ငါ့ရဲ့စိတ်လှုပ်ရှားမှုကို ငါဘယ်လို ထိန်းချုပ်နိုင်မလဲ
လူငယ်များအမေး . . .
ငါ့ရဲ့စိတ်လှုပ်ရှားမှုကို ငါဘယ်လို ထိန်းချုပ်နိုင်မလဲ
“ကျွန်မ မိဘတွေကို ဒေါသထွက်လာပြီဆိုရင် လျှောက်ပြောပစ်လိုက်တယ်။ ဒေါသမငြိမ်းမချင်း သူတို့နဲ့ဝေးဝေးနေလိုက်တယ်။”—ကေ့တ်၊ ၁၃ နှစ်။
“လုံခြုံမှုမခံစားရခြင်းဟာ ကျွန်တော် အကြီးအကျယ်ရုန်းကန်နေရတဲ့အရာပဲ။ တစ်ခါတစ်ရံစိတ်ထဲမှာ သေနေသလိုခံစားရတယ်။”—အိုင်ဗန်၊ ၁၉ နှစ်။
စိတ်လှုပ်ရှားမှုများသည် အင်အားကြီးလှသည်။ သင့်တွေးခေါ်ပြုမူပုံပေါ် အာနိသင်သက်ရောက်ပြီး ကောင်း၊ ဆိုးနှစ်တန်စလုံး လုပ်ဖို့ တွန်းအားပေးတတ်သည်။ တစ်ခါတစ်ရံ သင့်ကို စိုးမိုးထားနိုင်သည်။ အသက် ၂၀ နှစ်အရွယ် ဂျေးကပ်က “ကိုယ့်ကိုယ်ကို အလိုကျခဲတယ်။ ကိုယ့်မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်တာ မကြာခဏပဲ။ တစ်ခါတလေဆိုရင် ငိုချလိုက်တယ်၊ ဒါမှမဟုတ် မြင်မြင်သမျှတွေအပေါ်မှာ ဒေါသတွေစုပုံလာတယ်။ ကျွန်တော်ခံစားနေရတာတွေကို ထိန်းချုပ်ဖို့ ခက်တယ်” ဟူ၍ ပြောပြသည်။
သို့ရာတွင် ရင့်ကျက်ပြီးတာဝန်သိတတ်သော လူကြီးတစ်ဦးဖြစ်လာစအချိန်ပိုင်းသည် မိမိ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ဖို့ သင်ယူနေချိန်ဖြစ်သည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်သည့်အစွမ်းနှင့် လူတို့နှင့်ပေါင်းသင်းတတ်ခြင်းတို့သည် ဉာဏ်စွမ်းထက် ပို၍တန်ဖိုးရှိသည်ဟု ယခုအချိန်တွင် ကျွမ်းကျင်သူတချို့က ယူမှတ်ကြသည်။ မည်သို့ဆိုစေ၊ သမ္မာကျမ်းစာတွင် မိမိ၏ခံစားချက်များထိန်းချုပ်နိုင်ခြင်းကို အလွန်တန်ဖိုးထားသည်။ ဥပမာ၊ နယပုံပြင် ၂၅:၂၈ ကဤသို့ဆိုသည်– “ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ဟင်းလင်းရှိသောမြို့နှင့်တူ၏။” လူတစ်ဦး၏ခံစားချက်များကို ထိန်းချုပ်ဖို့အဘယ်အရာက ခက်ခဲစေသနည်း။
လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်
နောက်ခံနှင့်အသက်အရွယ်အသီးသီးမှလူတို့သည် မိမိတို့၏စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရာတွင် ကြိုးစားရုန်းကန်နေကြရသည်။ သို့ရာတွင် လူတစ်ဦး၏မြီးကောင်ပေါက်အရွယ်မှ လူကြီးဘဝသို့ ကူးပြောင်းချိန်ကာလအတောအတွင်း ဤသို့ကြိုးစားခြင်းသည် အထူးသဖြင့် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ ရုသ်ဘဲလ်ရေးသားသော ခန္ဓာကိုယ်အပြောင်းအလဲ၊ ဘဝအပြောင်းအလဲစာအုပ်တွင် ဤသို့ဆိုသည်– “ဆယ်ကျော်သက်လူငယ်အများစုသည် စိတ်ရှုပ်မှု၊ ရူးမိုက်မှု၊ ပျော်ရွှင်ကြည်နူးမှု၊ ကြောက်လန့်မှုစသည့် စိတ်လှုပ်ရှားမှုပေါင်းစုံ ခံစားနေကြရသည်။ များစွာသောသူတို့သည် ထပ်တူအရာများကို တစ်ချိန်တည်းတွင် ခံစားမှုအမျိုးမျိုးဖြစ်နေသည်။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ခံစားနေရကြသည်။”
လူငယ်တစ်ဦးအနေနဲ့ သင်သည် အတွေ့အကြုံနုနယ်သည်။ (သု. ၁:၄၊ ကဘ) ထို့ကြောင့် အခြေအနေသစ်များနှင့် စိန်ခေါ်မှုများကို စစတွေ့ချင်းတွင် စိုးရိမ်စိတ်ဝင်ကာ ဖိစီးမှုခံစားနေရခြင်းသည် သဘာဝပင်ဖြစ်ပါသည်။ ဝမ်းသာစရာမှာ သင့်ဖန်ဆင်းရှင်သည် သင့်ခံစားချက်များကို ကောင်းစွာနားလည်ခြင်းပင်။ “သင်၏စိတ်အထင်များကို” ပင် ကိုယ်တော်သိတော်မူ၏။ (ဆာလံ ၁၃၉:၂၃) ကိုယ်တော့်နှုတ်မြွက်တော်တွင် အကူအညီဖြစ်စေသည့်မူတချို့ကို ချမှတ်ပေးထားသည်။
စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်သည့်သော့ချက်
သင့်စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်သည့်သော့ချက်တစ်ခုမှာ သင်၏အတွေးအခေါ်များကို ထိန်းချုပ်ဖို့ သင်ယူခြင်းဖြစ်သည်။ အပျက်သဘောထားသည် သင်ပြုမူလုပ်ဆောင်ဖို့ လိုအပ်သောအင်အားကို ဖြိုဖျက်ပစ်နိုင်သည်။ (သု. ၂၄:၁၀) သို့သော် အပြုသဘောရှိရှိစဉ်းစားတတ်ဖို့ မည်သို့သင်ယူပြီး သင့်စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်ဖို့ မည်သို့အကူအညီရရှိမည်နည်း။
တစ်နည်းမှာ စိတ်ဓာတ်ကျစေသည့် သို့မဟုတ် စိုးရိမ်စိတ်ဝင်စေသည့် အပျက်သဘောများ ကိန်းအောင်းခွင့်မပြုခြင်းဖြစ်သည်။ “လျောက်ပတ်သော၊” “ဖြောင့်မတ်သော” အရာများပေါ် အာရုံစူးစိုက်ဖို့ သမ္မာကျမ်းစာ၏အကြံဉာဏ်ကို လိုက်လျှောက်ခြင်းအားဖြင့် သင်သည် အပျက်သဘောထားများကို အပြုသဘောထားများဖြင့် အစားထိုးနိုင်သည်။ (ဖိလိပ္ပိ ၄:၈) ဤသို့ပြုလုပ်ရန်မှာ လွယ်ကူမည်မဟုတ်သော်လည်း ကြိုးစားအားထုတ်လျှင် တကယ်ဖြစ်လာနိုင်ပါသည်။
ဂျက်စ်မင် အမည်ရှိသောမိန်းမငယ်တစ်ဦးကို သုံးသပ်ကြည့်ပါ။ “ကျွန်မရင်ဆိုင်နေရတဲ့အရာတွေအားလုံးဟာ ကျွန်မကို အရမ်းစိတ်ဖိစီးမှုဖြစ်စေတယ်။ အလုပ်သစ်၊ တာဝန်သစ်တွေ အားလုံးပဲ။ ကျွန်မ အင်အားကုန်ခန်းလာတယ်။ ဆောက်တည်ရာမရဖြစ်လာတယ်” ဟု တစ်ချိန်က သူညည်းညူခဲ့သည်။ လူငယ်တစ်ဦးသည် ထိုသို့ တစ်ခါတစ်ရံခံစားခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ၎င်းသည် မလုံခြုံမှု၊ မရေရာမှု ဖြစ်စေသည်။ သူ့ကိုအပ်နှင်းထားသောတာဝန်များအတွက် လွန်စွာအရည်အချင်းပြည့်မီသူ တိမောသေအမည်ရှိ လူငယ်တစ်ဦးအကြောင်းကို သမ္မာကျမ်းစာက ကျွန်ုပ်တို့အားပြောပြသည်။ သို့တိုင် သူသည် အရည်အချင်းမရှိဟူသော ခံစားချက်ကို တွန်းလှန်နေရကြောင်း သိသာထင်ရှားသည်။—၁ တိမောသေ ၄:၁၁-၁၆; ၂ တိမောသေ ၁:၆၊ ၇။
သင်သည် အသစ်သော သို့မဟုတ် မရင်းနှီးသော လုပ်ငန်းတာဝန်တစ်ရပ်နှင့် ကြုံရသောအခါ စိတ်မချ၊ စိုးရိမ်စိတ်ဝင်ပေမည်။ “ဒါကို ငါဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး” ဟု သင့်ကိုယ်သင်ပြောပေမည်။ သို့သော် သင်သည် အပျက်သဘောအတွေးကို ဖယ်ထုတ်ကာ ထိုသို့သော စိုးရိမ်စိတ်ကို ထိန်းချုပ်နိုင်ပါသည်။ လုပ်ငန်းတာဝန်တစ်ရပ်ကို မည်သို့ကျေပွန်စွာလုပ်ဆောင်နိုင်မည်ကို အာရုံစူးစိုက်ပါ။ မေးခွန်းများမေးပြီး ညွှန်ကြားချက်များကို လိုက်နာပါ။—သု. ၁:၅၊ ၇။
လုပ်ငန်းတစ်ရပ်တွင် ကျွမ်းကျင်လာလေလေ၊ စိုးရိမ်စိတ် လျော့လာလေလေဖြစ်လာမည်။ သင့်အားနည်းချက်များအပေါ် တနုံ့နုံ့တွေးမနေပါနှင့်၊ ၎င်းတို့သည် တိုးတက်အောင် ဝီရိယထုတ်ကြံဆောင်မှုကို ပျက်ပြားသွားစေတတ်သည်။ တစ်ချိန်က တမန်တော်ပေါလုသည် အပြစ်ရှာဝေဖန်ခံရသောအခါ သူဤသို့တုံ့ပြန်ခဲ့သည်– “ငါသည်အဟောအပြောတွင်ညံ့လျှင်ပင် အသိပညာတွင်မညံ့။” (၂ ကောရိန္သု ၁၀:၁၀; ၁၁:၆၊ ကဘ) ထိုနည်းတူစွာ သင်လည်း မိမိ၏အားသာချက်များကိုအသိအမှတ်ပြုပြီး အားနည်းချက်များကိုဖြေရှင်းဖို့ အကူအညီအတွက် ယေဟောဝါထံ တောင်းခံခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချလာစေနိုင်ပါသည်။ ဘုရားသခင်သည် အတိတ်ကာလတွင် လူမျိုးတော်ကိုကူညီပေးခဲ့သကဲ့သို့ သင့်ကိုလည်း ကိုယ်တော်အမှန်ပင် မစပေးနိုင်ပါသည်။—ထွက်မြောက်ရာ ၄:၁၀။
သင့်စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်ဖို့ အကူအညီဖြစ်နိုင်သည့် နောက်တစ်နည်းမှာ တော်သင့်ပြီး လက်တွေ့ကျသော ပန်းတိုင်များထားကာ မိမိတွင် အကန့်အသတ်ရှိနေသည်ကို သိမှတ်လက်ခံခြင်းဖြစ်သည်။ အခြားသူများနှင့် မလျော်မကန် နှိုင်းယှဉ်ခြင်းကိုလည်း ရှောင်ပါ။ ဂလာတိ ၆:၄ တွင် သမ္မာကျမ်းစာက ဤသို့အကြံဉာဏ်ကောင်းပေးထားသည်– “လူတိုင်းကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင်သူတစ်ပါး [“နှင့်မယှဉ်ဘဲ၊” ကဘ] ၌မဆိုဘဲ ကိုယ်၌သာဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။”
ဒေါသလျှော့
ဒေါသကိုချုပ်တည်းခြင်းသည် ခက်ခဲသောနောက်စိန်ခေါ်မှုဖြစ်နိုင်သည်။ ပထမပိုင်းတွင်ဖော် ပြထားသော ကေ့တ်ကဲ့သို့ပင် လူငယ်အတော်များများသည် ဒေါသကြောင့် ထိခိုက်ပျက်စီးစေတတ်သောအရာများ ပြောဆို ပြုမူမိခဲ့ကြသည်။
ဝန်ခံရလျှင် တစ်ခါတစ်ရံ အမျက်ထွက်တတ်ခြင်းမှာ သဘာဝပင်။ သို့သော် ပထမဦးဆုံးလူသတ်သမားကာဣနကို သတိရပါ။ သူ “အလွန်စိတ်ဆိုး” သောအခါ ထိုဒေါသကြောင့် ကြီးမားသောအပြစ်ကျူးလွန်မိနိုင်ကြောင်း ဘုရားသခင် သူ့ကိုသတိပေးခဲ့သည်။ ကိုယ်တော်ကကာဣနကို ဤသို့မေးသည်– “သင်သည် ၎င်းကို အုပ်ထိန်းထားမည်လော။” (ကမ္ဘာဦး ၄:၅-၇) ကာဣနသည် ဘုရားသခင်၏ ဤအကြံပေးချက်ကို အရေးစိုက်ဖို့ ပျက်ကွက်ခဲ့သည်၊ သို့သော် သင်မူကား ဘုရားသခင့်အကူအညီနှင့် မိမိဒေါသကို ထိန်းနိုင်ပါသည်။
တစ်ဖန် သင်၏အတွေးအခေါ်များကိုထိန်းချုပ်ရန် ပြန်လိုအပ်လာပါသည်။ နယပုံပြင် ၁၉:၁၁ တွင် သမ္မာကျမ်းစာက ဤသို့ပြောထားသည်– “သတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံတတ်သောသူသည်လည်း ဘုန်းအသရေရှိ၏။” တစ်ဦးတစ်ယောက်က သင့်ကိုစိတ်ထိခိုက်စေလျှင် သူ ဘာကြောင့်ဤသို့ပြုမူရသည်ကို နားလည်အောင် ကြိုးစားပါ။ ထိုသူသည် သင့်ကိုနာကျင်အောင် တမင်တကာ ကြိုးစားနေခြင်းလော။ သူသည် စိတ်လိုက်မာန်ပါ သို့မဟုတ် မသိမမြင်၍ ဤသို့လုပ်နေခြင်း ဖြစ်နိုင်မည်လော။ အခြားသူများပြုသည့် အမှားများကို သည်းခံခြင်းသည် ဘုရားသခင်၏အကြင်နာတရားကို ရောင်ပြန်ဟပ်ရာရောက်ပြီး ၎င်းက သင့်ဒေါသကို လျှော့ဖို့ အကူအညီဖြစ်နိုင်သည်။
သို့ရာတွင် ထွက်သင့်ထွက်ထိုက်သောဒေါသဆိုလျှင် အသို့နည်း။ မှုတ်သွင်းခံစကားက “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်” ဟုဆိုထားသည်။ (ဧဖက် ၄:၂၆) လိုအပ်မည်ဆိုလျှင် ထိုသူနှင့် ဆွေးနွေးလိုက်ပါ။ (မဿဲ ၅:၂၃၊ ၂၄) သို့မဟုတ် အကောင်းဆုံးလုပ်နိုင်သည်မှာ ဤကိစ္စကို မေ့ပစ်၊ ဒေါသမီးကို ငြိမ်းလိုက်ကာ ပုံမှန်အခြေအနေအတိုင်း ပြန်နေခြင်းအားဖြင့်ဖြစ်သည်။
စိတ်ဝင်စားစရာမှာ အမျက်ဒေါသကို သင်မည်သို့ကိုင်တွယ်ဖြေရှင်းပုံအပေါ် သင့်မိတ်ဆွေများက ဩဇာလွှမ်းမိုးနိုင်ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့လမ်းညွှန်ထားသည်– “စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူမလိုက်နှင့်။ လိုက်လျှင်သူ၏ထုံးစံဓလေ့တို့ကိုသင်၍ ကိုယ်အသက်ကျော့မိရာဖြစ်လိမ့်မည်။”—သု. ၂၂:၂၄၊ ၂၅။
မိမိတို့၏အမျက်ဒေါသကိုထိန်းချုပ်ဖို့ အားထုတ်သောလူတို့ဝန်းကျင်တွင်နေထိုင်ခြင်းက ကိုယ့်ကိုယ်ကိုချုပ်တည်းတတ်လာစေနိုင်သည်။ ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်တွင် သင့်ထက်ပို၍အသက်ကြီးပြီး၊ ပို၍အတွေ့အကြုံရှိသော ရင့်ကျက်သူတို့နှင့် ပြည့်နေပါသည်။ သူတို့နှင့် သိကျွမ်းအောင်ကြိုးစားပါ။ ပြဿနာများကို သူတို့မည်သို့ကိုင်တွယ်ဖြေရှင်းပုံကို ကြည့်ပါ။ အခက်အခဲများကို သင်ရင်ဆိုင်ရသည့်အခါ သူတို့ “အကြံပေး” နိုင်ပေလိမ့်မည်။ (သု. ၂၄:၆) အထက်တွင် ကိုးကားဖော်ပြထားသော ဂျေးကပ်က ဤသို့ပြန်ပြောပြသည်– “ဘုရားသခင့်စကားတော်ကိုပြန်သတိရအောင် ကျွန်တော့်ကိုကူညီနိုင်တဲ့ ရင့်ကျက်တဲ့မိတ်ဆွေတစ်ဦးဟာ တန်ဖိုးဖြတ်မရပါဘူး။ စိုးရိမ်စိတ်တွေရှိနေတဲ့ ကျွန်တော့်ကို ယေဟောဝါချစ်တယ်ဆိုတာ သတိရတဲ့အခါ မိမိကိုယ်ကိုချုပ်တည်းပြီး တည်ငြိမ်တဲ့အနေအထားမှာရှိလာနိုင်ပါတယ်။”
အခြားလက်တွေ့ကျသော ခြေလှမ်းများ
နာမည်ကြီး လေ့ကျင့်ခန်းစာအုပ်တစ်အုပ်က ဤသို့ဆိုသည်–“သင့်ဇီဝဓာတုတည်ဆောက်ပုံအရ သင့်ခန္ဓာကိုယ်ရွေ့ရှားပုံက သင့်စိတ်ဓာတ်ကို ဩဇာလွှမ်းမိုးထားကြောင်း မရေတွက်နိုင်သောလေ့လာမှုများက သက်သေထူခဲ့ပြီ။ သင့်လှုပ်ရှားပုံအတိုင်း ဟော်မုန်းနှင့်အောက်စီဂျင်အဆင့်များအားလုံး လိုက်၍ပြောင်းနေသည်။” ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အကျိုးရှိသည်မှာ သံသယဖြစ်စရာမလိုပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့ပြောသည်– “ကာယလေ့ကျင့်ခန်းသည် အတော်အတန်အကျိုးရ၏။” (၁ တိမောသေ ၄:၈၊ ယနေ့အင်္ဂလိပ်ဘာသာပြန်ကျမ်း) တော်သင့်ရုံဖြစ်သော ပုံမှန်လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်တစ်ခုကို ဘာကြောင့်မလုပ်ဘဲနေမည်နည်း။ ၎င်းက သင်၏ခံစားချက်အပေါ် ကောင်းကျိုးသက်ရောက်နိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရ အမြဲစားသုံးခြင်းသည် အလားတူအကျိုးကျေးဇူးများ ဖြစ်စေနိုင်သည်။
သင်ရွေးချယ်သောတေးဂီတနှင့် ဖျော်ဖြေမှုတို့ကိုလည်း သုံးသပ်ကြည့်ပါ။ ဟာဗတ် စိတ်ကျန်းမာရေးစာစဉ်တွင် ပုံနှိပ်ထုတ်ဝေထားသောလေ့လာမှုတစ်ခုက ဤသို့ဆိုသည်– “အကြမ်းဖက်မှုကိုကြည့်ရှုခြင်းသည်. . . အမျက်ဒေါသနှင့် ရန်လိုစိတ် ပေါ်စေသည်။ . . . ရက်စက်ကြမ်းကြုတ်သည့်ရုပ်ရှင်များ ကြည့်နေကြသောလူတို့သည် ရန်လိုသောအတွေးများကို ပိုတွေးတောလာပြီး၊ သွေးဆူလာသည်။” ထို့ကြောင့် သင်ကြည့်ရှု နားထောင်မည့်အရာနှင့်ပတ်သက်လာလျှင် ပညာရှိဆုံးဖြတ်ချက်များချပါလေ။—ဆာလံ ၁:၁-၃; ၁ ကောရိန္သု ၁၅:၃၃။
နောက်ဆုံးတွင် သင့်စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ဖို့ သင်ယူရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ သင့်ဖန်ဆင်းရှင်နှင့် ရင်းနှီးသောမိတ်ဆွေဖွဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို ကိုယ်တော့်ရှေ့မှောက် ဖွင့်ချဖို့၊ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်နှင့်စကားပြောဖို့ ကျွန်ုပ်တို့ယောက်စီယောက်တိုင်းကို ကိုယ်တော်ဖိတ်ခေါ်တော်မူသည်။ “အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိ” ရန် တမန်တော်ပေါလုက အားပေးထားပါသည်။ “သင်တို့ တောင်းပန်လိုသောအရာတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မတော်မူလိမ့်မည်။” မှန်ပါသည်၊ ဘဝတွင် မည်သည့်အခြေအနေမဆို ရင်ဆိုင်ရန်အတွက် အတွင်းခွန်အားကို မွေးနိုင်ပါသည်။ တမန်တော်ပေါလုက ဤသို့ထပ်လောင်းပြောဆိုသည်– “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃။
လူငယ်မာလိကာက ဤသို့ပြောသည်– “မကြာခဏဆုတောင်းတတ်ဖို့ သင်ယူခဲ့ရတယ်။ ကျွန်မကို ယေဟောဝါဂရုစိုက်တယ်ဆိုတာသိရှိခြင်းက ကျွန်မရဲ့စိတ်လှုပ်ရှားမှုတွေကို ပိုပြီးထိန်းချုပ်နိုင်ဖို့နဲ့ တည်ငြိမ်မှုခံစားဖို့ အကူအညီဖြစ်စေပါတယ်။” အသင်လည်း ဘုရားသခင့်အကူအညီနှင့် သင့်စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ဖို့ သင်ယူနိုင်ပါသည်။
[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]
သင့်စိတ်လှုပ်ရှားမှုများထိန်းချုပ်ဖို့ အဓိက နည်းတစ်နည်းမှာ သင်၏အတွေးအခေါ်များကို ထိန်းချုပ်တတ်ရန် သင်ယူခြင်းဖြစ်သည်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
အသက်အရွယ်ကြီးသူများနှင့်ပေါင်းသင်းခြင်းက သင့်ခံစားချက်များကို မည်သို့ကိုင်တွယ်ရမည်ကို သင့်အား သင်ပေးနိုင်သည်