မိကျောင်းတစ်ကောင်ကို ပြုံးပြနိုင်မည်လော
မိကျောင်းတစ်ကောင်ကို ပြုံးပြနိုင်မည်လော
အိန္ဒိယနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
မိကျောင်းတစ်ကောင်ကို ပြုံးပြဖို့စဉ်းစားဖူးသလော။ ပီတာပဲန် ကလေးများပုံပြင်၏ တေးတစ်ပုဒ်တွင် ဇာတ်ကောင်ကပ္ပီတန် ဟွတ်က “မိကျောင်းကို ဘယ်တော့မှ မပြုံးပြပါနဲ့” ဟု အကြံပေးရသည့်အကြောင်းရင်းကို ပြောပြသည်။ သူက မိကျောင်းဟာ “မင်းတို့ကို သူ့ဗိုက်ထဲ ဘယ်လိုဆံ့အောင်သွင်းရမလဲဆိုပြီး စဉ်းစားနေတယ်” ဟုဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် မိကျောင်းအမျိုးအစား များစွာရှိသည့်အနက် အချို့သည် လူသားများကို တိုက်ခိုက်တတ်သည်မှန်သော်လည်း “ယေဘုယျအားဖြင့် မိကျောင်းတွေဟာ လူသားစားသတ္တဝါတွေလို့ ယူမှတ်နိုင်လောက်အောင် မကြာခဏတိုက်ခိုက်တတ်တာမျိုး မရှိပါဘူး။” (ဗြိတဲန်နီကာစွယ်စုံကျမ်း) အရုပ်ဆိုးဆိုး၊ ကြောက်စရာကောင်းသော သတ္တဝါများအဖြစ် လူတချို့ရှုမြင်ကြသည့် မိချောင်းများသည် အခြားသူတို့အတွက်မူ ညှို့အားကောင်းနေသည်။ အိန္ဒိယနိုင်ငံ၏ဒေသခံမိကျောင်း ၃ မျိုးဖြစ်သော ရေငန်မိကျောင်း၊ မဂ်ဂါနှင့် ဂယ်ဗီယာတို့ကို အနီးကပ်လေ့လာကြည့်ကြစို့။
ကြီးမားလှသော “စော့လ်တီ”
ကမ္ဘာပေါ်တွင် အကြီးဆုံးတွားသွားသတ္တဝါဖြစ်သော မြစ်ဝကျယ် သို့မဟုတ် ရေငန်မိကျောင်းများသည် ၂၃ ပေကျော် ရှည်နိုင်ပြီး အလေးချိန် ပေါင် ၂,၀၀၀ အထိ ကြီးနိုင်ပါသည်။ ရေငန်တွင် အများဆုံးတွေ့ရသော ဤမိကျောင်းတို့ကို အိန္ဒိယမှသည် ဩစတြေးလျမြောက်ပိုင်းအထိ ကမ်းရိုးတန်း၊ မြစ်ဝများနှင့် ပင်လယ်များတစ်လျှောက် လမုတောရွှံ့နွံများတွင် တွေ့ရတတ်သည်။ အသားစားသတ္တဝါဖြစ်သောကြောင့် ၎င်းတို့သည် ကြွက်၊ ဖား၊ ငါး၊ မြွေ၊ ကဏန်း၊ လိပ်နှင့် သမင်ဒရယ်များကို အနည်းငယ်စားကြပြီး မိကျောင်းအထီးကြီးများသည် တစ်ရက်လျှင် ပျမ်းမျှ ၁၈ မှ ၂၄ အောင်စ (၃၅ ကျပ်သားမှ ၅၀ သား) အထိသာ စားကြသည်။ နေပူဆာလှုံ သို့မဟုတ် ရေစုန်ရေဆန်မျောကာ စိတ်အေးလက်အေးနေတတ်သည်သာမက အစာခြေစနစ်ကောင်းပိုင်ဆိုင်ထားသဖြင့်လည်း စွမ်းအင်လိုအပ်မှုကို လျော့နည်းစေသည်။ ကြီးမားသော “စော့လ်တီ” သည် သတိမထားသောလူကို တစ်ခါတစ်ရံ ရန်မူတိုက်ခိုက်တတ်သည်။ စော့လ်တီများသည် နှာခေါင်းနှင့်မျက်လုံးများကိုဖော်၍ ကိုယ်ခန္ဓာကို ရေအောက်မြုပ်ကာ အမြီးယမ်းပြီး ရေကူးတတ်ကြသည့်ပြင် ၎င်းတို့၏တိုသောခြေထောက်များနှင့်လည်း လျှောက်သွားတတ်ကြသည်။ အစာကို ခုန်ဖမ်းစားနိုင်သည့်ပြင် တစ်ခါတစ်ရံ သားကောင်နောက် တစ်ဟုန်ထိုးလိုက်တတ်ကြောင်း နာမည်ကြီးသည်။ အခြားမိကျောင်းအားလုံးကဲ့သို့ပင် အနံ့ခံ၊ အမြင်နှင့်အကြားအာရုံတို့ ကောင်းကြသည်။ စော့လ်တီမိကျောင်းအထီးသည် မိတ်လိုက်ချိန်တွင် မိမိတို့၏ပိုင်နက်ကို ခက်ထန်စွာစောင့်ကြပ်တတ်ပြီး စော့လ်တီအမသည်လည်း ဥချချိန်တွင် အလားတူ ခက်ထန်စွာ စောင့်ကြပ်နေတတ်သည်။
သစ္စာနှံ မိခင်များ
မိကျောင်းအမသည် များသောအားဖြင့် သစ်ရွက်သစ်ကိုင်းခြောက်များနှင့် ရွှံ့နွံများရှိရာ ရေစပ်တွင် အသိုက်လုပ်လေ့ရှိသည်။ ဘဲဥပုံရှိသောအခွံမာဥ အလုံး ၁၀၀ အထိဥတတ်ပြီး ဥများကို ဖုံးကာ သားရဲတိရစ္ဆာန်များရန်မှ စောင့်ကြပ်ပေးတတ်သည်။ အသိုက်ကို ရေပက်ဖျန်းပေးခြင်းဖြင့် ဖုံးထားသည့် သစ်ရွက်သစ်ခက်များကို ဆွေးမြေ့မှုမြန်စေသည်၊ သို့ဖြင့် ဥများကို အပူဓာတ်ရရှိစေသည်။
ယခု စိတ်ဝင်စားစရာကောင်းသောအရာ ဖြစ်ပျက်လေတော့သည်။ ဥတစ်လုံးစီ ရရှိသောအပူရှိန်ပေါ်မူတည်၍ ပေါက်လာသည့်အခါ အထီးအမကွဲသွားသည်။ မြင်ယောင်ကြည့်ပါလေ! ၈၂ နှင့် ၈၈ ဒီဂရီ ဖာရင်ဟိုက်ကြား အပူရှိန်ရသောဥများသည် ရက်ပေါင်း ၁၀၀ ခန့်ကြာသော် အမများပေါက်ဖွားလာပြီး အပူချိန် ၉၀.၅ ဒီဂရီ ဖာရင်ဟိုက်ရရှိသောဥများမှ ၆၄ ရက်အတွင်း အထီးများပေါက်လာသည်။ အပူချိန် ၉၀.၅ နှင့် ၉၁ ဒီဂရီ ဖာရင်ဟိုက်ကြား အပူရှိန်ရသောဥများသည် အထီးဖြစ်စေ၊ အမဖြစ်စေ ပေါက်စေနိုင်သည်။ ရေစပ်ဘက်တစ်ခြမ်း၊ နေဘက်တစ်ခြမ်းမျက်နှာမူဆောက်ထားသောအသိုက်မှ အပူဘက်တွင် အထီးများပေါက်ပြီး အအေးဘက်တွင် အမများ ပေါက်လာနိုင်သည်။
မိခင်သည် မြည်သံများကြားသောအခါ အသိုက်တွင်အုပ်ထားသောအရာကို ဖယ်ရှားပစ်လိုက်သည်၊ တစ်ခါတစ်ရံတွင် မိချောင်းငယ်၏ နှာတံထိပ်အချွန်ကလေးဖြင့် ဥကိုဖောက်၍မထွက်နိုင်လျှင် ထိုဥများကို ဖောက်ပေးတတ်သည်။ မိခင်မိကျောင်းသည် မိကျောင်းငယ်များကို ၎င်း၏ကြီးသောမေးရိုးများဖြင့် အလွန်ညင်သာစွာပင့်ကော်ပြီး လျှာအောက် အခွက်ထဲထည့်ကာ ကမ်းစပ်သို့ သယ်သွားသည်။ မိကျောင်းငယ်များသည် ပေါက်ဖွားသည်နှင့် မိမိ ဘာသာရပ်တည်လာပြီး အင်းဆက်များ၊ ဖားများနှင့် ငါးကလေးများကို ချက်ချင်း ရှာဖွေစားသောက်တတ်သည်။ သို့ရာတွင် သားငယ်ကို ကာကွယ်ပေးတတ်သော တချို့မိခင်မိကျောင်းများသည် ရွှံ့နွံများထဲတွင် ပြုစုစောင့်ရှောက်သည့် နေရာများဖန်တီးပြီး လအတော်ကြာကြာ အနီးကပ်စောင့်ရှောက်ပေးတတ်သည်။ ထိုနေရာများတွင် ဖခင်မိကျောင်းများကလည်း မိကျောင်းငယ်များကို ကာကွယ်စောင့်ရှောက်တတ်ကြသည်။
မဂ်ဂါနှင့် နှာခေါင်းရှည်ဂယ်ဗီယာ
မဂ်ဂါခေါ် ရွှံ့နွံမိကျောင်းနှင့် ဂယ်ဗီယာတို့သည် အိန္ဒိယတိုက်ငယ်တွင် အများဆုံးတွေ့ရသည်။ အိန္ဒိယနိုင်ငံတစ်လျှောက် ရေကြည်သောရွှံ့တောများ၊ အင်းအိုင်များနှင့် မြစ်များတွင် တွေ့ရတတ်သော ၁၃ ပေခန့်ရှည်သည့် ရွှံ့နွံမိကျောင်းသည် မိကျောင်းများတွင် အတိုဆုံးဖြစ်သည်။ သတ္တဝါငယ်များကို ခွန်အားကြီးသောမေးရိုးများနှင့် ကိုက်ဖမ်း၊ ရေထဲဆွဲနှစ်ကာ စားနိုင်သည်အထိ ကြေမွသွားအောင် သားကောင်ကို ခါရမ်းတတ်သည်။
မဂ်ဂါမိကျောင်းများသည် မည်သို့မိတ်လိုက်ကြသနည်း။ မိကျောင်းထီးသည် ကြင်ဖော်ရှာချိန်တွင် မေးရိုးများနှင့် ရေပြင်ကို ဗြန်းခနဲရိုက်ရင်း မာန်ဖီသံပြုသည်။ နောက်ပိုင်းတွင် အမများနှင့်ပူးတွဲ၍ အသိုက်စောင့်တာဝန်ယူကာ ဥများမှ သားပေါက်လာရေးတွင်လည်း ကူညီပေးပြီး အကောင်ပေါက်များနှင့် အချိန်အတော်ကြာကြာ အတူနေတတ်ကြသည်။
ရှားပါးသည့်မိကျောင်းမှန်မဟုတ်သော ဂယ်ဗီယာသည် နည်းအမျိုးမျိုးဖြင့် ထူးခြားသည်။ ၎င်းတို့၏အဓိကအစာဖြစ်သောငါးများဖမ်းရာတွင် ထိရောက်သည့် အလွန်ရှည်လျားသေးသွယ်သောမေးရိုးများရှိခြင်းကြောင့် လွယ်ကူစွာမှတ်မိနိုင်သည်။ ရေငန်မိကျောင်းလောက်ရှည်သော်လည်း ဂယ်ဗီယာတို့သည် လူသားများကို ရန်မူတတ်ကြောင်း မကြားသိရပေ။ ချောသောခန္ဓာကိုယ်ကြောင့် အိန္ဒိယမြောက်ပိုင်းရှိ အလွန်နက်သော ရေစီးသန်သည့်မြစ်များတွင် လျင်မြန်စွာကူးခတ်သွားနိုင်သည်။ ဂယ်ဗီယာအထီးသည် မျိုးပွားကာလအတွင်း နှုတ်သီးထိပ်တွင် အဖုလုံးလုံးတစ်ခု ပေါ်ထွက်လာသည်။ ဤအရာက အမများကို ဆွဲဆောင်ရာတွင် ပုံမှန်မြည်သံကို ပို၍ကျယ်စေသည်။
ဂေဟစနစ်တွင် ၎င်းတို့၏ အခန်းကဏ္ဍ
မိကျောင်းများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မည်မျှအရေးပါသနည်း။ မြစ်ချောင်း အင်းအိုင်များနှင့် အနီးအနားအရပ်ရှိ ငါးနှင့် တိရစ္ဆာန်အသေကောင်များကို ရှင်းလင်းပေးသူများဖြစ်ကြသည်။ ယင်းက ရေသန့်ရှင်းမှုစနစ်ကို အကူအညီဖြစ်စေသည်။ အန္တရာယ်ပေးသူများအနေနှင့်မူ ၎င်းတို့သည် အားနည်း၊ အနာတရဖြစ်ကာ ချူချာသောအကောင်များကို အဓိကပစ်မှတ်ထားကြသည်။ လူတို့၏အဓိကစီးပွားဖြစ်ငါးများဖြစ်သော ငါးကြင်းငါးသိုင်းမျိုးနှင့် တီလာပီးယားတို့ကို ဖမ်းယူစားသုံးသည့် အသားစားငါးခူမျိုးများကို ဤမိကျောင်းတို့က စားပစ်ကြသည်။
အသက်ရှင်ရပ်တည်ရေး ရုန်းကန်ကြိုးစား—ဖွတ်ငိုလိပ်ငိုမဟုတ်
လူတစ်ဦး မိကျောင်း မျက်ရည်ကျသည် (ဖွတ်ငိုလိပ်ငို ငိုနေသည်) ဟူသည့်အဆိုကို သင်ကြားဖူးသလော။ ဝမ်းနည်းဟန်ဆောင်ငိုပြခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် မိကျောင်းမျက်ရည်များသည် ခန္ဓာကိုယ်ရှိ ပိုလျှံနေသောဆားများကို ထုတ်ပစ်ခြင်းဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၌ မိကျောင်းများသည် ယခင်အရေအတွက်၏ ၁၀ ရာခိုင်းနှုန်းခန့်ဖြစ်သော ထောင်ဂဏန်းအနည်းငယ်သာ ကျန်ရှိပါတော့သည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့၏စားကျက်များကို လူတို့ကျူးကျော်သိမ်းပိုက်လိုက်ကြပြီး နုနယ် အားနည်းသော အိမ်မွေးတိရစ္ဆာန်များအတွက် အန္တရာယ်ကောင်များဟု ယူမှတ်ကာ သတ်ပစ်ကြသောကြောင့်ဖြစ်သည်။ လူများစွာသည် မိကျောင်း၏အသားနှင့် ဥများကို နှစ်ခြိုက်စွာစားသုံးတတ်ကြသည်။ မိကျောင်း၏ ကတိုးရည်စိမ့်ထွက်သော ဂလင်းများကို ရေမွှေးပြုလုပ်ရာတွင် အသုံးပြုသည်။ ၎င်းပြင်၊ ရေကာတာတည်ဆောက်ခြင်းနှင့် ရေညစ်ညမ်းမှုများကြောင့် မိကျောင်းအရေအတွက်ကို လျော့နည်းစေသည်။ သို့သော် မိကျောင်းမျိုးသုဉ်းစေမည့်အရာမှာ ၎င်းတို့၏အရေခွံကို လိုချင်ကြသောကြောင့်ဖြစ်သည်။ မိကျောင်းသားရေဖြင့်ပြုလုပ်သော ရှူးဖိနပ်၊ လွယ်အိတ်၊ ခရီးဆောင်အိတ်၊ ခါးပတ်နှင့် အခြားပစ္စည်းများသည် လှပပြီး တာရှည်ခံသည့်အပြင် အလွန်နှစ်သက်ဖွယ်ကောင်းပါသည်။ ဤခြိမ်းခြောက်မှုများရှိသေးသော်ငြား မကြာသေးမီက ထိန်းသိမ်းစောင့်ရှောက်ရေး စီမံချက်များသည် အတော်ပင်အောင်မြင်နေရာ မကြာမီ အိန္ဒိယနိုင်ငံတွင် မိကျောင်းလွန်စွာများလာနိုင်ဖွယ်ရှိသည်!—ဤစာမျက်နှာရှိ လေးထောင့်ကွက်ကိုကြည့်။
ပြုံးပြဖို့ သတိရပါ!
ယခုတွင် မိကျောင်းမျိုးစုဝင်အချို့နှင့် ပို၍ရင်းနှီးကျွမ်းဝင်သွားပြီဖြစ်ရာ ၎င်းတို့အပေါ် သင်မည်သို့ မြင်သနည်း။ အပျက်သဘောပျောက်ကာ စိတ်ဝင်စားစရာဖြစ်လာပြီဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ကမ္ဘာတစ်ဝန်း များစွာသောတိရစ္ဆာန်ချစ်သူများသည် ဧရာမစော့လ်တီများကိုပင် ကြောက်လန့်စရာမလိုတော့မည့်အချိန်ကို မျှော်လင့်စောင့်စားကြသည်။ တွားသွားတိရစ္ဆာန်များ၏ဖန်ဆင်းရှင်သည် ကမ္ဘာမြေကို အသစ်ပြုပြင်သောအခါ မိကျောင်းအားလုံးကို ကျွန်ုပ်တို့ပြုံးပြနိုင်ကြလိမ့်မည်။—ဟေရှာယ ၁၁:၈၊ ၉။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မဒရပ်စ် မိကျောင်းစခန်း
တောရိုင်းထဲတွင် မိကျောင်းအနည်းငယ်သာ ကျန်ရှိတော့ကြောင်း လေ့လာဆန်းစစ်မှုမှ တွေ့ရှိရပြီးနောက်ပိုင်း ၁၉၇၂ ခုနှစ်၌ မဒရပ်စ်မြွေဥယျာဉ်တွင် မိကျောင်းထိန်းသိမ်းစောင့်ရှောက်ရေးကို စတင်ဆောင်ရွက်လေသည်။ မဒရပ်စ်မိကျောင်းစခန်းသည် အိန္ဒိယနိုင်ငံရှိ တွားသွားတိရစ္ဆာန် ဌာနေ ၃၀ ကျော်တွင် သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံးဖြစ်သည်။ ၎င်းကို တွားသွားတိရစ္ဆာန်ပညာရှင် ရမ်ရာလပ်စ်ဝစ်တာကာ ဆိုသူက ၁၉၇၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ကိုရိုမန်ဒဲလ် ကမ်းရိုးတန်းရှိ ရှစ်ဧကခွဲကျော်ကျယ်သည့် ဤစခန်းသည် လှပသောငှက်များနှင့် အင်းဆက်များကိုဆွဲဆောင်နိုင်သော သစ်ပင်မျိုးစိတ်ပေါင်း ၁၅၀ နှင့် ဂုဏ်ယူဝင့်ကြွားလျက်ရှိသည်။
မိကျောင်းများနှင့် ဂယ်ဗီယာများသည် လှောင်အိမ်ထဲ သားပေါက်ပြီးနောက် စိမ့်မြေနှင့် မြစ်များထဲသို့ ပြန်လွှတ်သည် သို့မဟုတ် အခြားသားဖောက်ရာ သုတေသနဌာနများသို့ လက်လွှဲပေးသည်။ ဤစခန်း၌ တစ်ကြိမ်တွင် မိကျောင်းသားပေါက် ၂,၅၀၀ ကျော်ကို စောင့်ရှောက်ထားနိုင်သည့် နေရာရှိပြီး မိကျောင်းသားပေါက်များကို ကန်ငယ်များတွင်ထည့်ကာ နေ့စဉ်ဒေသခံငါးဖမ်းသမားများထံမှ ငါးများကို တုံး၍ကျွေးသည်။ ငါး သို့မဟုတ် နုနယ်သော တွားသွားအကောင်ငယ်များကို ထိုးသုတ်တတ်သည့် ငှက်ရဲများရန်မှကာကွယ်ရန် ကန်ငယ်များကို ပိုက်များဖြင့်အုပ်ထားသည်။ ကြီးထွားလာသည်နှင့်အမျှ ကန်ကြီးသို့ ပြောင်းရွှေ့လိုက်သည်၊ ထိုတွင် အရှည် လေး၊ ငါးပေရှိသော သုံးနှစ်ခန့်အရွယ်ရောက်လာသည်အထိ ငါးတစ်ကောင်လုံးကို ကျွေးသည်၊ ထို့နောက် အသားထုတ်လုပ်ရေးကုမ္ပဏီများ၏ စွန့်ပစ်အမဲသားများကို ကျွေးသည်။ ဤစခန်းတွင် မူလက အိန္ဒိယဒေသခံမိကျောင်း ၃ မျိုးကိုသာ သားဖောက်သော်လည်း ယခုနောက်ထပ်မျိုးစိတ် ၇ မျိုးရှိနေပြီး တဖြည်းဖြည်းနှင့် သိထားသောမျိုးစိတ် ၁၂ မျိုးစလုံး စုဆောင်းထားဖို့ စီစဉ်နေသည်။ မိကျောင်းအရေခွံနှင့် မိကျောင်းသားအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းသည် ဆွေးနွေးဆဲဖြစ်သည်။ နိုးလော့!အား ဝစ်တာကာပြောသည့်အရဆိုလျှင် မိကျောင်းသားသည် ရသာထူးပြီး ကိုလက်စထရောကျစေသည်။ အောင်မြင်သော ထိန်းသိမ်းစောင့်ရှောက်ရေးကြောင့် ဤကြီးမားသောသတ္တဝါများသည် မျိုးသုဉ်းလုဆဲဆဲဖြစ်ရာမှ ပိုလျှံသည့်အဆင့်ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ ခရီးသွားဧည့်သည်အတော်များများကို ဆွဲဆောင်သော မဒရပ်စ်မိကျောင်းစခန်းကလည်း မိကျောင်းနှင့်ပတ်သက်သော အမြင်မှားများကို တိုက်ထုတ်ပစ်ပြီး အမြင်မှန်များတိုးလာစေဖို့ ရည်ရွယ်ထားသည်။
[Credit Line]
Romulus Whitaker, Madras Crocodile Bank
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကြီးမားသော “စော့လ်တီ”
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မေးရိုးများဖြင့် မိမိသားငယ်ကို သယ်ယူနေသော ရေငန်မိကျောင်းမတစ်ကောင်
[Credit Line]
© Adam Britton, http://crocodilian.com
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မဂ်ဂါ
[Credit Line]
© E. Hanumantha Rao/Photo Researchers, Inc.
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
နှာခေါင်းရှည် ဂယ်ဗီယာ