မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေ့ဒ်စ် ရောဂါကုထုံး—အရေးတကြီးလိုအပ်!

အေ့ဒ်စ် ရောဂါကုထုံး—အရေးတကြီးလိုအပ်!

အေ့ဒ်စ် ရောဂါ​ကုထုံး—အရေးတကြီး​လိုအပ်!

ဂရေ့စ်​သည် မာလာဝီ​နိုင်ငံ၊ လီ​လောင်​ဝေး​မြို့ ဗဟို​ဈေး​တွင် တန်ဖိုး​ကြီး​ရှူးဖိနပ်​များ​ရော​င်း​သည်။ သူသည် ကျန်းမာ​ပျော်ရွှင်​နေ​ပုံ​ရ၏။ သို့သော် သူ၏​ကြည်လင်​ရွှင်​ပျ​သော​အပြုံး​က ကြေကွဲဖွယ်​အဖြစ်ဆိုး​တစ်ခု​ကို ဖုံးကွယ်​ထား​လေ​သည်။

၁၉၉၃ ခုနှစ်​တွင် သမီးလေး​တီ​ယာ​ဂျိန်း မွေး​စဉ်​က ဂရေ့စ်​နှင့် သူ၏​ခင်ပွန်း​တို့ အလွန်​ဝမ်းသာ​ခဲ့​ကြ​၏။ အစပိုင်း​တွင် တီ​ယာ​ဂျိန်း​သည် ကျန်းမာ​ရေး​ကောင်း​နေ​ပုံ​ရှိခဲ့​သည်။ သို့သော် မကြာမီ ကိုယ်​အလေးချိန်​မ​တက်​တော့​ဘဲ ရောဂါ​တစ်ခု​ပြီး​တစ်ခု ဝင်လာ​တော့​သည်။ တီ​ယာ​ဂျိန်း​သည် သုံးနှစ်​အရွယ်​တွင် အေ့ဒ်စ်​ရောဂါ (ကိုယ်ခံအား​ကျ ကူးစက်​ရောဂါ) ဖြင့် သေဆုံး​သွားခဲ့​လေ​သည်။

နှစ်​အနည်းငယ်​ကြာပြီး​နောက် ဂရေ့စ်​၏​ခင်ပွန်း​သည်လည်း စ၍​နာမကျန်း​ဖြစ်လာ​ခဲ့​သည်။ တစ်နေ့​တွင် သူ​လဲကျ​သွား​သဖြင့် ဆေးရုံတင်​လိုက်ရ​၏။ ဆရာဝန်​များသည် သူ့​အား မ​ကယ်တင်​နိုင်​ခဲ့​ကြ​ပါ။ အိမ်ထောင်သက်​ရှစ်နှစ်​ရှိပြီ​ဖြစ်သော ဂရေ့စ်​၏​ခင်ပွန်း​သည် အေ့ဒ်စ်​ရောဂါ​နှင့်​ဆက်နွှယ်​သည့် ဆင့်ပွား​ရောဂါ​များ​ကြောင့် သေဆုံး​သွားခဲ့သည်။

ယခု ဂရေ့စ်​သည် လီ​လောင်​ဝေး​မြို့ ဆင်ခြေ​ဖုံး​တွင် အခန်း​တစ်ခန်း​တည်း​ရှိ အိမ်​တစ်အိမ်​၌ တစ်ကိုယ်တည်း​နေထိုင်​လျက်​ရှိသည်။ အသက် ၃၀ အရွယ်​သာ​ရှိသေး​သည့် သူ့​အား ဘဝ​သစ်​ထူထောင်​ဖို့ တစ်ဦး​တစ်ယောက်​က မျှော်လင့်​ပေမည်။ သို့ရာတွင် သူက ဤသို့​ရှင်းပြ​၏– “ကျွန်မ​မှာ အိပ်ခ်ျအိုင်ဗွီပိုး​ရှိနေလို့ အိမ်ထောင်ပြု​တော့​မှာ​မဟုတ်သလို ကလေး​လည်း​ထပ်​မမွေး​တော့​ပါ​ဘူး။” *

ဝမ်းနည်းစရာမှာ အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ခံ​နေရ​သည့် လူဦးရေ ၁၅ ရာခိုင်နှုန်း​ခန့်​ရှိသော မာလာဝီ​နိုင်ငံ​တွင် ယင်း​သို့​သော​အတွေ့အကြုံ​များ​က မထူးဆန်း​လှ​ပေ။ ဂ​လို့​ဘ် အဲ​န် မေးလ်​သတင်းစာ​အရ အေ့ဒ်စ်​ရောဂါ​ကြောင့် ကျေးလက်​ဆေးရုံ​တစ်ရုံ​တွင် “လူနာများ​သည် ခုတင်​ဝင်ဆံ့နိုင်မှု​ထက် ၅၀ ရာခိုင်နှုန်း​ပို​များနေ​ပြီး” အေ့ဒ်စ်​ရောဂါ​ကြောင့် “ဆေးရုံ​အမှုထမ်း ၅၀ ရာခိုင်နှုန်း​ကျော်​မှာ အလုပ်​မ​လုပ်နိုင်​ကြ​ချေ။” ဆာဟာရ​တောင်ပိုင်း အာဖရိက​ဒေသ​ရှိ အခြား​နိုင်ငံ​များ​တွင် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ရောဂါ​ပျံ့နှံ့မှု​မှာ ပို​၍​ပင်​မြင့်မား​နေ​၏။ ၂၀၀၂ ခုနှစ် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး​ဆိုင်ရာ ပူးတွဲ​ကုလသမဂ္ဂ​အစီအစဉ် (ယူအဲန်​အေ့ဒ်စ်) က ဤသို့​ဖော်ပြ​ခဲ့​သည်– “လောလောဆယ်တွင် ဆာဟာရ​တောင်ပိုင်း အာဖရိက​ဒေသ​ရှိ ပျမ်းမျှ​သက်တမ်း​မှာ ၄၇ နှစ်​ဖြစ်၏။ အေ့ဒ်စ်​ရောဂါ​မရှိပါ​က ပျမ်းမျှ​သက်တမ်း​မှာ ၆၂ နှစ်​ရှိ​မည်။”

သို့ရာတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်​ရောဂါ​သည် အာဖရိက​တိုက်​ပြင်ပ​ကို​ကျော်လွန်​၍ ကူးစက်​ပြန့်ပွား​နေပါ​သည်။ အိန္ဒိယ​နိုင်ငံ​တွင် အရွယ်ရောက်​သူ​လေး​သန်း​ခန့်​မှာ အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ခံ​နေရ​သည်​ဟု ယူအဲန်​အေ့ဒ်စ်​က ခန့်မှန်း​၍ “ရောဂါပိုး​ကူးစက်​ခံ​နေရသူ လက်ရှိ​အရေအတွက်​ကို​ထောက်​သော် ဤ​ဆယ်စုနှစ်​တွင် အိပ်ခ်ျအိုင်ဗွီ​သည် အရွယ်ရောက်​သူ​သေဆုံးမှု အများဆုံး​ဖြစ်စေ​သည့်​အကြောင်းရင်း ဖြစ်လာ​လိမ့်​မည်” ဟု​ထပ်လောင်း​ပြောဆို​သွား​သည်။ ယခင်​ဆိုဗီယက်​ပြည်ထောင်စု​၏ သမ္မတနိုင်ငံ​အများစု​ဖြင့် စုစည်း​ထား​သည့် လွတ်လပ်​သော ဓန​သ​ဟာ​ယ​နိုင်ငံ​များ​တွင် ကူးစက်​ပျံ့နှံ့မှု​မှာ အမြန်ဆုံး​ဖြစ်လာ​နေသည်။ ဥဇ​ဘက်က​စ္စ​တန်​နိုင်ငံ​တွင် “၂၀၀၂ ခုနှစ် တစ်နှစ်​တည်း​၌ အိပ်ခ်ျအိုင်ဗွီ​ကူးစက်​ရောဂါ​ဖြစ်ပွားမှု​သည် ယခင်​ဆယ်စုနှစ်​တစ်ခုလုံး​၏​ဖြစ်ပွားမှု​ထက် ပို​များနေ​သည်” ဟု သတင်း​တစ်ပုဒ်​က​ဆို​သည်။ အမေရိကန်​ပြည်ထောင်စု​တွင် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ရောဂါ​မှာ အသက် ၂၅ နှစ်​မှ ၄၄ နှစ်အရွယ်​ရှိ အမေရိကန်​လူမျိုးများ​သေဆုံး​ရသည့် အဓိက​အကြောင်းရင်း​တစ်ရပ် ဆက်၍​ဖြစ်နေ​၏။

နိုးလော့!သည် အေ့ဒ်စ်​ရောဂါ​နှင့်​ပတ်သက်​၍ အခန်းဆက်​ဆောင်းပါး​များ​ကို ၁၉၈၆ ခုနှစ်​တွင် ဦးဆုံး​အကြိမ်​ထုတ်ဝေ​ခဲ့​သည်။ ထို​စဉ်​က ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့​၏ ညွှန်ကြားရေးမှူး​ဖြစ်သူ ဒေါက်တာ အိပ်ခ်ျ. မာ​လာ​က လူ​ဆယ်​သန်း​ခန့်​သည် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်​ခံ​နေရ​ပြီ​ဖြစ်​ကြောင်း ယင်း​နှစ်​၌ သတိပေး​ခဲ့​၏။ အ​နှစ်နှစ်​ဆယ်​နီးပါး​ကြာပြီး​နောက် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ခံရ​သူ​ဦးရေ​မှာ ကမ္ဘာ​တစ်ဝန်း​တွင် ၄၂ သန်း​ခန့်​အထိ တိုးများ​လာ​ခဲ့​ရာ လူဦးရေ​တိုးပွားမှု​နှုန်း​ထက် ဆယ်​ဆ​ကျော်​သည့်​နှုန်း​ဖြင့် တိုးများ​လာ​နေခြင်း​ဖြစ်သည်! ကျွမ်းကျင်​သူများ​က အနာဂတ်​သည် စိုးရိမ်​စ​ရာ​ဖြစ်နေ​သည်​ဟု ဖော်ပြ​ကြ​၏။ “ကူးစက်​မှု​အများဆုံး နိုင်ငံ ၄၅ နိုင်ငံ​၌ ၂၀၀၀ ပြည့်နှစ်​နှင့် ၂၀၂၀ ပြည့်နှစ်​ကြား​တွင် လူ ၆၈ သန်း​သည် အေ့ဒ်စ်​ရောဂါ​ကြောင့် အချိန်မတန် သေဆုံး​ကြ​မည်​ဖြစ်​ကြောင်း ခန့်မှန်း​ရသည်” ဟု ယူအဲန်​အေ့ဒ်စ်​က ဖော်ပြ​သည်။

ယင်း​သို့​သော ထိတ်လန့်ဖွယ်​ကူးစက်​မှု​နှုန်း​ကြောင့် အေ့ဒ်စ်​ရောဂါ​ကုထုံး​ကို တစ်ခါ​နှင့်​မျှ​မတူ​အောင် အရေးတကြီး​လိုအပ်​လာ​နေပြီ​ဖြစ်သည်။ သို့​နှင့် ဆေး​ဘက်​သုတေသီ​များသည် အိပ်ခ်ျအိုင်ဗွီပိုး​ကို တိုက်ဖျက်​ရန် မမော​နိုင်​မ​ပန်း​နိုင် ကြိုးပမ်း​ခဲ့​ကြပြီ။ ဤ​သေ​စေသော​ကပ်ရောဂါ​ကို တိုက်ဖျက်​ရာ​တွင် အဘယ်အရာ​တိုးတက်အောင်​မြင်ခဲ့​ပြီ​နည်း။ အေ့ဒ်စ်​ရောဂါ​ကို အဆုံးတိုင်​စေရန် မျှော်လင့်ခြင်းသည် လျော်​ကန်​ပါသလော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အိပ်ခ်ျအိုင်ဗွီ သို့​မဟုတ် ကိုယ်​ခံ​စွမ်းအား​ကျ ဗိုင်းရပ်စ်​ပိုး​သည် အေ့ဒ်စ်​ရောဂါ​ဖြစ်စေ​သည့် ဗိုင်းရပ်စ်​ပိုး​တစ်မျိုး​ဖြစ်​ကြောင်း နားလည်​ထား​ကြသည်။

[စာမျက်နှာ ၄ ပါ အကျဉ်း​ဖော်ပြချက်]

ကမ္ဘာ​တစ်ဝန်း​တွင် ခန့်မှန်းခြေ လူပေါင်း ၄၂ သန်း​သည် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရှိနေကြ​သည်; ၂.၅ သန်း​မှာ ကလေး​သူငယ်​များ​ဖြစ်​ကြ​၏

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အိန္ဒိယ​နိုင်ငံ—ကျန်းမာ​ရေး စေတနာ့​ဝန်ထမ်း​များ အေ့ဒ်စ်​ရောဂါ​ပညာပေး​ခံယူ​နေကြ

[Credit Line]

© Peter Barker/Panos Pictures

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဘရာဇီး​နိုင်ငံ—လူမှု​ဝန်ထမ်း​တစ်ဦး အေ့ဒ်စ်​ဝေဒနာသည် အမျိုးသမီး​တစ်ဦး​ကို အားပေး​နှစ်သိမ့်​နေ

[Credit Line]

© Sean Sprague/Panos Pictures

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ထိုင်း​နိုင်ငံ—စေတနာ့​ဝန်ထမ်း​တစ်ဦး အိပ်ခ်ျအိုင်ဗွီ​ဖြင့် မွေးလာ​သည့် ကလေး​ငယ်​တစ်ဦး​အား ပြုစုပေး​နေ

[Credit Line]

© Ian Teh/Panos Pictures