အဝလွန်ရောဂါ တိုက်ဖျက်ရေး—ကြိုးစားရကျိုးနပ်ပါသလော
အဝလွန်ရောဂါ တိုက်ဖျက်ရေး—ကြိုးစားရကျိုးနပ်ပါသလော
နိုးလော့! သည် အဝလွန်ပြဿနာများနှင့် တိုက်ပွဲဝင်နေခဲ့ရသူ လူအတော်များများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ သူတို့သည် အားရဖွယ်အကျိုးကျေးဇူးများ ရရှိခဲ့ကြပါသလော။ ဤကပ်ရောဂါ ခံစားနေရရှာသည့် အခြားသူများကို သူတို့ အဘယ်သို့အကြံပြုကြသနည်း။
▪ အသက် ၄၆ နှစ်ရှိပြီး အရပ်ခြောက်ပေမြင့်ကာ လက်ရှိကိုယ်အလေးချိန် ၂၈၅ ပေါင်ရှိသော မိုက်ကို ကြည့်ကြစို့။ သူသည် ကိုယ်အလေးချိန် ၃၄၇ ပေါင်အထိ တက်ခဲ့သူဖြစ်သည်။
မိုက်– “ငယ်ရွယ်စဉ်ကတည်းက ကိုယ်အလေးချိန်ပိုနေခဲ့တာ။ အဲဒါ မိသားစုလိုက်ကိုဖြစ်နေတာ၊ အစ်ကိုရယ် အစ်မနှစ်ယောက်နဲ့ ညီမတစ်ယောက်ရယ် အားလုံး ကိုယ်အလေးချိန်ပိုသူတွေချည်းပဲ။ ကျွန်တော်တို့ရဲ့အစဉ်အလာက ပန်းကန်ထဲမှာ အစားအသောက်တွေ တောင်လိုပုံနေရင်တောင် ဘာတစ်ခုမှမချန်ထားခဲ့ရဘူး။ ကျွန်တော့်ရဲ့ အစားအသောက်ပုံစံကို ဘာကများ ပြောင်းလဲပေးလိုက်သလဲ။ ဆရာဝန်က ကျွန်တော့်မှာ ဆီးချိုသွေးချိုရောဂါရဖို့များနေတယ်လို့ ပြောတဲ့အချိန်မှာပဲ! တစ်သက်လုံး အင်ဆူလင်ထိုးသွားရမယ်ဆိုတဲ့ အတွေးကြောင့် ကျွန်တော်တကယ်ပဲ ထိတ်လန့်မိတယ်။ ဒါ့အပြင် ကျွန်တော့်မှာ ကိုလက်စထရောသိပ်များနေတဲ့အတွက် ဆေးဝါးမှီဝဲနေရတယ်။
“ကျွန်တော့်အလုပ်က အထိုင်များတဲ့အလုပ်ဖြစ်တယ်၊ အလုပ်ပြောင်းလို့လည်းမရဘူး။ ဒါကြောင့် ထေမိအောင် လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ဇယားဆွဲတယ်၊ အဲဒီဇယားထဲမှာ ကာယလေ့ကျင့်ခန်းသုံး ခြေနင်းစက်ကို အနည်းဆုံး တစ်ပတ် သုံးကြိမ် နာရီဝက် နင်းတာပါတယ်။ အရေးကြီးဆုံးခြေလှမ်းကတော့ တစ်ရက်တစ်ရက် ကျွန်တော် ဘာစားတယ်ဆိုတာကို ရေးမှတ်ဖို့ဖြစ်တယ်။ ကျွန်တော့်ရဲ့စားသောက်မှုစာရင်းကို အာဟာရဗေဒပညာရှင်က ပတ်စဉ် စစ်ဆေးပေးမယ်ဆိုတော့ ဘရိတ်အုပ်ဖို့ လွယ်သွားတာပေါ့။ ‘ကိုယ်မစားရင်၊ ရေးမှတ်စရာမလိုတော့ဘူး!’ ဆိုတဲ့အတွေး ခေါင်းထဲဝင်လာတယ်။
“အကျိုးဆက်ကတော့ ၁၅ လအတွင်း ၆၂ ပေါင် ကျသွားပြီ၊ ၂၂၅ ပေါင်အထိ ကျသွားချင်တာဆိုတော့ ထပ်လျှော့ဖို့တော့လိုသေးတယ်။ ဒီလိုအောင်မြင်ဖို့ သရေစာတွေ၊ အာလူးကျော်တွေနဲ့ အိုးလိုက်တည်ခင်းတဲ့ အသားဟင်းတွေကို ဖြတ်လိုက်ရတယ်။ လအနည်းငယ် အတွင်းစားလိုက်တဲ့ အရွက်သုပ်နဲ့ဟင်းသီးဟင်းရွက်ပမာဏဟာ ဒီအချိန်မတိုင်ခင် တစ်လျှောက်လုံး ကျွန်တော်စားခဲ့တဲ့ ပမာဏထက်တောင် ပိုများသေးတယ်!
“ကိုယ်အလေးချိန်လျှော့ဖို့ ကျွန်တော့်ကို စေ့ဆော်ပေးတဲ့ နောက်အကြောင်းရင်းတစ်ခုက ထရပ်ကားယာဉ်မောင်းတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ယာဉ်မောင်းလိုင်စင်ကို သက်တမ်းတိုးဖို့ နှစ်တိုင်း ဆေးစစ်ရတယ်။ ဆီးချိုသွေးချိုရောဂါကြောင့် ကျွန်တော့်ရဲ့လိုင်စင်ကို ဆုံးရှုံးရမယ့်ကိန်းရှိနေတယ်။ အခုတော့ အခြေအနေကောင်းသွားပြီ။ ဆေးတွေသောက်ပြီး ကိုလက်စထရောထိန်းဖို့ မလိုတော့ဘူး။ ကျွန်တော့်ရဲ့ သွေးတိုးလည်း ကျသွားပြီ၊ အဲဒီအတွက် ဆေးသိပ်သောက်စရာမလိုတော့ဘူး။ အားပိုရှိလာပြီး ခါးအကြီးအကျယ်နာတာတောင် သက်သာသွားပြီ။ ဒါ့အပြင် ကျွန်တော်ဟာ လူဝစာရင်းထဲကနေ တဖြည်းဖြည်း ထွက်လာနေပါပြီ!”
နိုးလော့!– “ကိုယ်အလေးချိန်လျှော့ချရာမှာ ဇနီးသည်ရဲ့ အကူအညီရပါသလား။”
မိုက်– “ကိုယ်အလေးချိန်ချနေတဲ့အခါ အနောက်ကနေ ပံ့ပိုးပေးတဲ့သူတစ်ယောက်ယောက် ရှိထားဖို့လိုတယ်။ ကျွန်တော့်ဇနီးရဲ့စိတ်ထဲမှာ ကျွန်တော့်ကို ကောင်းကောင်းကျွေးမှ ချစ်ရာကျတယ်လို့ ခံစားခဲ့ဖူးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အတိုင်းအချင့်နဲ့စားဖို့ ကူညီပေးနေပြီ။ သတိလက်လွှတ်နေလို့မဖြစ်ဘူး၊ အကယ်၍ သတိလက်လွှတ်ဖြစ်သွားရင် မကြာခင် ပေါင်ပြန်တက်လာမှာပဲ။”
▪ ယူ.အက်စ်.အေ.၊ ကန်းဆက်စ်ပြည်နယ်မှ မိုက်အမည်ရှိ နောက်အမျိုးသားတစ်ဦးကို သုံးသပ်ကြည့်ပါ။ သူသည် အသက် ၄၃ နှစ်ရှိပြီး အရပ်ငါးပေ ရှစ်လက်မမြင့်သည်။ သူ၏အမြင့်ဆုံး ကိုယ်အလေးချိန်နှင့် ကိုယ်အလေးချိန်တိုးရသည့်အကြောင်းရင်းကို ကျွန်ုပ်တို့ မေးမြန်းစုံစမ်းခဲ့ပါသည်။
မိုက်– “အမြင့်ဆုံး ပေါင် ၃၀၀ လောက်ရှိခဲ့တယ်။ အမြဲမောနေပြီး ဘာမှမလုပ်နိုင်မကိုင်နိုင်လောက်အောင် အားနည်းနေတယ်။ အသက်ရှူရခက်တဲ့အတွက် အိပ်လို့မရဘူး။ ဒါကြောင့် ဆရာဝန်တစ်ဦးဆီ သွားပြကြည့်တယ်၊ ကျွန်တော်ကိုယ်အလေးချိန်တိုးရတဲ့ အကြောင်းရင်းတစ်ခုဟာ အိပ်ပျော်စဉ် အသက်ရှူလမ်းကြောင်း ခေတ္တပိတ်ဆို့တဲ့ရောဂါကြောင့်ဖြစ်တယ်လို့ သိလိုက်ရတယ်။ * ဒါ့အပြင် ကျွန်တော့်မှာ သွေးတိုးလည်းရှိနေတယ်လို့ သူမှတ်သားထားတယ်။”
နိုးလော့!– “ခင်ဗျားရဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းပါသလဲ။”
မိုက်– “ဆရာဝန်က ကျွန်တော်အိပ်ပျော်တဲ့အခါ အသက်ရှူလမ်းကြောင်းဖွင့်ပေးတဲ့စက်ကို အသုံးပြုဖို့ ညွှန်ကြားတယ်။ အဲ့လိုနည်းနဲ့ ကျွန်တော့်ရဲ့လည်ချောင်းမှာ တစ်ဆို့မနေတော့ဘဲ ပုံမှန်အတိုင်း အသက်ရှူနိုင်တယ်။ ရလဒ်ကတော့၊ တစ်နေ့တာအတွင်းမှာ တက်တက်ကြွကြွဖြစ်လာပြီး ကိုယ်အလေးချိန်လည်း လျော့ကျစပြုလာပါပြီ။ အားကစားခြေနင်းစက်ကိုလည်း တစ်ပတ်ကို သုံးကြိမ် စပြီးအသုံးပြုနေပါတယ်။ အစားအသောက်ကို အတိုင်းအချင့်နဲ့စားတယ်၊ တစ်ပွဲပဲစားတယ်၊ ထပ်မထည့်ဘူး။ အခုဆိုရင် တစ်နှစ်ကျော်ကျော်ပဲရှိသေးတယ် ပေါင် ၅၀ ကျသွားပြီ၊ နောက်ထပ် ၅၀ လျှော့ရဦးမယ်။ ဒီလိုလုပ်ရတာ နှေးကွေးပေမဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ သိပါတယ်။”
နိုးလော့!– “ကိုယ်အလေးချိန်လျှော့ဖို့ ခင်ဗျားကို တခြားဘယ်အရာကများ လှုံ့ဆော်ပေးတာရှိသလဲ။”
မိုက်– “ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီး မစာမနာ၊ ထေ့ငေါ့ပြောဆိုတာတွေဟာ နားဝင်ဆိုးလိုက်တာ။ လူတွေက ကျွန်တော့်ကို ငပျင်းလို့တောင် ထင်ကြသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဝလွန်နိုင်တယ်ဆိုတာကို သူတို့သဘောမပေါက်ကြဘူး။ ကျွန်တော့်မိသားစုဝင်အများစုမှာ ကိုယ်အလေးချိန်ပြဿနာရှိကြတဲ့အတွက် ဒီပြဿနာဟာ မျိုးရိုးနဲ့ တစ်စိတ်တစ်ဒေသ သက်ဆိုင်နိုင်တယ်လို့ ကျွန်တော်ယုံတယ်။
“ဒါပေမဲ့၊ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ လှုပ်လှုပ်ရှားရှားနေရမယ်၊ ဓာတ်စာကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ရမယ်ဆိုတာကို ကျွန်တော်လက်ခံထားတယ်။”
▪ နိုးလော့! သည် အော်ရီဂွန်ပြည်နယ်မှ အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းကိုလည်း လူတွေ့မေးမြန်းခဲ့၏။ သူ အသက် ၃၁ နှစ်ရှိစဉ်က ကိုယ်အလေးချိန် ၂၄၆ ပေါင်ရှိခဲ့လေသည်။
ဝိန်း– ကျွန်တော့်အလုပ်က အထိုင်များတဲ့အလုပ်ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်ဆီ သွားပြကြည့်တော့ ကျွန်တော့်မှာ သွေးတိုးရောဂါရှိနေပြီး နှလုံးရောဂါပါ ထပ်ဖြစ်မယ့်ကိန်းရှိတာကို အထိတ်တလန့်သိလိုက်ရတယ်။ အာဟာရဗေဒပညာရှင်တစ်ယောက်ဆီ ကျွန်တော့်ကို သွားခိုင်းတယ်။ အဲ့ဒီပညာရှင်အမျိုးသမီးက ကာယလေ့ကျင့်ခန်းရယ်၊ အတိုင်းအချင့်နဲ့စားဖို့ရယ်ကို တင်းကျပ်တဲ့စည်းစနစ်နဲ့ လေ့ကျင့်ပေးတယ်။ နေ့တိုင်း သုံးမိုင် မရပ်မနား လမ်းလျှောက်ရပြီး ကာယလေ့ကျင့်ခန်းလုပ်ဖို့ မနက်တိုင်း အိပ်ရာက စောစောထရတယ်။ ကျွန်တော့်ရဲ့ အစားအသောက် အလေ့အထနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ပြန်ပညာပေးခဲ့ရတယ်။ အကျိုးမဲ့အစာတွေကို ဖြတ်လိုက်ပြီး ပေါင်မုန့်နဲ့ ဆိုဒါရည်တွေကိုလည်း လျှော့လိုက်တယ်၊ အဲဒီအစား သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားလိုက်တယ်။ အခုဆိုရင် ကျွန်တော့်ကိုယ်အလေးချိန်က ၁၇၅ ပေါင်အထိ ကျသွားပြီ!”
နိုးလော့!– “ခင်ဗျားသတိပြုမိတဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။”
ဝိန်း– “တကယ် ပြန်အသက်ရှင်လာတယ်၊ ပိုပြီးကျန်းမာလာတယ်လို့ ခံစားရတယ်။ အရင်ကဆိုရင် ကျွန်တော်ဟာ သေမယ့်ရက်ကို ထိုင်စောင့်နေရသလိုလို၊ ထိုင်းမှိုင်းလေးကန်နေသလိုလို ဖြစ်ခဲ့တာ။ အကျိုးကျေးဇူးနောက်တစ်ခုက သွေးကျဆေးတွေကို မသောက်ဘဲ ရပ်ထားလို့ရပြီ။ အဝလွန်နေလို့ဆိုပြီး ဝေဖန်ခံရတော့မှာမဟုတ်ဘူးဆိုတဲ့အသိနဲ့ လူတွေကို မျက်လုံးချင်းဆုံပြီး ကြည့်နိုင်ပြီ။”
▪ ချားလ်စ် (သူ့အမည်ရင်းမဟုတ်) သည် အရပ်ခြောက်ပေ ငါးလက်မမြင့်သည်။ သူ၏အမြင့်ဆုံး ကိုယ်အလေးချိန်မှာ ပေါင် ၃၇၀ ရှိခဲ့၏။
ချားလ်စ်– “ကျွန်တော့်မှာ အကြီးအကျယ် ကျန်းမာရေးချို့ယွင်းလာပြီး အခြေအနေ ဆိုးသည်ထက်ဆိုးလာတယ်။ ကျွန်တော် လှေကားတောင်မတက်နိုင်ဘူး။ အလုပ်ပြီးအောင် လုပ်နိုင်အားလည်းမရှိဘူး။ ကျွန်တော့်အလုပ်က အထိုင်များတယ်၊ သုတေသနပြုရပြီး တာဝန်ကလည်းတစ်ဖက်နဲ့။ ကျွန်တော့်ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ အထူးသဖြင့် ဆရာဝန်နဲ့ပြပြီးနောက်ပိုင်း တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတာ သိလိုက်တယ်။ ကျွန်တော် လေဖြတ်သွားနိုင်တယ်လို့ သူသတိပေးတယ်လေ။ အဲ့ဒီရောဂါက လူတစ်ယောက်ကို ဘယ်လောက်ထိဒုက္ခပေးခဲ့တယ်ဆိုတာ ကျွန်တော်တွေ့ဖူးတယ်။ အဲ့ဒါက ကျွန်တော် အရေးတယူလုပ်ဆောင်ဖို့လိုတယ်ဆိုတာ ထင်ရှားသွားစေတယ်။ ကျွန်တော့်ရဲ့ဆရာဝန်က အားကစားခြေနင်းစက်ကို စနစ်တကျအသုံးပြုပြီး ကိုယ်လက်လှုပ်ရှားဖို့ ကြပ်မတ်ပေးတယ်၊ ပြီးတော့ ဓာတ်စာကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာစေတယ်။ တစ်နှစ်လောက်လည်းကြာရော အခုဆိုရင် ပေါင် ၃၀၀ အထိကျသွားပြီ၊ ဒါပေမဲ့ နောက်ထပ်လျှော့ရဦးမယ်လို့ သိထားပါတယ်။ ကျွန်တော်သတိပြုမိတဲ့ အကျိုးကျေးဇူးတွေဟာ စွန့်ရကျိုးနပ်တယ်၊ ကြိုးစားရကျိုးနပ်တယ်ဆိုတာ အထင်အရှားပါပဲ။ အခုဆိုရင် လှေကားတက်လို့ရသွားပြီ၊ အစွမ်းခွန်အားတွေလည်း ပိုရှိလာပြီ။”
▪ အယ်လ်ဆာဗေးဒေါနိုင်ငံမှ မာတာသည် ကိုယ်အလေးချိန် ၁၈၂ ပေါင်အထိ တက်ခဲ့သည်။ ယင်းက အရပ် ငါးပေငါးလက်မရှိသည့် သူ့အတွက် အဝလွန်သည်ဟု သတ်မှတ်သည်။
မာတာ– “ဆရာဝန်ဆီသွားပြကြည့်တော့ သူက ကျွန်မကို ကိုယ်အလေးချိန်ချပါလို့ အလေးအနက် အကြံပြုခဲ့တယ်။ သူ့ရဲ့ပညာသည်အမြင်ကို ကျွန်မ လေးလေးစားစားနဲ့ လက်ခံလိုက်တယ်။ အာဟာရဗေဒပညာရှင်တစ်ယောက်ဆီ ကျွန်မကို လွှတ်ပြီး အကြံဉာဏ်ယူစေတယ်။ အဲ့ဒီအာဟာရဗေဒပညာရှင်က ကျွန်မလိုက်နာရမယ့် နည်းစနစ်တွေကို အသေးစိတ်ရှင်းပြတယ်။ အတိုင်းအတာနဲ့ ဘယ်လိုကန့်သတ်စားရမယ်၊ ကျွန်မစားတဲ့အစားအစာကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ ပြသပေးခဲ့တယ်။ ကိုယ့်ရဲ့တိုးတက်မှုမှတ်တမ်းကို ပထမတော့ အပတ်တိုင်း သူ့ဆီ သွားသတင်းပို့ရတယ်၊ နောက်ပိုင်းမှာ လတိုင်း သွားတင်ပြရတယ်။ ဆရာဝန်နဲ့ အာဟာရဗေဒပညာရှင် နှစ်ယောက်စလုံး ကျွန်မရဲ့တိုးတက်မှုမှတ်တမ်း ကောင်းတာကို အားပေးချီးမွမ်းခဲ့ကြတယ်။ တဖြည်းဖြည်း ၂၇ ပေါင် ကျသွားတယ်၊ ပေါင် ၁၅၀ လောက်နဲ့ပဲ ဆက်ထိန်းထားတော့တယ်။”
နိုးလော့!– “လေ့ကျင့်ခန်း၊ ဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုလုပ်ဆောင်ပါသလဲ။”
မာတာ– “ကျွန်မမှာ ကိုလက်စထရောပြဿနာမရှိတဲ့အတွက် ဆေးသောက်ဖို့မလိုဘူးလေ။ ကျွန်မရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာထဲမှာ လမ်းခပ်သွက်သွက်လျှောက်တာလည်းပါတယ်။”
နိုးလော့!– “မိတ်ဆွေတွေဆီသွားလည်ပတ်တဲ့အခါ သူတို့က ပုံမှန်ထက်ပိုစားဖို့ တိုက်တွန်းတော့ ခင်ဗျား ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။
မာတာ– “‘ကျွန်မရဲ့ဆရာဝန်က ကျွန်မရဲ့ကျန်းမာရေးအတွက် ဒီဓာတ်စာကိုပဲ လိုက်နာစေချင်တယ်’ လို့ သူတို့ကို ပြောလိုက်ရုံပဲ၊ ဒါဆိုရင် သူတို့အတင်းအကျပ် မတိုက်တွန်းတော့ဘူး။”
ထို့ကြောင့် သင်သည် ကိုယ်အလေးချိန်ပိုနေမည် သို့မဟုတ် အဝလွန်နေမည်ဆိုလျှင် သင်အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့” ဟူသော ရှေးစကားပုံက မှန်ပါသည်။ ကိုယ်အလေးချိန်လျှော့ချရန် တစ်စုံတစ်ရာလုပ်ဆောင်ဖို့ လှုံ့ဆော်မှုနှင့် စိတ်အင်အားတို့ သင်၌ရှိသလော။ အဝလွန်နေသည့် ကလေးတစ်ဦးအဖြစ်လော သို့မဟုတ် အဝလွန်နေသည့် လူကြီးတစ်ဦးအဖြစ်လော အဘယ်အရာကို သင်ရွေးချယ်မည်နည်း။ ကိုယ်အလေးချိန်ကို လျှော့ချမည်လော၊ သင့်ဘဝသက်တမ်းကို လျှော့ချမည်လော။ တက်ကြွလှုပ်ရှားသည့် ဘဝပုံစံမျိုးကို ဖန်တီးယူပါ၊ သင်၏အဝတ်အထည် အရွယ်အစားပိုငယ်သွားခြင်း အစရှိသည့် သေးငယ်သောအရာများ၌ပင် ဖြစ်မြောက်အောင်မြင်မှုအတွက် ကျေနပ်မှုကို ခံစားပါလေ!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 အိပ်ပျော်စဉ် ခေတ္တအသက်ရှူကျပ်ခြင်းအကြောင်း ထပ်ဆင့်သိလိုပါက ၂၀၀၄၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၁၀-၁၂ ကိုရှု။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
အဆီထုတ်ပစ်နည်းက သင့်အတွက် ဖြေရှင်းနည်းလော
အဆီထုတ်ပစ်နည်းဟူသည် အဘယ်နည်း။ အဘိဓာန်တစ်အုပ်က ဤသို့အနက်ဖွင့်၏– “များသောအားဖြင့် ပေါင် သို့မဟုတ် ဝမ်းဗိုက်ကဲ့သို့သော ခန္ဓာကိုယ်အင်္ဂါတစ်ခုမှ အဆီလွန်ကဲနေသော အဆီတစ်ရှူးကို စုပ်ယူထုတ်ပစ်သည့် အလှပြင်ခွဲစိတ်ကုသနည်းတစ်နည်းဖြစ်သည်။ အဆီစုပ်ထုတ်ခြင်းဟုလည်း ခေါ်သည်။” (အမေရိကန် အမွေအနှစ် အဘိဓာန်) သို့သော်၊ ယင်းသည် အဝလွန်မှုအတွက် ကုသနည်းဖြစ်သည်ဟု ဆိုလိုပါသလော။
ကျန်းမာသော ကိုယ်အလေးချိန်ဆိုင်ရာ မေရိုဆေးခန်းက အဆီထုတ်ပစ်နည်းသည် အလှပြင် ခွဲစိတ်ကုသနည်းဖြစ်သည်ဟု ဆိုသည်။ ကိုယ် အလေးချိန်လျှော့ချဖို့ကား မရည်ရွယ်ပေ။ ပြွန်သေးသေးလေးတစ်ခုကို အရေပြားအောက်သို့ ထည့်သွင်းပြီး အဆီဆဲလ်များကို ကိုယ်ခန္ဓာအပြင်ဘက်သို့ စုပ်ထုတ်ပစ်လိုက်သည်။ တစ်ကြိမ်လျှင် ပေါင်အတော်များများ ဖယ်ထုတ်ပစ်နိုင်၏။ သို့သော် “ဤခွဲစိတ်မှုသည် အဝလွန်ရောဂါအတွက် ကုသနည်းမဟုတ်ချေ။” ယင်းသည် ဘေးကင်းသည့် လုပ်ထုံးလုပ်နည်းလော။ “ဆီးချိုသွေးချိုရောဂါနှင့် နှလုံးရောဂါအပါအဝင် ကိုယ်အလေးချိန်နှင့်ဆက်နွှယ်နေသည့် ဆေးဘက်ဆိုင်ရာ အခြေအနေတချို့ရှိသူတို့သည် အဆီထုတ်ပစ်နည်းကြောင့် ဆင့်ပွားရောဂါများရကိန်း ပိုများသည်။”