို​သည်။ အကျိုးအမြတ်​အတွက် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​သို့ မျိုး​တူ​ဆေးဝါး​များ​ကို ထုတ်လုပ်​ရောင်းချခြင်း​သည် “ယင်း​ဆေးဝါး​များ​ကို တွေ့ရှိ​ဖော်ထုတ်​ခဲ့​ကြ​သူတို့​အတွက် သ​မာသ​မတ်​မကျ​ချေ” ဟု​သူက​ဆို​၏။ ထို့​အပြင် အမြတ်​လျှော့ချခြင်း​ဖြင့် ဆေးဝါး​သုတေသန​ဖွံ့ဖြိုးရေး​အစီအစဉ်များ​အတွက် ရန်ပုံငွေ​ကို လျော့နည်း​စေနိုင်​သည်​ဟု ကုန်​အမှတ်​တံဆိပ်​ရှိ ဆေးဝါး​ကုမ္ပဏီ​များ​က​လည်း စောဒကတက်​ကြသည်။ အမှန်တကယ်​တွင် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​အတွက် ရည်ရွယ်​ထုတ်လုပ်သည့် တန်ဖိုး​နည်း အေ​အာရ်​ဗွီ​ဆေးဝါး​များသည် ဖွံ့ဖြိုးပြီး​နိုင်ငံ​များ​ရှိ မှောင်​ခို​ဈေးကွက်​သို့​ရောက်သွား​မည်​ကို အခြားသူ​တို့​က စိုးရိမ်​ပူပန်​နေကြ​လေ​သည်။

စရိတ်​နည်း အေ​အာရ်​ဗွီ​ဆေးဝါး​များ​ကို ထောက်ခံ​အားပေးသူ​များ​က ဆေးဝါး​သစ်​များ​ကို ဆေးဝါး​ထုတ်လုပ်ရေး​လုပ်ငန်း​က စိတ်ကူး​ထား​သည့် စရိတ်​၏ ၅ ရာခိုင်နှုန်း​နှင့် ၁၀ ရာခိုင်နှုန်း​အတွင်း ထုတ်လုပ်​နိုင်​ကြောင်း ဆင်ခြေပေး​ကြသည်။ ပုဂ္ဂလိက ဆေးဝါး​ထုတ်လုပ်ရေး​ကုမ္ပဏီ​များ​က ပြုလုပ်​သည့် သုတေသန​နှင့် တိုးတက်​ဖွံ့ ဖြိုး​ရေး​သည် ဆင်းရဲ​သည့်​နိုင်ငံ​များ​အား ဒုက္ခ​ပေး​နေသည့် ရောဂါ​များ​ကို လျစ်လျူရှု​လို​ကြသည်​ဟု​လည်း ပြောဆို​ကြ​၏။ သို့​ဖြစ်၍ မရှိမဖြစ်​ဆေးဝါး​များ​ရရှိ​ရေး စီမံကိန်း​၏ ညှိနှိုင်းရေးမှူး​ဖြစ်သူ ဒန်​နီ​ယဲလ် ဘား​မ​န်း​က ဤသို့​ထုတ်ဖော်​ပြောဆို​သည်– “ဆေးဝါး​သစ်​များ​ရရှိရန် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင် တတ်နိုင်​သည့်​အဆင့်​အထိ ဈေးနှုန်း​များ လျှော့ချ​ပေး​သည့် နိုင်ငံတကာ​က ထောက်ခံ​အတည်ပြု​သည့်​စနစ်​တစ်ခု​ဖြစ်​ရန် လို​ပေ​သည်။”

အေ​အာရ်​ဗွီ​ကုထုံး​ရရှိရန် ကမ္ဘာ​တစ်ဝန်းလုံး​၏​လိုအပ်ချက်​ကို တုံ့ပြန်​ရာ​တွင် ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က ၂၀၀၅ ခုနှစ်​အကုန်​တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်​ကို ခါးစည်း​ခံ​နေရသူ လူ​သုံး​သန်း​အား အေ​အာရ်​ဗွီ​ဆေးဝါး​များ ထောက်ပံ့​ပေး​ရန် အစီအစဉ်​ရေးဆွဲ​ခဲ့​သည်။ ယင်း​အစီအစဉ်သည် “မဖြစ်​မြောက်​သည့် ယူအဲန်​ပစ်မှတ်​နောက်တစ်ခု မဖြစ်​လာ​စေ​ရ” ဟု မက်​ဒီ​ဆင် ဆဲ​န်စ် ဖရွန်​တီ​ယာ​စ်​မှ နေသန် ဖို့​ဒ်​က သတိပေး​ခဲ့​၏။ “ယနေ့​တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်​ခံရ​သူ​ဦးရေ​၏ ထက်ဝက်​မျှ​သာ ကုသမှု​လိုအပ်ကြောင်း၊ ယင်း​ဦးရေ​သည် [၂၀၀၅ ခုနှစ်​ရောက်​သော်] အဆ​မတန်​ပို​များ​မည်​ဖြစ်​ကြောင်း ခန့်မှန်း​ရသည်။”

အခြားသော​အတားအဆီး​များ

အေ​အာရ်​ဗွီ​ဆေးဝါး​များ​ကို ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​သို့ လုံလုံလောက်လောက် ထောက်ပံ့​ပေး​သည့်​တိုင် ရင်ဆိုင်​ကျော်လွှား​ကြ​ရမည့် အခြား​အတားအဆီး​များ ရှိ​နေပါ​သည်။ ဆေးဝါး​အချို့​သည် အစာ​နှင့် သန့်ရှင်းသော​ရေ​တို့​ဖြင့် မှီဝဲ​ဖို့​လိုအပ်​သည်၊ သို့သော် နိုင်ငံ​အချို့​တွင် လူထောင်ပေါင်း​များစွာ​သည် နှစ်​ရက်​တစ်ခါ​သာ အစာစား​နိုင်​ကြသည်။ အေ​အာရ်​ဗွီ​ဆေးဝါး​များ (များသောအားဖြင့် နေ့စဉ် ဆေး​အ​လုံး ၂၀ သို့​မဟုတ် ထို့​ထက်မက) ကို နေ့တိုင်း သူ့​အချိန်​နှင့်​သူ မှီဝဲ​ဖို့​လို​သည်၊ သို့သော် လူနာများ​စွာ​တွင် နာရီ​မရှိကြ​ချေ။ ဆေးဝါး​ပေါင်းစပ်မှု​များသည် လူနာ​၏​အခြေအနေ​ကို​လိုက်၍ ပြုပြင်​ပြောင်းလဲ​ပေးဖို့​လို​သည်။ သို့သော် နိုင်ငံ​များစွာ​တွင် ဆရာဝန်​များ ဆိုးဆိုးရွားရွား ရှားပါး​နေသည်။ ထို့​ကြောင့် ဖွံ့ ဖြိုး​ဆဲ​နိုင်ငံ​များ​အတွက် အေ​အာရ်​ဗွီ​ကုထုံး​ထောက်ပံ့​ပေးခြင်း​သည် ခက်ခက်ခဲခဲ​ကျော်လွှား​ရသည့်​အရာတစ်ခု ဖြစ်​မည်​မှာ ရှင်းနေပါသည်။

ဖွံ့ဖြိုးပြီး​နိုင်ငံ​များ​ရှိ လူနာများ​သည်​ပင် ဆေးဝါး​ပေါင်းစပ်​ကုထုံး​ကို​အသုံးပြုရာတွင် စိန်ခေါ်ချက်​များ ရင်ဆိုင်​နေရ​၏။ ပေး​ထား​သည့် ဆေးဝါး​များ​ကို အချိန်ဇယား​အတိုင်း မှီဝဲ​ကြ​ခြင်း​မရှိ​သည်ကို ထိတ်လန့်ဖွယ် တွေ့ မြင်​နေရ​ကြောင်း သုတေသန​ပြုချက်​က ဖော်ပြ​သည်။ ယင်းက ဆေး​ပြီး​မှု​ကို​ဖြစ်စေ​သည်။ ထိုသို့​ဆေး​ပြီး​သော အိပ်ခ်ျအိုင်ဗွီ​မျိုးထူး​များ​က အခြားသူများ​ထံ ကူးစက်​သွား​နိုင်​ပေ​သည်။

အိပ်ခ်ျအိုင်ဗွီ​လူနာများ ရင်ဆိုင်​ရသည့် စိန်ခေါ်ချက်​နောက်​တစ်မျိုး​ကို ဒေါက်တာ စ​တိုင်း​က ထောက်ပြ​သည်။ “အထူးသဖြင့် ရောဂါ​လက္ခဏာများ​မပေါ်မီ ကုသမှု​ကို​အစပြု​သည့်​အခါ ကုသမှု​သည် ရောဂါ​ထက် တစ်ခါတစ်ရံ ပို​ခံရ​ခက်​နေတတ်​ရာ အိပ်ခ်ျအိုင်ဗွီ​ကုသမှု​သည် ရှေ့နောက်​မညီ​ဘဲ​ဖြစ်နေ​တတ်​သည်” ဟု သူက​ဆို​သည်။ အေ​အာရ်​ဗွီ​ဆေးဝါး​များ​မှီဝဲ​ကြ​သည့် အိပ်ခ်ျအိုင်ဗွီ​လူနာများ​သည် ဆီး​ချို၊ အဆီ​ပြန်​တိုးလာ​ခြင်း၊ ကိုလက်စထရော​မြင့်မားခြင်း​နှင့် အရိုး​ပွ​လာ​ခြင်း​တို့​အပါအဝင် ဘေးထွက်​ဆိုးကျိုး​များ​ကို ခံစား​ရလေ့​ရှိကြ​၏။ ဘေးထွက်​ဆိုးကျိုး​အချို့​မှာ အသက်​အန္တရာယ်​ပင်​ရှိစေသည်။

ကြိုတင်​ကာကွယ်​ရေး ကြိုးပမ်းမှု​များ

အေ့ဒ်စ်​ရောဂါ​ပြန့်ပွားမှု​ကို နှေးကွေး​စေ​ရေး​နှင့် အန္တရာယ်များ​သော​အမူအကျင့်များ​ကို ပြောင်းလဲ​ပေး​ရေး​တို့​တွင် ကြိုတင်​ကာကွယ်​ရေး ကြိုးပမ်းမှု​များသည် မည်မျှ​အောင်မြင်​ခဲ့ပြီ​နည်း။ ၁၉၉၀ ပြည့်လွန်​နှစ်များ​အတွင်း ယူဂန္ဓာ​နိုင်ငံ​တွင် ကျယ်ကျယ်ပြန့်ပြန့်​လုပ်ဆောင်ခဲ့​သည့် အေ့ဒ်စ်​ရောဂါ​ပညာပေး​လှုပ်ရှားမှုများ​သည် ထို​နိုင်ငံ​ရှိ အိပ်ခ်ျအိုင်ဗွီ​ပျံ့နှံ့မှု​နှုန်း​ကို ၂၀၀၀ ပြည့်နှစ်​တွင် ခန့်မှန်းခြေ ၁၄ ရာခိုင်နှုန်း​မှ ၈ ရာခိုင်နှုန်း​နီးပါး​အထိ ကျဆင်း​စေ​ခဲ့​၏။ အလားတူ၊ ဆီနီဂေါ​နိုင်ငံ​သည် အိပ်ခ်ျအိုင်ဗွီ​ကူးစက်​မှု​အန္တရာယ်​အကြောင်း မိမိ​နိုင်ငံသား​များ​အား အသိပညာ​ပေး​ရန် အားထုတ်​ခဲ့​ရာ အရွယ်ရောက်​သူများ​တွင် အိပ်ခ်ျအိုင်ဗွီ​ပျံ့နှံ့မှု​နှုန်း​ကို ၁ ရာခိုင်နှုန်း​အောက် ထိန်းထား​စေနိုင်​ခဲ့ပြီ။ ယင်း​သို့​သော အကျိုး​ရလဒ်များ​သည် အားတက်စရာ​ပင်။

အခြား​တစ်ဖက်​တွင်​မူ၊ အခြား​နိုင်ငံ​များ​တွင် အေ့ဒ်စ်​ရောဂါ​ပညာပေး​ရေး​သည် အောင်မြင်မှု​သိပ်​မရရှိ​ခဲ့​ပေ။ ကနေဒါ​လူမျိုး လူငယ် ၁၁,၀၀၀ ကို ၂၀၀၂ ခုနှစ်​က ဆန်းစစ်​လေ့လာမှု​ပြု​ခဲ့​ရာ အထက်တန်း​ကျောင်း​မှ ကိုး​တန်း​ကျောင်းသား​ထက်ဝက်​က အေ့ဒ်စ်​ရောဂါ​ကို ကုသ​နိုင်​သည်​ဟု ယုံကြည်​ကြ​ကြောင်း ဖော်ပြ​သည်။ ထို​နှစ်​တွင် ပြုလုပ်​ခဲ့​သည့် ဗြိတိသျှ​လေ့လာမှု​တစ်ခု​အရ အသက် ၁၀ နှစ်​နှင့် ၁၁ နှစ်အရွယ် ယောက်ျားလေး ၄၂ ရာခိုင်နှုန်း​သည် အိပ်ခ်ျအိုင်ဗွီ သို့​မဟုတ် အေ့ဒ်စ်​ရောဂါ​အကြောင်း ကြားဖူး​နား​ဝ​မရှိကြ​ပေ။ သို့​တိုင်၊ အိပ်ခ်ျအိုင်ဗွီ​နှင့် အေ့ဒ်စ်​ရောဂါ​အကြောင်း၊ ကုထုံး​မရှိကြောင်း သိရှိ​ထား​သည့် လူငယ်များ​ပင်​လျှင် သိပ်​အလေးအနက်​မထား​ကြ​ချေ။ “အိပ်ခ်ျအိုင်ဗွီ​သည် လူငယ်များစွာ​အတွက် စားကောင်း​သောက်​ဖွယ်​ရာ​ကို သွား​စား​မစား၊ မည်သူ​နှင့်အတူ နေထိုင်​မည်၊ ကျောင်းတက်​မ​တက်​အစ​ရှိသည့် ဘဝ​ပြဿနာ​များစွာ​အနက် တစ်ခုမျှသာ​ဖြစ်လာ​နေ​ပေ​ပြီ” ဟု ဆရာဝန်​တစ်ဦး​က​ဆို​၏။

သို့​ဖြစ်၍ “လူငယ်များ​အပေါ် အာရုံစိုက်​ခြင်း​သည် အထူးသဖြင့် ကူးစက်​ပျံ့နှံ့မှု​မြင့်မား​သည့် နိုင်ငံ​များ​တွင် ကူးစက်​ရောဂါ​ကို တိုက်ဖျက်​ရန် အထိရောက်ဆုံး​နည်း​ဖြစ်​နိုင်​ဖွယ်​ရှိသည်” ဟု ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က ဖော်ပြခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ လူငယ်များသည် အေ့ဒ်စ်​ရောဂါ​နှင့်​စပ်လျဉ်း၍ မိမိတို့​ရရှိ​ထား​သည့် သတိပေး​ချက်​များနှင့်​အညီ​လုပ်ဆောင်ရန် မည်သို့​အကူအညီ​ရနိုင်​သနည်း။ ကုသမှု​ကို​မျှော်လင့်ခြင်းက လက်တွေ့ကျပါ​သလော။

[စာမျက်နှာ ၆ ပါ အကျဉ်း​ဖော်ပြချက်]

လွန်ခဲ့သော​နှစ်​က အမေရိက​နိုင်ငံ​များ​ရှိ ဆေးဝါး​ရရှိ​သူ ၈၄ ရာခိုင်နှုန်း​နှင့်​နှိုင်းယှဉ်လျှင် အာဖရိက​နိုင်ငံ​တွင် အေ​အာရ်​ဗွီ​ဆေးဝါး​များ လိုအပ်​နေ​သူများ​အနက် ၂ ရာခိုင်နှုန်း​သာ ၎င်း​ဆေးဝါး​များ​ကို ရရှိခဲ့​ကြသည်

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အေ့ဒ်စ်​ရောဂါ အရှိန်​တန့်​စေနိုင်​သော​ဆေး ဟူသည် အဘယ်နည်း *

ကျန်းမာ​ရေး​ကောင်း​သူ​တစ်ဦး​တွင် အကူ​တီ​ဆဲလ်​များ​က ကူးစက်​ရောဂါ​များ​ကို တိုက်ခိုက်​ရန် ကိုယ်ခံအား​စနစ်​ကို လှုံ့ဆော်ပေး​သည်။ အိပ်ခ်ျအိုင်ဗွီပိုး​သည် အဆိုပါ​အကူ​တီ​ဆဲလ်​များ​ကို အထူးသဖြင့် ပစ်မှတ်​ထား​၏။ ၎င်း​သည် အဆိုပါ​ဆဲလ်​များ​ကို အသုံးပြု၍ ၎င်းကို​ယ်​တိုင် ပုံတူ​ပွား​ပြီး ကိုယ်ခံအား​စနစ် အား ဆိုးရွား​စွာ ဘေးသင့်​ရောက်​စေ​သည်​အထိ အကူ​တီ​ဆဲလ်​များ​ကို အားလျော့​စေ​ကာ ဖျက်ဆီး​ပစ်​လေ​သည်။ အေ့ဒ်စ်​ရောဂါ​အရှိန်​တန့် စေနိုင်​သော​ဆေး​များ (အေ​အာရ်​ဗွီ) သည် ဤ​ပုံတူ​ပွား​ခြင်း​ဖြစ်​စဉ်​ကို ဖရိုဖရဲ​ဖြစ်စေ​သည်။

လောလောဆယ်တွင် အေ​အာရ်​ဗွီ​ဆေးဝါး အဓိက​လေးမျိုးကို တိုက်ကျွေး​နေပါ​သည်။ န​ယူ​က​လီ​အို​ဆို​ဒ်​ဆင်တူ​ယိုးမှား​ဒြပ်​ပေါင်း နှင့် န​ယူ​က​လီ​အို​ဆို​ဒ်​မဟုတ်သော ဆင်တူ​ယိုးမှား​ဒြပ်​ပေါင်း တို့သည် လူတစ်ဦး​၏ ဒီအဲန်အေ အထဲ​သို့ အိပ်ခ်ျအိုင်ဗွီ မိမိ​ဘာသာ​ပုံတူ​ပွား​ခြင်း​ကို တားဆီး​ပေး​သည်။ ပ​ရို​တီ​ယေ့ ဟန့်တား​ပစ္စည်း​များသည် ကူးစက်​ခံရ​သည့် ဆဲလ်​များ​တွင် သီးသန့်​ပ​ရို​တီ​ယေ့​အင်ဇိုင်း​မ်​ကို ဗိုင်းရပ်စ်​ပိုး ပြန်လည်​စုစည်း​ခြင်း​နှင့် အိပ်ခ်ျအိုင်ဗွီ​ပိုမို​ထုတ်လုပ်ခြင်း​တို့​မရှိစေရန် ဟန့်တား​ပေး​သည်။ ပေါင်းစပ်​ဟန့်တား​ပစ္စည်း​များသည် ဆဲလ်​များ​အတွင်း အိပ်ခ်ျအိုင်ဗွီပိုး​မဝင်​ရောက်​စေရန် ရည်ရွယ်​သည်။ အေ​အာရ်​ဗွီ​ဆေးဝါး​များသည် အိပ်ခ်ျအိုင်ဗွီပိုး​ပုံတူ​ပွား​မှု​ကို နှိမ်နင်း​ခြင်း​အားဖြင့် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ခြင်း​မှ အေ့ဒ်စ်​ရောဂါ​အဆင့်​ထိ တဖြည်းဖြည်း​ဆိုးရွား​လာ​မှု​ကို နှေးကွေး​စေနိုင်​ရာ အိပ်ခ်ျအိုင်ဗွီ​ရောဂါ​အတွက် အပြင်းထန်ဆုံး ဆေး​ကုသမှု​ပုံစံ​ဟု သမုတ်​ခဲ့​ကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 28 အေ့ဒ်စ်​ရောဂါ​အရှိန်​တန့်​စေသော​ကုထုံး​သည် အိပ်ခ်ျအိုင်ဗွီပိုး​ရှိသူ​မှန်သမျှ​အတွက် မဟုတ်​ချေ။ အိပ်ခ်ျအိုင်ဗွီပိုး​ရှိ​သူများ သို့​မဟုတ် ပိုး​ရှိ​နိုင်​သည်​ဟု သံသယဝင်​သူတို့သည် မည်သည့်​ဆေး​ကုသမှု​အစီအစဉ်ကို​မဆို မခံယူ​မီ ဆရာဝန်​တစ်ဦးထံ သွား​ပြ​သင့်​ပေ​သည်။ နိုးလော့!သည် ကုသ​နည်း​တစ်ခုခု​ကို ထောက်ခံ​ပေး​နေခြင်း မဟုတ်ပါ။

[ရုပ်ပုံ]

ကင်​ညာ​နိုင်ငံ—ဆရာဝန်​တစ်ဦး​က အေ့ဒ်စ်​ရောဂါ​သည်​တစ်ဦး​အား အေ​အာရ်​ဗွီ​ကုသမှု​အကြောင်း ညွှန်ကြား​ပေး​နေ

[Credit Line]

© Sven Torfinn/Panos Pictures

[ရုပ်ပုံ]

ကင်​ညာ​နိုင်ငံ—အေ့ဒ်စ်​လူနာ​တစ်ဦး ဆေးရုံ​၌ အေ​အာရ်​ဗွီ​ဆေး လက်ခံရ​ယူ​နေ

[Credit Line]

© Sven Torfinn/Panos Pictures

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အမျိုးသမီးများနှင့် အေ့ဒ်စ်​ရောဂါ

ယခု​အခါ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်​ကို ခါးစည်း​ခံ​နေရ​သည့် အရွယ်ရောက်​သူများ​တွင် အမျိုးသမီးများ​က ၅၀ ရာခိုင်နှုန်း​ရှိနေ

အမျိုးသမီးများ​တွင် အေ့ဒ်စ်​ရောဂါ​ရှိကြောင်း သိရှိ​ခဲ့​ရသည့် ၁၉၈၂ ခုနှစ်​အချိန်​က ၎င်းတို့သည် သွေးကြော​ထဲ ဆေးဝါး​များ​ကို ထိုး​သွင်း​ရာ​မှ​တစ်ဆင့် ကူးစက်​ခံရ​ခြင်း​ဖြစ်​မည်​ဟု ယူဆ​ခဲ့​ကြ​၏။ သို့သော် များ​မကြာမီ အမျိုးသမီးများ​သည် သာမန်​လိင်ဆက်ဆံ​ရာ​မှ​တစ်ဆင့် ကူးစက်​ခံရ​နိုင်​ကြောင်း၊ ၎င်းတို့သည် အိပ်ခ်ျအိုင်ဗွီ ကူးစက်​နိုင်​သည့် အထူး​အန္တရာယ်​ရှိကြောင်း သိရှိ​လာ​ခဲ့​ရသည်။ ကမ္ဘာ​တစ်ဝန်း​တွင် ယခု​အခါ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်​ကို ခါးစည်း​ခံ​နေရ​သည့် အရွယ်ရောက်​သူများ​တွင် အမျိုးသမီးများ​က ၅၀ ရာခိုင်နှုန်း​ရှိနေ​လေ​သည်။ “လူမှုရေး၊ ယဉ်ကျေးမှု၊ ဇီဝ​သဘော​နှင့် စီးပွားရေး​အရ ပိုမို​အကာအကွယ်မဲ့​နေကြ​သော၊ ဖျားနာသူ​များနှင့် သေဆုံး​တော့​မည့်​သူများကို ပြုစု​စောင့်ရှောက်​ရသည့်​တာဝန်ကို ထမ်း​နေရ​သည့် အမျိုးသမီးများနှင့် မြီး​ကောင်​ပေါက်​မိန်းကလေး​များသည် ယင်း​ကူးစက်​ရောဂါ​ကို မမျှမတ​ခံ​နေကြ​ရ၏” ဟု ယူအဲန်​အေ့ဒ်စ်​က ဖော်ပြ​သည်။

အမျိုးသမီးများ​တွင် အဆိုပါ​ရောဂါ​တိုးများ​မှု​သည် အဘယ်ကြောင့် အေ့ဒ်စ်​ကျန်းမာ​ရေး​လုပ်သားများ​အတွက် အထူး​ပူပန်​စ​ရာ​ဖြစ်​ရသနည်း။ အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ခံရ​သည့် အမျိုးသမီးများ​သည် အထူးသဖြင့် ဖွံ့ ဖြိုး​ဆဲ​နိုင်ငံ​အချို့​တွင် အမျိုးသားများ​ထက် ခွဲခြား​ဆက်ဆံမှု ပို​ခံ​ရလေ့​ရှိသောကြောင့်​ဖြစ်သည်။ အမျိုးသမီး​တစ်ဦး​သည် ကိုယ်ဝန်​ရှိလာ​ပါ​က ရင်သွေးငယ်​၏ ကျန်းမာ​ရေး​မှာ အန္တရာယ်​ရှိသည်; သူ၌ သားသမီး​ရှိ​ထား​နှင့်​ပါ​က အထူးသဖြင့် ကြင်ဖော်​မဲ့​မိခင်​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သူတို့​လေး​များ​အား ကျွေးမွေး​ပြုစု​ခြင်း​သည် စိန်ခေါ်ချက်​တစ်ခု ဖြစ်လာ​သည်။ ထို့​အပြင် အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ခံရ​သည့် အမျိုးသမီးများ​၏​ထူးခြားချက်​များနှင့် ၎င်းတို့၏ ဆေးဝါး​ကုသမှု​နှင့်​ပတ်သက်​၍ သိပ်​မသိ​ရှိကြ​ချေ။

တစ်စုံတစ်ရာ​သော ယဉ်ကျေးမှု​ဆိုင်ရာ အကြောင်းတရား​များ​က အထူးသဖြင့် အမျိုးသမီးများ​အတွက် အန္တရာယ်​ရှိသည့် အခြေအနေ​ကို ဖြစ်စေ​သည်။ နိုင်ငံ​များစွာ​တွင် အမျိုးသမီးများ​သည် လိင်မှု​ကိစ္စ​အကြောင်း မဆွေးနွေး​ရ​ချေ၊ သူတို့သည် လိင်ဆက်ဆံ​ဖို့ ငြင်းဆန်​မည်​ဆိုပါ​က မတရား​ပြုမူ​ခံရ​မည့် အန္တရာယ်​ရှိသည်။ အများအားဖြင့် အမျိုးသားများ​တွင် လိင်ဆက်ဆံ​ဖက်​များစွာ​ရှိ​တတ်ကြ​ရာ အိပ်ခ်ျအိုင်ဗွီ​ကို ထို​သူတို့​ထံ​သို့ မသိဘဲ​လျက် ကူးစက်​စေ​ကြ​၏။ အာဖရိက​အမျိုးသား​တချို့​သည် အိပ်ခ်ျအိုင်ဗွီ​ကူးစက်​မခံရ​ရန် သို့​မဟုတ် အပျိုစင်​များနှင့်​လိင်ဆက်ဆံခြင်း​က အေ့ဒ်စ်​ရောဂါ​ကို ပျောက်ကင်း​စေနိုင်​သည်​ဟူ​သည့် မှားယွင်းသော ယုံကြည်ချက်​ကြောင့် အမျိုးသမီးငယ်​များနှင့် လိင်ဆက်ဆံ​ကြ​လေ​သည်။ ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က “အမျိုးသမီးများ​အား ကာကွယ်​ပေးဖို့​ဆိုလျှင် အမျိုးသားများ (အပြင် အမျိုးသမီးများ) ကိုလည်း ပစ်မှတ်​ထား​၍ ဆောင်ရွက်မှု​များ ပြု​ရမည်” ဟု​ဆို​ခြင်း​ကို ကျွန်ုပ်​တို့ နားလည်​နိုင်​ပါ​သည်။

[ရုပ်ပုံ]

ပီရူး​နိုင်ငံ—အိပ်ခ်ျအိုင်ဗွီပိုး​ရှိ မိခင်​တစ်ဦး​နှင့် ၎င်း​၏ အိပ်ခ်ျအိုင်ဗွီပိုး​မဲ့​သမီးလေး

[Credit Line]

© Annie Bungeroth/Panos Pictures

[ရုပ်ပုံ]

ထိုင်း​နိုင်ငံ—ပညာရေး​တစ်စိတ်​တစ်ပိုင်း​အနေ​နှင့် ကျောင်းသား​များ အေ့ဒ်စ်​လူနာ​တစ်ဦးထံ လည်ပတ်​ကြည့်ရှု​ကြ

[Credit Line]

© Ian Teh/Panos Pictures

[ရုပ်ပုံ]

ကင်​ညာ​နိုင်ငံ—အေ့ဒ်စ်​ရောဂါ​ကို ခါးစည်း​ခံ​နေရ​သည့် အမျိုးသမီးများ​အဖွဲ့​၏ အစည်းအဝေး

[Credit Line]

© Sven Torfinn/Panos Pictures

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အေ့ဒ်စ်​ရောဂါ​နှင့်​ပတ်သက်​သည့် ယုံ​တမ်း​စကား​များ

အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ခံ​နေရသူ​တို့သည် လူနာ​ပုံ​ပေါက်​သည်။ “ပျမ်းမျှ​အားဖြင့် အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ခံရ​သူ​တစ်ဦး​သည် အေ့ဒ်စ်​ရောဂါ​ဖြစ်လာ​ရန် ၁၀ နှစ်​မှ ၁၂ နှစ်အထိ ကြာ​တတ်​သည်။ ဤ​အချိန်​အတောအတွင်း အိပ်ခ်ျအိုင်ဗွီပိုး​ရှိသူ​တွင် သိသာ​ထင်ရှား​သည့် ရောဂါ​လက္ခဏာ​အနည်းငယ်​သာ ဖော်ပြ​မည်​ဖြစ်​သော်လည်း အခြား​သူတို့ကို​မူ ကူးစက်​စေနိုင်​ပါ​သည်” ဟု ဒေါက်တာ ဂီ​ရ​ယ်လ် ဂျေ. စ​တိုင်း​က ပြောကြား​သည်။

အေ့ဒ်စ်​ရောဂါ​သည် လိင်​တူ​မေထုန်​သမားများ​သာ ရနိုင်​သည့် ရောဂါ​တစ်မျိုး​ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်​နှစ် များ အစောပိုင်း​၌ အေ့ဒ်စ်​ရောဂါ​ကို လိင်​တူ​မေထုန်​ရောဂါ တစ်မျိုး​အဖြစ် ဦးစွာ​သတ်မှတ်​ခဲ့​ကြသည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင်​မူ လိင်​ကွဲ​မေထုန်ပြု​ခြင်း​သည် ကမ္ဘာ့ ဒေသ​များစွာ​၌ အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ရသည့် အဓိက​နည်း တစ်နည်း​ဖြစ်နေ​လေ​သည်။

ပါးစပ်​ဖြင့်​လိင်ဆက်ဆံခြင်း​သည် “ဘေးကင်း​သော လိင်ဆက်ဆံ​နည်း” ဖြစ်သည်။ ရောဂါ​ထိန်းချုပ်ရေး​နှင့် ကြိုတင်​ကာကွယ်​ရေး​ဌာန​များ​၏ အဆို​အရ “ပါးစပ်​ဖြင့်​လိင်ဆက်ဆံခြင်း​ဖြင့် အိပ်ခ်ျအိုင်ဗွီ​နှင့် အခြား​လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ ကူးစက်​ခံရ​နိုင်​ကြောင်း လေ့လာမှု​ပေါင်း​များစွာ​က ဖော်ပြ​ခဲ့​ကြပြီ။” ပါးစပ်​ဖြင့်​လိင်ဆက်ဆံခြင်း​မှ အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ခံရ​နိုင်​သည့် အန္တရာယ်​မှာ အခြားသော​လိင်ဆက်ဆံမှု​များ​လောက် မ​မြင့်မား​ပေ။ သို့သော် ယင်း​အမူအကျင့်​သည် အလွန်​တ​ရာ​ပျံ့နှံ့​လာ​နေရ​ကား အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ရေး​အတွက် အရေးပါသော နည်းလမ်း​တစ်ခု​ဖြစ်လာ​မည်​ဟု ဆရာဝန်​တချို့က ယူမှတ်​ကြသည်။

အေ့ဒ်စ်​ရောဂါ​ပျောက်ဆေး​ရှိသည်။ လူနာ​တချို့​တွင် တန်ပြန်​ဗိုင်းရပ်စ်​တိုက်ဖျက်ဆေး​ဝါး​ကုထုံး​သည် အိပ်ခ်ျအိုင်ဗွီ​အဖြစ်​မှ အေ့ဒ်စ်​ရောဂါ​အဖြစ်သို့ တိုးပွားမှု​ဖြစ်​စဉ်​ကို နှေးကွေး​စေနိုင်​သော်လည်း လောလောဆယ်တွင် ကာကွယ်​ဆေး သို့​မဟုတ် ကုသ​ဆေး​ကား မရှိ​ချေ။

[ရုပ်ပုံ]

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ—ကုသ​နိုင်​သော်လည်း မ​ပျောက်ကင်း နိုင်သော အေ့ဒ်စ်​ရောဂါ​အတွက် သွေး​စစ်​နေ

[Credit Line]

© Liba Taylor/Panos Pictures

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဇမ်ဘီယာ​နိုင်ငံ—အိပ်ခ်ျအိုင်ဗွီပိုး​ရှိ မိန်းကလေး​ငယ်​နှစ်ဦး ဆေးဝါး​စောင့်​ယူ​နေကြ

[Credit Line]

© Pep Bonet/Panos Pictures