မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

မြို့​အပူရှိန်​က အပင်​ကြီးထွားမှု​အပေါ် သက်ရောက်မှု​ရှိ

မြို့ကြီး​များ​ကြောင့်​ဖြစ်ပေါ်​သော​အပူရှိန်​က အပင်များ​၏​ကြီးထွားမှု​အပေါ် သက်ရောက်မှု​ရှိကြောင်း မြောက်​အမေရိက​အရှေ့ပိုင်း ဂြိုဟ်တု​လေ့လာ​တွေ့ ရှိ​မှုများ​က ဖော်ပြ​နေ​ပုံ​ရသည်​ဟု သိပ္ပံ​သတင်း​တွင် ပုံနှိပ်​ထုတ်ပြန်​ထားသော သတင်း​တစ်ပုဒ် က​ဆို​သည်။ မြို့ကြီး​များ​ရှိ​အပင်များ​သည် ကျေးလက်​တော​ရွာများ​ပတ်ဝန်းကျင်​ရှိ အပင်များ​ထက် နွေဦး​ရာသီ​တွင် ပို​၍​စောစီး​စွာ​ဖူး​ပွင့်​ကြ​ပြီး ဆောင်းဦး​ပေါက်​ချိန်​တွင် ၎င်းတို့၏​အရွက်​များ​ကို ပို​၍​ကြာရှည်​စွာ​ထိန်းသိမ်း​ထား​နိုင်​သည်​ဟု ထို​သတင်း​တွင် ဖော်ပြ​သည်။ သိပ္ပံ​သတင်း​မှတ်တမ်းအရ ၅ လ​တာ​ကာလ​တစ်ခု​အတွင်း မြို့​အပူချိန်​သည် မြို့​ပြ​အလယ်ဗဟို​တစ်ခုစီ​မှ ၁၀ ကီလိုမီတာ [၆ မိုင်] ခန့်အကွာ​ရှိ​အရပ်ဒေသ​၏​အပူချိန်​ထက် ပျမ်းမျှ ၂.၂၈˚ စင်​တီ [၄.၁၀˚ ဖာရင်ဟိုက်] ပို​ပူနွေး​ကြောင်း တိုင်းတာ​တွေ့ ရှိ​ရသည်။ မြောက်ပိုင်း​ဖလော်ရီဒါ​နှင့် တောင်ပိုင်း​ကနေဒါ​ကြား​တွင် လေး​စတုရန်း​မိုင်​ကျော် ကျယ်ဝန်း​သော​ဒေသ​တစ်ခု​ပါဝင်​သည့် မြို့​ပြ​ဒေသ​အနည်းဆုံး ၇၀ ရှိသည်။ “ဤ​အချက်များ​က ထို​မြို့ကြီး​များသည် ဒေသ​ရာသီဥတု​ကို သိသာ​ထင်ရှား​စွာ သက်ရောက်မှု​ရှိကြောင်း​ပြ​သည်” ဟု သိပ္ပံ​သတင်းက ဆို​သည်။

တိရစ္ဆာန်​ချင်း မိတ်ဖွဲ့

စိုက်ပျိုးရေးသမား​များနှင့် မွေးမြူရေး​သ​မား​တို့သည် တိရစ္ဆာန်​ချင်း မိတ်ဖွဲ့​တတ်ကြ​သည်​ဟု ကြာမြင့်စွာ​က​ပင် ယုံကြည်​ထားခဲ့​ကြသော်လည်း ယခု​အခါ​တွင်​မူ ခွာ​ရှိသော​တိရစ္ဆာန်​များသည် ၎င်း​တို့​အုပ်စု​ရှိ အခြား​တိရစ္ဆာန်​များနှင့် ရင်းနှီး​မိတ်ဖွဲ့​တတ်ကြ​ကြောင်း ဇီဝ​ဗေဒ​ပညာရှင် အန်​ယာ ဗာ​စေ​လ​ဖ်​စ​ကီး​၏ သိပ္ပံ​နည်း​ကျ​လေ့လာမှု​တစ်ခု​က အခိုင်အမာ​ဆို​ထား​သည်။ မြင်းများ၊ မြည်း​များ၊ ကျွဲ​နွား​တိရစ္ဆာန်​နှင့် သိုးများ​ကို​လေ့လာ​ခဲ့​သူ ဗာ​စေ​လ​ဖ်​စ​ကီး အဆို​အရ တိရစ္ဆာန်​များသည် ကြိမ်ဖန်​များစွာ တစ်ကောင်​နှင့်​တစ်ကောင် နီးနီးကပ်ကပ်​နေခြင်း၊ အစာစား​နေစဉ် သို့​မဟုတ် အနားယူ​နေစဉ် ကိုယ်ခန္ဓာ​ထိတွေ့​ခြင်း၊ အစာဝေ​မျှ​ပေးခြင်း​နှင့် အချင်းချင်း သန့်စင်​ပေးခြင်း​ဖြင့် မိတ်ဖွဲ့ခြင်း​ကို တင်ပြ​ခဲ့​ကြသည်။ ဥပမာ၊ သိုးများ​သည် အခြား​တိရစ္ဆာန်​နှင့် တိုက်ခိုက်​ခဲ့​သည့် မိမိ​အဖော်​၏​ခေါင်း​ကို ခေါင်း​နှင့် ပွတ်​ပေး​လေ့​ရှိသည်။ ဤ​အပြုအမူက ထို​သိုး​ကို စိတ်​တည်ငြိမ်၊ နှစ်သိမ့်​စေ​ပုံ​ရသည်​ဟု ဂျာမန်​သတင်းစာ​ဒီ​ဇိုက်​က ဖော်ပြ​သည်။ မြည်း​များသည် များသောအားဖြင့် တစ်ကောင်​နှင့်​သာ​ရင်းနှီး​လို​ကြသည်။ သို့သော် သူတို့၏​ရင်းနှီးမှု​သည် ပိုမို​တာ​ရှည်​သည်။ တိရစ္ဆာန်​များ​ကို လူများ​သဖွယ်​မ​ရှုမြင်​မိ​စေရန်​မူ သုတေသီ​တို့သည် ထိုသို့​သော​ရင်းနှီး​မိတ်ဖွဲ့ မှုများ လုပ်ဆောင်ပုံ​နှင့် အကျိုး​သက်ရောက်မှု​များ​ကို သုံးသပ်​သည့်​အခါ သတိထား​ကြသည်။

လက်တင်အမေရိက​ရှိ သစ်တော​ပြုန်းတီး​မှု

လက်တင်အမေရိက​ရှိ​သစ်တော​ဧ​က​ပေါင်း ၁၂၅ သန်း​သည် ၁၃ နှစ်​မျှ​အတွင်း ဖျက်ဆီး​ခံ​လိုက်ရ​ပြီ၊ ယင်းသည် ဗဟို​အမေရိက​ဒေသ​တစ်ခုလုံး​၏​အကျယ်အဝန်း​နှင့်​ညီ​သည်​ဟု ကုလသမဂ္ဂ​ပတ်ဝန်းကျင်​အစီအစဉ် (UNEP) က ပုံနှိပ်​ထုတ်ဝေ​သော အစီရင်ခံစာ​တစ်စောင်​က တင်ပြ​သည်။ မက္ကဆီကို​တွင် သစ်တော ဧ​က​ပေါင်း ၁၆ သန်း​ဆုံးရှုံး​ပြီး စိုက်​ပျိုး​မြေ ဧ​က​ပေါင်း ၉၉၀,၀၀၀ မြေ​တိုက်စား​ခံရ​စဉ်​တွင် ဘရာဇီး​လ်​တွင် သန်းပေါင်း ၅၇ ဧ​က ပျက်စီးမှု​နှင့် ကြုံ​ရသည်။ ဟေတီ၊ အယ်​လ်​စ​ဗေး​ဒေါ​နှင့် စိန့်​လူး​စီး​ယား​ကျွန်း​တို့သည် ထပ်တူ​ကာလ​တွင် ၎င်း​တို့​သစ်တော​များ​၏ ၄၆ မှ ၄၉ ရာခိုင်နှုန်း​ကြား ဆုံးရှုံး​ခဲ့​ရသည်။ ဤ​စာရင်း​ဇယား​များသည် “တုန်လှုပ်​ချောက်ချား​စ​ရာ” ဖြစ်​ပြီး “ခြောက်သွေ့​သည်ထက် ခြောက်သွေ့​လာ​နေသော ကျွန်ုပ်​တို့၏ ကမ္ဘာ​ဂြိုဟ်​မှ ပျောက်ကွယ်​သွား​သည့် သိန်း​သန်း​ချီ​သော အပင်များ​နှင့် တိရစ္ဆာန်​များ . . . အကြောင်း ကျွန်ုပ်​တို့​စဉ်းစား​သောအခါ ပို​၍​ပင် တုန်လှုပ်​စ​ရာ​ကောင်း​နေသည်” ဟု မက္ကဆီကို​အမျိုးသား​ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​ရ​တက္ကသိုလ်​၏ သိပ္ပံ​မဂ္ဂဇင်း ကို​မိုဗက်စ်​က ဆို​သည်။

CFS ရောဂါ​သည်​များ​အတွက် လေ့ကျင့်ခန်း

ကျယ်ကျယ်ပြန့်ပြန့်​သုတေသန​လုပ်​သော်​ငြား​လည်း နာတာရှည်​မောပန်း​ခြင်း​လက္ခဏာစု (CFS) ဖြစ်​ရသည့်​အကြောင်းရင်း​များနှင့် ဖြစ်​နိုင်သော​ကုသ​နည်း​တို့ကို ဆေး​သိပ္ပံ​ပညာ အဖြေရှာ​မရ​ဖြစ်​နေဆဲ​ပင်။ “ဗိုင်းရပ်စ်​တိုက်ဖျက်ဆေး​အမျိုးမျိုး၊ ကိုယ်ခံအား​စနစ်​ကုထုံး၊ဟော်မုန်း​ကုထုံး၊ စိတ်ကျ​ဝေဒနာ​ပျောက်ဆေး​ဝါး​နှင့် ထိရောက်​နိုင်​ဖွယ်​ရှိ အခြား​ကုထုံး​များသည်​လည်း မှတ်သားဖွယ်​အကျိုးကျေးဇူး​မရှိခဲ့​ပါ” ဟု ဩ​စတေး​လျ​ဆေးပညာ​ဆိုင်ရာ​ဂျာနယ် (MJA) တွင်​ပုံနှိပ်​ထုတ်ဝေ​သော မှတ်တမ်း​တစ်ခု​က ဆို​သည်။ သို့ရာတွင် ရေကူး​ခြင်း သို့​မဟုတ် စက်ဘီး​စီး​ခြင်း လမ်းလျှောက်ခြင်း​ကဲ့သို့​သော ကာယ​လေ့ကျင့်ခန်း​ပါဝင်သော အစီအစဉ်များ​သည် အခြား​ကုထုံး​အမြောက်အမြား​ထက် ပို​ကောင်းသော​အကျိုး​ရလဒ်များ​ရရှိကြောင်း တွေ့ရှိ​ခဲ့​ရသည်။ CFSခံစား​သူတချို့​က လေ့ကျင့်ခန်း​များများ​လုပ်ခြင်းက သူတို့၏​ရောဂါ​လက္ခဏာများ​ကို တိုး၍​ဆိုးရွား​စေ​ကြောင်း တွေ့ရှိ​ရသည့်​အတွက် လေ့ကျင့်ခန်း​လုပ်ခြင်းကို ရှောင်ကြဉ်​ကြသည်။ သို့​တိုင်၊ မျှတမှု​ရှိဖို့လို​သည်။ သူတို့၏​ရောဂါ​လက္ခဏာများ​ကြောင့် အကန့်အသတ်​ဘောင်​အတွင်း​၌​နေပြီး ဂရုတစိုက်​လေ့ကျင့်ခန်း​လုပ်​သူတချို့​သည် စိတ်ကျ​မှု​စမ်းသပ်ချက်​များ၊ ကျန်းမာ​သွားပြီ​ဟု ခံစား​ရခြင်း၊ အလုပ်​အရည်အသွေး​မြင့်​လာ​ခြင်း​နှင့် သွေးဖိအား​တို့​တွင် “သိသိသာသာ​ကောင်းမွန်​တိုးတက်လာ” သည်ကို တွေ့ရှိ​ရသည်​ဟု MJA က သတင်းပို့​သည်။ “အဆင့်ဆင့်​ကာယ လေ့ကျင့်ခန်း​သည် CFS လူနာများ​ကုသမှု​အစီအစဉ်​၏​အဓိက​အချက်​ဖြစ်လာ​သည်​ဟု” ဤ​သတင်းက နိဂုံး​ချုပ်​သည်။

ပန်​ဒါ​ဝက်ဝံများ​နှင့် သူတို့၏​ဝါး

တရုတ်​နိုင်ငံ​နှင့် တောရိုင်း​တိရစ္ဆာန်​ထိန်းသိမ်း​စောင့်ရှောက်ရေး​တို့၏​သင်္ကေတ​ဖြစ်သော ဧရာမ ပန်​ဒါ​ဝက်ဝံ​သည် ထင်ထား​သလော​က် ဘေးအန္တရာယ်​မရှိကြောင်း လန်ဒန်​မြို့​ထုတ် ဒေးလီ တယ်​လီ​ဂ​ရပ်​ဖ်​က ဆို​သည်။ သဘာဝတရား​ထိန်းသိမ်းရေး​ဆိုင်ရာ ကမ္ဘာ့​ရန်ပုံငွေ​အဖွဲ့​နှင့် တရုတ်​အစိုးရ​တို့ ပူးပေါင်း​ပြုလုပ်​သော ၄ နှစ်​ကြာ​လေ့လာမှု​တစ်ခု​က တောရိုင်း​မြေ​ရိုင်း​ရှိ​ပန်​ဒါ​ဝက်ဝံများ​သည် အကောင် ၁,၀၀၀ မှ ၁,၁၀၀ ရှိသည်​ဟု ယခင်​က ခန့်မှန်း​ခဲ့​သော်လည်း အကောင် ၁,၅၉၀ ကျော်​ရှိနေကြောင်း တွေ့ရှိ​ခဲ့​သည်။ ဂြိုဟ်တု​မှ နေရာ​ရှာဖွေရေး​စနစ်​အပါအဝင် တိုးတက်သော​နည်း​ပညာ​ကို အသုံးပြု​ကာ ရှာဖွေ​ရမည့်​ဒေသ​များ​ကို စီစဉ်ခြင်း​ဖြင့် ပို​၍​တိကျသော​အရေအတွက်​ကို ရရှိ​သည်။ အကျိုး​ရလဒ်များ​သည် သဘာဝ​ဝန်းကျင်​ထိန်းသိမ်းရေး​သမားများ​အတွက် သတင်းကောင်း​ဖြစ်​သော်လည်း အင်္ဂလန်​နိုင်ငံ၊ ကိမ်း​ဘ​ရ​စ်ခ်ျ​ရှိ ကမ္ဘာ့​ဝန်းကျင်​ထိန်းသိမ်း​စောင့်ရှောက်ရေး​ဗဟို​က ဧရာမ​ပန်​ဒါ​ဝက်ဝံများ​၏ အဓိက​အစာ​ရင်းမြစ်​ဖြစ်သော​ဝါး​သည် မျိုး​ပြု​န်း​တော့​မည့်​အန္တရာယ် အကြီးအကျယ်​တွေ့​နေရ​ကြောင်း သတိပေး​ထား​သည်။ အထူးသဖြင့် ဤသို့​ရုတ်ခြည်း ဝါး​တော​များ​ပြုန်းတီး​မည့်​အန္တရာယ်​ရှိစေ​သော အရာ​မှာ “မျိုးစိတ်​တစ်ခုစီ​မှ ဝါး​မျိုး​တစ်မျိုးစီ​သည် အနှစ် ၂၀ မှ ၁၀၀ ကြာ​တိုင်း တစ်ပြိုင်တည်း အပွင့်​ပွင့်​ပြီး​နောက် သေသွား​ကြ​၍​ဖြစ်သည်” ဟု ဤ​တဲလီဂရပ် သတင်းစာ​က ဖော်ပြ​သည်။

ခြင်​နှင်ဆေး သတိထား

အာရှ​တွင် အကျယ်ပြန့်ဆုံး​အသုံးပြု​သော အင်းဆက်​မောင်းနှင်​ဆေး​များ​ထဲ​က​တစ်ခု​ဖြစ်သော ခြင် ဆေး​ခွေ​သည် အထူးသဖြင့် ကလေး​များ​အတွက် အန္တရာယ်​ရှိ​နိုင်​သည်​ဟု လေ့လာမှု​နှစ်ခု​က ညွှန်ပြ​ထား​ကြောင်း အိန္ဒိယ​နိုင်ငံ​၏ ဒေါင်း​တူ​အ​တ်သ် မဂ္ဂဇင်းက​ဖော်ပြ​သည်။ ဦးဆုံး၊ ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယား​ရှိ သိပ္ပံ​ပညာရှင်​များ​က တ​ငွေ့​ငွေ့​လောင်ကျွမ်း​သော​ခြင်ဆေးခွေ​များသည် သုံးစွဲ​သူများ အဆုတ်​ကင်ဆာ​ဖြစ်စေ​နိုင်​သည်​ဟု ဆို​သည်။ ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​ရှိ မိသားစု​အတော်များများ​သည် သူတို့၏​နေအိမ် ကျဉ်း​ကျဉ်း​ကြုတ်​ကြုတ်​တွင် ခြင်ဆေးခွေ​များ​ကို ထွန်းထား​ကြသည်။ “ထို့​ပြင်၊ အိပ်​နေချိန်​တွင် ပြတင်းပေါက်​များ​ကို ပိတ်​ထား​ကြသည်” ဟု ဤ​လေ့လာမှု​ပြုသူ​များ​က သတိထား​မိ​ကြသည်။ မလေးရှား​နှင့် အမေရိကန်​ပြည်ထောင်စု​တို့​မှ သိပ္ပံ​ပညာရှင်​များ​ဦးဆောင်​သော ဒုတိယ​လေ့လာမှု​က ရှစ်​နာရီ​ကြာ​လောင်ကျွမ်း​နေသော ခြင်ဆေးခွေ တစ်​ခွေ​သည် “စီးကရက် ၇၅ လိပ် မှ ၁၃၇ လိပ်​ကြား​ထွက်​သည့်​အရာ​တ​မျှ​ရှိကြောင်း တွေ့ရှိ​ခဲ့​သည်။” တ​မာ​ပင်​ကဲ့သို့​သော အပင်​မှ​ထုတ်လုပ်​ထားသော​ပစ္စည်း​များ​ကို ပြောင်း​သုံးဖို့ ကျွမ်းကျင်​သူများ​က ထောက်ခံ​အားပေး​ကြသည်။ “၎င်းတို့သည် ထိရောက်​ပြီး ကျန်းမာ​ရေး​အတွက် အကျိုးပြု​သည်​သာမက​ဘဲ မုန့်ဖိုး​ပဲ​ဖိုး​လောက်​သာ​ရှိသည်” ဟု မှတ်တမ်းက ဖော်ပြ​သည်။

ရုပ်ရှင် အဆင့်​သတ်မှတ်ချက်​များ လျော့ကျ

“ယနေ့​ရုပ်ရှင်​များ​တွင် လွန်ခဲ့သော​ဆယ်စုနှစ်​က အဆင့်​သတ်မှတ်ချက်​တူ​ရုပ်ရှင်​များ​ထက် ပျမ်းမျှ​အားဖြင့် အကြမ်းဖက်မှု၊ လိင်​နှင့် မ​ရိုသေ့​စကား​များ သိသာ​ထင်ရှား​စွာ ပို​၍​ပါဝင်​လာ​နေသည်။” ၎င်း​သည် အချို့​သော​နိုင်ငံ​များ​တွင် ကျင့်သုံး​နေသည့် စနစ်​တစ်ခု​ဖြစ်သော ရုပ်ရှင် အဆင့်​သတ်မှတ်ချက်​များ​ကို လေ့လာ​သောအခါ​တွေ့ရ​သည့် အမေရိကန်​ပြည်ထောင်စု၊ ဟားဗတ်​ပြည်​သူ့​ကျန်းမာ​ရေး​တက္ကသိုလ်​ရှိ သုတေသီ​များ​၏​ကောက်ချက်​ဖြစ်သည်။ ဤ​လေ့လာမှု​သည် ၁၉၉၂ မှ ၂၀၀၃ ခုနှစ်​အထိ ထုတ်လုပ်​ခဲ့​သည့် ရုပ်ရှင်​များ​၏ အဆင့်​သတ်မှတ်ချက်​နှင့် ပါဝင်​သည့်​အကြောင်းအရာ​တို့၏ ဆက်စပ်မှု​ကို ဆန်းစစ်​တင်ပြ​သည်။ ရလဒ်​မှာ ရုပ်ရှင်​များ​၏ အသက်အရွယ် အဆင့်​သတ်မှတ်ချက်​များ လျော့​သည်ထက်​လျော့​လာ​နေကြောင်း တွေ့ရ​သည်။ “မိဘတို့​အနေ​ဖြင့် မိမိတို့​ကလေး​များနှင့်​အတူ​ဖြစ်စေ၊ ကလေး​များ​အတွက်​ဖြစ်စေ သင့်တော်​သော​ရုပ်ရှင်​များ​ကို ရွေးချယ်​ပေး​ရေး၊ ရုပ်ရှင်​များ​မှ​ရလာ​နိုင်သော ဆိုးကျိုး​များ​ကို ကြားဝင်​ဖြေရှင်း​ပြီး ကောင်းကျိုး​များ​ကို တွန်းအား​ပေး​ရန်​အတွက် ကလေး​များနှင့် ရုပ်ရှင်​များ​ပါ အကြောင်းအရာများ​ကို ဆွေးနွေး​ရေး​တို့သည် မိမိတို့၏​တာဝန်ဖြစ်​ကြောင်း အသိအမှတ်ပြု​ကြ​ရမည်” ဟု သုတေသီ​များ​က ကောက်ချက်​ချ​ခဲ့​ကြသည်။