မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေ့ဒ်စ်ရောဂါ အဘယ်အချိန်တွင် ပပျောက်သွားမည်နည်း

အေ့ဒ်စ်ရောဂါ အဘယ်အချိန်တွင် ပပျောက်သွားမည်နည်း

အေ့ဒ်စ်​ရောဂါ အဘယ်​အချိန်တွင် ပပျောက်​သွား​မည်​နည်း

လူငယ်များသည် ငယ်ရွယ်စဉ်​ကတည်းက စည်း​လွတ်​ဝါး​လွတ်​လိင်ဆက်ဆံခြင်း​ကို အားပေး​အား​မြှောက်​ပြု​သည့် ရာဂစိတ်​နှိုးဆော်​မှုများ​၏ နှောင့်ယှက်မှု​ကို မပြတ်​ခံ​နေကြ​ရသည်။ အရေးပါသော အိပ်ခ်ျအိုင်ဗွီ​ကူးစက်​လမ်းကြောင်း နောက်​တစ်မျိုး​ဖြစ်သော အကြော​တွင်း​မူးယစ်​ဆေး ထိုး​သွင်း​ခြင်း​သည်လည်း ပျံ့နှံ့​နေသည်။ မျက်မှောက်ခေတ်တွင် ပျံ့နှံ့​လျက်​ရှိသည့် တာဝန်​မဲ့​ပြုမူ​သည့်​လုပ်ရပ်များ​ကို သုံးသပ်ကြည့်​သော် အေ့စ်ဒ်​ရောဂါ​သည် အဆုံးတိုင်​နိုင်​ပါ​ဦး​မည်​လော​ဟူ၍ သင်​စဉ်းစားမိ​ပေမည်။

ကျန်းမာ​ရေး​ပညာရှင်​များ​က အပြု​အမူ​ပိုင်း အပြောင်းအလဲ​များသည် အေ့စ်ဒ်​ရောဂါ​တိုက်ဖျက်ရေး​တွင် အရေးပါသည့် နည်း​ဗျူဟာ​တစ်ခု​ဖြစ်​ကြောင်း သင့်လျော်​စွာ ထောက်ပြ​ကြသည်။ “လူငယ်​မျိုးဆက်​မှန်သမျှ​သည် အိပ်ခ်ျအိုင်ဗွီ​ကူးစက်​မှု​သို့ ဦးတည်​စေနိုင်​သည့် အပြု​အမူ​များ​ကို ရှောင်ကြဉ်​ရန် ရာသက်ပန် စွမ်းရည်​များ​ကို ဖွံ့ဖြိုး​တိုးတက်စေ​သည့် ကျယ်ပြန့်​၍ တည်တံ့​သော ကျန်းမာ​ရေး​သတင်း​နှင့် ကြားဝင်​ဆောင်ရွက်မှု​များ လိုအပ်​ကြသည်။ ထိုသို့​သော ကျယ်ပြန့်​သည့် အစီအစဉ်များ​တွင် မိဘများနှင့် ပညာ​သင်ကြား​ပေး​သူများကို​လည်း ပါဝင်​စေ​သင့်​သည်” ဟု ရောဂါ​ထိန်းချုပ်ရေး​နှင့် ကြိုတင်​ကာကွယ်​ရေး​ဌာန​မှ ထုတ်ဝေ​သည့် သတင်း​တစ်ပုဒ်​က ဆို​သည်။

သားသမီး​များ​ကို ၎င်းတို့၏​ရွယ်တူချင်း​များ သို့​မဟုတ် အခြားသူများ​က သတင်း​မှား​မပေး​မီ ယင်း​အန္တရာယ်များ​အကြောင်းကို သူတို့​လေး​များ​အား မိဘများ​က ပညာ​ပေးဖို့​လို​သည်​မှာ ရှင်းနေပါသည်။ ယင်းသည် အမြဲ​မလွယ်ကူ​ချေ။ သို့သော် သင့်​ကလေး​၏​အသက်ကို ကယ်တင်​နိုင်၏။ သားသမီး​များ​အား လိင်​နှင့် မူးယစ်​ဆေးဝါး​များ​အကြောင်း အသိပညာ​ပေး​ရာ​တွင် သူတို့​လေး​များ​၏ အသိအမြင်​နည်းပါး​မှု​ကို နှိမ်​ဖို့​မလို​ချေ။ ယင်း​သို့​ပညာ​ပေးခြင်း​သည် ၎င်းတို့၏ ပကတိ​ရိုးသားမှု ပျောက်ဆုံး​မသွား​ရန် အမှန်ပင်​ကာကွယ်​ပေး​နိုင်​ပါ​သည်။

မိဘများ​၏​လေ့ကျင့်ပေး​မှု​သည် အရေးပါ

ဘုရားသခင်​၏ ရှေးခေတ်​လူမျိုးတော်​အလယ်တွင် မိဘများသည် မိမိတို့၏​သားသမီး​များ​ကို လိင်ဆက်ဆံမှု​များ​အကြောင်း​နှင့် မိမိတို့၏​ကျန်းမာ​ရေး​ကို မည်သို့​ကာကွယ်​ရမည်​အကြောင်း သွန်သင်ပေး​ကြ​ရသည်။ စိတ်ဝင်စားစရာ​မှာ၊ ရှေး​ဣသရေလ​လူမျိုး​တို့၏ ပညတ်တရား​များ​တွင် ရှင်းလင်း​သော ကျင့်ဝတ်​ဆိုင်ရာ လမ်းညွှန်ချက်များ​နှင့် အမူအကျင့်များ​ပါဝင်​လေ​ရာ ကူးစက်​ရောဂါ​များ​မှ ကာကွယ်​ပေး​ခဲ့​လေ​သည်။ (ဝတ်ပြုရာ ၁၈:၂၂၊ ၂၃; ၁၉:၂၉; တရားဟောရာ ၂၃:၁၂၊ ၁၃) အဆိုပါ​ပညတ်တရား​များ​ကို ယင်း​လူမျိုး​တို့အား မည်သို့​သွန်သင်​ပေး​ခဲ့​သနည်း။ ဣသရေလလူ​မျိုး​များ​အား ယေဟောဝါ​ဘုရားသခင်​က “ယနေ့ ငါ​မှာ​ထားသော​စကား​ကို နှလုံး​သွင်း​ရမည်” ဟု​မိန့်ဆိုခဲ့​၏။ မိဘများသည် အဆိုပါ​ပညတ်တရား​များ​အား လိုက်နာခြင်း​၏ အကျိုးကျေးဇူးများ​နှင့် မလိုက်နာ​ခြင်း​၏​ဆိုးကျိုး​များ​ကို အရင်​နားလည်​ထား​ရသည်။ ထို့နောက် သူတို့သည် “ထိုစကား​ကို သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင်​ရမည်။ အိမ်​၌ ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ ထိုစကား​ကို​ပြော​ရမည်” ဟု ညွှန်ကြားခံ​ခဲ့​ကြ​ရသည်။—တရားဟောရာ ၆:၆၊ ၇

ထိုသို့​ကြိုးစား​သွန်သင်ပေး​ရာ​တွင် အချိန်ပေး​ရမည်​မှာ ထင်ရှား​ပါ​သည်။ မူးယစ်​ဆေးဝါး​အလွဲသုံးခြင်း​နှင့် တရား​မဝင် လိင်ဆက်ဆံခြင်း​တို့၏ အန္တရာယ်များ​အကြောင်း သားသမီး​များ​အား သွန်သင်ပေး​ရန် အချိန်ဖယ်​ထား​ကြ​သည့်​မိဘများသည် အိပ်ခ်ျအိုင်ဗွီ​နှင့် အခြားသော​ရောဂါ​များ စွဲကပ်​စေနိုင်​သည့် အမူအကျင့်​ပုံစံ​များ​ကို သားသမီး​များ ရှောင်ကြဉ်​သည်ကို မြင်တွေ့ရ​ဖို့ အခွင့်အလမ်း အမှန်တကယ် ပို​ရှိ​ပေ​သည်။ *

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စွဲကပ်​နေသည့် လူ​သန်းပေါင်း​များစွာ​အတွက် တင်ကြို​ကာကွယ်​ရေး ကြိုးပမ်းမှု​များ​က သိပ်​နှစ်သိမ့်မှု​ဖြစ်စေ​မည်​မဟုတ်ပေ။ ထို့​အပြင် ရောဂါ​ကိုယ်နှိုက်​၏ ရုပ်ပိုင်းဆိုင်ရာ​ထိခိုက်မှု​များ ခံစားရ​သည့်​အပြင် ၎င်းတို့၏​အခြေအနေ​ကြောင့် သူတို့သည် မကြာခဏ ရှုတ်ချ​ခံရ၊ ငြင်းပယ်​ခံ​ရလေ့​ရှိကြသည်။ မည်သို့​အားဖြင့်​နည်း။ မှားယွင်း​နေ​သော်လည်း အများ​လက်ခံသည့်​အယူအဆ​တစ်ခု​မှာ ထိတွေ့​ရုံ​နှင့် အိပ်ခ်ျအိုင်ဗွီ​ကူးစက်​နိုင်​သည် ဟူ​သည့်​အယူအဆ​ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်​သည် ကူးစက်​တတ်​ပြီး သေစေနိုင်​သောကြောင့် ယင်း​ရောဂါစွဲ​ကပ်​မည်​ကို ကြောက်​လည်း​ကြောက်​ထိုက်​ပါ​သည်။ ယင်း​ရောဂါ​ကို ကြောက်ရွံ့​သူတချို့​သည် ယင်း​ရောဂါ​ရှိသူတို့​ကို​ပင် အကြောင်းမဲ့​ကြောက်ရွံ့​လာ​ကြ​တော့​သည်။ ဝေဒနာသည်​များသည် ဆေး​ကုသ​ပေးခြင်း မခံရ​ကြ​တော့၊ ချာ့ခ်ျ​မှ​မောင်းထုတ်​ခံရ​ပြီး အကြမ်း​ပ​တမ်း​ပင် ရန်မူ​တိုက်ခိုက်​ခံရ​ကြ​၏။

တချို့​လူတို့က အေ့ဒ်စ်​ရောဂါ​သည် လူဆိုးများ​အပေါ် ကျရောက်​သည့် ဘုရားသခင်​ထံ​မှ​ကျိန်စာ​တစ်ခု​ဟု အခိုင်အမာ​ဆို​ကြသည်။ ဝန်ခံ​ရမည်​မှာ လိင်ဆိုင်ရာ​ကိုယ်ကျင့်တရား​များ၊ မူးယစ်​ဆေးဝါး​သုံးစွဲမှု၊ သွေး​တို့​နှင့်​ပတ်သက်​သည့် ကျမ်းစာ​စံနှုန်း​များ​ကို လိုက်နာခြင်းက ဝေဒနာသည်​များစွာ​အား ရောဂါစွဲ​ကပ်​မှု​မှ ထိန်းချုပ်​ပေး​မည်​ဖြစ်သည်။ (တမန်​တော် ၁၅:၂၈၊ ၂၉; ၂ ကောရိန္သု ၇:၁) သို့ရာတွင် ဖျားနာ​မှု​သည် သီးခြား​အပြစ်​တစ်ခု​အတွက် ဘုရားသခင်​၏​ပြစ်​ဒဏ်ဖြစ်​သည်​ဟူ​သည့် အထောက်အထား​မဟုတ်​ကြောင်း ကျမ်းစာ​၌ ဖော်ပြ​ထား​သည်။ သို့​အစား၊ သမ္မာကျမ်းစာ​က “မကောင်းသော​အရာ​သည် ဘုရားသခင်​ကို မ​သွေးဆောင်​နိုင်ရာ။ ကိုယ်တော်​သည်လည်း အဘယ်သူကိုမျှ အပြစ်​သို့ သွေးဆောင်​တော်​မ​မူ” ဟု​ဆို​သည်။ (ယာကုပ် ၁:၁၃; ယောဟန် ၉:၁-၃) ကျမ်းစာ​စံနှုန်း​များ​ကို မလိုက်နာ​သောကြောင့် အိပ်ခ်ျအိုင်ဗွီ သို့​မဟုတ် အေ့ဒ်စ်​ရောဂါ​ရသွား​သော်လည်း မိမိ​အပြုအမူကို ပြောင်းလဲ​သူ​တစ်ဦး​သည် ဘုရားသခင်​၏​စွန့်ပစ်ခြင်း ခံရ​မည်​မဟုတ်​ကြောင်း စိတ်ချ​နိုင်​ပါ​သည်။

ဘုရားသခင်​သည် နာတာရှည်​ဖျားနာ​နေသူတို့​အပေါ် စာနာမှု​ရှိပြီး မေတ္တာ​ရှိကြောင်းကို ကိုယ်တော့်​သားတော်​ယေရှု မြေကြီးပေါ်​ကြွလာ​စဉ်​က ထင်ရှား​ခဲ့​သည်။ ခရီး​လှည့်လည်​စဉ်​အတွင်း နူနာ​စွဲ​သူ​တစ်ဦး​နှင့် ယေရှု​ပက်ပင်းတိုး​သောအခါ “သနားသော​စိတ်​ရှိသဖြင့် လက်တော်ကို​ဆန့်​၍ ထို​သူကို​တို့” ထိ​ခဲ့​သည်။ ယေရှုသည် မိမိ၏​အံ့ဖွယ်​တန်ခိုး​ကို အသုံးပြု၍ အဆိုပါ​နူနာ​စွဲ​သူကို ကုသ​ပေး​ခဲ့​လေ​သည်။ (မာကု ၁:၄၀-၄၂) ဖျားနာ​နေသူတို့​ကို ယေရှု​အထင်မသေး​ခဲ့​ချေ။ သူတို့အား​ပြသ​ခဲ့​သည့် ကိုယ်တော်​၏​မေတ္တာသည် မိမိ​ကောင်းကင်​ခမည်းတော်​၏ မေတ္တာကို စုံလင်စွာ​ရောင်ပြန်ဟပ်​ခဲ့​ပါ​သည်။—လုကာ ၁၀:၂၂

အေ့ဒ်စ်​ရောဂါ​ကုထုံး—မကြာ​တော့!

ယေရှု၏​အံ့ဖွယ်​ကုသမှု​များသည် ဘုရားသခင်​၏​မေတ္တာကို ကျွန်ုပ်​တို့အား စိတ်ချ​စေ​ရုံ​ထက်မက​ပါ။ ယေရှု​ခရစ်​သည် ကောင်းကင်​ဘုရင်​တစ်ပါး​အဖြစ် ယခု​စိုးစံ​နေပြီ​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​၏။ (ဗျာ. ၁၁:၁၅) လူသား​တို့ကို ဖိစီး​နှိပ်စက်​နေသည့် အဘယ်​ရောဂါ​ကို​မဆို ကုသ​ပေး​လို​သည့်​ဆန္ဒ​နှင့် ကုပေး​နိုင်​သည့်​တန်ခိုး ကိုယ်တော်၌​ရှိကြောင်း ကိုယ်တော်​၏ မြေကြီး​ဓမ္မ​အမှု​က ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​သည် ထို​အတိုင်း အတိအကျ​ပြု​ပါ​လိမ့်​မည်။

များ​မကြာမီ “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” တော့​ဟု ကျမ်းစာ​ပရောဖက်ပြုချက်​က အာမခံ​သည်။ (ဟေရှာယ ၃၃:၂၄) လူသား​တို့သည် အေ့ဒ်စ်​ရောဂါ​ပြန့်ပွားမှု​ကို ရပ်တန့်​သွား​အောင် သို့​မဟုတ် ဝေဒနာသည်​အားလုံး​အတွက် ထိထိရောက်ရောက် မ​ကုသ​ပေး​နိုင်​ခဲ့​ကြသော်လည်း အေ့ဒ်စ်​ရောဂါ​သည် ပျောက်ပျက်​သွားတော့​မည်​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါ​သည်။ ‘အို၊ ငါ့​ဝိညာဉ် ထာဝရ​ဘုရားသခင်​ကို ကောင်းချီး​ပေး​လော့။ ကျေးဇူးတော်​အပေါင်း​ကို မမေ့​မ​လျော့​နှင့်၊ သင်၏​အပြစ်​အလုံးစုံ​တို့ကို ဖြေလွှတ်​၍ သင်၏​အနာ​ရောဂါ ရှိသမျှ တို့ကို​လည်း ပျောက်စေ​တော်​မူ​၏’ ဟူ၍ ဘုရင်​ဒါဝိဒ်​ဆို​ခဲ့​သည်။—ဆာလံ ၁၀၃:၂၊ ၃

အဘယ်​အချိန်တွင် ယင်း​သို့​ဖြစ်ပျက်​လာ​မည်​နည်း။ ထိုသို့​သော ကောင်းချီး​များ​ကို ခံစားရ​ရန် မျှော်လင့်​နေသူတို့​အား ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း။ သမ္မာကျမ်းစာ​၏ အံ့ချီးဖွယ်​ကတိတော်​အကြောင်း ပိုမို​သိရှိ​ရန် ယေဟောဝါသက်သေ​များနှင့် ဆက်သွယ်​ဖို့ သင့်​အား ဖိတ်ခေါ်ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ကလေး​ငယ်​များ​အား လိင်​နှင့် အခြေခံ​ကိုယ်ကျင့်တရား​စံနှုန်း​များ​အကြောင်း အဆင့်ဆင့်​သွန်သင်ပေး​ရာ​တွင် ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည့် ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့ စာအုပ်​က အထောက်အကူ​ပေး​ကြောင်း မိဘ​များစွာ တွေ့ရှိ​ခဲ့​ကြပြီ။

[စာမျက်နှာ ၁၁ ပါ အကျဉ်း​ဖော်ပြချက်]

များ​မကြာမီ “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” တော့​ကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​က အာမခံ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိမိ၏​သားသမီး​များ​ကို လိင်​နှင့် မူးယစ်​ဆေးဝါး​အလွဲသုံး​မှု​အကြောင်း သွန်သင်​ပေးခြင်း​က သူတို့​လေး​များ​အတွက် အကာအကွယ်​ဖြစ်စေ​နိုင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဖျားနာသူ​တို့ကို ယေရှု၏​ကုသ​ပေး​နိုင်စွမ်း​နှင့် ကုသ​ပေး​လို​စိတ် ရှိ​ခြင်း​က အနာဂတ်​တွင် ကိုယ်တော်​ပြု​မည့်​အရာ​ကို ဖော်ပြ​ခဲ့