မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ဦးစီးဖြစ်ခြင်းဟူသည် အဘယ်အဓိပ္ပာယ် ရှိသနည်း

အိမ်ထောင်ဦးစီးဖြစ်ခြင်းဟူသည် အဘယ်အဓိပ္ပာယ် ရှိသနည်း

သမ္မာကျမ်းစာ​ရှုထောင့်

အိမ်ထောင်ဦးစီး​ဖြစ်​ခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ် ရှိ​သနည်း

သမ္မာကျမ်းစာ​အရ၊ “မိန်း​မ​၏​ခေါင်း​ကား ယောက်ျား​ဖြစ်သည်။” (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၃) သို့သော် သမ္မာကျမ်းစာ​ကို လေးမြတ်ပါ​သည်​ဟု​ဆို​ကြ​သူ လူများစွာ​တို့​က လင်ယောက်ျား​၏​ဦးစီးမှု​ဆိုင်ရာ ဤ​မူ​သည် ခေတ်​နောက်ကျ​နေ​ရုံ​မ​က အန္တရာယ်​ပင်​ရှိကြောင်း ယူမှတ်​ကြ​၏။ “အမျိုးသမီး​တို့သည် [မိမိတို့၏​လင်ယောက်ျား​ကို] ‘သဘောထားကြီး​ကြီး​နှင့် လက်အောက်ခံ’ သင့်​သည်​ဟူသော မူဝါဒ​ကို တရားလွန်​သုံးပါ​က ကာယပိုင်း​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​တို့ စော်ကား​ခံရ​နိုင်​သည်” ဟု ဇနီး​မောင်နှံ​တစ်စုံ​က မှတ်ချက်ချ​ခဲ့​သည်။ ဦးစီးမှု​ကို တလွဲသုံး​ခြင်း​သည် နေရာတကာ​တွင် ပျံ့နှံ့​နေရာ ဝမ်းနည်းစရာ​ကောင်း​လှ​၏။ “နိုင်ငံ​များစွာ​တွင် ဇနီးသည်​အား​ရိုက်နှက်ခြင်း​ကို သဘာဝတရား​ဟူ၍ သတ်မှတ်​ကြသည်—ယောက်ျား​၏​အထူး​လုပ်ပိုင်ခွင့်​ကို သီချင်းများ၊ စကားပုံ​များနှင့် မင်္ဂလာပွဲ​အခမ်းအနား​များ​တွင် ချီးကျူး​ဂုဏ်ပြု​ထား​သည်။”

တချို့က ဦးစီးမှု​ဆိုင်ရာ ကျမ်းစာမူ​သည် အဆိုပါ​ရက်စက်​ကြမ်းကြုတ်မှု​များ​ဆီ​သို့ ဦးတည်​ပေး​သည်​ဟု ဆို​ကြသည်။ ဦးစီးမှု​ဆိုင်ရာ သမ္မာကျမ်းစာ​သွန်သင်ချက်​သည် အမျိုးသမီးများ​ကို နှိမ်​ပြီး အိမ်တွင်း​အကြမ်းဖက်မှုကို အားပေး​အား​မြှောက်​ပြု​ပါသလော။ အိမ်ထောင်ဦးစီး​ဖြစ်​ခြင်း​ဟူသည် အမှန်တကယ် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ *

ဦးစီးမှု​သည် နိုင်​လို​မင်း​ထက်​ပြုခြင်း​မဟုတ်

ကျမ်းစာ​ဆိုင်ရာ​ဦးစီးမှု​သည် မေတ္တာပါ​သည့် အစီအစဉ်​ဖြစ်​ရာ နိုင်​လို​မင်း​ထက်​ပြုခြင်း​နှင့် မည်သို့​မျှ ဆက်စပ်မှု​မရှိပေ။ ဘုရားသခင် ချမှတ်​ထားသော​အခွင့်အာဏာကို ဥပေက္ခာပြု​လိုက်​သည့်​အချိန်​ကျ​မှ​သာ အမျိုးသားများသည် အမျိုးသမီးများ​ကို ကြမ်းကြမ်းတမ်းတမ်း ချုပ်ကိုင်​လာ​ကြ​ခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၆) ဧဒင်ဥယျာဉ်​မှ​အစပြု​၍ အမျိုးသားများသည် မိမိတို့၏​အစွမ်း​ခွန်အား​ကို အကြိမ်ကြိမ် တလွဲသုံး​ခြင်း​ဖြင့် အမျိုးသမီးများနှင့် ကလေး​သူငယ်​များ​အပါအဝင် သူ​တစ်​ထူး​အပေါ် ဆိုးဆိုးရွားရွား ကိုယ်ကျိုးရှာ​အမြတ်​ထုတ်လေ့​ရှိ၏။

သို့သော် ယင်းသည် ဘုရားသခင့်​ရည်ရွယ်တော်မူချက်တွင် လုံးဝ​မပါ​ချေ။ မိမိတို့၏​အခွင့်အာဏာကို အလွဲသုံးစား​ပြုသူ​တို့အား ယေဟောဝါ​စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ မိမိတို့၏​ဇနီး​မယား​များ​ကို “သစ္စာဖျက်” သူ ဣသရေလ​အမျိုးသားများ​အား ကိုယ်တော်​ပြစ်တင်​ရှုတ်ချ​တော်​မူ​ခဲ့​သည်။ (မာလခိ ၂:၁၃-၁၆) ထို့​အပြင်၊ “ကြမ်းကြုတ်ခြင်း​နှစ်သက်သော​သူကို မုန်း” သည်​ဟု ဘုရားသခင်​မိန့်တော်မူ​လေ​သည်။ (ဆာလံ ၁၁:၅သမ္မာ) ထို့​ကြောင့် ဇနီး​မယား​ကို ရိုက်ပုတ်​သူများ​နှင့် မတရား​ပြုသူ​များသည် မိမိတို့၏ အကြမ်းဖက်​သည့်​လုပ်ရပ်များ​အတွက် သမ္မာကျမ်းစာ​ကို အဘယ်​နည်းဖြင့်​မျှ ခုတုံး​လုပ်​၍​မရနိုင်​ချေ။

သင့်လျော်​သော​ဦးစီးမှု​တွင် အဘယ်အရာ​ပါဝင်​သနည်း

ဦးစီးမှု​သည် စကြဝဠာကြီး​ကို စည်းစနစ်ကျ​န​စေရန် ဘုရားသခင်​အသုံးပြု​တော်​မူ​သည့် အခြေခံကျ​သော​အစီအစဉ်​တစ်ခု​ဖြစ်၏။ ဘုရားသခင်​မှတစ်ပါး လူတိုင်း​သည် တစ်စုံ​တစ်ယောက်​ထံ စာရင်း​ရှင်း​ရန် တာဝန်​ရှိသည်။ အမျိုးသားများသည် ခရစ်တော်​ထံ လက်အောက်ခံ​ကြ​ရမည်၊ ကလေး​သူငယ်​များသည် မိမိတို့၏​မိဘများ​ထံ လက်အောက်ခံ​ကြ​ရမည်​ဖြစ်​ကာ ခရစ်ယာန်​အားလုံး​တို့သည် အစိုးရ​များ​ထံ လက်အောက်ခံ​ကြ​ရ​ပေမည်။ ယေရှု​ပင်​လျှင် ဘုရားသခင်​ထံ​တော်​၌ လက်အောက်ခံ​ရ၏။—ရောမ ၁၃:၁; ၁ ကောရိန္သု ၁၁:၃; ၁၅:၂၈; ဧဖက် ၆:၁

စည်းစနစ်ကျ​န​၍ တည်ငြိမ်​အေးဆေး​သော လူ့​ဘောင်​အဖွဲ့အစည်း​အတွက် ဦးဆောင်မှု​ကို လက်အောက်ခံ​ရန်လို​သည်။ အလားတူ၊ တည်တံ့​ခိုင်မြဲ​၍ ပျော်ရွှင်​ချမ်းမြေ့​သော​မိသားစုကို တည်ဆောက်​နိုင်​ရန် အိမ်ထောင်ဦးစီး​ကို​လက်အောက်ခံခြင်း​သည် မရှိမဖြစ်​လိုအပ်​၏။ ခင်ပွန်း သို့​မဟုတ် ဖခင်​မရှိသည့်​အိမ်ထောင်​မိသားစု​သည် ဤ​အဖြစ်မှန်​ကို ပြောင်းလဲ​၍​မရချေ။ ထိုသို့​သော​မိသားစု​များ​တွင် မိခင်​ဖြစ်သူ​က အိမ်ထောင်​ကို ဦးစီး​ရလေ​သည်။ မိဘ​နှစ်ပါးစလုံး​မရှိပါ​က အကြီးဆုံး​ကလေး သို့​မဟုတ် အခြား​ဆွေမျိုး​တစ်ဦးဦး​က အိမ်ထောင်ဦးစီး​အဖြစ် တာဝန်​ယူ​ပေမည်။ အခြေအနေ​အရပ်ရပ်​တွင် မိသားစုဝင်​များသည် ဦးဆောင်နေသူ​ကို တော်​သင့်​သော လေးစားမှု​ပြ​သည့်​အခါ အကျိုး​ရရှိ​ကြသည်။

ထို့​ကြောင့်၊ အရေးကြီး​သည့်​အချက်​မှာ ဦးစီးမှု​မူကို ဘေးမ​ဖယ်​လိုက်​ဘဲ ဦးစီးမှု​ကို ကျင့်သုံး​တတ်​ရန်​သင်ယူ​ကာ မှန်ကန်​စွာ ရှုမြင်​နားလည်​ရန်ဖြစ်​သည်။ “ခရစ်တော်​သည် အသင်းတော်​အပေါ်မှာ ခေါင်း​ဖြစ်​တော်​မူ​သကဲ့သို့” ခရစ်ယာန်​လင်ယောက်ျား​များလည်း မိမိတို့​အိမ်ထောင်​၏ ဦးခေါင်း​ဖြစ်​ကြ​ရန် တမန်​တော်​ပေါလု တိုက်တွန်း​သည်။ (ဧဖက် ၅:၂၁-၂၃) ထိုသို့​ဖြင့် အသင်းတော်​အား ယေရှု​ပြုမူ​ဆက်ဆံ​နည်းကို ပြည့်ဝ​စုံလင်​သည့် ဦးစီးမှု​စံနှုန်း​အဖြစ် ပေါလု​ညွှန်ပြ​ပေး​သည်။ အဘယ်​ပုံ​နမူနာကို ယေရှု​ချမှတ်​ခဲ့​သနည်း။

မေရှိယ​လည်း​ဖြစ်၊ မင်းလောင်း​လည်း​ဖြစ်သော ယေရှုသည် ဘုရားသခင်​ထံ​မှ အခွင့်အာဏာ​ရရှိ​ထား​သည့်​အပြင် မိမိ၏​တပည့်​နောက်လိုက်​များ​ထက် များစွာ​ဉာဏ်ပညာ​ကြီးမား​ပြီး ဘဝ​အတွေ့အကြုံ​ပို​ရှိ​ထား​သော်လည်း ကိုယ်တော်​သည် မေတ္တာပြည့်​ဝ​၍ လှိုက်လှဲ​ကြင်နာ​၏၊ ထောက်ထား​စာနာ​တတ်၏။ ကြမ်းတမ်း​ခက်ထန်​ခြင်း၊ တင်းမာခြင်း​မျိုး​မရှိ၊ မတန်တဆ​တောင်းဆိုခြင်း​မျိုး​လည်း မရှိ​ချေ။ အာဏာပြ​ခြင်း​မရှိသည့်​အပြင် တွေ့​သည့်​လူတိုင်းကို မိမိသည် ဘုရားသခင်​၏​သားတော်​ဖြစ်သည်​ဟု တ​ဖွဖွ​ပြောဆို​နေခြင်း​မျိုး​လည်း မရှိ​ချေ။ ယေရှုသည် နှိမ့်ချ​သည့်​အရှင်ဖြစ်​တော်​မူ​၏။ သို့​အတွက်​ကြောင့် ‘ကိုယ်တော်​၏​ထမ်းပိုး​သည် ထမ်း​လွယ်​၏၊ ကိုယ်တော်​၏​ဝန်​လည်း ပေါ့​၏။’ (မဿဲ ၁၁:၂၈-၃၀က​ဘ) ထို့​ကြောင့် ကိုယ်တော်​သည် ချဉ်းကပ်​ရလွယ်​သူ​ဖြစ်​ကာ အကျိုးသင့်အကြောင်းသင့်​ရှိသူလည်း​ဖြစ်​တော်​မူ​၏။ အမှန်​တွင် ယေရှုသည် အသင်းတော်ကို အလွန်​ချစ်​မြတ်နိုးသည့်​အတွက် “မိမိကိုယ်ကို​ပေးဆက်” ခဲ့​ကြောင်း ပေါလု​က​ဆို​သည်။—ဧဖက် ၅:၂၅က​ဘ။

ယေရှု၏​ဦးစီးမှု​ကို မည်သို့​တုပ​နိုင်​သနည်း

အိမ်ထောင်ဦးစီး​များသည် ခရစ်တော်​၏​အရည်အသွေးများ​ကို မည်သို့​တုပ​နိုင်​ကြ​သနည်း။ တာဝန်​ယူ​တတ်သော​ဦးစီးသူ​တစ်ဦး​သည် ကိုယ့်​မိသားစု​၏​ကာယရေး​နှင့် ဝိညာဉ်​ရေး​ကောင်းကျိုး​ကို စိတ်ဝင်စား​သည်။ သူသည် တစ်ဦးချင်း​စီ​နှင့် မိသားစု​လိုက်​လိုအပ်ရာ​များ​အတွက် သင့်တင့်​လျောက်ပတ်​သော​အချိန်​နှင့် ဂရုစိုက်​မှု​ပေးခြင်း​ဖြင့် မိမိကိုယ်ကို​အသုံးခံ​သည်။ မိမိ​အရေး​ထက် မိမိ၏​အိမ်ထောင်ဖက်​နှင့် သားသမီး​များ​၏​အရေး​ကို သာ၍​စိတ်ဝင်စား​ပေး​သည်။ * (၁ ကောရိန္သု ၁၀:၂၄; ဖိလိပ္ပိ ၂:၄) ကျမ်းစာမူ​များနှင့် သွန်သင်ချက်​များ​ကို နေ့စဉ်​ဘဝ​အသက်တာတွင် လက်တွေ့​အသုံးချခြင်း​အားဖြင့် လင်ယောက်ျား​သည် မိမိ၏​ဇနီး​နှင့် သားသမီး​များ​၏ ရိုသေ​လေးစားမှု​နှင့် ထောက်မမှုကို​ရရှိ​သည်။ မေတ္တာပြည့်​ဝ​သည့်​ဦးစီးမှု​အောက်တွင် မည်သည့်​ပြဿနာ​ကို​မဆို ပူးပေါင်း​၍ ကြိုးစား​ဖြေရှင်းခြင်း​က အောင်မြင်မှု​ရနိုင်​ပါ​သည်။ သို့​ဖြစ်၍ မိမိ၏​ဦးစီးမှု​ကို ကျမ်းစာ​လမ်းစဉ်​အတိုင်း ကျင့်သုံး​သွားခြင်း​အားဖြင့် လင်ယောက်ျား​သည် ဘုရားသခင်​အား ဂုဏ်တင်​ချီးမွမ်း​စေသည့် လုပ်ငန်းဆောင်တာ​များ​လုပ်ဆောင်​သော ပျော်ရွှင်​သည့်​မိသားစု​တစ်စု​ကို ပြုစု​ပျိုးထောင်​ပေး​သည်။

ပညာရှိ​ဦးစီးသူ​တစ်ဦး​သည် နှိမ့်ချ​သူလည်း​ဖြစ်၏။ မိမိ​မှား​ကြောင်း​ဝန်ခံ​ရန် အခက်အခဲ​တွေ့​သည့်​တိုင် တောင်းပန်​ဖို့​လိုလျှင် လို​လိုချင်​ချင် ဝန်ချ​တောင်းပန်​မည်။ “အကြံပေး​နိုင်သော​သူများစွာ​ရှိလျှင် ဘေးလွတ်​တတ်၏” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (သု. ၂၄:၆) မှန်ပါသည်၊ နှိမ့်ချ​ခြင်း​က အိမ်ထောင်ဦးစီး​ဖြစ်သူ​အား မိမိ၏​ဇနီးသည်​နှင့် သားသမီး​များ​၏ ထင်မြင်ချက်​ကို နားထောင်​စေပြီး တက်တက်ကြွကြွ ထည့်သွင်း​စဉ်းစား​စေမည်။ ခရစ်ယာန်​ဦးစီး​တစ်ဦး​သည် ယေရှုကို​တုပခြင်း​ဖြင့် မိမိ၏​ဦးစီးမှု​သည် မိသားစုကို လုံခြုံမှု၊ ပျော်ရွှင်မှု​ပေး​သည်​သာမက မိသားစု​များ​၏ အစပြု​ဖန်တီးရှင် ယေဟောဝါ​ဘုရားသခင်​အား ဂုဏ်​တင်၍ ကိုယ်တော်​၏​ဘုန်းတော်​ကိုလည်း ထင်ရှား​စေပါ​လိမ့်​မည်။—ဧဖက် ၃:၁၄၊ ၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ဤ​ဆောင်းပါး​သည် အဓိက​အားဖြင့် မိသားစု​အတွင်းရှိ လင်ယောက်ျား​နှင့် ဖခင်​ကဏ္ဍ​ကို ဆွေးနွေး​ထား​သော်လည်း အိမ်ထောင်ဦးစီး​များ​အတွက် ပေး​ထား​သည့်​မူများ​မှ ကြင်ဖော်​မဲ့​မိခင်များ​နှင့် ညီအစ်ကို​မောင်နှမ​အရင်း​များ​ကို ကြည့်ရှု​စောင့်ရှောက်​ရမည့် မိဘမဲ့​ကလေး​များလည်း အကျိုးကျေးဇူး​ရနိုင်​ပေ​သည်။

^ အပိုဒ်၊ 14 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် မိသားစု​ပျော်ရွှင်မှု​၏ လျှို့ဝှက်ချက်​စာအုပ်​သည် မိသားစုကို မည်သို့​မေတ္တာပါ​စွာ ဂရုစိုက်​နိုင်​ကြောင်း​နှင့်​ပတ်သက်​၍ လက်တွေ့ကျ​အကြံပြုချက်များ​ကို ဖော်ပြ​ပေး​ထား​သည်။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

အကျိုးသင့်အကြောင်းသင့်​ရှိသူ လင်ယောက်ျား​တစ်ဦး​သည် မိမိ၏​ဇနီးသည်​နှင့် သားသမီး​များ​၏ ထင်မြင်ချက်​များ​ကို ထည့်သွင်း​စဉ်းစား​ပေး​တတ်