မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ပျော်ပါးပါး “ခရီးမိုင်ထပ်၍သွား”

ပျော်ပျော်ပါးပါး “ခရီးမိုင်ထပ်၍သွား”

ပျော်ပျော်ပါးပါး “ခရီး​မိုင်​ထပ်၍​သွား”

က​လာ​ရ် ဗာဗီ ပြောပြ​သည်

အရှေ့​အာဖရိက​မှာ​ရှိတဲ့ မိုဇမ်ဘစ်​နိုင်ငံ​ကနေ မိုင် ၂၅၀ အကွာ​လောက်​မှာ​တည်ရှိ​တဲ့ မာ​ဒါ​ဂါ​စ်​ကာ​ကျွန်း​ဟာ မိုး​များ​ပြီး တောတောင်​ထူထပ်​တဲ့ နေရာ​ဒေသ​ဖြစ်တယ်။ ကျွန်း​ရဲ့​အရှေ့ဘက်မှာ​ရှိတဲ့ ဘီ​တို​ကို​လ် ၂ ရွာ​လေးမှာ ကျွန်မ​မွေးဖွားခဲ့တယ်။ အသက် ၁၅ နှစ်အရွယ်​ဖြစ်​တဲ့ ၁၉၈၇ ခုနှစ်​မှာ ကျောင်းတက်​ဖို့ ပင်လယ်​ဆိပ်ကမ်း​မြို့​ဖြစ်​တဲ့ မဟာ​နို​ရို​မြို့ကို ပြောင်းရွှေ့​ခဲ့တယ်။

ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​စလေ့လာ​နေတဲ့ အစ်ကို စီ​လစ်​တိ​န်း​နဲ့​အတူ မဟာ​နို​ရို​မြို့မှာ ကျွန်မ​နေတယ်။ နှစ်နှစ်​ကြာပြီး​နောက် ကျွန်မ သက်သေခံ​တစ်ယောက်​ဖြစ်​လာတယ်။ ကျွန်မ တတ်နိုင်​သလော​က် ယေဟောဝါ​ဘုရားသခင်ရဲ့​အမှုတော်ကို အပြည့်အဝ​ထမ်းဆောင်​ဖို့ ဆုံးဖြတ်​လိုက်တယ်။

ပန်းတိုင်​သို့ အရောက်​လှမ်း​ရန် ကြိုးစား​အားထုတ်မှု​များ

ကျွန်မ​ရဲ့​ပထမ​ပန်းတိုင်​က​တော့ ဘီ​တို​ကို​လ် ၂ မှာ​ရှိတဲ့ မိသားစုကို ပြန်​ကူညီ​ပေးဖို့​ဖြစ်​ပြီး ကျွန်မ​ဆန္ဒပြည့်​ဖို့ ယေဟောဝါ​ဆီ​မှာ ပုံမှန်​ဆုတောင်း​ခဲ့တယ်။ ဒါပေမဲ့ အဲဒီ​နေရာကို ကျောင်း​အားလပ်ရက်​အတွင်းမှာပဲ ကျွန်မ​ပြန်​နိုင်တယ်။ ၆၅ မိုင်​ရှိတဲ့ ခရီး​ကြမ်း​ဖြစ်တယ်။ ပထမ ၂၅ မိုင်​ပဲ မော်တော်​ယာဉ်​နဲ့​သွား​လို့​ရပြီး ကျန်​တဲ့​မိုင် ၄၀ ကို ကျဉ်း​မြောင်း​တဲ့​တောင်ပေါ်​လမ်းအတိုင်း ခြေလျင်​ခရီး​သွားရတယ်။

မတ်စောက်​တဲ့​တောင်ကုန်း​များစွာ​ကို တက်​ခဲ့​ရပြီး ကြမ်းတမ်း​တဲ့ တချို့​လမ်း​ပိုင်း​တွေ​ဆိုရင် ခြေ​တစ်​ဖဝါး​စာ​လောက်​ပဲ ကျယ်​တယ်။ မနက်​အစောကြီး​ကနေ စ​လျှောက်လိုက်​တာ ညနေ​လည်း​စောင်း​ရော ၂၅ မိုင် ခရီး​ပေါက်​ခဲ့တယ်။ ၃၅ ပေါင်​ကျော်​လေး​တဲ့ အထုပ်အပိုး​တွေ​ကို တချို့​ကို ခေါင်း​ပေါ်​ရွက်၊ တချို့​ကို ကျောပိုး၊ ကျန်​တာတွေကို လက်နဲ့​ဆွဲ​ပြီး သယ်သွား​ရတယ်။ ကျွန်မ​အဓိက​သယ်သွား​တာ​က​တော့ ဆွေမျိုး​တွေ​နှင့် တခြား​စိတ်ဝင်စား​သူတွေကို ဝေပေး​မယ့် ကျမ်းစာ​အခြေပြု​စာပေ​တွေ​ပါ​ပဲ။ လမ်းကြောင်း တစ်လျှောက်​မှာ ကျွန်မ​ကို “ဝန်​စ​ည်​အများကြီး​နဲ့​လူ” အဖြစ် လူသိ​များ​လာတယ်။

ကျွန်မ​စိတ်အား​ထက်သန်​စွာ ပြောပြ​ပေမဲ့လည်း ကျွန်မ​မိသားစုဟာ ကျွန်မ​အသစ်​တွေ့​ထား​တဲ့ ယုံကြည်ချက်တွေ​အကြောင်းကို စ​စ​ချင်း​မှာ နားမထောင်​ချင်​ကြဘူး။ ဒါပေမဲ့ မကြာခင်​မှာ သူတို့​ပြောင်းလဲ​လာပြီး တစ်ခါ​တ​လေ​ဆိုရင် မနက် ၂ နာရီ​ထိုး​မှ​အိပ်ရာဝင်​ရတဲ့​အထိ မေးခွန်း​အများကြီး မေး​လာကြတယ်။

မမေ့နိုင်​စ​ရာ အလည်​တစ်ခေါက်

ကျောင်း​ပိတ်ရက် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၄ ရက်​နေ့မှာ ဘီ​တို​ကို​လ် ၂ ရွာမှာ​ရှိတဲ့​အိမ်ကို ကျွန်မ​ပြန်ရောက်​ခဲ့တယ်။ သူတို့နှင့်​အတူ ခရစ္စမတ်​ကျင်းပ​ဖို့ ရောက်​လာတယ်​ထင်​လို့ ကျွန်မ​ကို​မြင်​တော့ ကျွန်မ​မိသားစုဟာ အရမ်းပျော်​ကြတယ်။ သူတို့ရဲ့​ခရစ္စမတ်​အခမ်းအနား​မှာ ကျွန်မ မပါဝင်နိုင်​ကြောင်း ရှင်းပြ​တဲ့​အခါ သူတို့ဟာ ပျော်ရွှင်​ရာ​ကနေ စိတ်ပျက်​သွား​ကြတယ်။ အဲဒီ​အကြောင်းကို ရွာမှာ​ရှိတဲ့ တခြား​သူတွေကို သူတို့​ရှင်းပြဖို့ စိတ်​ကသိကအောက်​ဖြစ်နေ​ကြတယ်၊ သူတို့ဟာ တကယ့်ကို စည်းစည်းလုံးလုံး​ရှိနေကြ​လို့​ပဲ။ ဒါ​ကြောင့် ကျွန်မ​ကိုယ်တိုင်​ပဲ စ​ပြောပြ​ဖို့​လိုအပ်​တယ်လို့ ခံစား​မိတယ်။ ဒါပေမဲ့ ဘယ်လို​လုပ်ရမလဲ။

အထူးသဖြင့် ကျွန်မ​က​ငယ်​လွန်း​တော့ ကိုယ့်​ကိုယ်ကို ယုံကြည်မှု​မရှိ​ဖြစ်​နေတယ်။ နောက်​တစ်နေ့ ဝတ်ပြုရာ​ကျောင်း​မှာ ရွာသား​တွေ​စုဝေး​ကြ​တဲ့​အခါ ကျွန်မ​ရဲ့​ယုံကြည်ချက်တွေကို​ရှင်းပြ​ရင် ပို​ကောင်း​မယ်​လို့ စဉ်းစား​မိတယ်။ ကိုယ်တော်​ရဲ့​ညွှန်ကြားချက်​တွေ​ရရှိဖို့​အတွက် ယေဟောဝါ​ဆီ​မှာ ထက်ထက်သန်သန် အကြာကြီး​ဆုတောင်း​ခဲ့တယ်။ အဲဒီနောက်​မှာ​တော့ ဝတ်ပြုရာ​ကျောင်း​မှာ ဆရာ​တစ်ယောက်​ဖြစ်​တဲ့ ကျွန်မ​အစ်ကို ပေါလ်​ကို “မနက်ဖြန်​ကျ​ရင် ဝတ်ပြုရာ​ကျောင်း​မှာ​ရှိတဲ့​သူတွေကို ကျွန်မ​ဘာကြောင့် ခရစ္စမတ်​မ​လုပ်​ရတဲ့​အကြောင်း ရှင်းပြ​ရင် ကောင်း​မယ်​လို့ ထင်​သလား” လို့ မေးလိုက်တယ်။ သူက တခြား​သူတွေနဲ့ ဆွေးနွေး​ကြည့်​ပြီး​တဲ့​နောက်​မှာ ကျွန်မ​ရဲ့​ကမ်းလှမ်းချက်​ကို သူတို့​သဘောတူ​လိုက်တယ်။

နောက်​တစ်နေ့​မှာ သူတို့​ဝတ်ပြု​ပြီး​တဲ့​အခါ ကျွန်မ​ကို အခေါ်လွှတ်​လိုက်တယ်။ ယေဟောဝါ​ဆီ​ပြန်​ဆုတောင်း​ပြီး​တဲ့​နောက် ကျမ်းစာ​အခြေပြု​စာပေ​တစ်ခု​ကို တစ်​ပါ​တည်း ယူဆောင်​သွားခဲ့တယ်။ မိတ်ဆက်​ပြီး​တဲ့​နောက်​မှာ ကျမ်းစာ​ကို အလေးအနက်​ရိုသေ​လေးမြတ်ခြင်း​ရှိဖို့ ကျွန်မ​ကို​ကူညီ​ကြ​တဲ့​အတွက် အားလုံး​ကို​ကျေးဇူး​တင်​ကြောင်း ပြော​လိုက်တယ်။ ကျွန်မ​မြို့ကို ပြောင်းရွှေ့​ပြီး​တဲ့​နောက် ကျမ်းစာ​ဆက်​လေ့လာ​ဖြစ်​ကြောင်း ရှင်းပြတယ်။ အရင်က ကျွန်မ​တို့​မသိခဲ့တဲ့ ကျမ်းစာ​အမှန်တရား​တော်​တော်​များများ​ကို ရှာဖွေ​သိရှိ​ခဲ့​ကြောင်း ရှင်းပြတယ်။

ဒီ​အချိန်ကို အခွင့်ကောင်း​ယူပြီး မြေကြီး​ပရဒိသု​တစ်ခု​အပေါ် ထာဝစဉ်​အသက်ရှင်​ရမည့် ကျမ်းစာ​မျှော်လင့်ချက်​အကြောင်း (ဆာလံ ၃၇:၂၉; ဗျာ. ၂၁:၃၊ ၄)၊ မြေကြီး​မှ​အနည်းငယ်​သော​သစ္စာရှိ​သူတချို့ ဘာကြောင့်​ကောင်းကင်​ကို ခေါ်ဆောင်​ခံရ​တဲ့​အကြောင်း (ယောဟန် ၁၄:၂၊ ၃; ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊) နဲ့ သေလွန်​တဲ့​သူတွေဟာ အိပ်မော​ကျနေ​တဲ့​သူလို ဘာမှ​မသိကြ​တဲ့​အတွက်​ကြောင့် ဝေဒနာ​လည်း မခံစားနိုင်​တော့​ကြောင်း (ဒေ. ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၄၊ ၃၈-၄၄) ရှင်းပြခဲ့တယ်။ ကနဦး​ခရစ်ယာန်​တွေ​ဟာ ခရစ္စမတ်​ပွဲ​မ​ကျင်းပ​ခဲ့​ကြ​ဘဲ တကယ်တော့ ဒီ​ပွဲ​ဟာ အယူမှား​တဲ့​ဘာသာ​ကနေ ဆင်းသက်​လာတာ​ဖြစ်တယ် ဆိုတာ​ကိုလည်း ကျွန်မ​တင်ပြ​ခဲ့တယ်။

တင်ဆက်မှု​ရဲ့​နိဂုံး​ချုပ်​မှာ အုပ်စု​ရှိ​တော်​တော်​များများ​က ကျွန်မ​ပြော​ခဲ့​တာ​တွေ​ဟာ အစစ်အမှန်​ပဲ​လို့ အသိအမှတ်ပြု​ကြတယ်။ တချို့​ဆိုရင် နောက်ထပ်​မေးခွန်းတွေ​တောင် မေးမြန်း​ကြတယ်။ အဲဒီနောက်​မှာ​တော့ တစ်​ပါ​တည်း​ယူဆောင်​လာတဲ့​စာအုပ်စာတမ်း​တွေ​ကို သူတို့ကို​ပြ​ခဲ့​ပြီး ဒါတွေဟာ ယေဟောဝါသက်သေ​တွေ​ထုတ်ဝေတဲ့ ကျမ်းစာ​လေ့လာမှု​အထောက်အကူ​ပြု စာအုပ်စာတမ်း​တွေ​ဖြစ်တယ်​ဆိုတာ​ကို ကျွန်မ​ရှင်းပြခဲ့တယ်။ ကျမ်းစာ​လေ့လာ​ဖို့​ဆန္ဒရှိ​သူ ဘယ်သူ့ကိုမဆို ကူညီ​ဖို့ ကျွန်မ​အဆင်သင့်​ရှိကြောင်း ပြော​လိုက်တယ်။ တော်​တော်​များများ​က ကျမ်းစာ​အခြေပြု​စာပေ​တွေ​ကို လက်ခံကြတယ်။

အံ့အားသင့်​ဖွယ် ရှာဖွေ​တွေ့ ရှိ​မှု​တစ်ခု

ကျွန်မ​အရင်က​မတွေ့ဖူး​တဲ့ အမျိုးသမီး​တစ်ယောက် ကျွန်မ​ဆီ​ကို​ချဉ်းကပ်​ပြီး​ပြော​တယ်– “တခြား​ရွာမှာ​နေထိုင်တဲ့ ကျွန်မ​ရဲ့​ညီမ​က ရှင်တို့ ဘာသာဝင်​ပဲ။” အံ့သြတကြီး​နဲ့ “ဘယ်​ရွာမှာ​လဲ” လို့ ကျွန်မ​မေးလိုက်တယ်။

“အင်​ဒ​ရာ​နို​မာ​ဖာ​နာ” မှာ​လို့ သူ​ပြန်ဖြေ​တယ်။ အဲဒီ​ရွာ​ဟာ ဘီ​တို​ကို​လ် ၂ ရွာ​ကနေ မိုင် ၂၀ လောက်​ဝေးတယ်။

အဲဒီ​နေရာ​ဒေသမှာ​ရှိတဲ့ သက်သေခံတွေဟာ တစ်ယောက်​နဲ့​တစ်ယောက် အားလုံး​သိ​ကြ​တဲ့ အတွက်​ကြောင့် သူရဲ့​ညီမ​ဟာ တခြား​ဘာသာဝင်​တစ်ယောက်​ဖြစ်​ကောင်း​ဖြစ်​မယ်​လို့ အဲဒီ​အမျိုးသမီးကို ကျွန်မ​ပြော​တယ်။ ဒါပေမဲ့ အမျိုးသမီး​က​ငြင်းဆို​ခဲ့​ပြီး ဝတ်ပြုရာ​ကျောင်း​မှာ ကျွန်မ​ပြော​တုန်း​က ရှင်းပြ​ခဲ့​တာ​တွေ​နဲ့ တူညီ​တဲ့​အရာ​တွေ​ကို သူရဲ့​ညီမ​က​လည်း သူ့ကို​သင်​ပြ​ခဲ့​ဖူး​တယ်​ဆိုပြီး ပြော​တယ်။ အဲဒီ​ရွာကို ချက်ချင်း​သွားဖို့ ကျွန်မ​ထက်သန်​နေတဲ့​အတွက် အဲဒီ​အမျိုးသမီး ညီမ​ရဲ့​လိပ်စာ​နဲ့ နာမည်​ကို ကျွန်မ​တောင်း​လိုက်တယ်။ ဒါပေမဲ့ လမ်း​ကြမ်း​တဲ့ ခြေလျင်​ခရီး​ဖြစ်​တဲ့​အတွက် တစ်ရက်၊ နှစ်​ရက်​စောင့်​ဖို့ ကျွန်မ​ကို​အမေက တိုက်တွန်း​တယ်။ နှစ်​ရက်​ကြာပြီး​တဲ့​နောက်​မှာ အင်​ဒ​ရာ​နို​မာ​ဖာ​နာ​ရွာကို အစ်ကိုကြီး ချားလ်စ်​နဲ့​အတူ ကျွန်မ​သွားတယ်။

ကျွန်မ​တို့​ရောက်ရောက်ချင်း ရွာသား​တချို့​ကို မေးတယ်– “ဒီ​ရွာမှာ ယေဟောဝါသက်သေ​တွေ​ရှိကြသလား။” “ဒီ​ရွာမှာ ကက်သလစ်၊ ပင်​တီ​ကော့စ်​တဲ​လ်​နဲ့ အင်​ဒီ​ပဲ​န်ဒင့် အသင်း​တွေ​ပဲ​ရှိကြတယ်” လို့ သူတို့​ပြန်​ပြော​တော့ ကျွန်မ​အရမ်း​စိတ်ပျက်​သွားတယ်။

အဲဒီနောက်​မှာ​တော့ အမျိုးသမီး​တစ်ယောက်​လာပြီး ပြော​တယ်– “ရှင်တို့ ယေဟောဝါ​သက်သေတွေကို ရှာနေတယ်​ဆိုရင် မာ​ဆဲ​လင်း​နဲ့ သူရဲ့​မိသားစုကို ရှင်တို့​ရှာ​နေတာ​ဖြစ်​ကောင်း​ဖြစ်​လိမ့်မယ်။” ဒီ​နာမည်​ဟာ ကျွန်မ​ရှာ​နေတဲ့ နာမည်​ပါ​ပဲ!

လူတစ်ယောက်က မာ​ဆဲ​လင်း​ကို သွား​ခေါ်​တယ်။ မကြာခင်​မှာ အဲ့ဒီ​အမျိုးသမီး ရောက်လာ​ပေမဲ့လည်း နည်းနည်း​ကြောက်လန့်​နေ​ပုံ ရတယ်။ ကျွန်မ​တို့တွေ​ဟာ သူ့ကို စစ်ဆေး​မေးမြန်း​ဖို့ ရောက်လာ​ကြ​တဲ့ အရာရှိ​တွေ​လို့ သူတို့​ထင်မှတ်​ကြ​တဲ့​အတွက်​ကြောင့် တစ်ရွာလုံး စုရုံး​ရောက်ရှိ​လာကြတယ်။ သူတို့​မိသားစုဟာ ‘အယူမှား​ဘာသာ​တရား’ ကို ကိုးကွယ်​တဲ့​အတွက် ဒီ​ရွာမှာ ညှဉ်းပန်း​နှိပ်စက်​ခံ​ခဲ့​ကြရတယ်​ဆိုတာ နောက်​မှ ကျွန်မ​သိရတယ်။

မာ​ဆဲ​လင်း​က ကျွန်မ​တို့​စကားပြော​ဆိုနိုင်​မယ့် လူအုပ်နဲ့​နည်းနည်း​ဝေး​တဲ့​နေရာကို ကျွန်မတို့ကို ခေါ်​သွားတယ်။ ယေဟောဝါသက်သေ​တစ်ယောက် ဟုတ်မဟုတ် ကျွန်မ​သူ့ကို​မေးတဲ့အခါ သူ​သက်သေခံ​တစ်ယောက်​ဖြစ်​ကြောင်း ပြောပါ​တယ်။ အဲဒါနဲ့ ကင်းမျှော်စင်​မဂ္ဂဇင်း​ဟောင်း​တွေ​နဲ့​အတူ အစောပိုင်းမှာ ကျမ်းစာ​လေ့လာမှု​အထောက်အကူ​ပြု​အဖြစ် ယေဟောဝါသက်သေ​များ​အသုံးပြုခဲ့တဲ့ ထာဝရ​အသက်​သို့​ပို့ဆောင်သော​သမ္မာတရား စာအုပ်​တစ်အုပ်​ကို သူ​ယူလာခဲ့​တယ်။ စာအုပ်​အားလုံး​ဟာ ဟောင်းနွမ်း​နေပြီ။ “လွန်ခဲ့တဲ့ တနင်္ဂနွေ​မှာ ဘယ်​မဂ္ဂဇင်း​ကို လေ့လာ​ခဲ့​သလဲ” လို့ ကျွန်မ မေးလိုက်တယ်။

“ဒါတွေဟာ ကျွန်မ​တို့​မှာ​ရှိတဲ့​မဂ္ဂဇင်း​အကုန်ပဲ” လို့ သူ​ပြန်​ပြောလိုက်​ပြီး “အဲဒါတွေကို​ပဲ ထပ်ခါထပ်ခါ ပြန်​ပြီး​လေ့လာ​ရ​ပါ​တယ်။ အဲ့ဒီ​အချိန်​ကျ​မှ ကျွန်မ​လည်း သက်သေခံ​တစ်ယောက်​ဖြစ်​ကြောင်း မာ​ဆဲ​လင်း​ကို ပြောပြ​လိုက်တယ်။ သူ အရမ်းပျော်​သွားတယ်! သူတို့ရဲ့​အစည်းအဝေးတွေကို ဦးဆောင်​နေတဲ့​လူကို ကျွန်မ​တွေ့ချင်​တယ်လို့ ပြော​တဲ့​အခါမှာ အလှမ်းဝေး​တဲ့ တခြား​ဒေသမှာ အဲဒီ​လူနေ​ထိုင်​ကြောင်း သူ​ရှင်းပြ​ခဲ့​ပါ​တယ်။

အခြား​ကြည်နူး​ဖွယ်​ကောင်း​တဲ့ ရှာဖွေ​တွေ့ ရှိ​မှု

နောက်​တစ်နေ့​မှာ အဲဒီ​လူ​ဆီ သွား​လည်ပတ်​ဖို့ မာ​ဆဲ​လင်း​နဲ့ ကျွန်မ အတူတူ​ထွက်​ခဲ့​ကြတယ်။ ကျွန်မ​တို့​ရောက်တဲ့အခါ ကျွန်မတို့ကို​တွေ့​ရလို့ သူ​အရမ်း​အံ့သြ​ပြီး ဝမ်းသာ​နေပါတယ်။ တကယ်တော့ သူဟာ မိုင် ၁၂၀ ကျော်​ဝေး​တဲ့ အရှေ့မြောက်ဘက် တို​အာမာ​စီ​နာ​ကမ်းခြေ​မြို့ကနေ​လာတဲ့ သက်သေခံ​တစ်ယောက်​ဖြစ်​ကြောင်း သိလိုက်​ရတယ်။ သူဟာ မမျှော်လင့်​ဘဲ အလုပ်​ဖြုတ်​ခံရ​ပြီး​တဲ့​နောက်ပိုင်း သူနဲ့​သူ့​မိသားစုဟာ ဒီ​ရွာကို​အတင်းအကျပ်​ပြန်ပို့​ခြင်း​ခံ​ခဲ့​ရတာ နှစ်တွေ​အတော်ကြာ​ပြီ။ သူ​ပြန်​ရောက်တဲ့အခါ ဟောပြောခြင်း​လုပ်ငန်း​ကို​စတင်၊ ကျမ်းစာ​သင်အံမှု​တွေ​ကျင်းပ​ပြီး အစည်းအဝေးတွေကို​ပြုလုပ်​ခဲ့တယ်။

အဲဒီ​သက်သေခံ​နဲ့ သူ့​မိသားစုဟာ ကျွန်မ​နဲ့​အတူယူ​သွားတဲ့ နောက်ဆုံး​ထုတ် ကင်းမျှော်စင်​တွေ​ကို​တွေ့​လိုက်​ရလို့ အရမ်းပျော်​သွားတယ်။ အဲဒီ​အချိန်တုန်းက ကျွန်မ​တို့​ရဲ့​အဓိက​ကျမ်းစာ​သင်အံမှု​အထောက်အကူ​ပြု​အဖြစ် အသုံးပြု​ခဲ့​ကြ​တဲ့ သင်သည် ကမ္ဘာ့​ပရဒိသု​အတွင်း ထာဝစဉ်​အသက်ရှင်​နိုင်​သည် ဆို​တဲ့​စာအုပ်​ကိုလည်း သူတို့ကို​ပြ​ခဲ့တယ်။ အဲဒီ​စာအုပ်​ကို သူတို့​ပထမဦးဆုံး​အကြိမ် တွေ့ရ​ခြင်း​ပါ​ပဲ။ နောက်​လာမယ့် တနင်္ဂနွေ​နေ့မှာ သူတို့နဲ့အတူ အစည်းအဝေးတွေ​တက်ရောက်​ဖို့ အင်​ဒ​ရာ​နို​မာ​ဖာ​နာ​ကို ကျွန်မ​ပြန်​ခဲ့တယ်။ ဒီ​အုပ်စုငယ်​လေး ရှိနေတယ်​ဆိုတာ​ကို ဌာနခွဲရုံး​က မသိသေးတဲ့​အတွက် မြို့တော် အင်​တာ​နာနာ​ရီ​ဗို​ရှိ ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနခွဲရုံး​နဲ့ အဆက်အသွယ်​လုပ်ဖို့ သူတို့ကို ကျွန်မ​တိုက်တွန်း​ခဲ့​ပါ​တယ်။

၁၉၉၁ ခုနှစ်၊ ဇန်နဝါရီ​လ​က​စပြီး နောက်ဆုံး​ထုတ်​ကင်းမျှော်စင်​နဲ့ တခြား​စာအုပ်စာတမ်း​တွေ​ကို သူတို့​အတွက်​ယူသွား​ပေးဖို့ မဟာ​နို​ရို​ကနေ အင်​ဒ​ရာ​နို​မာ​ဖာ​နာ​ကို လတိုင်း​လို​လို ကျွန်မ​သွားတယ်။ မိုင် ၈၀ လောက်​ဝေး​တဲ့​ခရီး​ပဲ၊ ၅၅ မိုင်​ကျော်​ကို ခြေလျင်​လျှောက်​ရပြီး တောင်တက်​တောင်​ဆင်း​ခရီး​ကြမ်း​ဖြစ်တယ်၊ တောနက်ကြီး​တွေ​ထဲ ဖြတ်လျှောက်​ရတယ်၊ မိုးရွာ​ရင် ချော​ကျိ​နေတဲ့ ဗွက်နွံ​တွေ​ထဲမှာ ရု​န်း​သွားရတယ်။

စာအုပ်စာတမ်း​နဲ့ မဂ္ဂဇင်း​တွေ​ကို လိုချင်​တဲ့​သူ​အရေအတွက် ပို​ပို​များ​လာတဲ့​အတွက်​ကြောင့် ခရီး​အခေါက်​တိုင်း ကျွန်မ​ရဲ့​ဝန်​စ​ည်​စ​လယ်​ဟာ ပို​ပို​လေး​လာ​ပါ​တယ်။ ဒါပေမဲ့ ခရီး​လည်း​ဆိုက်​ရော ကျွန်မ​ရဲ့​ပင်ပန်းမှု၊ ကြွက်သား​နာကျင်​ကိုက်ခဲ​မှု​တွေ​ဟာ ဘယ်​ရောက်​ကုန်​မှန်း​မသိ​လောက်​အောင် အကြီးအကျယ်​ကျေနပ်မှု၊ ပျော်ရွှင်မှု​တွေ ခံစား​ရတယ်။ စာပေ​အသစ်တွေ​ကို ဝမ်းသာ​အားရ​လက်ခံ​ယူကြတာ၊ ကျမ်းစာ​သမ္မာတရား​အပေါ် သူတို့ရဲ့​တုံ့ပြန်မှု​ကို မြင်တွေ့ရ​တာ​ဟာ ကျွန်မ​အတွက် အင်မတန်​ပျော်ရွှင်​ကြည်နူး​စ​ရာ​ပါ!

အချိန်ပြည့်​ဓမ္မ​အမှုဆောင်ခြင်း

၁၉၉၂ ခုနှစ်၊ စက်တင်ဘာ​လ ၁ ရက်​နေ့မှာ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​များ​လို့ ယေဟောဝါသက်သေ​တွေ​ခေါ်​တဲ့ ရှေ့ဆောင်​တစ်ယောက်​အဖြစ် ကျွန်မ​ခန့်အပ်​ခံရ​ပါ​တယ်။ မဟာ​နို​ရို​မှာ ကျွန်မ ရှေ့ဆောင်​လုပ်​ပေမဲ့ ဘီ​တို​ကို​လ် ၂ မှာ​ရှိတဲ့ ကျွန်မ​ဆွေမျိုး​တွေ​နဲ့ အဆက်အသွယ် မပြတ်​ရှိနေတယ်။ နောက်တော့ စာရေး​ပြီး သူတို့ကို သင်အံမှု​စ​လုပ်တယ်၊ သူတို့ကို​ကူညီ​ဖို့ ရွာကို​ပြန်လာ​ပါ​လားလို့ တောင်းဆို​တယ်။ ကျွန်မ​က​တော့ အရန်​သင့်​ပါ​ပဲ၊ ဒါပေမဲ့ ကျမ်းစာ​လေ့လာ​ဖို့နဲ့ ဝိညာဉ်​ရေး​တိုးတက်အောင်​လုပ်ဖို့ သူတို့ အလေးအနက် ဆုံးဖြတ်ပြီး​ပြီ​လား​ဆိုတာ အရင်ဆုံး သေချာ​စေချင်တယ်။ ဒါ​ကြောင့် မဟာ​နို​ရို​မှာပဲ တော်​တော်​ကြာကြာ ရှေ့ဆောင်​ဆက်​လုပ်တယ်။

၁၉၉၃ ခုနှစ်​ကုန်ပိုင်း​လောက်​မှာ၊ အင်​တာ​နာနာ​ရီ​ဗို​မှာ နှစ်ပတ်​ကြာ ရှေ့ဆောင်​သင်တန်း​ကျောင်း တက်ခွင့်​ရခဲ့​ပါ​တယ်။ အဲဒီနောက်​မှာ​တော့ နိုင်ငံ​ရဲ့​ဘယ်​နေရာမှာ​မဆို ခန့်အပ်​ခံရ​နိုင်​တဲ့ အထူး​ရှေ့ဆောင်​တစ်ယောက်​အဖြစ် အသုံးတော်ခံ​ဖို့ ဖိတ်ခေါ်​ခံရ​ပါ​တယ်။ ဒါပေမဲ့ အနီးဆုံး​အသင်းတော်​ကနေ ဝေး​တဲ့​နေရာမှာ​နေထိုင်တဲ့ ဘီ​တို​ကို​လ် ၂ မှာ​ရှိတဲ့ ကျွန်မ​ဆွေမျိုး​တွေ​ကို ကူညီ​ချင်​တဲ့​အတွက်​ကြောင့် ဖိတ်ခေါ်ချက်​ကို လက်ခံဖို့ ခက်​နေတယ်။ ဒါ​ကြောင့် ကျွန်မ ရှေ့ဆောင်​လုပ်တဲ့​နေရာ​ဖြစ်​တဲ့ မဟာ​နို​ရို​ကိုပဲ ပြန်လာ​ခဲ့​ပါ​တယ်။

နောက်ဆုံး​မှာ​တော့ ယေဟောဝါသက်သေ​တွေ​ရဲ့ နယ်လှည့်​ကြီးကြပ်မှူး လာ​လည်ပတ်​တဲ့​အခါမှာ ကျွန်မ​ရဲ့​ဆွေမျိုး​တွေ​ဆီ​ပြန်​ပြီး​ကူညီ​ပေး​လို​ကြောင်း ကျွန်မ တောင်းဆို​လိုက်တယ်။ အဲဒီ​အချိန်တုန်းက အင်​ဒ​ရာ​နို​မာ​ဖာ​နာ​မြို့မှာ အသင်းတော်​တစ်ခု ရှိနေပြီ​လေ၊ ဘီ​တို​ကို​လ် ၂ ဒေသမှာ အသင်းတော်​နဲ့​ပူးပေါင်း​ပြီး ဟောပြော​နိုင်အောင်​ဆိုပြီး ကျွန်မ​ကို အဲဒီ​အသင်းတော်​သွားဖို့ သူ​အကြံပေး​ခဲ့​ပါ​တယ်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်​နေ့မှာ ခန့်အပ်​ခံ​ခဲ့​ရတယ်။ ဘာသာရေး​ဆရာ​တစ်ယောက်​ဖြစ်​တဲ့ ကျွန်မ​ရဲ့​အစ်ကို ပေါလ်​ဟာ အဲဒီ​လမှာ​ပဲ ခရိုင်​စည်းဝေးကြီး​တစ်ခု​ကို ကျွန်မ​နှင့်အတူ တက်ရောက်​ခဲ့​ပါ​တယ်။ မကြာခင် အင်​ဒ​ရာ​နို​မာ​ဖာ​နာ​မြို့မှာ အ​ယောက် ၃၀ တို့​ဟာ ဟောပြောခြင်း​လုပ်ငန်းမှာပါ​ဝင်လာ​ကြ​ပြီး တနင်္ဂနွေ​နေ့​ဆိုရင် ကျွန်မ​တို့​ရဲ့​အစည်းအဝေးတွေကို ပျမ်းမျှ ၆၅ ယောက် တက်တယ်။

မရပ်မနား ဆက်လျှောက်

ဘီ​တို​ကို​လ် ၂ ရွာကို ကျွန်မ​ပြန်ရောက်​ပြီး​မကြာခင်​မှာ ကျွန်မ​ရဲ့ မောင်နှမ​အရင်း လေးယောက်​တို့​ဟာ ယေဟောဝါသက်သေ​များ​အဖြစ် ဓမ္မ​အမှုမှာ​ပါဝင်​ဖို့ အရည်အချင်း​ပြည့်မီ​လာကြပြီး မကြာခင် နှစ်ခြင်း​ခံ​ခဲ့​ကြတယ်။ ဘီ​တို​ကို​လ် ၂ ကို ပြန်ပြောင်း​ပြီး​နောက်ပိုင်း စာအုပ်စာတမ်း​နှင့် မဂ္ဂဇင်း​တွေ​သွား​ယူဖို့ မိုင် ၃၀ ခြေလျင်​လျှောက်​ရတဲ့ အ​နို​စီ​ဘေ​အနာ​လာ​မြို့ကို ကျွန်မ​ပုံမှန် သွားတယ်။ အရမ်း​ကို​မောဟိုက်​တဲ့ ခရီး​တစ်ခု​ဖြစ်​ပေမဲ့လည်း အဲဒီ​ဒေသမှာ​ရှိတဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ ဝိညာဉ်​ရေး​တိုးတက်မှု​ကို​မြင်ရလို့ ပင်ပန်း​ရကျိုးနပ်​တဲ့​ပျော်ရွှင်မှု​ကို ကျွန်မ​ခံစားရ​ပါ​တယ်။

ဒီ​က​နေ့ ဘီ​တို​ကို​လ် ၂ ရွာမှာ တနင်္ဂနွေ​နေ့ အစည်းအဝေး​တက်ရောက်သူ ပျမ်းမျှ ၄၅ ယောက်​လောက်​ရှိတဲ့ တိုးတက်​နေတဲ့​အသင်းတော်​တစ်ခု ရှိ​နေပါ​ပြီ။ အခု​ဆိုရင် အဲဒီ​ဒေသမှာ​ရှိတဲ့ ကျွန်မ​ရဲ့​ဆွေမျိုးရင်းချာ အားလုံး​ဟာ ယေဟောဝါသက်သေ​တွေ ဖြစ်နေ​ပြီး အများစုဟာ မှန်မှန်ရှေ့ဆောင်​တွေ​ဖြစ်​ကြတယ်။ မောင်လေး​က အထူး​ရှေ့ဆောင်​ဖြစ်​နေပြီ။ ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်​နေ့မှာ ကျွန်မ​လည်း အထူး​ရှေ့ဆောင်​တစ်ယောက်​အဖြစ် ခန့်အပ်​ခံရ​ပြီး အင်​တာ​န​မ်ဘို-မာန​မ်​ပို​စီး ရွာမှာ တာဝန်ကျ​တယ်။ ဒါပေမဲ့ ဘီ​တို​ကို​လ် ၂ ရွာ​ကနေ ပျော်ရွှင်စွာ​နဲ့ ထွက်သွား​ခဲ့​ပါ​တယ်။

၁၉၈၇ ခုနှစ်၊ ကျွန်မ​ကျမ်းစာ​အမှန်တရား လေ့လာ​ခဲ့​တဲ့​အချိန်တုန်းက မာ​ဒါ​ဂါ​စ်​ကာ​နိုင်ငံ​မှာ သက်သေခံ ၃၀၀၀ မပြည့်​သေး​ဘူး။ အခု​အချိန်​မှာ​တော့ ၁၄,၀၀၀ ကျော်​နေပါ​ပြီ။ ဒီ​များပြား​လှတဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​လို​ပါ​ပဲ အခြားသူ​တွေ​ကို ကူညီ​ဖို့ “မိုင်​ပို သွား” ပြီး ကျွန်မ​ရဲ့​ခွန်အား​တွေ​အသုံးပြု​ဖို့ အခွင့်အရေး​ရတဲ့​အတွက် ကျေးဇူး​တင်​ပါ​တယ်။ ဒီလို​လုပ်ဆောင်ရာမှာ ကျွန်မ​ရဲ့​ကြိုးစား​အားထုတ်မှု​တွေ​ကို ကောင်းချီး​ပေး​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​ပါ​တယ်။

[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံများ]

မိုင် ၄၀ ကျော်​ဝေး​တဲ့ ကျွန်မ​ရဲ့​နေရင်း​ရွာကို သွားရာတွင် ၃၅ ပေါင်​ကျော်​လေး​တဲ့​ပစ္စည်း​တွေ​ကို အမြဲ​သယ်ဆောင်​ခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကျွန်မ​အစ်ကို ပေါလ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်မ​အစ်ကို ချားလ်စ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်မ​ရဲ့​တချို့သော​မိသားစုဝင်​တွေ​နဲ့​အတူ။ သူတို့​အားလုံး​ဟာ ယေဟောဝါသက်သေ​တွေ​ဖြစ်​ကြ