မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုံးပါးပါးလာသည့် မြေသယံဇာတများ

လုံးပါးပါးလာသည့် မြေသယံဇာတများ

လုံး​ပါး​ပါး​လာ​သည့် မြေ​သယံဇာတ​များ

“သဘာဝတရား​တွင် အရာ​ရာ​ဆက်စပ်​နေကြ​သဖြင့် ယခု​အခါ ကျွန်ုပ်​တို့၏​အတိတ်​က အမှား​များ​အတွက် တာဝန်​ယူ​ဖြေရှင်း​နေကြ​ရသည်။”—အာဖရိက တောရိုင်း​တိရစ္ဆာန် မဂ္ဂဇင်း။

ဂေဟဗေဒ​ခြေရာ​ဟူသည် လူသား​တို့​သုံးစွဲ​နေသော သဘာဝ​သယံဇာတ​များနှင့် ယင်း​တို့အား ကမ္ဘာ​မြေ​က ပြန်လည်​ဖြည့်တင်း​နိုင်စွမ်း​ကို နှိုင်းယှဉ်​သည့် လေ့လာ​ဆန်းစစ်မှု​တစ်ရပ်​ဖြစ်၏။ သဘာဝ​ထိန်းသိမ်းရေး​ကမ္ဘာ့​ရန်ပုံငွေ​အရ ကမ္ဘာချီ​ဂေဟဗေဒ​ခြေရာ​က ၁၉၈၀ ပြည့်လွန်​နှစ်များ​က​တည်း​မှ သုံး​အား​သည် ပြန်လည်​ဖြည့်တင်း​အား​ထက် သွက်​နေကြောင်း ဖော်ပြ​သည်။ * သို့သော် ယင်းက ကျွန်ုပ်​တို့၏​ပတ်ဝန်းကျင် အလွန့်အလွန် အကျပ်ရိုက်​နေကြောင်း ဖော်ညွှန်း​သည့် အညွှန်း​တစ်ခုမျှသာ​ဖြစ်သည်။

အညွှန်း​နောက်​တစ်မျိုး​မှာ ကမ္ဘာ့​ဂေဟစနစ်​များ​၏​အခြေအနေ​ဖြစ်သည်။ “ဂေဟစနစ်” ဟူ​သည့်​ဝေါဟာရ​မှာ သက်ရှိ​သက်မဲ့​ဒြပ်​ဝတ္ထု​များ​အပါအဝင် သဘာဝ​ပတ်ဝန်းကျင်​အတွင်းရှိ သက်ရှိ​အားလုံး​၏ ရှုပ်ထွေး​လှ​သော​အပြန်အလှန်​အကျိုးပြု​မှု​ကို ရည်ညွှန်း​သည်။ သစ်တော၊ ရေချို​နှင့် အဏ္ဏဝါ​မျိုးစိတ်​တို့၏​အရေအတွက်​များ​က ဖော်ပြ​နေသော ဤ​ဂေဟစနစ်​များ​၏ ယေဘုယျ​အခြေအနေ​ကို သဘာဝ​ထိန်းသိမ်းရေး​ကမ္ဘာ့​ရန်ပုံငွေ​အဖွဲ့က သက်ရှိ​ဂြိုဟ်​အညွှန်း​ဟု အမည်ပေး​ထား​သည်။ ၁၉၇၀ မှ ၂၀၀၀ ပြည့်နှစ်​အတွင်း ဤ​အညွှန်း​သည် သတ္တဝါ​ကောင်ရေ ၃၇ ရာခိုင်နှုန်း​ခန့် ရုတ်တရက်​ထိုး​ကျ​သွားခဲ့သည်။

လောက်​င​ပါ​မည်​လော

သင်သည် ၂၄ နာရီ​ဝယ်ယူ​နိုင်​သည့် ကုန်စည်​အပြည့်​ရှိသော စ​တိုး​ဆိုင်​များ​ရှိရာ အနောက်​နိုင်ငံ​တွင်​နေထိုင်ပါ​က သဘာဝ​သယံဇာတ​များ ပြတ်လပ်​တော့​မည်​ဟူ​သည့်​အချက်​ကို စဉ်းစား​ရ​ခက်​နေ​ပေမည်။ မည်သို့​ဆို​စေ၊ ကမ္ဘာ​သူ​ကမ္ဘာ​သား​အနည်းစု​သာ ကြွယ်ဝ​ချမ်းသာ​သည့်​ဘဝမျိုး စံစား​ရ​ကြ​၏။ အများစုမှာ​မူ ဆက်လက်​ရှင်သန်ရေး​အတွက် နေ့စဉ်​လုံးပန်း​နေရ​သည့်​ဘဝတွင် ချောင်ပိတ်​မိ​နေကြ​သည်။ ဥပမာ၊ လူ​သန်း​နှစ်ထောင်​ကျော်​သည် တစ်နေ့​လျှင် သုံး​ဒေါ်လာ သို့​မဟုတ် ထို့​ထက်နည်း​သည့်​ငွေ​ဖြင့် ရှင်သန်​နေကြ​ပြီး လူ​သန်း​နှစ်ထောင်​ကျော်​မှာ လျှပ်စစ်​ဓာတ်အား မရရှိ​ကြောင်း ခန့်မှန်း​ရသည်။

လူ​အချို့​သည် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​၏​ဆင်းရဲ​နွမ်းပါး​မှု​အတွက် ကြွယ်ဝ​ချမ်းသာ​သော​နိုင်ငံ​များ​၏ ကုန်သွယ်​ရေး​စနစ်​များ​ကို အပြစ်​ဖို့​ကြသည်။ “ကမ္ဘာ့​စီးပွားရေး​သည် နွမ်းပါး​သူတို့၏​အကျိုး​စီးပွား​ကို နည်း​မျိုးစုံ​ဖြင့် တိုက်ခိုက်​နေသည်” ဟု ၂၀၀၃ အရေးပါသော​လက္ခဏာများ​စာအုပ်​က ဖော်ပြ​ထား​သည်။ နည်း​သည်ထက်​နည်း​ပြီး ပိုမို​ဈေးကြီး​လှ​သော ပတ်ဝန်းကျင်​ဆိုင်ရာ “သယံဇာတ​များ” ကို သူ့​ထက်​ငါ အလုအယက်​ကြိုးစား​ရယူ​နေ​သူ များသည်ထက်​များ​လာ​သည်​နှင့်​အမျှ စီးပွားရေး​အရ ဆုံးရှုံး​နစ်နာ​နေသူတို့​မှာ မိမိတို့​ရ​သင့်​ရထိုက်​ရာ​အတွက် မ​ယှဉ်ပြိုင်​နိုင်​ဘဲ ဖြစ်လာ​ကြသည်။ ယင်းကြောင့် တတ်နိုင်​သော​ကြွယ်ဝ​ချမ်းသာသူ​တို့​မှာ သဘာဝ​သယံဇာတ​များ ပိုမို​ရရှိ​လာ​ကြ​ပြန်​သည်။

ကွယ်ပျောက်​လျက်​ရှိသည့် သစ်တော​များ

အာဖရိက​တိုက်​သား ၈၀ ရာခိုင်နှုန်း​သည် ထင်း​ကို​အသုံးပြု၍ ချက်ပြုတ်​နေကြ​သည်​ဟု ခန့်မှန်း​ထား​သည်။ ထို့​ပြင် တောင်​အာဖရိက​ဂတ်​အဝေး​မဂ္ဂဇင်းက “အာဖရိက​သည် ကမ္ဘာ​ပေါ်​တွင် လူဦးရေ​တိုး​နှုန်း​နှင့် မြို့​ပြ​တိုးပွားမှု​နှုန်း အမြင့်​မား​ဆုံး​နိုင်ငံ​ဖြစ်သည်” ဟု​ဖော်ပြ​ထား​၏။ ယင်းကြောင့် ဆ​ဟာ​ရ​ကန္တာရ​တောင်ဘက်​စွန်းပိုင်း​ရှိ အပြောကျယ်​သော မိုး​နည်း​ရပ်ဝန်း​ဖြစ်သည့် ဆ​ဟဲလ်​ဒေသ​၏ မြို့ကြီး​တချို့​အနီးအနား​တွင် မြို့​ပတ်လည်​မိုင် ၆၀ ကျော်​အတွင်း သစ်ပင်​များ​ပြောင်တလင်း​ခါ​သွားခဲ့ပြီ​ဖြစ်သည်။ ထို​သစ်ပင်​များ​ကို စိတ်​ရူး​ပေါက်​၍ ခုတ်လှဲ​လိုက်ခြင်း​မဟုတ်ပါ။ ‘အာဖရိက​နိုင်ငံသား​အများစု​သည် အသက်ဆက်​ရေး​အတွက်​မျှ​နှင့် မိမိတို့၏​ပတ်ဝန်းကျင်​ကို ဖျက်ဆီး​နေကြ​သည်’ ဟု ပါမောက္ခ​ဆယ်မြူယယ် နာနာ​စင်​က​မ်​က ပြော​ခဲ့​၏။

တောင်​အမေရိက​ရှိ​အခြေအနေ​မှာ​မူ အတော်လေး​ကွာခြား​ပါ​သည်။ ဥပမာ၊ ဘရာဇီး​မိုးသစ်တော​တွင် မှတ်ပုံတင်​ထားသော​သစ်​ကုမ္ပဏီ​ပေါင်း ၇,၆၀၀ နီးပါး​ရှိသည်။ ၎င်း​တို့​ထဲ​မှ​များစွာ​ကို နိုင်ငံတကာ​ကုမ္ပဏီ​စု​ကြီး​များ​က ပိုင်ဆိုင်​ထား​ကြသည်။ မဟော်ဂနီ​သစ်​တစ်ပင်​သည် သစ်​ထုတ်​ကုမ္ပဏီ​တစ်ခု​အတွက် ဒေါ်လာ ၃၀ ခန့်​တန်ဖိုး​ရှိသည်။ သို့ရာတွင် အချိန်တန်သော် ပွဲစား​များ၊ ကုန်သည်​များနှင့် ထုတ်လုပ်သူ​များ​က မိမိတို့​အတွက် အမြတ်အစွန်း​ရအောင်​လုပ်ဆောင်ကြ​ရာ ပရိဘောဂ​ပြခန်း​သို့​ရောက်ရှိ​သည်​နှင့် ထို​သစ်ပင်​မှာ ဒေါ်လာ ၁၃၀,၀၀၀ တန်​သွား​၏။ ယင်းကြောင့် မဟော်ဂနီ​ကို ရွှေ​စိမ်း​ဟု ခေါ်​ကြ​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပါ။

ဘရာဇီး​မိုးသစ်တော​ဖျက်ဆီးခြင်း​အကြောင်း များစွာ​ထုတ်ပြန်ခဲ့​ပြီ။ ၁၉၉၅ နှင့် ၂၀၀၀ ပြည့်နှစ်​ကြား​တွင် ဘရာဇီး​သစ်တော​၏​စတုရန်း​မိုင် ၇,၀၀၀ ကျော်​သည် နှစ်စဉ်​ဖျက်ဆီး​ခံ​နေရ​ကြောင်း ဂြိုဟ်တု​ဓာတ်​ပုံ​များ​က ဖော်ပြ​သည်။ “ရှစ်​စက္ကန့်​တိုင်း​တွင် ဘောလုံးကွင်း​အရွယ်အစား​ရှိ သစ်တော​ဧရိယာ ကွယ်ပျောက်​နေသည်​ဖြစ်​ရာ ဖျက်ဆီး​နှုန်း​မှာ ကြောက်​ခ​မ​န်း​လိ​လိ​ဖြစ်သည်” ဟု ဘရာဇီး​ဗီ​ဂျာ မဂ္ဂဇင်းက ဖော်ပြ​သည်။ ၂၀၀၀ ပြည့်နှစ်​က အမေရိကန်​ပြည်ထောင်စု​တစ်ခု​တည်း​သို့ ဘ​ရားဇီး​မဟော်ဂနီ ၇၀ ရာခိုင်နှုန်း​ကျော် တင်သွင်း​ခဲ့​ကြောင်း သတင်းပို့​ခြင်း​မှာ စိတ်ဝင်စားစရာ​ဖြစ်သည်။

ကမ္ဘာ့​အခြား​နိုင်ငံ​များ​၏ သစ်တော​ပြုန်းတီး​မှု​မှာလည်း ထို​နည်း​နှင်​နှင်​ပင်။ ဥပမာ၊ မက္ကဆီကို​နိုင်ငံ​ရှိ သစ်တော​နှင့် တောတောင်​ထက်ဝက်​သည် လွန်ခဲ့သော​နှစ်ပေါင်း ၅၀ အတွင်း ပျောက်ကွယ်​သွားခဲ့ပြီ။ ဖိလစ်ပိုင်​သစ်တော​များ​ပျောက်ကွယ်မှု​မှာ ပို​၍​ပင် ဆိုးရွား​သည်။ ထို​နိုင်ငံ​တွင် သစ်တော​၏​စတုရန်း​မိုင် ၃၈၀ ကျော်​မှာ နှစ်စဉ်​ကွယ်ပျောက်​နေပြီး ဖိလစ်ပိုင်​သစ်တော​၏​သုံးပုံနှစ်ပုံ​နီးပါး​မှာ ဆယ်နှစ်​အတွင်း ပျက်​သု​ဉ်း​သွား​မည်​ဟု လွန်ခဲ့သော ၁၉၉၉ ခုနှစ်​က ခန့်မှန်း​ခဲ့​ကြသည်။

သစ်​မာ​ပင်​တစ်ပင်​ကြီးရင့်​လာရန် နှစ်ပေါင်း ၆၀ မှ ၁၀၀ အထိ​ကြာ​နိုင်​သော်လည်း ယင်းကို မိနစ်ပိုင်း​အတွင်း ခုတ်လှဲ​ပစ်​နိုင်​သည်။ ကျွန်ုပ်​တို့၏​သစ်တော​များ ခုတ်အား​နှင့်​စိုက်အား အလျင်​မမီ​နိုင်​ခြင်း​ကို အံ့သြ​သင့်​ပါသလော။

ဆိတ်​သု​ဉ်း​နေသည့်​မြေ

မြေပေါ်​မှ​အပင်များ​ကို ဖယ်​ပစ်​သည်​နှင့် ဟင်း​လင်း​ဖြစ်နေ​သော​အပေါ်ယံ​မြေဆီလွှာ​မှာ မကြာမီ ခြောက်သွေ့​သွား​ကာ လေ၊ ရေ​တို့၏ တိုက်စား​ခြင်း​ခံရ​သည်။ ဤ​ဖြစ်​စဉ်​ကို တိုက်စား​ခြင်း​ဟု​ခေါ်​၏။

တိုက်စား​ခြင်း​သည် သဘာဝ​ဖြစ်​ပြီး လူသား​တို့၏​မြေယာ​စီမံခန့်ခွဲမှု မ​ညံ့ဖျင်း​လျှင် အများအားဖြင့် ပြဿနာကြီး​ကြီးမား​မား​ဖြစ်လေ့​မရှိပါ။ ဥပမာ၊ သစ်တော​ပြုန်းတီး​ခြင်း​နှင့် တိုက်စား​လွန်း​ခြင်း​စ​သည့် အကြောင်းရင်း​များနှင့်​အတူ သဲ​မုန်တိုင်း​များသည် ကန္တာရ​နယ်ပယ်​ကို “ပိုမို​ကျယ်ပြန့်​စေ​ကြောင်း” ချိုင်းနား​ထူ​ဒေး​မဂ္ဂဇင်း​တွင် ဖော်ပြ​ထား​သည်။ မကြာသေးမီ​နှစ်များ​က တရုတ်​နိုင်ငံ​အနောက်ပိုင်း​နှင့် အနောက်မြောက်​ပိုင်း​ဒေသ​များ​တွင် အလွန်​ခြောက်သွေ့​လွန်း​သောကြောင့် ဆိုက်ဘေးရီးယား​လေ​အေး ဖြတ်သန်း​တိုက်ခတ်​ခဲ့​သည်။ တန်​ချိန်​သန်းနှင့်ချီ​သော သဲ​ဝါ​များနှင့် ဖုန်​များသည် နေရာ​ရွှေ့​သွား​ကြ​ပြီး ကိုရီးယား​နိုင်ငံ၊ ဂျပန်​နိုင်ငံ​အထိ ရောက်ရှိ​သွား​ကြသည်။ တရုတ်​နိုင်ငံ​၏​ကုန်းမြေ​စိုင် ၂၅ ရာခိုင်နှုန်း​နီးပါး​မှာ ယခု လွင်တီးခေါင်​ဖြစ်နေ​လေ​ပြီ။

အာဖရိက​၏​မြေဆီလွှာ​ပြုန်းတီး​မှု​သည်လည်း ထို​နည်း​အတိုင်း​ပင်။ “ကောက်​ပဲ​သီးနှံများ​စိုက်​ပျိုး​ရန် တော​ရှင်း​ခြင်း​ဖြင့် လယ်သမားများ​သည် ပါးလွှာ​သော​မြေဆီလွှာ​များ​ကို အဖတ်ဆယ်​မရအောင် ပျက်စီး​စေ​ခဲ့​ကြသည်” ဟု အာဖရိက​ဂျီအိုဂရပ်ဖစ်​တွင် ဖော်ပြ​ထား​သည်။ ချုံ​တစ်ခု​ရှင်းလင်း​ပြီး​နောက် သုံးနှစ်​အတွင်း မြေ​ဩဇာ ၅၀ ရာခိုင်နှုန်း​အထိ ဆုံးရှုံး​သည်​ဟု ခန့်မှန်း​ရသည်။ ထို့​ကြောင့် “ဟက်​တာ​သန်းနှင့်ချီ​သော​မြေများ​သည် အဖတ်ဆယ်​မရအောင် မြေ​သြဇာ​ဆုံးရှုံး​နေပြီး ဒေသ​တချို့​ရှိ စိုက်ပျိုးရေး​သီး​ထွက်​ပမာဏ​မှာ တစ်နှစ်​ပြီး​တစ်နှစ်​ကျဆင်း​လာ​ရာ မြေ​ဟ​တ်​တာ​သန်းပေါင်း​များစွာ​မှာလည်း ထို​အတိုင်း မြေ​သြဇာ​ဆုံးရှုံး​သွားတော့​မည်” ဟု​ထို​မဂ္ဂဇင်းက ထပ်ဆင့်​ဖော်ပြ​ထား​သည်။

ဘရာဇီး​တွင် မြေ​ဆီ​တန်​ချိန်​သန်းပေါင်း ၅၀၀ သည် နှစ်စဉ်​တိုက်စား​ခံ​နေရ​သည်​ဟူ​၏။ မက္ကဆီကို​နိုင်ငံ​တွင် ချုံ​ထနောင်းတော ၅၃ ရာခိုင်နှုန်း၊ တော​ဂ​နိုင် ၅၉ ရာခိုင်နှုန်း၊ သစ်တော ၇၂ ရာခိုင်နှုန်း​တို့သည် မြေဆီလွှာ​တိုက်စား​ခံ​နေရ​ကြောင်း ပတ်ဝန်းကျင်​နှင့် သဘာဝ​သယံဇာတ​များ​ဌာန​က ဖော်ပြ​သည်။ စုစုပေါင်း “ကမ္ဘာ့​လယ်ယာ​စိုက်​ပျိုး​မြေ​၏ သုံးပုံနှစ်ပုံ​ကျော်​မှာ မြေ​တိုက်စား​ခံရ​နိုင်​သည်။ ယင်းကြောင့် စိုက်​ပျိုး​ကုန်​ထုတ်လုပ်​နိုင်စွမ်း​မှာ သိသိသာသာ​ကျဆင်း​လာ​နေ​သော်လည်း ကျွေးမွေး​ရမည့်​ပါးစပ်ပေါက်​မှာ​မူ ဆက်လက်​တိုးများ​လာ​နေသည်” ဟု ကုလသမဂ္ဂ​ဖွံ့ဖြိုးမှု​အစီအစဉ်​၏ အစီရင်ခံစာ​တွင် ဖော်ပြ​ထား​သည်။

ရေ—အခမဲ့​ဖြစ်​သော်လည်း တန်ဖိုး​မ​ဖြတ်​နိုင်

လူတစ်ဦး​သည် အစာ​မစား​ဘဲ တစ်လ​ခန့်​အသက်ရှင်​နိုင်​သော်လည်း ရေ​မ​သောက်​ပါ​က တစ်ပတ်​အတွင်း သေသွား​နိုင်​သည်။ ထို့​ကြောင့် ရေချို​ရရှိ​မှုများ လျော့နည်းလာ​ခြင်း​က နောင်​လာ​မည့်​နှစ်များ​အတွင်း ဆက်ဆံ​ရေး​တင်းမာမှု​တိုးများ​လာ​စေ​မည့် အဓိက​အကြောင်းရင်း​ဖြစ်​ကြောင်း ပညာရှင်​များ​က ဆို​ကြ​၏။ ၂၀၀၂ ခုနှစ်၊ တိုင်းမ်​မဂ္ဂဇင်း​ဖော်ပြချက်​အရ ကမ္ဘာ​တစ်ဝန်း​တွင် လူ​သန်းပေါင်း​တစ်ထောင်​ကျော်​သည် သောက်​ရေ​သန့် အလွယ်တကူ​မရနိုင်​ကြ​ပါ။

အကြောင်းရင်း​အမျိုးမျိုး​ကြောင့် ရေ​ပြတ်လပ်​နေသည်။ ပြင်သစ်​နိုင်ငံ​တွင် ညစ်ညမ်းမှု​သည် စိုးရိမ်​ကြောင့်ကြ​မှု​တိုးပွား​စေသော အကြောင်းရင်း​တစ်ခု​ဖြစ်သည်။ “ပြင်သစ်​နိုင်ငံ​၏​မြစ်ချောင်း​များသည် အလွန်​ညစ်ညမ်း​လှ​သည်” ဟု လာ​ဖီ​ဂါ​ရို​က ပြော​ခဲ့​၏။ လယ်ယာ​စိုက်ပျိုးရေး​တွင်​အသုံးပြု​သော ဓာတ်​မြေ​သြဇာ​များ​ကြောင့်​ဖြစ်​ရသည့် နို​က်​ထ​ရိတ်​စီး​ထွက်​မှု​ကို သိပ္ပံ​ပညာရှင်​များ ခြေရာ​ကောက်​နိုင်​ခဲ့​သည်။ “၁၉၉၉ ခုနှစ်​တွင် ပြင်သစ်​နိုင်ငံ​ရှိ မြစ်ချောင်း​များသည် နို​က်​ထ​ရိတ်​တန်​ချိန် ၃၇၅,၀၀၀ ကို အတ္တလန္တိတ်​သမုဒ္ဒရာ​ထဲ​သို့​စွန့်ပစ်​ခဲ့​ကြ​ရာ ၁၉၈၅ ခုနှစ်​က​ထက် နှစ်ဆ​နီးပါး​ပို​များ​ကြောင်း” ထို​သတင်းစာ​တွင် ဖော်ပြ​ထား​သည်။

ဂျပန်​နိုင်ငံ​ရှိ​အခြေအနေ​မှာလည်း အလားတူ​ပင်။ ထို​နိုင်ငံ​တွင် စား​နပ်​ရိက္ခာ​မှန်မှန်​ထွက်​ရှိဖို့ “လယ်သမားများ​သည် လူထု​၏​ဝယ်​လို​အား​ကို ဖြည့်ဆည်း​ရန် ဓာတ်​မြေ​သြဇာ​နှင့် ပိုးသတ်ဆေး​တို့ကို အားထားရုံ​မှတစ်ပါး အခြား​ရွေး​စ​ရာ​လမ်းမ​ရှိကြောင်း” အမြတ်အစွန်း​မဲ့ လယ်ယာ​ဘေးကင်းရေး​အဖွဲ့​၏​ခေါင်းဆောင် ယူတာ​ကာ အူ​နီ​က ပြော​ခဲ့​၏။ ယင်းသည် မြေအောက်​ရေ​ကို ညစ်ညမ်း​စေပြီး “ဂျပန်​နိုင်ငံ​၏​အဓိက​ပြဿနာ” ဖြစ်သည်​ဟု တို​ကျို​အိုင်​အိပ်ခ်ျ​တီ​အ​ဆာ​ဟိ​ရှင်​ဘွန်း​က ဆို​ခဲ့​သည်။

မက္ကဆီကို​နိုင်ငံ​တွင် ဖျားနာ​မှု​၏ ၃၅ ရာခိုင်နှုန်း​သည် “ပတ်ဝန်းကျင်​အကြောင်းတရား​များ​ကြောင့် ဖြစ်သည်” ဟု ရီ​ဖော်​မာသ​တင်း​စာ​က ဖော်ပြ​သည်။ ထို့​ပြင် ကျန်းမာ​ရေး​ဝန်ကြီးဌာန​၏​လေ့လာချက်​အရ “လူ ၄ ဦးလျှင် ၁ ဦး​တွင် မိလ္လာ​စနစ်​မရှိကြ​ပါ၊ လူ ၈ သန်း​ကျော်​သည် ရေတွင်း၊ ရေကန်၊ မြစ်၊ စမ်း​ချောင်း​တို့​မှ ရေ​ကို​ရရှိ​ကြသည်၊ လူ​တစ်သန်း​မှာ ရေ​စ​ည်​လှည်း​များ​မှ ရေ​ရရှိကြ​၏။” မက္ကဆီကို​နိုင်ငံ​ရှိ ဝမ်း​လျှော​ဝမ်း​ပျက်​ရောဂါ ၉၀ ရာခိုင်နှုန်း​သည် ညစ်ညမ်း​သော​ရေ​ကြောင့်​ဖြစ်​ခြင်း​မှာ အံ့ဩစရာ​မဟုတ်ပါ!

“ရီယို​ကမ်းခြေ​များ​တွင် နေရောင်၊ ငွေ​သော​င်​နှင့် ပင်လယ်​ပြာ​တို့​သာ​ရှိသည်​မဟုတ်​ချေ၊ မ​စင်​နေ လီ​ဖောင်း​ပိုး​များစွာ​နှင့် တစ်ခါတစ်ရံ ယို​စိမ့်​ဆီ​များလည်း ပါဝင်​နေသည်” ဟု ဘရာဇီး​ဗီ​ဂျာ မဂ္ဂဇင်းက ဖော်ပြ​သည်။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ ဘရာဇီး​နိုင်ငံ​၏​မိလ္လာ​စနစ် ၅၀ ရာခိုင်နှုန်း​ကျော်​သည် သန့်စင်​မခံရ​ဘဲ မြစ်ချောင်း​များ၊ ရေကန်​များနှင့် သမုဒ္ဒရာ​ထဲ​သို့ တိုက်ရိုက်​စီးဝင်​သွား​ကြသော​ကြောင့်​ဖြစ်သည်။ ယင်းကြောင့် ရေရှည်​ရေ​သန့်​ပြတ်လပ်​နေသည်။ ဘရာဇီး​နိုင်ငံ​၏​အကြီးဆုံး​မြို့​ဖြစ်သော ဆောပိုလို​မြို့အနီး​တစ်ဝိုက်​ရှိ မြစ်များ​သည် အလွန်​ညစ်ညမ်း​သောကြောင့် သောက်​ရေ​ကို မိုင် ၆၀ ခန့်​ဝေး​သော​နေရာ​မှ သယ်ယူ​နေရ​သည်။

ကမ္ဘာ့​တစ်ဘက်​ခြမ်း​ရှိ ဩစတြေးလျ​နိုင်ငံ​၏​ရေ​ပြတ်လပ်မှု​သည် ဆား​ငန်​သတ္တိ​များ​လာ​ခြင်း​ကြောင့်​ဖြစ်သည်။ မြေပိုင်ရှင်​များသည် သီးနှံများ​စိုက်​ပျိုး​ရန် ၎င်းတို့၏​မြေများ​ကို ခုတ်ထွင်​ရှင်းလင်း​ဖို့ ဆယ်စု​နှစ်ချီ၍ တိုက်တွန်း​ခံ​ခဲ့​ရသည်။ မြေအောက်​ရေ​ကို စုပ်ယူ​ပစ်​ရန် သစ်ပင်၊ ချုံပင်​နည်း​သွားသော​ကြောင့် မြေအောက်​ရေပြင်​မြင့်တက်​လာပြီး ၎င်း​ရေ​တွင် တန်​နှင့်​ချီ​သော​မြေအောက်​ဆား​များ ပါ​လာ​သည်။ “မြေ​ဟက်​တာ ၂.၅ သန်း [ဧ​က​၆.၂ သန်း] ခန့်​မှာ ဆား​ငန်​မှု​ဒဏ်​ခံ​နေရ​ပြီး ယင်း​မြေ​အများစု​သည် ဩစတြေးလျ​နိုင်ငံ​၏ အဖြစ်​ထွန်း​ဆုံး​စိုက်​ပျိုး​မြေ​ဖြစ်သည်” ဟု ဩစတြေးလျ ဓန​သ​ဟာ​ယ​သိပ္ပံ​နှင့် စက်​မှု​သုတေသန​အဖွဲ့အစည်း (စီ​အက်စ်​အိုင်​အာရ်​အို) က ဆို​သည်။

ဩစတြေးလျ​နိုင်ငံ​၏​ဥပဒေပြု​အမတ်​များ​က အမြတ်အစွန်း​ထက် လူထု​အကျိုး​စီးပွား​ကို ဦးစားပေး​ခဲ့​လျှင် ဆား​ငန်​မှု​ပြဿနာ​ကို ရှောင်နိုင်​ခဲ့​မည်​ဟု အချို့​က​ယူဆကြ​သည်။ ဩစတြေးလျ​နိုင်ငံ၊ ပါ့​သ်​မြို့ရှိ အက်​ဒစ်သ်​ခေါင်​အန်​တက္ကသိုလ်​မှ ဟူ​ဂို ဘက်​ကာ​လ်​က “အထူးသဖြင့် ဂျုံ​စိုက်​ပျိုး​မြေများ​သည် ဆား​ငန်​မှု​ဖြစ်​နိုင်​စ​ရာ​ရှိကြောင်း ၁၉၁၇ ခုနှစ်​အစောပိုင်း​လောက်​ကတည်းက အာဏာပိုင်​များ​ကို အသိပေးခဲ့​ပြီး​ဖြစ်သည်။ ၁၉၂၀ ပြည့်လွန်​နှစ်များ​တွင် အပင်များ​ရှင်းလင်း​ပစ်​ခြင်း​က မြစ်ချောင်း​ဆား​ငန်​ခြင်း​အပေါ် အကျိုး​သက်ရောက်မှု​ကို လူသိရှင်ကြား​ကြေညာ​ခဲ့​ပြီး ယင်းကြောင့် မြေအောက်​ရေပြင်​မြင့်တက်​လာ​ကြောင်း ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် စိုက်ပျိုးရေး​ဌာန​က သဘောတူ​လက်ခံခဲ့​၏။ ၁၉၅၀ ပြည့်နှစ်​တွင် စီ​အက်စ်​အိုင်​အာရ်​အို​က [ဩစတြေးလျ] အစိုးရ​အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ​သုံးသပ်မှု​ကို ဆောင်ရွက်​ခဲ့​သည်၊ . . . သို့​တိုင် အာဏာပိုင်​များသည် ယင်း​သတိပေး​ချက်​များ​ကို လျစ်လျူရှု​မြဲ​ရှု​နေကြ​ပြီး သိပ္ပံ​ပညာရှင်​များ​ကို စိတ်​စွန်းကွက်​မှု​ရှိ​သူများ​ဟု​ယူဆ​ကာ ပလပ်ပစ်​လိုက်​ကြသည်။”

ဆက်လက်​ရှင်သန်ရေး ခြိမ်းခြောက်​ခံရ

လူ့​လုပ်ဆောင်မှုများ​စွာ​တွင် ရည်ရွယ်ချက်​ကောင်း​ရှိကြသည်​မှာ သံသယ​ရှိ​စ​ရာ​မလိုပါ။ သို့သော် ဖြစ်လေ့ဖြစ်ထ​ရှိသည့်အတိုင်း ကျွန်ုပ်​တို့​လုပ်ရပ်များ​၏​အကျိုးဆက်​တို့ကို အတိအကျ​ကြိုပြော​နိုင်​လောက်​အောင် ပတ်ဝန်းကျင်​အကြောင်းကို ကျွန်ုပ်​တို့​ကောင်းစွာ​မသိကြ​ချေ။ ယင်းကြောင့် ပြုတ်​ပြုတ်​ပြု​န်း​ခဲ့​ရပြီ။ “ကျွန်ုပ်​တို့သည် ဤ​သက်ရှိ​လောက​၏​ဟန်ချက်ညီ​မှု​ကို မည်မျှ က​မော​က်​က​မဖြစ်စေ​ခဲ့​သနည်း​ဟူ​မူ မိမိတို့​ဆက်လက်​ရှင်သန်ရေး​အတွက် ထောက်ပံ့​ပေး​နေသည့်​မြေ​ကို​ပင် ကျွန်ုပ်​တို့ ပြန်လည်​ခြိမ်းခြောက်​နေကြ​လေ​ပြီ” ဟု တောင်ပိုင်း​သြစတြေးလျ ပြတိုက်​ဒါရိုက်တာ တင်​မ် ဖလ​န်​န​ရီ​က ဆို​၏။

ဖြေရှင်း​နည်း​ကား​အဘယ်နည်း။ လူသား​တို့သည် ပတ်ဝန်းကျင်​နှင့်​သဟဇာတ​ဖြစ်အောင် နေထိုင်​တတ်​ပါ​မည်​လော။ ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​ကို ကယ်တင်​နိုင်​ပါ​မည်​လော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဥပမာ၊ ယင်းသည် ၁၉၉၉ ခုနှစ်​တွင် ၂၀ ရာခိုင်နှုန်း ကွာဟ​ကြောင်း ခန့်မှန်း​ရ၏။ ၁၂ လ​တာ​ကာလ​အတွင်း လူ​တို့​သုံးစွဲ​ခဲ့​သည့် သဘာဝ​သယံဇာတ,ပမာဏ​ကို ပြန်လည်​ဖြည့်ဆည်း​ရန် ၁၄ လ​ကျော် ကြာ​သည့်​သဘော​တည်း။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

ရေ​စက်​တိုင်း အရေးပါ

ရိုးရိုးလေး​လုပ်ဆောင်​ရုံ​မျှ​ဖြင့် ရေ​ဂါလံ​နှင့်​ချီ စုဆောင်း​နိုင်​သည်။

● ယို​စိမ့်​နေသည့်​ရေပိုက်​ခေါင်း​များ​ကို ပြုပြင်​ပါ။

● ရေ​အကြာကြီး မ​ချိုး​ပါ​နှင့်။

● မုတ်ဆိတ်​ရိတ်​နေစဉ်၊ သွားတိုက်​နေစဉ် ရေ​ကို​ပိတ်​ထား​ပါ။

● မျက်နှာ​သုတ်​ပဝါ​များ​ကို နှစ်ကြိမ်၊ သုံးကြိမ်​သုံးပြီး​မှ လျှော်​ပါ။

● အဝတ်​လျှော်​စက်​အပြည့် အဝတ်အစား​ရှိသည့်​အထိ စောင့်ပါ။ (ဤ​မူ​သည် အော်​တို​ပန်​ကန်​ဆေး​စက်​များနှင့်​လည်း သက်ဆိုင်​သည်။)

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မ​ဖြုန်း​လျှင် မချို့ငဲ့

● ဩစတြေးလျ​သည် ကမ္ဘာ့​အ​ခြောက်သွေ့​ဆုံး​တိုက်​ဖြစ်​လင့်​ကစား ယင်း​၏​ဆ​ည်​ရေ ၉၀ ရာခိုင်နှုန်း​ကျော်​ကို “ရိုးရိုး​မြောင်း​ပေး​ရေ​သွင်း​စနစ်​ဖြင့် စိုက်​ပျိုး​ရန် အသုံးပြု​နေကြောင်း” ကင်​ဘာ​ရာ​တိုင်းမ်​စ်​က သတင်းပို့​သည်။ ယင်းသည် “ဖာရို​ဘုရင်​မင်းတို့ ပစ်​ရ​မ​စ်​များ​တည်ဆောက်​ခဲ့​ချိန်​က အသုံးပြု​သော​နည်း​ပညာ” ပင်​ဖြစ်သည်။

● ကမ္ဘာ​တစ်ဝန်း​တွင် လူတစ်ဦး​၏ ပျမ်းမျှ​ရေ​သုံးစွဲမှု​မှာ (စိုက်ပျိုးရေး​နှင့် စက်​မှု​လုပ်ငန်း​တို့​တွင်​အသုံးပြု​သော ရေ​အပါအဝင်) တစ်နှစ်​လျှင် ဂါလံ​ပေါင်း ၁၄၅,၀၀၀ ခန့်​ရှိသည်။ သို့သော် မြောက်​အမေရိက​တွင် ပျမ်းမျှ​အားဖြင့် တစ်နှစ်​လျှင် ရေ​ဂါလံ ၄၂၃,၀၀၀ နီးပါး​သုံးစွဲ​နေသည်။ ယခင်​ရုရှား​သမ္မတနိုင်ငံ​သည် ရေ​အများဆုံး​သုံး​သော​နိုင်ငံ​ဖြစ်​ပြီး နှစ်စဉ် လူတစ်ဦး​လျှင် ပျမ်းမျှ​ရေ​ဂါလံ ၁.၄ သန်း​ကျော် သုံးစွဲ​နေသည်။

● စိုက်​ပျိုး​မြေ​ဟူသည် နိုင်ငံ​တစ်နိုင်ငံ​စားသုံး​မည့် သီးနှံများ​အားလုံး​ကို စိုက်​ပျိုး​ထုတ်လုပ်​ရန် လိုအပ်​သည့်​မြေ​ဖြစ်၏။ အာဖရိက​ဂျီအိုဂရပ်ဖစ်​အရ “ပျမ်းမျှ​အားဖြင့် တောင်​အာဖရိက​နိုင်ငံ​သည် တစ်နှစ်​လျှင် လူတစ်ဦး​အတွက် နိုင်ငံ​၏ ၂.၄ ဟက်​တာ​ခွင်​ထွက်​သီးနှံ​ပမာဏ​သာ ပေး​နိုင်​သော်လည်း ယင်း​နိုင်ငံသား​တစ်ဦး​သည် တစ်နှစ်​လျှင် ၄.၀ ဟက်​တာ​ခွင်​ထွက်​သီးနှံ​ပမာဏ​ကို သုံးစွဲ​နေသည်။”

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘာ​ကီ​နာ​ဖာ​ဆို​ရှိ ဆ​ဟဲလ်​မြို​င်​ဟေ​ဝန် ဖျက်ဆီး​ခံ​ခဲ့​ရ။ ဤ​ဒေသ​သည် လွန်ခဲ့သော ၁၅ နှစ်​က သစ်ပင်​များ​အုပ်​ဆိုင်း​နေခဲ့

[Credit Line]

© Jeremy Hartley/Panos Pictures

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

တောင်​ယာ​စိုက်ပျိုးရေး​လုပ်ငန်း​ကြောင့် ကင်မရွန်း​နိုင်ငံ​ရှိ မိုးသစ်တော​များ ဖျက်ဆီး​ခံ​နေရ

[Credit Line]

© Fred Hoogervorst/Panos Pictures

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အမေရိကန်​ပြည်ထောင်စု​တွင် မော်တော်​ယာဉ်​လေထု ညစ်ညမ်းမှု​သည် စိုးရိမ်​ကြောင့်ကြ​စ​ရာ​ဖြစ်​နေဆဲ

၁၉၉၅ နှင့် ၂၀၀၀ ပြည့်နှစ်​အတွင်း ဘရာဇီး​မိုးသစ်တော​၏​စတုရန်း​မိုင် ၇,၀၀၀ ခန့် နှစ်စဉ်​ဖျက်ဆီး​ခံရ

[Credit Line]

© Ricardo Funari/SocialPhotos.com

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

လူ​သန်း​နှစ်ထောင်​ကျော်​သည် တစ်နေ့​လျှင် သုံး​ဒေါ်လာ သို့​မဟုတ် ထို​ထက်နည်း​သည့်​ငွေ​ဖြင့် အသက်မွေး​နေကြ

[Credit Line]

© Giacomo Pirozzi/Panos Pictures

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အိန္ဒိယ​နိုင်ငံ​ရှိ ကျေးရွာ​တွင်းရေ​ကို ထောက်ပံ့​ပေး​နေသည့် မြေအောက်​ရေ​သည် ဒေသ​တွင်း ပု​ဇွန်​မွေးမြူရေး​လုပ်ငန်းများ​ကြောင့် ညစ်ညမ်း​ခဲ့​ရ

[Credit Line]

© Caroline Penn/Panos Pictures