မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂုဏ်ယူဖွယ် မိခင်အခန်းကဏ္ဍ

ဂုဏ်ယူဖွယ် မိခင်အခန်းကဏ္ဍ

ဂုဏ်ယူဖွယ် မိခင်​အခန်းကဏ္ဍ

မိခင်၏​အခန်းကဏ္ဍ​သည် မကြာခဏ​ဆို​သလို တန်ဖိုး​ထားခြင်း​မခံရ​သည့်​အပြင် အထင်အမြင်​သေး​ခြင်း​ပင်​ခံရ​တတ်​သည်။ လွန်ခဲ့သော​ဆယ်စုနှစ်​အနည်းငယ်​မှ​စ၍ လူတချို့​သည် သားသမီး​ပြုစု​စောင့်ရှောက်ရေး​တာဝန်ကို သေးသိမ်​အောင် လုပ်​လာ​ကြသည်။ ယင်းသည် ဝမ်း​ရေး​လုပ်ငန်း​လောက် အရေးမပါ​သည့်​တာဝန်ဖြစ်​ပြီး ဖိစီးမှု​တစ်မျိုး​ဟု​ပင် ယူဆကြ​သည်။ အဆိုပါ​သဘောထား​သည် အစွန်းရောက်​ကြောင်း လူအများစု သိ​ကြ​မည်​ဖြစ်​သော်လည်း များသောအားဖြင့် မိခင်များ​၏​စိတ်​ဝယ် အိမ်မှုပြုသူ​ဖြစ်​ရခြင်း​နှင့် သားသမီး​များ ပြုစု​စောင့်ရှောက်ခြင်း​ကို ဒုတိယ​တန်း​စား​အလုပ်​မျိုး​ဖြစ်သည်​ဟု ခံစား​သွား​ရစေသည်။ အမျိုးသမီး​တစ်ဦး​သည် အစွမ်းအစ​အပြည့်​ရှိကြောင်း ဖော်ပြ​ရန် အိမ်အပြင်​ထွက် အလုပ်လုပ်ဖို့ လို​သည်​ဟု​ပင် တချို့​ယူဆကြ​သည်။

သို့​တိုင် ခင်ပွန်း​နှင့် သားသမီး များစွာ​တို့သည် မိသားစုတွင် မိခင်၏​အခန်းကဏ္ဍကို လေးမြတ်​တတ်လာ​ကြသည်။ ဖိလစ်ပိုင်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​တွင် အမှုဆောင်​နေသော ကာ​လို​က ဤသို့​ရှင်းပြသည်– “ကျွန်တော် ခုလို ဒီ​နေရာမှာ​ရှိနေတာ အမေ့ရဲ့ လေ့ကျင့်ပေး​မှု​ကြောင့်​ပဲ။ ကျွန်တော့်​အဖေက စည်းကမ်း​ကြီး​တော့ ချက်ချင်း အပြစ်ပေး​တတ်တယ်၊ အမေကတော့ အကျိုးအကြောင်း ရှင်းပြ​ပြီး ဆုံးမ​သွန်သင်​ပေး​ခဲ့တယ်။ အမေ့ရဲ့​သွန်သင်နည်း​ကို ကျွန်တော် သိပ်​တန်ဖိုး​ထား​တယ်။”

တောင်​အာဖရိက​နိုင်ငံ​ရှိ ပီတာ​သည် ပညာ​ရည်​နည်းပါး​သော မိခင်​တစ်ဦး၏ ပြုစု​ပျိုးထောင်​မှု​အောက်​ရှိ သားသမီး​ခြောက်​ဦး​အနက်​တစ်ဦး​ဖြစ်သည်။ ဖခင်​ဖြစ်သူ​သည် မိသားစုကို စွန့်​သွား​သည်။ ပီတာ​က ဤသို့​ဇာတ်ကြောင်း​ပြန်​ပြ​သည်– “အမေ​ဟာ အိမ်မှုကိစ္စ​တွေ သိမ်း​ကျုံး​လုပ်ပေး​ရတဲ့ အိမ်ဖော်​တစ်ယောက်​အနေ​နဲ့ ဝင်ငွေ ဘယ်​သိပ်​များ​မှာ​လဲ။ ကျွန်တော်​တို့အားလုံး​အတွက် ကျောင်း​စရိတ်​ပေးဖို့ ခက်ခဲ​တယ်။ ဗိုက်​ဆာ​ဆာ​နဲ့​အိပ်ရာဝင်​ခဲ့​ရတဲ့ အကြိမ်ပေါင်း​လည်း မနည်း​ဘူး။ ကျွန်တော်​တို့တွေ အမိုး​အောက်​လေးမှာ နေရ​ဖို့​တောင် အနိုင်​နိုင်​ရှာပေး​နေရ​တာ။ ဒီလောက်​ခက်ခဲ​နေတာ​တောင် အမေ ဘယ်တော့မှ​လက်မလျှော့​ခဲ့​ဘူး။ ကိုယ့်​ကိုယ်ကို တခြား​သူတွေနဲ့ မ​နှိုင်းယှဉ်​နဲ့​ဆိုပြီး ကျွန်တော်​တို့ကို ဆုံးမ​လေ့​ရှိတယ်။ အမေ့ရဲ့ သတ္တိရှိရှိ ပြုစု​စောင့်ရှောက်​ပေး​မှု​ကြောင့်​သာ​မဟုတ်​ရင် ကျွန်တော်​တို့​တစ်​တွေ ဘဝကို ဘယ်လိုမှ ခုလို ရင်ဆိုင်​နိုင်​ကြ​မှာ မဟုတ်ဘူး။”

နိုင်ဂျီးရီးယား​ခင်ပွန်း​သည်​တစ်ဦး​ဖြစ်သူ အာမက်​က သားသမီး​များ​ကို ပျိုးထောင်​ရာ​တွင် ဇနီး​ဖြစ်သူ​၏​ကူညီ​ထောက်မမှု​နှင့်​ပတ်သက်ပြီး သူ၏​ခံစားချက်​ကို ဤသို့​ထုတ်ပြော​သည်– “ကျွန်တော့်​ဇနီး​ရဲ့​အခန်းကဏ္ဍကို ကျွန်တော်​တန်ဖိုး​ထား​တယ်။ ကျွန်တော် အိမ်မှာ​မရှိတဲ့​အခါ သားသမီးတွေ ကောင်းကောင်း​စောင့်ရှောက်​ခံရ​မယ်​ဆိုတာ စိတ်ချ​နေတယ်။ ကျွန်တော့်​ကို​ပြိုင်​နေတယ်လို့​သဘောထား​မယ့်​အစား သူ့ကို ကျေးဇူး​တင်​တယ်၊ ကျွန်တော့်​ကို​လေးစား​သလို မိခင်​ကို​လေးစားဖို့ ကလေး​တွေ​ကို သင်ပေးတယ်။”

ပါလက်စတိုင်း​အမျိုးသား​တစ်ဦး​က မိခင်​တစ်ဦး​အဖြစ် ဇနီး​၏​အောင်မြင်မှု​ကို ဤသို့​ချီးမွမ်း​ဖို့​အသင့်​ပင်– “လီ​နာ​ဟာ သမီးလေး​အတွက်​ကော မိသားစုရဲ့​ဝိညာဉ်​ရေး​ကို ထောက်ကူ​ပေး​တဲ့​နေရာမှာ​ပါ အများကြီး​လုပ်ဆောင်ပေး​တယ်။ ကျွန်တော်​အမြင်အရ သူ့ရဲ့​ပြီးမြောက်​အောင်မြင်မှု​ဟာ သူ့ရဲ့​ဘာသာရေး​ယုံကြည်ချက်တွေ​ကြောင့်​ပဲ။” လီ​နာ​သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ပြီး ကျမ်းစာ​မူများ​အတိုင်း သမီး​ဖြစ်သူ​ကို သွန်သင်​လမ်းပြ​ပေး​သည်။

အဆိုပါ​ကျမ်းစာမူ​တချို့​ကား အဘယ်နည်း။ မိခင်များ​အပေါ် သမ္မာကျမ်းစာ​ရှုမြင်ပုံ​နှင့်​ပတ်သက်​၍ အဘယ်အရာ​ပြော​နိုင်​သနည်း။ သားသမီးတို့၏ သွန်သင်​လမ်းပြ​သူများ​ဖြစ်သော ရှေးခေတ်​မှ​မိခင်များ​သည် မည်သို့​ရိုသေ​လေးမြတ်​ခံ​ကြ​ရသနည်း။

မိခင်များ​အပေါ် မျှမျှတတ

ဖန်ဆင်း​ခံရ​စဉ်​က အမျိုးသမီး​သည် မိသားစု​အစီအစဉ်​တွင် ဂုဏ်ယူဖွယ်​တာဝန်​တစ်ရပ် အပ်နှင်း​ခံရ​၏။ သမ္မာကျမ်းစာ​၏​အဖွင့်​ကျမ်း​တွင် ဤသို့​ဆို​ထား​သည်– “ထာဝရ​အရှင်​ဘုရားသခင်​က​လည်း ‘ယောက်ျား​သည် တစ်ယောက်တည်း​မနေ​ကောင်း သူနှင့်​တော်​သော​အထောက်အမ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်’ ဟု အကြံ​ရှိ​တော်​မူ​၏။” (ကမ္ဘာဦး ၂:၁၈) သို့​ဖြစ်၍ ပထမ​ဆုံး​အမျိုးသမီး ဧဝ​သည် အာဒံ​၏​ဖြည့်ဖက်၊ ဂုဏ်ရည်​တူ​လက်တွဲဖော်​ဖြစ်သည်။ သူသည် အာဒံ​အတွက် ပြစ်မျိုးမှဲ့မထင် အထောက်အမ​အဖြစ် ဖန်ဆင်း​ခံ​ခဲ့​ရသည်။ သူသည် သားသမီး​များ​မွေးဖွားပြီး သူတို့ကို​ပြုစု​ဖို့​သာမက မြေကြီး​နှင့် တိရစ္ဆာန်​များ​ကို ကြည့်ရှု​ရမည့် ဘုရားသခင့်​ရည်ရွယ်ချက်တွင် တစ်စိတ်​တစ်ပိုင်း​မှ ပါဝင်​သည်။ အဆွေ​ခင်ပွန်း​စစ်​တစ်ဦး၏ ဉာဏ်​ဆိုင်ရာ​လှုံ့ဆော်မှု​နှင့် ထောက်မမှု​တို့ ပေး​ရမည်။ ဖန်ဆင်း​ရှင်​ထံ​မှ ဤ​လှပသော​လက်ဆောင်မွန်​ကို​ရရှိ​သည့်​အတွက် အာဒံ​ပျော်​လိုက်​မည်​ဖြစ်​ခြင်း!—ကမ္ဘာဦး ၁:၂၆-၂၈; ၂:၂၃

နောက်ပိုင်း​တွင် အမျိုးသမီးများ​ကို မည်သို့​ဆက်ဆံ​ရမည်​နှင့်​ပတ်သက်​၍ ဘုရားသခင်​က လမ်းညွှန်ချက်များ​ပေး​ခဲ့​သည်။ သာဓက​အနေ​နှင့် ဣသရေလ​မိခင်များ​ကို ဂုဏ်တင်​ကြ​ရန်​နှင့် အထင်အမြင်​မ​သေး​ရန်​တို့​ဖြစ်သည်။ သား​တစ်ဦး​က “မိဘကို​ကျိန်ဆဲ” မည်​ဆိုလျှင် သေ​ထိုက်​၏။ ခရစ်ယာန်​လူငယ်များသည် “မိဘ​စကား​ကို​နားထောင်​ကြ” ရန်​တိုက်တွန်း​ခံရ​ကြသည်။—ဝတ်ပြုရာ ၁၉:၃; ၂၀:၉; ဧဖက် ၆:၁; တရားဟောရာ ၅:၁၆; ၂၇:၁၆; သု. ၃၀:၁၇

ခင်ပွန်း​၏​ညွှန်ကြားမှု​အောက်တွင် မိခင်​ဖြစ်သူ​သည် သားသမီး​များ​အား ပညာပေး​သူ​ဖြစ်​ခဲ့​ကြသည်။ သား​ဖြစ်သူ​သည် “အမိ​ပေး​သော​တရားကို မ​ပယ်​နှင့်” ဟု​မိန့်မှာ​ခံရ​သည်။ (သု. ၆:၂၀) ထို့​အပြင် နယပုံပြင်​အခန်းကြီး ၃၁ တွင် “လေ​မွေ​လ​မင်းကြီး​၏​မယ်တော်​သည် သားကို​ဆုံးမ​သွန်သင်သော​တရား​စကား” ကို​ဖော်ပြ​ထား​သည်။ မယ်တော်​သည် သား​ဖြစ်သူ​အား သေ​ရည်​သေ​ရက်​မတော်မလျော်​အသုံးပြုခြင်း​ကို ရှောင်ကြဉ်​ရန် ပညာရှိ​စွာ ဤသို့​ညွှန်ကြား​ခဲ့​သည်– “စပျစ်​ရည်​သောက်​သော​အမှု​နှင့် သေ​ရည်​သေ​ရက်​သောက်​သော​အမှုသည် ရှင်ဘုရင်၊ မင်းသား​တို့​နှင့် မတော်မသင့်။ သူတို့သည်​သောက်​လျက် တရားတော်​ကို​မေ့လျော့​၍ ဆင်းရဲသား​အမှုကို မတရား​သဖြင့်​စီရင်​ဆုံးဖြတ်​မည်​ဟု စိုးရိမ်​စ​ရာ​ရှိ၏။”—သု. ၃၁:၁၊ ၄၊ ၅

ထို့​အပြင် အိမ်ထောင်ပြု​ရန် ရည်စူး​နေသည့် လူငယ်​တိုင်း “သီလ​နှင့်​ပြည့်စုံသော​မိန်း​မ” အဖြစ် လေ​မွေ​လ​မင်းကြီး​၏​မယ်တော်​က သရုပ်ဖော်​ထား​သည့် “ထိုသို့​သော​မိန်းမသည် ပတ္တမြား​ထက်​အဖိုး​သာ၍​ထိုက်​ပေ​၏” ဟူသော​စကား​ကို သုံးသပ်ကြည့်​လျှင် ပညာရှိရာ​ရောက်​ပါ​မည်။ ထို့နောက် အိမ်ထောင်​တစ်ခု​အတွက် ထိုသို့​သော​ဇနီး​တစ်ဦး၏​အရေးပါမှု​ကို ဖော်ပြ​ပြီး​နောက် မင်းကြီး​၏​မယ်တော်​က ဤသို့​ဆို​သည်– “ယဉ်ကျေး​သော​အရာ​သည် လှည့်စားခြင်း​နှင့်​ယှဉ်​တတ်၏။ လှ​သော​အဆင်း​သည်လည်း အချည်းနှီး​ဖြစ်၏။ ထာဝရ​ဘုရား​ကို ကြောက်ရွံ့​သော​မိန်း​မ​မူ​ကား ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်​မည်။” (သု. ၃၁:၁၀-၃၁) ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် အမျိုးသမီးများ​ကို ဂုဏ်​ရှိသည့်​နေရာ၊ မိသားစုတွင် တာဝန်​ရှိ​အနေအထား​၌ နေရာ​ပေး​ထား​ကြောင်း ရှင်းနေပါသည်။

ခရစ်ယာန်​အသင်းတော်တွင် ဇနီး​များနှင့် မိခင်များ​သည်လည်း ဂုဏ်တင်​ခံရ​ကြ​ပြီး တန်ဖိုး​ထား​ခံရ​ကြသည်။ ဧဖက် ၅:၂၅ တွင်​ဤသို့​ဆို​သည်– “အချင်း​ယောက်ျား​တို့ . . . ကိုယ်​ခင်ပွန်း​ကို​ချစ်​ကြလော့။” မိခင်​နှင့် အဘွား​ဖြစ်သူ​တို့​က “ကျမ်းစာ” ကို​လေးစား​တတ်​ရန် မွေးမြူ​ပျိုးထောင်​ပေး​ကြ​သည့် လူငယ်​တိမောသေ​သည် ဤ​မှုတ်သွင်းခံ​သွန်သင်ချက်​ကို ရရှိခဲ့သည်– “အသက်ကြီး​သော​မိန်းမတို့ကို အမိ​ကဲ့သို့ . . . မှတ်၍​ကျင့်​လော့။” (၂ တိမောသေ ၃:၁၅; ၁ တိမောသေ ၅:၁၊ ၂) ထို့​ကြောင့် အမျိုးသား​တစ်ဦး​သည် အသက်ကြီး​သော​အမျိုးသမီး​တစ်ဦး​ကို အမိ​သဖွယ်​လေးစား​သင့်​သည်။ မှန်ပါသည်၊ ဘုရားသခင်​သည် အမျိုးသမီးများ​ကို တန်ဖိုး​ထားပြီး ဂုဏ်​ရှိသည့်​အနေအထား​တွင် ထား​ရှိပါ​သည်။

သင့်​လေးမြတ်မှု​ကို​ဖော်ပြ​ပါ

အမျိုးသမီးများ​ကို နိမ့်ကျ​သူများ​အဖြစ် ရှုမြင်သည့်​ယဉ်ကျေးမှု​တစ်ခု​တွင် ကြီးပြင်း​လာ​သည့် အမျိုးသား​တစ်ဦး​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်တော်​ဟာ အမျိုးသားတွေကို အဓိက​ထား​တဲ့ ပညာရေး​ကို ဆည်းပူး​ခဲ့​ပြီး အမျိုးသမီးတွေကို မတော်မလျော်၊ မလေးမစား​ဆက်ဆံ​ခဲ့တယ်။ ဒါ​ကြောင့် အမျိုးသမီးတွေကို ဖန်ဆင်း​ရှင်​ရှုမြင်သလို မိသားစုမှာ ဖြည့်ဖက်​နဲ့ ကူ​ဖော်​လောင်​ဖက်​အဖြစ်​ရှုမြင်ဖို့၊ ကျွန်တော့်​ရဲ့​သားသမီးတွေကို ပညာပေး​သူ​တစ်ဦး​အဝင်​အဖြစ် သဘောထား​ဖို့ ခက်လှ​တယ်။ ကျွန်တော့်​ဇနီး​ကို ချီးမွမ်း​စကားပြော​ဖို့ ခက်ခဲ​ပေမဲ့ ကျွန်တော့်​သားသမီးတွေ လိမ္မာ​ကြ​တာ​ဟာ သူ့ရဲ့​ကြိုးစား​မှု​ကြောင့်​ဖြစ်တယ်​ဆိုတာ ကျွန်တော်​အသိအမှတ်ပြု​ပါ​တယ်။”

မှန်ပါသည်၊ မိမိတို့၏​တာဝန်​မှာ ပညာပေး​သူများ​ဖြစ်သည်​ဟု​ယူမှတ်​သူ မိခင်များ​သည် မိမိတို့၏​အခန်းကဏ္ဍ​အတွက် ဂုဏ်ယူ​နိုင်​ကြ​ပါ​သည်။ ယင်းသည် အကျိုးနပ်​သည့်​အလုပ်​တစ်ခု​ဖြစ်သည်။ သူတို့သည် ချီးမွမ်းမှု၊ လှိုက်လှိုက်လှဲလှဲ​အသိအမှတ်ပြု​မှု​တို့ကို ခံထိုက်​ကြ​ပါ​သည်။ ကျွန်ုပ်​တို့သည် မိခင်များ​ထံ​မှ များစွာ​သင်ယူ​ရရှိ​ကြသည်၊ ဘဝ​တစ်လျှောက်​လုံး အကျိုးပြု​သည့် အလေ့အကျင့်​များ၊ ကောင်းသော​ဆက်ဆံ​ရေး​အတွက် အရေးပါသည့် အမူအကျင့်ကောင်း​များ၊ အခြေအနေ​များစွာ​တွင် လူငယ်များ​ကို လမ်းမှန်​ပေါ် မြဲ​နေ​စေသည့် ကျင့်ဝတ်​နှင့် ဝိညာဉ်​ရေး​ပျိုးထောင်​ပေး​မှု​တို့ကို ရရှိ​ကြသည်။ သင့်အတွက် သင့်​မိခင်​လုပ်ဆောင်ပေး​ခဲ့​ရာ​များ​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း မကြာသေးမီ​က သင်​ဖော်ပြ​ခဲ့​သလော။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မိခင်​ဖြစ်သူ​က ပီတာ​အား လက်မလျှော့​ဖို့ သွန်သင်​ပေး​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာမက်​သည် သားသမီး​များ​ပျိုးထောင်​ရာ​တွင် ဇနီး​ဖြစ်သူ​၏​အကူအညီကို အလွန်​လေးမြတ်​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သမီး​ဖြစ်သူ လိမ္မာ​ရေး​ခြား​ရှိ​ခြင်း​သည် ဇနီး​၏​ဘာသာရေး​ယုံကြည်ချက် များ​ကြောင့်​ဖြစ်သည်​ဟု လီ​နာ​၏​ခင်ပွန်း​က မှတ်ယူ