မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း

အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း

အဝ​လွန်​ခြင်း အကြောင်းရင်း​ကား အဘယ်နည်း

“ကျွန်ုပ်​တို့​သားသမီး​များ​၏ ကျန်းမာ​ရေး​ကို အကြီးအကျယ်​ထိခိုက်​နိုင်​သည့် ကူးစက်​ရောဂါ​တစ်မျိုး ဖြစ်​လက်​စ​အချိန်တွင် အသက်​ရှင်​နေရ​သည်။ လူ့​ဘောင်​အဖွဲ့ အစည်း​သည် တားဆီး​ကာကွယ်​ရေး​ကို ယခု အကောင်အထည်ဖော် မ​ဆောင်ရွက်​လျှင် အဝ​လွန်​ခြင်း တိုးများ​လာ​မှု​ကို ဟန့်တား​နိုင်​တော့​မည်​မဟုတ်။”—ဝီလျံ ဂျေ. ခလစ်ရှ်၊ ကလေး​အထူးကု​သမားတော်။

ကိုယ်​အလေးချိန်​ပြဿနာ​မရှိသူ​တချို့​သည် ကိုယ်​အလေးချိန်​ပို​ပြီး အဝ​လွန်​နေသူတို့​ကို စိတ်ဓာတ်​ပျော့​ညံ့​သူများ၊ စေ့ဆော်မှု​နည်း​သူများ​အဖြစ် သဘောထား​ကာ အထင်သေး​ကြသည်။ သို့သော် ဤ​ပြဿနာ​သည် ထို​မျှ​ရိုးရှင်း​ပါသလော။ အဝ​လွန်​နေသူတို့​သည် မည်သည့်​ကာယ​လေ့ကျင့်ခန်း​မျှ မလုပ်ဘဲ​ရှောင်​နေကြ​သည့် လူပျင်း​များ အမှန်​ဖြစ်​သလော။ သို့​မဟုတ် ကိစ္စ​အတော်များများ​တွင် ထိန်း​ဖို့​ခက်လှ​သည့် အလွန်​ကြီးမားသော တခြား​အကြောင်းရင်း​များ ရှိပါ​သလော။

မျိုးရိုး​ကြောင့်​လော၊ ဝန်းကျင်​ကြောင့်​လော၊ သို့​မဟုတ် နှစ်မျိုး​စ​လုံး​ကြောင့်​လော

အစာ​နှင့်​ပစ်ပေါက်​ကစား​ခြင်း ဟူသော​စာအုပ်​က ဤသို့​ဆို​သည်– “အဝ​လွန်​ရသည့်​အကြောင်းရင်း​နှင့်​ပတ်သက်ပြီး မျိုးရိုး​ဗီဇ​ကြောင့်၊ ဝန်းကျင်​ကြောင့်​ဟူ၍ အချေအတင် ဆွေးနွေး​ငြင်းခုံ​လာ​ခဲ့​ကြသည်​မှာ ကြာ​ပေ​ပြီ။” ဤ​စကားစပ်​အရ မျိုးရိုး​ဗီဇ​ကြောင့်​ဟု​ဆို​သော် အဘယ်​သဘော​နည်း။ လူ့​ကိုယ်ခန္ဓာ​သည် နောင်​အတွက် ကယ်လိုရီ​အပို​အ​လျှံ​များ​ကို လို​ရမယ်​ရ သဘာဝ​အလျောက် သိုလှောင်​ထား​တတ်​သည်​ဟူသော သီအိုရီ​ကို တချို့က လက်ကိုင်​ပြ​ကြ​၏။ အထက်ပါ​စာအုပ်​က​ပင် ဤသို့​ဆက်၍​ဆို​သည်– “အဝ​လွန်​ခြင်း​ဆိုင်ရာ မျိုးရိုးလိုက်​မှု​အကြောင်းကို လေ့လာ​ခဲ့​ကြသည်​မှာ ဆယ်စုနှစ်ချီ​လေ​ပြီ။ . . . ယခု​အခါ လူ့​ဗီဇ​နှင့် အဝ​လွန်​ရောဂါ​တို့ကို အတော်ပင် သုတေသန​ပြု​ခဲ့​ကြ​ပြီး​ဖြစ်သည်။ ကိုယ်​အလေးချိန်​ပို​နိုင်​ဖွယ်​ရှိသူတို့​နှင့် ဆီး​ချို​သွေး​ချို​ကဲ့သို့​သော​ရောဂါ​များ ခံစား​ရနိုင်​ဖွယ်​ရှိသူတို့​၏ ဗီဇ​များ​ကို ခွဲခြား​သိရှိ​ရန် ခေတ်မီ​ဆန်းပြား​လှ​သည့် နည်း​စနစ်​များ​ကို အသုံးပြုလျက်​ရှိသည်။ သိပ္ပံ​ဝေါဟာရ​အရ လူတို့၏ ယေဘုယျ​ကိုယ်​အလေးချိန်​တွင် ပြောင်းလဲမှု​၏ ၂၅ ရာခိုင်နှုန်း​မှ ၄၀ ရာခိုင်နှုန်း​အထိ​ကို မျိုးရိုး​ဗီဇ​များ​ဖြင့် ရှင်းပြ​နိုင်​ပေ​သည်။” အဆိုပါ စာအုပ်​က ဤသို့​ဆက်ဆို​သည်– “အဝ​လွန်​ခြင်း​သည် အများအားဖြင့် ပင်ကို​ချို့ယွင်းမှု​ကြောင့်​ဖြစ်သည်​ဟု ယူဆ​လျှင် အထက်ပါ​အရေအတွက်​က ဇီဝ​ဗေဒ​၏ အရေးပါမှု​ကို မီး​မောင်း​ထိုး​ပြ​သည်၊ သို့သော် လူ့​ကိုယ်​အလေးချိန်​တွင် ပြောင်းလဲမှု​ဖြစ်​ရသည့်​အကြောင်းရင်း ၆၀ ရာခိုင်နှုန်း​နှင့် အထက်​သည် ပတ်ဝန်းကျင်​ကြောင့်​ဖြစ်​နိုင်​ပေ​သည်။” ယင်းက အဝ​လွန်​ရခြင်း​၏ အဓိက​အကြောင်းရင်း​မှာ လူတစ်ဦး​၏ နေထိုင်​စားသောက်​ပုံ​ကြောင့်​ဖြစ်​နေဆဲ ဟူ​သည့်​သဘော​ပင်။ လူတစ်ဦး​သည် ကယ်လိုရီ​ကို နေ့စဉ်​လောင်ကျွမ်း​နိုင်​သည့်​ပမာဏ​ထက်​ပို​၍ စားသုံး​နေပါသလော။ မစား​သင့်​သည့် အစားအသောက်​များ​ကို နေ့စဉ်​ပုံမှန်​စားသုံး​နေပါသလော။ နေ့စဉ် ကာယ​လေ့ကျင့်ခန်း အတော်အသင့်​ပြု​ဖို့ အချိန်ဖယ်​ထား​ပါသလော။

မေ​ရို​ဆေးခန်း​က အဝ​လွန်​ရသည့်​အကြောင်းရင်းကို ဤသို့​ရိုးရိုး​ကလေး​ရှင်းပြသည်– “ကိုယ်​အလေးချိန်​ပို​ခြင်း သို့​မဟုတ် အဝ​လွန်​ခြင်း​သည် မျိုးရိုး​ဗီဇ​ကြောင့် တစ်​ကြောင်း​ဖြစ်သည်​ဟု သတ်မှတ်​နိုင်​ပေ​သည်၊ သို့သော် အဓိက​အ​ကျဆုံး​မှာ သင့်ကိုယ်​ခန္ဓာ​အလေးချိန်​သည် သင်​စား​သည့်​အစာ​နှင့် ကာယ​လှုပ်ရှားမှု​တို့​အပေါ်​တွင် မူတည်​နေပါ​သည်။ ရေရှည်​တွင် ကယ်လိုရီ​ပါ​သည့်​အစာကို လွန်လွန်ကဲကဲ​စားသောက်ခြင်း၊ အထိုင်​များ​သည့်​ဘဝ​ပုံစံ သို့​မဟုတ် ယင်း​တို့​နှစ်မျိုး​စ​လုံး​က အဝ​လွန်​စေ​၏။” (ကျွန်ုပ်​တို့ စာလုံးစောင်း​ထား။) အထက်ပါ​စာအုပ်​က​ပင် ဤသို့​ဆက်၍​ဆို​၏– “မျိုးရိုး​ကြောင့် ဝ​လာ​ရမည်​ဟူ​သည့် သဘော​မသက်ရောက်​ပါ။ . . . သင့်​တွင် မည်သည့်​မျိုးရိုး​ဗီဇ​ပင်​ရှိနေပါစေ သင်၏​ကိုယ်​အလေးချိန်​သည် သင်​ရွေးချယ်​သည့် အာဟာရ​နှင့် ကိုယ်လက်​လှုပ်ရှားမှု​တို့​အပေါ်​တွင် အဓိက​မူတည်​နေပါ​သည်။”

မိမိတို့၏ ယခင်​ခန္ဓာကိုယ်​မျိုး ပြန်လည်​ရရှိအောင် အသည်းအသန်​ကြိုးစား​နေ​သူများ​အတွက် ကိုယ်​အလေးချိန်​လျှော့ချ​ပေး​သည့် လုပ်ငန်းများ​မှာ ဒေါ်လာ​သန်း​ချီ​၍ ရရှိ​နေ​၏။ သို့​တိုင်၊ ထို​အစီအစဉ်များ​နှင့်​ပတ်သက်​၍ ကျွမ်းကျင်​သူများ​က အဘယ်​သို့​ဆို​ကြ​သနည်း။ “အဝ​လွန်​ခြင်း​သည် အလွန်​ကုသ​ရ​ခက်​ပြီး ကိုယ်​အလေးချိန်​လျော့ကျ​သွား​သူ​အများစုမှာ ပြန်​မ​တိုးလာ​အောင် မထိန်းနိုင်​ကြ​ချေ။ အကောင်း​ဘက်က​ကြည့်​၍ ခန့်မှန်း​ရမည်​ဆိုလျှင် ၂၅ ရာခိုင်နှုန်း [လေးဦး​တွင် တစ်ဦး] က ကိုယ်​အလေးချိန်​လျော့ကျ​သွားပြီး အဆိုပါ​လျော့ကျ​သွား​မှု​ကို မြဲ​အောင်​ထိန်းထား​နိုင်​ကြ​၏၊ သို့သော် များစွာ​ကြိုးစား​အားထုတ်မှု​တော့​လို​ပေ​သည်” ဟု အစာ​နှင့် ပစ်ပေါက်​ကစား​ခြင်း​စာအုပ်​က​ဆို​၏။

အဝ​လွန်​ခြင်း​၏​အန္တရာယ်များ

အဝ​လွန်​ခြင်း​သည် ဆိုးရွား​သော ကျန်းမာ​ရေး​ပြဿနာ​များ​ကို ဖြစ်စေ​နိုင်၏။ တောင်​ကယ်လီဖိုးနီးယား ဆေး​တက္ကသိုလ်​မှ အာရုံကြော​အထူးကု ဒေါက်တာ စကော့​တ် လော်​ရန်-ဆဲလ်​ကို​က အဝ​လွန်​နေသည့် လူငယ်များ​ပင်​လျှင် အမျိုးအစား ၂ ဆီး​ချို​သွေး​ချို​ရောဂါ ဖြစ်​နိုင်​ကြောင်း သတိပေး​သည်။ (၂၀၀၄၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်း​ကို ရှု။) သူက ဤသို့​ဆို​၏– “အခု အဲ့ဒီ​ရောဂါ​ကို တစ်ချိန်​လုံး​ပဲ ကျွန်တော်​တို့​တွေ့ မြင်​နေရ​ပါ​တယ်၊ တကယ့်ကို ထိတ်လန့်စရာ​ပါ​ပဲ။ သူတို့ [အဝ​လွန်​လူနာ] တွေ​ကို ဆီး​ချို​ကုသ​ဆောင် ခေါ်သွား​ပြီး အဝ​လွန်​လို့ အမျိုးအစား ၂ [ဆီး​ချို] ကြောင့် မျက်စိကွယ်​ရ၊ ခြေလက်​ဖြတ်ပစ်​ရ၊ မသန်မစွမ်း​ဘဝ​ရောက်သွား​တဲ့​သူတွေ တစ်ပုံကြီး​ကို ပြပြီး မင်းတို့လည်း အဲ့​လို​ဘဝမျိုး ရောက်သွား​နိုင်တယ်​လို့ ပြောပြ​တယ်။” အဝ​လွန်​ရသည့် အခြေခံ​အကြောင်းရင်း​တစ်ခု​ကား အဘယ်နည်း။ “သူတို့တွေဟာ ဘာ​ဂါ​မုန့်​တွေ၊ အ​ကျော်​မုန့်​တွေ​ကို တ​ဝ ဝယ်​စား​နိုင်​ကြ​တော့ အဝ​လွန်​ကြ​တော့​မ​ပေါ့။ ဒီလို​စား​တာ မှားတယ်လို့ ပြောပေး​မယ့်​သူ​မရှိဘူး၊ အမြန်​ရ​အစားအစာ​ထုတ်လုပ်​တဲ့ ကုမ္ပဏီ​တွေ​က ပြော​မှာ​မဟုတ်တာ​တော့ သေချာတယ်၊ ပွင့်ပွင့်လင်းလင်း​ပြော​ရ​ရင် အာဟာရ​ဗေဒ လေ့ကျင့်မှု​မခံရ​သေး​တဲ့ သမားတော်​အများစုကလည်း ပြောပြ​ကြ​မှာ​မဟုတ်ဘူးဆိုတာ သေချာ​ပါ​တယ်” ဟု လော်​ရန်-ဆဲလ်​ကို​က​ဆို​၏။

အာဟာရ​ဗေဒ​နှင့်​ပတ်သက်​၍ နာမည်ကြီး​စာရေး​ဆရာ ဒေါက်တာ အက်ဒ်​ဝါ့ တိုး​ဘ် က ဤသို့​ပြောပြ​သည်– “ကိုယ်​အလေးချိန် ပို​လာ​ခြင်း​ကို ခေတ်​သစ်​လူမှုဘဝ​၏ သဘာဝတရား​အဖြစ် လက်ခံ​လာ​မှု​သည် မကြာသေးမီ​က သာ၍​ခေတ်​စား​လာ​ရုံ​မ​က နိုင်ငံရေး​အရ​ပင် သင့်တော်​ပါ​သည်။ ကျွန်ုပ်​တို့အား အဝ​လွန်​စေသည့် စားသောက်​ကုန်​များ​မှ​ရသည့် အမြတ်အစွန်း​များ​ဖြင့် အများ​ပြည်သူ​နှင့် ဆက်ဆံ​ရေး ဖန်တီး​နိုင်​လိုက်ခြင်း​မှာ အံ့မခန်းဖွယ်​ရာ​ပင်။”

တင်ပါး​တွင် အဆီများ​စု​နေသည့် “သစ်​တော်​သီး​သဏ္ဌာန် တင်​ခါး​ပိုင်ရှင်​တို့သည် ဝမ်းဗိုက်​ပိုင်း​တွင် အဆီများ​စု​နေသည့် (အထူးသဖြင့် ခါး ၃၅ လက်မ​မှ လက်မ ၄၀ အထိ ရှိ​နေလျှင်) ပန်းသီး​သဏ္ဌာန် တင်​ခါး​ပိုင်ရှင်​တို့​ထက် ပို​၍​ကျန်းမာ​နိုင်​ကြောင်း ကျွမ်းကျင်​သူများ​က​ဆို​ကြ​၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “ဝမ်းဗိုက်​ပိုင်း​ရှိ​အဆီ​သည် သွေး​တိုး၊ နှလုံး​ပတ် သွေးလွှတ်ကြော​ရောဂါ၊ ဆီး​ချို​သွေး​ချို​ရောဂါ၊ လေဖြတ်ခြင်း​နှင့် တချို့သော​ကင်ဆာ​ရောဂါ​များ​ဖြစ်​ဖို့ အကြောင်း​များသည်။ သင်သည် တင်ပါး၊ ပေါင်တံ​နှင့် တင်ပါး​ဆုံ​တို့​ကြီး​နေသည့် သစ်​တော်​သီး​သဏ္ဌာန်​ရှိ​မည်​ဆိုလျှင် သင်၏​ကျန်းမာ​ရေး​အန္တရာယ်​မှာ ပြော​သလော​က် မ​ပြင်းထန်​ပေ” ဟု ကျန်းမာ​သော​ကိုယ်​အလေးချိန်​ဆိုင်ရာ မေ​ရို​ဆေးခန်း​စာအုပ်​က ဆို​သည်။

ထို့​ကြောင့် ကမ္ဘာ​တစ်ဝန်း ကိုယ်​အလေးချိန်​ပို​ခြင်း​နှင့် ထပ်​တိုး​ရောဂါ​သစ်​များ​ကြောင့် ကျန်းမာ​ရေး​အန္တရာယ်​ရှိနေကြ​သည့် ကလေး​သူငယ်​နှင့် လူကြီး သန်းပေါင်း​များစွာ​အတွက် ဖြေရှင်း​နည်း​ကား အဘယ်နည်း။ ထိရောက်​သည့်​ကုသမှု ရှိပါ၏​လော။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ဇယား]

ဘီ​အမ်​အိုင်​ဟူသည် အဘယ်နည်း။ ယင်းက အဘယ်​သို့​ဆို​သနည်း

ဘီ​အမ်​အိုင် (ကိုယ်​အလေးချိန်​ပမာဏ​အညွှန်း) ဟူသည် လူတစ်ဦး ကိုယ်​အလေးချိန်​ပို​နေ​မနေ၊ အဝ​လွန်​နေ​မနေ​ကို ပိုင်းဖြတ်​ရန် အကူအညီ​ပေး​နိုင်​သည့် အရပ်နှင့် ကိုယ်​အလေးချိန်​အချိုး​ဖြစ်သည်။ မေ​ရို​ဆေးခန်း​၏​အဆို​အရ၊ ဘီ​အမ်​အိုင် ၁၈.၅ မှ ၂၄.၉ အထိ​ရှိသော အုပ်စု​ကို အ​ကျန်းမာ​ဆုံး​ဟု သတ်မှတ်​သည်။ သင်၏ ဘီ​အမ်​အိုင်​သည် ၂၅ နှင့် ၂၉.၉ အကြား​ရှိ​မည်​ဆိုလျှင် သင်သည် ကိုယ်​အလေးချိန်​ပို​နေပြီ​ဖြစ်သည်။ ဘီ​အမ်​အိုင် ၃၀ ကျော်​လျှင် အဝ​လွန်​သည်​ဟု ရှုမြင်ကြ​၏။ ဇယား​ဖြင့် တိုက်​ကြည့်​လျှင် သင့်​အခြေအနေ​မည်သို့​နည်း။ သင်၏​အခြေအနေ​နှင့်​စပ်လျဉ်း၍ အတည်ပြုချက် သို့​မဟုတ် အကြံပြုချက်များ​အတွက် ဆရာဝန်​ထံ သွား​တွေ့​ဖို့​လို​မည်​လော။

သင်၏​ဘီ​အမ်​အိုင်​ကို တွက်ချက်​ရန် သင်၏​ကိုယ်​အလေးချိန်ကို ၇၀၅ ဖြင့်​မြှောက်၍ ရလာ​သည့်​အဖြေကို သင်၏​အရပ် လက်မ​ဖြင့်​စား​ပြီး တစ်ဖန် သင်၏​အရပ် လက်မ​ဖြင့် ထပ်​စား​ပါ။ ဥပမာ၊ သင်၏ ကိုယ်​အလေးချိန်​သည် ပေါင် ၂၀၀ ရှိပြီး အရပ်​က ခြောက်​ပေ​ရှိသည်​ဆိုလျှင် သင်၏ ဘီ​အမ်​အိုင်​သည် ၂၇ (၂၀၀×၇၀၅÷၇၂÷၇၂=၂၇) ဖြစ်သည်။

[ဇယား]

ကျန်းမာ ကိုယ်​အလေးချိန်​ပို အဝ​လွန်

ဘီ​အမ်​အိုင် ၁၈.၅-၂၄.၉ ၂၅-၂၉.၉ ၃၀နှင့်​အထက်

အရပ်​အမြင့် ကိုယ်​အလေးချိန်​ပေါင်

၄’၁၀’’ ၁၁၈ နှင့်​အောက် ၁၁၉-၁၄၂ ၁၄၃ နှင့်​အထက်

၄’၁၁’’ ၁၂၃ နှင့်​အောက် ၁၂၄-၁၄၇ ၁၄၈ နှင့်​အထက်

၅’၀’’ ၁၂၇ နှင့်​အောက် ၁၂၈-၁၅၂ ၁၅၃ နှင့်​အထက်

၅’၁’’ ၁၃၁ နှင့်​အောက် ၁၃၂-၁၅၇ ၁၅၈ နှင့်​အထက်

၅’၂’’ ၁၃၅ နှင့်​အောက် ၁၃၆-၁၆၃ ၁၆၄ နှင့်​အထက်

၅’၃’’ ၁၄၀ နှင့်​အောက် ၁၄၁-၁၆၈ ၁၆၉ နှင့်​အထက်

၅’၄’’ ၁၄၄ နှင့်​အောက် ၁၄၅-၁၇၃ ၁၇၄ နှင့်​အထက်

၅’၅’’ ၁၄၉ နှင့်​အောက် ၁၅၀-၁၇၉ ၁၈၀ နှင့်​အထက်

၅’၆’’ ၁၅၄ နှင့်​အောက် ၁၅၅-၁၈၅ ၁၈၆ နှင့်​အထက်

၅’၇’’ ၁၅၈ နှင့်​အောက် ၁၅၉-၁၉၀ ၁၉၁ နှင့်​အထက်

၅’၈’’ ၁၆၃ နှင့်​အောက် ၁၆၄-၁၉၆ ၁၉၇ နှင့်​အထက်

၅’၉’’ ၁၆၈ နှင့်​အောက် ၁၆၉-၂၀၂ ၂၀၃ နှင့်​အထက်

၅’၁၀’’ ၁၇၃ နှင့်​အောက် ၁၇၄-၂၀၈ ၂၀၉ နှင့်​အထက်

၅’၁၁’’ ၁၇၈ နှင့်​အောက် ၁၇၉-၂၁၄ ၂၁၅ နှင့်​အထက်

၆’၀’’ ၁၈၃ နှင့်​အောက် ၁၈၄-၂၂၀ ၂၂၁ နှင့်​အထက်

၆’၁’’ ၁၈၈ နှင့်​အောက် ၁၈၉-၂၂၆ ၂၂၇ နှင့်​အထက်

၆’၂’’ ၁၉၃ နှင့်​အောက် ၁၉၄-၂၃၂ ၂၃၃ နှင့်​အထက်

၆’၃’’ ၁၉၉ နှင့်​အောက် ၂၀၀-၂၃၉ ၂၄၀ နှင့်​အထက်

[Credit Line]

ကျန်းမာ​သော​ကိုယ်​အလေးချိန်​ဆိုင်ရာ မေ​ရို​ဆေးခန်း​အရ ပြုပြင်​ထား​သည်

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ကယ်လိုရီ​ဟူသည် အဘယ်နည်း

ကယ်လိုရီ​ကို မည်သို့​အနက်ဖွင့်​မည်​နည်း။ ၎င်း​သည် အပူစွမ်းအင်​ကို​တိုင်းတာ​သည့် စံ​ယူနစ်​တစ်ခု​ဖြစ်၏။ သင်​ချွေး​ထွက်​သည့်​အခါ ကယ်လိုရီ ခေါ် အပူစွမ်းအင်​ကို သင်​သုံး​ပစ်လိုက်​ခြင်း​ဖြစ်သည်။ “ကယ်လိုရီ​ဟူသည် ရေ တစ်​ကီ​လို​ဂ​ရမ်​၏ အပူချိန်​ကို တစ်​ဒီဂရီ​စင်တီဂရိတ် အတိအကျ​တိုး​စေဖို့ လိုအပ်​သည့် အပူ​ပမာဏ​ဖြစ်သည်။” (ခန္ဓာကိုယ်​ညီ အသက်​တည်) လူတစ်ဦး​စီ​၏ နေ့စဉ် ကယ်လိုရီ​လိုအပ်မှု​များ​မှာ မတူညီ​ကြ​ချေ၊ အရပ်၊ ကိုယ်​အလေးချိန်၊ အသက်​နှင့် လှုပ်ရှားမှု​အတိုင်းအတာ​အစ​ရှိသည့် အခြေခံ​အကြောင်းရင်း​များ​အပေါ် မူတည်​ပေ​သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်သည်

▪ သင်၏​တစ်နေ့တာ​အချိန်​အများစုကို မ​လှုပ် မ​ယှက်​ထိုင်၍ တီဗွီ​ကြည့်​လျှင်၊ စားပွဲ သို့​မဟုတ် ယာဉ်​တစ်စီး​တွင် မ​လှုပ်​မ​ယှက်​ထိုင်​နေလျှင်

▪ ကိုက် ၁၀၀ ထက်​ပို​၍ လမ်းလျှောက်ခြင်း မ​ရှိလျှင်

▪ လှုပ်ရှားမှု​မရှိသည့်​အလုပ်​မျိုးကို လုပ်​ရ​လျှင်

▪ အနည်းဆုံး ရက်သတ္တပတ်​လျှင်​တစ်ကြိမ် မိနစ် ၂၀ နှင့် ၃၀ အကြား ကိုယ်လက် လှုပ်ရှားမှု မ​ရှိလျှင် အထိုင်​များ​သူ​ဖြစ်၏

[Credit Line]

ကျန်းမာ​သော ကိုယ်​အလေးချိန်​ဆိုင်ရာ မေ​ရို​ဆေးခန်း စာအုပ်​ကို အခြေပြု​ထား​သည်