မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်!

ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်!

ကမ္ဘာ​ဂြိုဟ်​ကို ကယ်တင်​နိုင်!

လူသား​တို့သည် မြေ​သယံဇာတ​များ​ကို လက်ရှိ​နှုန်း​အတိုင်း ဆက်​သုံးစွဲ​၍​မရနိုင်​ကြောင်း ရှေ့​ဆောင်းပါး​များ​တွင် ရှင်းလင်းစွာ​ဖော်ပြ​ခဲ့​ပြီး​ဖြစ်၏။ ညစ်ညမ်းမှု၊ သစ်တော​ပြုန်းတီး​မှု​နှင့် ပတ်ဝန်းကျင်​ဆိုင်ရာ​အခြား​ပြဿနာ​များ လျော့နည်း​သွားစေရန် ကမ္ဘာ့​ခေါင်းဆောင်​များ ကြိုးပမ်း​လုပ်ဆောင်ခဲ့​သည်​မှာ ချီးမွမ်း​ထိုက်​ပေ​သည်။ ၁၉၇၂ ခုနှစ်​တွင် လူ့​ပတ်ဝန်းကျင်​ဆိုင်ရာ ကုလသမဂ္ဂ​ညီလာခံ​ပြီး​နောက် အခြား​ညီလာခံ​များ​ကိုလည်း ပုံမှန်​ကျင်းပ​ခဲ့​ပြီး အရေးယူ​လုပ်ဆောင်​ရမည့်​အစီအစဉ်များ​ကို နိုင်ငံ​ပေါင်း ၁၆၃ နိုင်ငံ​အထိ ပါဝင်​ထောက်ခံ​ခဲ့​ကြသည်။ သို့သော် အဘယ်​ရလဒ် ထွက်ပေါ်​ခဲ့ပြီ​နည်း။ “ဝမ်းနည်းစရာမှာ သဘောတူ​စာချုပ်​များ၊ အရေးယူ​လုပ်ဆောင်မှု​အစီအစဉ်များ​နှင့် အခြား​စာချုပ်​စာတမ်း​များစွာ​တို့သည် ကမ္ဘာချီ​ပတ်ဝန်းကျင်​ဆိုင်ရာ​ပျက်စီး​ယိုယွင်းမှု​ကို ပြောင်းပြန်​မ​လှန်​နိုင်​ခဲ့​ချေ” ဟု ဗဟို​နိုင်ငံတကာ​ပတ်ဝန်းကျင်​ဆိုင်ရာ​ဥပဒေ​၏ အမှုဆောင်​ဒါရိုက်တာ ဒေးဗစ် ဟန့်​တာ​က ပြော​ခဲ့​၏။ “ပတ်ဝန်းကျင်​ဆိုင်ရာ အဓိက​ညွှန်​တံ​ဖော်ပြ​ရာ​အားလုံးနီးပါး​သည် ၁၉၉၂ ခုနှစ်၊ ကုလသမဂ္ဂ​ညီလာခံ​ကျင်းပ​ချိန်​က​ထက် ယနေ့​ပို​ဆိုးဝါး​နေသည်” ဟု ဟန့်​တာ​က ဆက်​ပြော​ခဲ့​သည်။

ပတ်ဝန်းကျင်​ဆိုင်ရာ​အရေးကိစ္စ​များ​ကို နှစ်ပေါင်း ၃၀ ကျော် လူသိရှင်ကြား အသိပေး​ဖော်ထုတ်​ပြီး​သည့်​တိုင် အဘယ်ကြောင့် မဆိုစလောက်​သာ​တိုးတက်​ရသနည်း။ အကြောင်းရင်း​တစ်ခု​မှာ စီးပွားရေး​ကြီးထွားမှု​အတွက် လိုအပ်ချက်​ဖြစ်၏။ နိုင်ငံ​များ​၏​စီးပွားရေး​များသည် သုံးစွဲ​သူများကို အားထား​နေရ​သည်။ ယင်းကြောင့် ထုတ်လုပ်​သော​လုပ်ငန်းများ​လိုအပ်​စေပြီး ယင်းက တစ်ဖန် ကုန်​ကြမ်း​များ​လိုအပ်​လာ​စေ​ပြန်​သည်။ ယင်းသည် ပတ်ဝန်းကျင်​ကို​ထိခိုက်​စေသည့် သံသရာ​ဆိုး​ကြီး​ဖြစ်သည်။ သို့​ဆိုလျှင် ဖြေရှင်း​နည်း​ကား​အဘယ်နည်း။

တလွဲ​ဆောင်ရွက်မှု​များ

မိမိတို့​ဘာသာ​အုပ်ချုပ်​ရန် လူတို့၏​ကြိုးပမ်းမှု​များသည် အဘယ်ကြောင့် ထိုသို့​ဆိုးဆိုးရွားရွား​ရှုံးနိမ့်​ရ​ကြောင်း သမ္မာကျမ်းစာ​က ရှင်းပြ​ထား​သည်။ ပရောဖက်​ယေရမိ ဤသို့​ဆို​ခဲ့​၏– ‘အို​ထာဝရ​ဘုရားသခင်၊ လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​များ​ကို မစီရင်ပိုင်​ကြောင်း အကျွန်ုပ်​သိပါ​၏။’ (ယေရမိ ၁၀:၂၃သမ္မာ) ထိုစကား​များသည် အလွန်​မှန်ကန်​ခဲ့​၏!

သင်သည် ပန်းခြံ သို့​မဟုတ် ဥယျာဉ်​တစ်ခု​သို့ လည်ပတ်​ဖူး​ပါသလော။ သစ်ပင်​ချုံနွယ်​ပန်း​မ​န်​များ​၏​လှပ​တင့်တယ်မှု​ကို ကျွန်ုပ်​တို့​နှစ်သက်​ကြည်နူး​တတ်ကြ​၏! သို့သော် ဤသို့​စနစ်တကျ​စီစဉ်​ထားသော ပန်းခြံ​များသည် အလိုအလျောက်​ဖြစ်လာ​သည်မဟုတ်​ပေ။ ကျွမ်းကျင်​သော​ဥယျာဉ်မှူး​များ​က အချိန်​များစွာ​အကုန်ခံ​ကာ သစ်ပင်​များ​ကို​မွမ်းမံ​ပြီး မြက်ခင်း​များ​ကို ညီညီညာညာ​ညှိ​ကာ ပန်း​ခင်း​များ​ကို ရှု​ချ​င့်​စ​ဖွယ်​ဖြစ်အောင် ပြုပြင်​ထိန်းသိမ်း​ထား​ကြသည်။ တစ်ကမ္ဘာလုံး ပန်းခြံ​တစ်ခု​ဖြစ်​လာအောင် ထိုသို့​မေတ္တာထား​ဂရုစိုက်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​မြေကြီး​စံအိမ် မည်သို့​ဖြစ်​မည်​ကို မြင်ယောင်​ကြည့်​ပါ​လေ။

ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် ကမ္ဘာ​ဂြိုဟ်​ကို ထိုသို့​ဂရုစိုက်​ရန် ရည်ရွယ်​ထား​သည်။ ဘုရားသခင့်​မှုတ်သွင်းခံ​နှုတ်မြွက်တော်​ပါ ဖန်ဆင်း​ခြင်း​မှတ်တမ်းအရ “ထာဝရ​အရှင်​ဘုရားသခင်​သည် လူကို​ယူ၍ ဧဒင်ဥယျာဉ်​ကို ပြုစု​စောင့်နေ​စေခြင်း​ငှာ ထား​တော်​မူ​၏။” (ကမ္ဘာဦး ၂:၁၅) ထို့​ပြင် လူ့​မိသားစု​သည် ဧဒင်ဥယျာဉ်​ကို ပြုစု​စောင့်ရှောက်​ဖို့​သာ​မဟုတ်ဘဲ ကမ္ဘာ​မြေ​တစ်ခုလုံး ပရဒိသု​ဖြစ်လာ​သည်​အထိ တိုးချဲ့​သွားဖို့​တာဝန်ရ​ရှိခဲ့​သည်။—ကမ္ဘာဦး ၁:၂၈

ဝမ်းနည်းစရာမှာ အာဒံ​နှင့်​ဧဝ​တို့၏​မနာခံမှုကြောင့် စုံလင်မှု​မဲ့​လာ​ကာ ပရဒိသု​ကို ထိန်းသိမ်း​စောင့်ရှောက်​၍ နယ်နိမိတ်​တိုးချဲ့​သွား​ရမည့်​အခွင့်အရေး ဆုံးရှုံး​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃:၁-၆၊ ၂၃) ပထမ​လူသား​မောင်နှံ​၏​သားမြေး​များ​ဖြစ်သော ကျွန်ုပ်​တို့​လည်း အပြစ်​နှင့်​မစုံလင်မှုကို အမွေခံ​ထား​ကြ​ရသည်။ (ရောမ ၅:၁၂) မြေကြီး​သယံဇာတ​များ​ကို တလွဲ​စီမံ​ခြင်း​သည် မိမိတို့​ဘာသာ​အုပ်ချုပ်​လို​သော လူသား​တို့၏​လွဲမှား​သည့်​ကြိုးပမ်းမှု နမူနာ​တစ်ခုမျှသာ​ဖြစ်၏။ လူသားထု​ပြဿနာ​များသည် ၎င်းတို့၏​ဖြေရှင်း​နိုင်စွမ်း​ထက် ကျော်လွန်​နေသည်​မှာ ရှင်းနေပါသည်။ ပြင်ပ​အကူအညီ လိုအပ်​နေသည်။

ပြန်လည်​တည့်မတ်​ပေး​မည့်​နည်းလမ်း

ယေရှု မြေကြီးပေါ်​ရှိခဲ့​စဉ်​က တပည့်​များ​ကို ဤသို့​ဆုတောင်း​ရန် သင်ပေးခဲ့​၏– ‘ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော။’ (မဿဲ ၆:၁၀) ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​အောက်တွင် ကမ္ဘာ​မြေ​သည် ပရဒိသု​ဖြစ်လာ​မည်​ဟု သမ္မာကျမ်းစာ​က သွန်သင်ထား​၏။ (ဆာလံ ၃၇:၁၀၊ ၁၁) ထို​အချိန်တွင် သစ်ပင်​ပန်း​မ​န်​များသည် သန့်ရှင်းသော​ဝန်းကျင်​တွင် အပြည့်အဝ​သီးပွင့်​ကြ​ပါ​လိမ့်​မည်။ (ဆာလံ ၇၂:၁၆) ဘုရားသခင့်​လမ်းညွှန်မှု​အောက်တွင် ကမ္ဘာ​မြေ​သည် ညစ်ညမ်းမှု​မှ သန့်စင်​ခံရ​မည်၊ လူသားများ​လည်း ပတ်ဝန်းကျင်​နှင့် အပြည့်အဝ​သဟဇာတ​ဖြစ်အောင် နေထိုင်​တတ်လာ​ပါ​လိမ့်​မည်။ ယင်းကို ကျွန်ုပ်​တို့ မည်သို့​စိတ်ချ​နိုင်​သနည်း။

ကမ္ဘာ​မြေ​ကို “ကာလ​အစဉ်အမြဲ မ​ရွေ့​မ​လှုပ်​စေခြင်း​ငှာ တည်​တော်​မူ” သည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်။ (ဆာလံ ၁၀၄:၅) ဘုရားသခင်​သတ်မှတ်​ထားချိန်​တွင် သက်ရှိ​အားလုံး​သည် ဒေါင်ဒေါင်မြည်​ကျန်းမာ​ရေး၊ အစားအစာ​အ​လျှံ​အ​ပယ်​နှင့် အိုးအိမ်​ကောင်း​များ​အပါအဝင် ထာဝရ​ကောင်းချီး​များ​ကို မွေ့လျော်​ခံစား​ကြ​ရ​ပါ​လိမ့်​မည်။ ဘုရားသခင့်​ရည်ရွယ်တော်မူချက်​များ​ကို သင်​ပိုမို​သိ​လို​ပါသလော။ ယေဟောဝါသက်သေ​တစ်ဦးဦး​နှင့် ဆွေးနွေး​ကြည့်​ပါ​လေ။ ကမ္ဘာ​ဂြိုဟ်​ကို မည်သို့​ကယ်တင်​နိုင်​ပြီး မည်သို့​ကယ်တင်​ခံရ​မည်​ကို သင်​သိရှိ​နိုင်​ရန် သူတို့​ဝမ်းသာ​အားရ ကူညီ​ပေး​ကြ​ပါ​လိမ့်​မည်!

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

ဘုရားသခင့်​လမ်းညွှန်မှု​အောက်တွင် လူသား​တို့သည် ပတ်ဝန်းကျင်​နှင့်​သဟဇာတ​ဖြစ်အောင် နေထိုင်ကြ​မည်

[Credit Line]

မိန်းကလေး​နှင့် လယ်သမား– © Jeremy Horner/ Panos Pictures