မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိန်ခေါ်ချက်များကို အောင်ပွဲဆင်သည့်မိခင်များ

စိန်ခေါ်ချက်များကို အောင်ပွဲဆင်သည့်မိခင်များ

စိန်ခေါ်ချက်​များ​ကို အောင်ပွဲ​ဆင်​သည့်​မိခင်များ

ယနေ့ မိခင်များ​စွာ​အတွက် အဓိက​စိန်ခေါ်ချက်​မှာ မိသားစုကို တစ်ဖက်​တစ်​လမ်း​မှ ငွေကြေး​ထောက်ပံ့​ပေး​ရန် အလုပ်လုပ်​ရခြင်း​ဖြစ်သည်။ ထို့​ပြင် အချို့​မိခင်များ​သည် အကြောင်း​အမျိုးမျိုး​ကြောင့် အားကိုး​အားထားစရာ​မရှိဘဲ မိမိတို့၏​သားသမီး​များ​ကို ပျိုးထောင်​ကြ​ရသည်​လည်း​ရှိ၏။

မက္ကဆီကို​နိုင်ငံ​မှ ကြင်ဖော်​မဲ့​မိခင် မာ​ဂရိ​သာ​သည် သားသမီး​နှစ်ယောက်ကို ကျွေးမွေး​ပြုစု​နေရသူ ဖြစ်သည်။ သူ​ဤသို့​ပြောပြ​၏– “သူတို့ကို ကျင့်ဝတ်​ပိုင်း​ရော၊ ဝိညာဉ်​ရေး​ပိုင်း​ကို​ပါ လေ့ကျင့်ပေး​ရတာ ခက်လှ​ပါ​တယ်။ သားတော်​မောင် လူပျို​ပေါက်​အရွယ်​တုန်း​က ပါတီ​ကနေ နည်းနည်း​မူး​ပြီ​အိမ်​ပြန်​လာတယ်။ နောက်နောင်​ဒီ​အချိုး​မျိုး​ချိုး​ရင် အိမ်ထဲ အဝင်​မခံ​ဘူးလို့ သတိပေး​လိုက်တယ်။ နောက်​တစ်ကြိမ် ဒီလိုပဲ​မူး​ပြီး​ပြန်လာ​လို့ ရင်​နာနာ​နဲ့ တံခါးမ​ဖွင့်ပေး​ဘူး။ တော်​ပါ​သေး​တယ်၊ သူ ဒါမျိုး​ထပ်​မ​လုပ်​တော့​ဘူး။”

ထို့နောက် မကြာမီတွင် မာ​ဂရိ​သာ​သည် ကျမ်းစာ​ကို​စတင်​လေ့လာ​ခဲ့​ရာ သူ၏​သားသမီး​များ​တွင် ကျင့်ဝတ်​စံနှုန်း​များ သွတ်သွင်း​ပေး​ရန် အကူအညီ​ဖြစ်​ခဲ့​သည်။ ယခု​အခါ သားအမိ​နှစ်ဦးစလုံး ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​အမှုဆောင်​များ​ဖြစ်နေ​ကြ​ပါ​သည်။

ခင်ပွန်း​သည်​များ တိုင်းတစ်ပါး​သို့​ထွက်သွား​သည့်​အခါ

ဖွံ့ဖြိုးမှု​နည်း​သည့်​တိုင်းပြည်​များ​ရှိ ခင်ပွန်း​အများစု​သည် သားမယား​တို့ကို​ထားရစ်​ခဲ့​ကာ ပိုမို​ကြွယ်ဝသော​တိုင်းပြည်​များ​သို့ ပြောင်းရွှေ့​အလုပ်လုပ်​ကြသည်။ နီပေါ​နိုင်ငံ​မှ မိခင်​တစ်ဦး​ဖြစ်သည့် လက်​ခ်ျ​မီး​က ဤသို့​ပြောပြ​သည်– “ကျွန်မ​ခင်ပွန်း နိုင်ငံ​ခြား​သွားတာ ခု​နစ်​နှစ်​ရှိပြီ။ ကလေး​တွေ​က ကျွန်မ​ရဲ့​စကား​ကို သူတို့​အဖေရဲ့​စကား​လောက် နား​မဝင်ကြဘူး။ သူ​သာ ဒီမှာ​နေပြီး ဦးဆောင်​သွားမယ်​ဆိုရင် ပို​လွယ်​မှာပဲ။”

လက်​ခ်ျ​မီး​သည် အခက်အခဲ​များ​ကြား​မှ စိန်ခေါ်ချက်​များ​ကို အောင်ပွဲ​ဆင်​နိုင်​ခဲ့​သည်။ သူသည် ပညာ​သိပ်​မတတ်​သောကြောင့် သားကြီး​သမီးကြီး​များ​ကို ကျူရှင်​ထား​ပေး​ခဲ့​သည်။ သို့ရာတွင် သူတို့နှင့် ပတ်စဉ်​ကျမ်းစာ​သင်အံမှု ပြုလုပ်ခြင်း​အားဖြင့် သူတို့၏​ဝိညာဉ်​ရေး​ပညာ​ကို အထူး​အာရုံစိုက်​ပေး​သည်။ နေ့စဉ် ကျမ်းချက်​တစ်ချက်​ကို ဆွေးနွေး​ပေး​ပြီး သူတို့ကို ခရစ်ယာန်​အစည်းအဝေး​များ​သို့ ပုံမှန်​ခေါ်သွား​သည်။

ပညာရေး​နည်းပါး​သော​မိခင်များ

နိုင်ငံ​တချို့​ရှိ စိန်ခေါ်ချက်​တစ်ခု​မှာ အမျိုးသမီးများ စာ​မတတ်​သည့်​နှုန်း အတော်လေး​မြင့်မား​နေခြင်း​ဖြစ်သည်။ မက္ကဆီကို​နိုင်ငံ​မှ သားသမီး​ခြောက်​ဦး​၏​မိခင်​ဖြစ်သူ အော်​ရီ​လီ​ယား​က ပညာ​မတတ်​သော​မိခင်​တစ်ဦး​ဖြစ်​ရခြင်း​၏ နစ်နာမှု​ကို ဤသို့​ရှင်းပြသည်– “မိန်း​မဆို​တာ ပညာတတ်​စ​ရာ​မလိုဘူး​ဆိုပြီး ကျွန်မ​ရဲ့​အမေ အမြဲလိုလို​ပြော​လေ့​ရှိတယ်။ ဒါ​ကြောင့် ကျွန်မ​လည်း စာဖတ်​တတ်​အောင် မသင်​ခဲ့​တော့ ကိုယ့်​သားသမီးတွေရဲ့​အိမ်စာတွေ ကူ​လုပ်​မပေးနိုင်​ခဲ့​ဘူး။ စိတ်ထိခိုက်​စ​ရာ​ပါ​ပဲ။ ဒါပေမဲ့ ကျွန်မ​လို နာကျင်မှု​မခံစား​ရစေဖို့ သူတို့လေးတွေ ပညာတတ်​ဖြစ်အောင် ကျွန်မ​ကြိုးစား​တယ်။”

တတ်​ထား​သည့် ပညာ​အနည်းငယ်​နှင့်​ပင် မိခင်​တစ်ဦး ထူးထူးခြားခြား လုပ်နိုင်​ပါ​သည်။ “အမျိုးသမီးများ​ကို ပညာ​သင်ပေးခြင်း​သည် အမျိုးသားများ​၏​ဆရာများ​ကို ပညာ​သင်ပေး​နေခြင်း​ဖြစ်သည်” ဟူ​သည့်​ဆိုရိုး​စကား​မှာ မှန်ကန်​ပါ​သည်။ နီပေါ​နိုင်ငံ​မှ သား​သုံးဦး​၏​မိခင်​ဖြစ်သူ ဗစ်ရှ်နူး​မှာ စာ​မတတ်​သူ​ဖြစ်​ခဲ့​သည်၊ သို့သော် ကျမ်းစာ​အမှန်တရားကို သင်ယူ​လို​စိတ်​နှင့် မိမိ၏​ကလေး​များ​အား သွန်သင်ပေး​လို​စိတ်​တို့​ကြောင့် အရေးအဖတ်​ကို ကြိုးစား​သင်ယူ​ခဲ့​သည်။ သူ၏​ကလေး​များ အိမ်စာ​လုပ်​ဖြစ်အောင်​လုပ်​ခိုင်း​သည်၊ သူတို့၏​ကျောင်း​သို့ မှန်မှန်​သွားပြီး ဆရာ/မများ​နှင့် သွားရောက်​ဆွေးနွေး​ခဲ့​သည်။

ဗစ်ရှ်နူး​၏​သား​ဖြစ်သူ ဆီး​လ​ပ်ရှ်​က မိမိတို့၏​ဝိညာဉ်​ရေး​နှင့် ကျင့်ဝတ်​ဆိုင်ရာ ပညာပေး​ရေး​နှင့်​ပတ်သက်​၍ ဤသို့​ရှင်းပြသည်– “အမေ့ရဲ့​ကြိုးစား​သွန်သင်မှု​တွေ​ထဲမှာ အကြိုက်ဆုံး​က​တော့ ကျွန်တော်​တို့​အမှား​လုပ်မိတဲ့​အခါ ကျမ်းစာ​နမူနာ​တွေ​သုံးပြီး တည့်မတ်​ပေးတယ်။ ဒီ​သွန်သင်နည်း​က ထိရောက်​ပြီး ဆုံးမ​ပဲ့ပြင်​မှု​ကို လက်ခံ​အောင် ကူညီ​ပေးတယ်။” ဗစ်ရှ်နူး​သည် သားများ​အား အောင်မြင်စွာ ပညာပေး​နိုင်​ခဲ့​ပါ​သည်၊ သား​သုံးဦး​စ​လုံး ဘုရားသခင်​အား ကြောက်ရွံ့​သည့်​လူငယ်များ​ဖြစ်​ကြသည်။

သားသမီး​နှစ်ဦး​ကို ပျိုးထောင်​ရသူ မက္ကဆီကို​နိုင်ငံ​မှ မိခင်​တစ်ဦး​ဖြစ်သည့် အဲ​န်​တို​နီး​ယား​က ဤသို့​ဆို​သည်– “ကျွန်မ​က မူလ​တန်း​ပဲ နေခဲ့​ရတယ်။ ဝေးခေါင်​တဲ့​ရွာ​တစ်ရွာ​မှာ နေရ​တော့ အနီးဆုံး​ဖြစ်​တဲ့ အလယ်တန်း​ကျောင်း​တောင် သိပ်ဝေး​တယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​သားသမီးတွေကို ကျွန်မ​ထက်ပိုပြီး ပညာတတ်​စေ​ချင်​လို့ သူတို့​အတွက် အချိန်​အများကြီး​ပေး​ခဲ့တယ်။ သူတို့ကို အေ​ဘီစီ​နဲ့ ဂဏန်း​တွေ သင်ပေးတယ်။ ကျွန်မ​ရဲ့​သမီး​ဆိုရင် ကျောင်း​မ​တက်​ခင်​ကတည်းက သူ့​နာမည်​ကို စာလုံးပေါင်း​တတ်​နေပြီ၊ အက္ခရာ​တွေ​အားလုံး​ကို ရေး​တတ်​နေပြီ။ ကျွန်မ​ရဲ့​သားက​လည်း မူကြို​တက်​တဲ့​အချိန်​မှာ စာ​ကောင်းကောင်း​ဖတ်​တတ်​နေပြီ။”

ဝိညာဉ်​ရေး​နှင့် ကျင့်ဝတ်​ကို သင်ပေး​ရန် သူ အဘယ်အရာ လုပ်ဆောင်ခဲ့ကြောင်း​မေး​သည့်​အခါ အဲ​န်​တို​နီး​ယား​က ဤသို့​ရှင်းပြသည်– “ကျွန်မ သူတို့ကို ကျမ်းစာ​ပုံပြင်​သင်ပေးတယ်။ ကျွန်မ​သမီး စကား​မပြော​တတ်​ခင်​ကတည်းက အမူအရာ​တွေ​သုံးပြီး ကျမ်းစာ​ပုံပြင်​တွေ ပြောတတ်​နေပြီ။ ကျွန်မ​ရဲ့​သားက လေးနှစ်​အရွယ်မှာ​ပဲ ခရစ်ယာန်​အစည်းအဝေးတွေမှာ ပထမ​ဆုံး​ကျမ်းစာ​ဖတ်ရှုခြင်း​တာဝန်ကို ထမ်းဆောင်​ခဲ့တယ်။” ပညာရေး​နည်းပါး​သည့် မိခင်များ​စွာ​သည် ပညာပေး​သူများ​အဖြစ် စိန်ခေါ်ချက်​များ​ကို အောင်ပွဲ​ဆင်​နေကြပါ​ပြီ။

ထိခိုက်​စေသော​ဓလေ့​ထုံးစံ​များ​ကို တွန်းလှန်​ခြင်း

မက္ကဆီကို​နိုင်ငံ​မှ စို​စ​ယ်လ်​တိုင်းရင်းသား​များ​တွင် အသက် ၁၂၊ ၁၃ နှစ်အရွယ်​သမီး​များ​ကို အိမ်ထောင်ပြု​ရန် ရောင်းစား​သည့်​ထုံးစံ​ရှိသည်။ အများအားဖြင့် မိန်းကလေး​များ​ကို ဒုတိယ သို့​မဟုတ် တတိယ​ဇနီး​ရရှိ​လို​သည့် များစွာ​အသက်​ကွာ​သူ​တစ်ဦးထံ ရောင်းစား​လေ့​ရှိကြသည်။ ထို​အမျိုးသား​က မိန်းကလေးကို စိတ်ကုန်​သွား​လျှင် မိခင်​ထံ​ပြန်အပ်​ပြီး သူ၏​ငွေ​ကို​ပြန်​တောင်း​နိုင်​သည်။ ပက်​ထ​ရို​နာ​သည် ကလေး​ဘဝတွင် ယင်း​ထုံးစံ​နှင့် ရင်ဆိုင်ခဲ့​ရသည်။ မိခင်​ဖြစ်သူ​မှာ ရောင်းစား​ခံရ​သော ဇနီး​တစ်ဦး​ဖြစ်​ခဲ့​ရာ သားတစ်ယောက်​မွေး​ပြီး​နောက် ကွာရှင်း​ခြင်း​ခံ​လိုက်ရ​သည်—ယင်း​အဖြစ်သနစ်​အားလုံး​သည် ၁၃ နှစ်အရွယ်​တွင် ဖြစ်ပျက်​ခဲ့​သည်! သားဦး​သေ​ဆုံးသွား​ခဲ့​ပြီး ပက်​ထ​ရို​နာ​၏​မိခင်​က နောက်ထပ်​နှစ်ကြိမ် ရောင်းစား​ခဲ့​သည်။ စုစုပေါင်း သားသမီး​ရှစ်ဦး​မွေးဖွား​ခဲ့​ရသည်။

ပက်​ထ​ရို​နာ​သည် ထိုသို့​သော​ဘဝကို ရှောင်ကွင်း​လို​ရာ မည်သို့​လုပ်ဆောင်​နိုင်​ခဲ့​ပုံ​ကို ဤသို့​ရှင်းပြသည်– “ကျွန်မ မူလ​တန်း​ကျောင်း​ပြီးသွား​တော့ အိမ်ထောင်​မပြု​ချင်ဘူး၊ ကျောင်း​ပဲ​ဆက်​တက်​ချင်​တယ်​ဆိုပြီး အမေ့ကို​ပြောပြ​တယ်။ အမေက အဲဒီ​ကိစ္စ​နဲ့​ပတ်သက်​လို့ အမေ​ဘာမှ မတတ်​နိုင်ဘူး၊ အဖေ့ကို ပြော​ကြည့်​လို့​ပဲ ပြော​တယ်။”

“မင်းကို ငါ အိမ်ထောင်ချ​ပေး​တော့​မယ်၊ မင်း စပိန်​စကား​တတ်တယ်။ စာဖတ်​တတ်တယ်။ ဘာ​လို​သေး​လဲ။ တကယ်လို့ မင်း​ကျောင်း​ဆက်​တက်​မယ်​ဆိုရင်တော့ ကိုယ့်​ကျောင်း​စရိတ်​ကို ကိုယ်​ဘာသာ​ကိုယ်​ရှာ” ဆိုပြီး အဖေက ပြော​တယ်။

“အဲဒီအတိုင်း ကျွန်မ​လုပ်ခဲ့တယ်” ဟု​ပတ်​ထ​ရို​နာ​က ရှင်းပြသည်။ “ကျွန်မ​ရဲ့​အသုံးစရိတ်​အတွက် ငွေ​ရအောင် အထည်​တွေ​ကို ပန်းထိုး​တယ်။” ဤသို့ဖြင့် ရောင်းစား​ခံရ​မည့်​အခြေအနေ​မှ လွတ်မြောက်​ခဲ့​လေ​သည်။ ပက်​ထ​ရို​နာ အရွယ်ရောက်​လာချိန်​တွင် သူ၏​မိခင်​သည် ကျမ်းစာ​ကို စတင်​လေ့လာ​ခဲ့​သဖြင့် ယင်းက ပက်​ထ​ရို​နာ​၏​ညီမ​များ​တွင် ကျမ်းစာ​အခြေပြု​စံနှုန်း​များ​ကို သွတ်သွင်း​ပေး​ရန် သတ္တိ​ရှိစေခဲ့​သည်။ သမီးလေး​များ​အား အိမ်ထောင်ပြု​ရန် ရောင်းစား​သည့်​ထုံးစံ​ကြောင့်​ရရှိ​သည့် ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ​အကြောင်း မိခင်၏​ကိုယ်တိုင်​အတွေ့အကြုံကို သက်သေ​ထား​ကာ သွန်သင်ပေး​နိုင်​ခဲ့​သည်။

နောက်ထပ်​ထုံးစံ​တစ်ခု​မှာ မိသားစုတွင် သားများ​ကို ဖခင်​က​သာ ဆုံးမ​ပဲ့ပြင်​ရသည့်​ထုံးစံ​ဖြစ်သည်။ ပက်​ထ​ရို​နာ ဤသို့​ရှင်းပြသည်– “စို​စ​ယ်လ်​အမျိုးသမီးတွေဟာ အမျိုးသားတွေ​ထက် နိမ့်ကျ​တယ်​ဆိုပြီး သွန်သင်ခံ​ရ​ကြတယ်။ အမျိုးသားတွေ​က သိပ်​ပြီး​ဗိုလ်ကျ​ကြီးစိုး​ကြတယ်။ ယောက်ျားလေး​တွေ​က သူတို့ရဲ့​အဖေ​ကို အတုခိုး​ကြတယ်၊ ‘ကျွန်တော်​ဘာလုပ်​ရမယ်ဆိုတာ အမေ​ပြောစရာ​မလိုဘူး။ အဖေက ဘာမှ​မပြော​ရင် ကျွန်တော်​နားမထောင်ဘူး’ ဆိုပြီး မိခင်​လုပ်တဲ့​သူတွေကို ပြန်​ပြောတတ်​ကြတယ်။ ဒါ​ကြောင့် မိခင်​တွေ​ဟာ ကိုယ့်ရဲ့​သားတွေကို ပညာ​သင်ပေးဖို့ မဖြစ်​နိုင်ဘူး။ ဒါပေမဲ့ အခု ကျွန်မ​ရဲ့​အမေက ကျမ်းစာ​လေ့လာ​နေပြီ​ဆိုတော့ မောင်လေး​တွေ​ကို သွန်သင်ပေး​နိုင်ပြီ။ ‘သားသမီးတို့၊ . . . မိဘ​စကား​ကို​နားထောင်​ကြလော့။ မိဘကို ရိုသေ​စွာ​ပြု​လော့’ လို့​ဆို​ထား​တဲ့ ဧဖက် ၆:၁၊ ၂ ကို သူတို့ သိနေ​ကြပြီ။”

နိုင်​ဂျီး​ရီး​ယာ​နိုင်ငံ​မှ မိခင်​တစ်ဦး​ဖြစ်သူ မေရီ​က​လည်း ဤသို့​ပြော​သည်– “ကျွန်မ​ကြီးပြင်း​လာ​ရာ​ဒေသမှာ ယောက်ျားလေး​တွေ​ကို အမေ​ဖြစ်​တဲ့​သူက ဆုံးမ​သွန်သင်​ခွင့်​မရှိတဲ့ ထုံးစံ​ရှိ​ထား​တယ်။ ဒါပေမဲ့ တိမောသေ​ရဲ့​အဘွား​နဲ့ အမေ​ဖြစ်​တဲ့ လော​ဣ​နဲ့ ဥ​နိတ်​တို့​ရဲ့ ကျမ်းစာ​ပုံ​နမူနာကို လိုက်ပြီး ဒေသ​ထုံးစံတွေ​ကြောင့် သားတွေကို မသွန်သင်​ဘဲ​မနေဘူး​ဆိုပြီး ဆုံးဖြတ်​ခဲ့တယ်။”—၂ တိမောသေ ၁:၅

နိုင်ငံ​တချို့​တွင် လူအများ​ကျင့်သုံး​နေကျ ထုံးစံ​မှာ “အမျိုးသမီး​အရေဖျားလှီး​ခြင်း” ဟု​ခေါ်​သည့် ထုံးစံ​ဖြစ်​ပြီး ယခု​အခါ အများစုက မိန်း​မ​ကိုယ်​ခွဲစိတ်​ဖြတ်တောက်ခြင်း (အက်ဖ်ဂျီအမ်) ဟု ခေါ်​ကြသည်။ မိန်း​မ​ကိုယ် တစ်စိတ်​တစ်ပိုင်း သို့​မဟုတ် အားလုံးနီးပါး​ကို ဖယ်ရှား​ခွဲထုတ်​ပစ်​ခြင်း​ဖြစ်သည်။ ထို​ထုံးစံ​ကို နာမည်​ကျော်​ဖက်ရှင်​မော်​ဒယ်​လည်း​ဖြစ်၊ ကုလသမဂ္ဂ​၏​လူဦးရေ​ရန်ပုံငွေ​အ​အဖွဲ့​၏ အထူး​သံအမတ်​ကြီး​လည်း​ဖြစ်သူ ဝေါ​ရ​စ္စ​ဒီး​ရီး​က လူသိရှင်ကြား​ကြေညာ​ခဲ့​ခြင်း​ဖြစ်သည်။ သူသည် ကလေး​ဘဝတွင် ဆို​မား​လီး​ယား​ထုံးစံ​အရ မိခင်​ဖြစ်သူ​၏ ခွဲစိတ်​ဖြတ်တောက်​ပေးခြင်း ခံ​ခဲ့​ရသည်။ သတင်း​တစ်ပုဒ်​အရ အရှေ့အလယ်ပိုင်း​နှင့် အာဖရိက​တို့​တွင် မိန်းကလေး ကြီးကြီး​ငယ်ငယ် ရှစ်​သန်း​မှ ဆယ်​သန်း​ကြား မိန်း​မ​ကိုယ်​ခွဲစိတ်​ဖြတ်တောက်​ခံရ​မည့် အန္တရာယ်​ကြုံနေ​ကြသည်။ အမေရိကန်​ပြည်ထောင်စု​၌​ပင် မိန်းကလေး ၁၀,၀၀၀ ခန့်​သည် ထို​အန္တရာယ်​ကြုံ​ရ​လျက်​ရှိသည်။

အဘယ်​ယုံကြည်ချက်များ​ကြောင့် ယင်း​ထုံးစံ​ဖြစ်လာ​ရသနည်း။ အမျိုးသမီးများ​၏ မိန်း​မ​ကိုယ်​သည် အပြစ်​ဖြစ်သည်၊ ညစ်ညူး​စေပြီး အိမ်ထောင်ပြု​ရန်​မသင့်​သော အခြေအနေ​ရောက်​စေ​သည်​ဟု တချို့က ယူဆကြ​သည်။ ထို့​အပြင် ဤသို့​ခွဲစိတ်​ဖြတ်ထုတ်​ပစ်​ခြင်း​က ကလေး​၏​အပျိုစင်​ဖြစ်မှု​နှင့် မဖောက်ပြန်​မှု​တို့အတွက် အာမခံချက်​အဖြစ် ယူမှတ်​ကြသည်။ ဤ​ထုံးစံ​အတိုင်း မိခင်​ဖြစ်သူ​က မလုပ်ဆောင်​လျှင် ခင်ပွန်း​နှင့် ရပ်ကွက်​က အမျက်ထွက်​ကြသည်။

သို့ရာတွင် ဤ​နာကျင်စေ​သည့်​ထုံးစံ​ကို ထောက်ခံ​ရန် မည်သည့် ဘာသာရေး၊ ဆေးပညာ သို့​မဟုတ် တစ်ကိုယ်ရေ​သန့်ရှင်းရေး​ဆိုင်ရာ ခိုင်လုံ​သော​အကြောင်းရင်း​မရှိကြောင်း မိခင်များ​စွာ သဘောပေါက်​လာ​ကြ​ပါ​သည်။ စက်ဆုပ်ဖွယ်​ဓလေ့​ထုံးစံ​များ​ကို ငြင်းပယ်​ခြင်း​ဟူ​သည့် နိုင်ဂျီးရီးယား​စာအုပ်​တွင် မိခင်များ​စွာ​သည် မိမိတို့၏​သမီး​များ​အတွက် ယင်း​ဓလေ့​ထုံးစံ​ကို သတ္တိရှိရှိ​ငြင်းဆို​ကြသည်​ဟု ဖော်ပြ​ထား​သည်။

မှန်ပါသည်၊ ကမ္ဘာ​တစ်ဝန်း​ရှိ မိခင်များ​သည် စိန်ခေါ်ချက်​များစွာ​ရှိသည့်​ကြား​မှ ၎င်းတို့၏​သားသမီး​များ​ကို အောင်မြင်စွာ အကာအကွယ်​ပေး၊ ပညာ​သင်ပေး​နေကြပါ​သည်။ မိခင်​တို့၏​ကြိုးစား​အားထုတ်မှု​များသည် အမှန်​လေးမြတ်​ခံရ​ပါသလော။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“အမျိုးသမီးများ အဓိက​အခန်းကဏ္ဍ​မှ​မပါဘဲ ထိရောက်​ဖွံ့ဖြိုး​နိုင်​သည့်​နည်း​ဟူ၍​မရှိကြောင်း လေ့လာမှု​များစွာ​က ဖော်ပြ​သည်။ အမျိုးသမီးများ အပြည့်အဝ​ပါဝင်​လာ​သည့်​အခါ ချက်ချင်း အကျိုး​ဖြစ်ထွန်း​လာနိုင်​သည်၊ မိသားစု​များသည် ပိုမို​ကျန်းမာ​လာပြီး ဝဝလင်လင်​ဖြစ်လာ​ကြသည်။ ၎င်းတို့၏​ဝင်ငွေ၊ စုဆောင်း​ငွေ​နှင့် ရင်းနှီး​မြှုပ်နှံ​မှုများ တိုးပွား​လာ​သည်။ ဤ​သည်​မှာ မိသားစု​အတွက်သာ​မ​က တစ်ရပ်​ကွက်​လုံး၊ ထို​မှ​တစ်ဖန် တိုင်းပြည်​တစ်ခုလုံး ကို​ပင် အလားတူ အကျိုးပြု​ပါ​သည်။”—ကုလသမဂ္ဂ အထွေထွေ​အတွင်းရေးမှူး ကို​ဖီ​အာနန်၊ မတ် ၈၊ ၂၀၀၃။

[Credit Line]

UN/DPI photo by Milton Grant

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကျွန်တော်​တို့အတွက် စွန့်လွှတ်​အနစ်နာခံ​ခဲ့

ဘရာဇီး​လ်​လူငယ်​တစ်ဦး​ဖြစ်သူ ဂျူလီယာ​နို​က ဤသို့​ပြောပြ​သည်– “ကျွန်တော်​ငါး​နှစ်​သား​အရွယ်​တုန်း​က အမေ့​မှာ အလုပ်​ကောင်းကောင်း​ရှိခဲ့တယ်။ ဒါပေမဲ့ ညီမလေး​မွေး​တော့ အလုပ်​ထွက်​ပြီး ကျွန်တော်​တို့ကို ကြည့်ရှု​စောင့်ရှောက်​ဖို့ ဆုံးဖြတ်​ခဲ့တယ်။ အလုပ်​က အကြံပေး​ပုဂ္ဂိုလ်​တွေ​က အလုပ်​မ​ထွက်​ဖို့ လာပြီး​ဖျောင်းဖျ​ကြတယ်။ သားသမီးတွေ ကြင်ရာစုံ​ပြီး အိမ်က​ထွက်သွားတဲ့​အခါ သူတို့တွေ​အတွက် ပေး​ဆပ်​ခဲ့​သမျှ အလကား​ဖြစ်​သွားမယ်၊ ကိုယ့်​အတွက် ဘာ​အကျိုးအမြတ်​မှ​ပြန်​မလာ​တဲ့​အရာ​မှာ ရင်းနှီး​မြှုပ်နှံ​နေတာပဲ​ဆိုပြီး အမေ့ကို​ပြော​ကြတယ်။ ဒါပေမဲ့ သူတို့တွေ မှားသွား​တယ်​ဆိုတာ ကျွန်တော်​ပြော​နိုင်တယ်၊ အမေ့ရဲ့​မေတ္တာ​တရားကို ကျွန်တော် ဘယ်တော့မှ မေ့​နိုင်​မှာ​မဟုတ်ဘူး။”

[ရုပ်ပုံများ]

ဂျူလီယာ​နို​၏​မိခင်​နှင့် သားသမီး​များ။ ဝဲ​ဘက်– ငါး​နှစ်အရွယ် ဂျူလီယာ​နို

[စာမျက်နှာ ၆ ပါ ရုပ်ပုံများ]

ဗစ်ရှ်နူး​သည် အရေးအဖတ် သင်ယူ​ခဲ့​ပြီး မိမိ၏​သားများ ပညာရေး​ကောင်း​ရန် ကူညီ​ပေး​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

အဲ​န်​တို​နီး​ယား​၏​သားငယ်​သည် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ကျမ်းစာ​ဖတ်ရှုခြင်း​တာဝန် ထမ်းဆောင်​နေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

ပတ်​ထ​ရို​နာ​သည် မက္ကဆီကို​နိုင်ငံ၊ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲ​တွင် စေတနာ့​ဝန်ထမ်း​တစ်ဦး​ဖြစ်သည်။ သက်သေခံ​တစ်ဦး ဖြစ်လာ​သော သူ၏​မိခင်​သည် ပက်​ထ​ရို​နာ​၏ မောင်နှမ​ငယ်​များ​ကို သွန်သင်ပေး​နေ

[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]

ဝေါ​ရ​စ္စ​ဒီး​ရီး​သည် မိန်း​မ​ကိုယ်​ခွဲစိတ်​ဖြတ်တောက်မှု​ကို ဆန့်ကျင်​သည့် နာမည်​ကျော် ပြောရေးဆိုခွင့်​ရှိသူ​တစ်ဦး​ဖြစ်

[Credit Line]

Photo by Sean Gallup/Getty Images