မိခင်တို့ရင်ဆိုင်ရသော စိန်ခေါ်ချက်များ
မိခင်တို့ရင်ဆိုင်ရသော စိန်ခေါ်ချက်များ
“လူတို့၏အခြေခံအကျဆုံးတာဝန်များသည် မိသားစုတာဝန်များနှင့် ဆက်နွှယ်နေသည်။ . . . မိခင်ဖြစ်သူက တာဝန်မကျေလျှင် နောက်မျိုးဆက်ဟူ၍ရှိမည်မဟုတ်၊ ရှိလျှင်လည်း မရှိသည်ကမှ သာ၍ကောင်းလိမ့်မည်။”—သီအိုဒေါရ် ရုစဗဲ့လ်တ်၊ ၂၆ ယောက်မြောက်အမေရိကန်သမ္မတ။
မိခင်တစ်ဦးသည် လူ့ဘဝအတွက် မရှိမဖြစ်သည်မှာ ရှင်းနေပါသည်၊ သို့သော် မိခင်၏အခန်းကဏ္ဍတွင် သားသမီးမွေးဖွားပေးခြင်းထက်မက ပါဝင်သည်။ ယနေ့ ကမ္ဘာ့ဒေသအများစုရှိ မိခင်တို့၏အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ စာရေးဆရာတစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “မိခင်သည် ကလေးတစ်ဦးစီ၏ကျန်းမာရေး၊ ပညာရေး၊ ဉာဏ်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ စရိုက်နှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးတို့ကို အဓိကကာကွယ်ပေးသူဖြစ်သည်။”
မိခင်တစ်ဦး၏တာဝန်များစွာအနက်တစ်ခုမှာ သားသမီးများအား ပညာသင်ကြားပေးရေးဖြစ်၏။ များသောအားဖြင့် ကလေးတစ်ဦး ပထမဆုံးပြောလိုက်သည့် စကားလုံးများနှင့် စကားပြောဆိုပုံတို့သည် မိခင်ထံမှ သင်ယူတတ်မြောက်ခြင်းဖြစ်သည်၊ ထို့ကြောင့် လူတစ်ဦး၏ပထမဆုံးဘာသာစကားကို မိခင်ဘာသာစကားဟု ခေါ်လေ့ရှိကြ၏။ ယေဘုယျအားဖြင့် ဖခင်ဖြစ်သူထက် မိခင်ဖြစ်သူက သားသမီးများအား နေ့စဉ် အချိန်ပိုပေးသည်၊ သို့ဖြစ်၍ မိခင်သည် သားသမီးများ၏ အဓိကဆရာ၊ အဓိကသွန်သင်ပဲ့ပြင်ပေးသူလည်း ဖြစ်ပေသည်။ သို့ဖြစ်၍ ဆိုရိုးစကားတွင် “ပညာရင်နို့ သောက်စို့သည်” ဟူ၍ မိခင်များ၏အခန်းကဏ္ဍကို ဂုဏ်တင်ထားသည်။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကလည်း မိခင်များကို ဂုဏ်တင်ပါသည်။ စင်စစ် ‘ဘုရားသခင်၏လက်ညှိုးတော်’ ဖြင့် ကျောက်ပြားပေါ် ရေးသားထားသော ပညတ်တော်ဆယ်ပါးအနက်တစ်ပါးတွင် “သင့် မိဘကို ရိုသေစွာပြုလော့” ဟူ၍သားသမီးများအား တိုက်တွန်းထား၏။ (ထွက်မြောက်ရာ ၂၀:၁၂; ၃၁:၁၈; တရားဟောရာ ၉:၁၀) ထို့အပြင် “အမိ၏တရား” ဟူ၍ နယပုံပြင်ကျမ်းက ဆို၏။ (သု. ၁:၈) မိခင်၏စောင့်ရှောက်မှုအများဆုံးရရှိထားသည့် ပထမသုံးနှစ်အတွင်း သားသမီးများကို သွန်သင်ပေးခြင်းသည် အရေးကြီးကြောင်း ယခုအခါ လူအများ အသိအမှတ်ပြုနေကြပေပြီ။
စိန်ခေါ်ချက်အချို့ကား အဘယ်နည်း
မိခင်အများစုအတွက် အရေးပါသော ပုံသွင်းခိုက်နှစ်များအတွင်း မိမိတို့၏သားသမီးများအား သွန်သင်ပေးဖို့ စိန်ခေါ်ချက်တစ်ခုမှာ မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လမ်းမှ အလုပ်လုပ်ဖို့ ဖိအားရှိနေခြင်းဖြစ်သည်။ ကုလသမဂ္ဂမှ စုဆောင်းထားသည့် စာရင်းအင်းများက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သုံးနှစ်အောက်ကလေးများ၏မိခင် ထက်ဝက်ကျော်သည် အလုပ်လုပ်ကိုင်ကြရသည်ဟု ဖော်ပြသည်။
ထို့အပြင် ခင်ပွန်းသည်များက တစ်နယ်တစ်ကျေးသို့ အလုပ်ရှာထွက်ခြင်းကြောင့် မိခင်များစွာခမျာ သားသမီးပျိုးထောင်ရသည့် ဝန်ထုပ်ကြီးကို ထမ်းကြရသည်။ ဥပမာ၊ အာမေးနီးယားဒေသတချို့တွင် အမျိုးသား သုံးပုံတစ်ပုံသည် အလုပ်ရှာရန် တိုင်းတစ်ပါးသို့ထွက်ခွာကြသည်ဟု သတင်းများက ဖော်ပြသည်။ အခြားမိခင်တို့မှာ ခင်ပွန်းက စွန့်ပစ်သွားခြင်း၊ ခင်ပွန်းသေဆုံးသွားခြင်းတို့ကြောင့် သားသမီးများကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်ကြရသည်။
နိုင်ငံအချို့တွင် မိခင်များစွာအတွက် စိန်ခေါ်ချက်တစ်ခုမှာ ပညာမတတ်ကြခြင်းဖြစ်သည်။ စာမတတ်သည့် ကမ္ဘာ့လူဦးရေ ၈၇၆ သန်းအနက် သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာနက ခန့်မှန်းထားသည်။ ယူနက်စကိုအရ အာဖရိကတိုက်၊ အာရပ်နိုင်ငံများ၊ အာရှအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် အမျိုးသမီး ၆၀ ရာခိုင်နှုန်းမှာ စာမတတ်ကြချေ။ ထို့အပြင် အမျိုးသားများစွာက အမျိုးသမီးများ ပညာဆည်းပူးခြင်းသည် မလိုအပ်သည့်အပြင် ၎င်းတို့၏သားသမီးမွေးမြူရေးတာဝန်နှင့် အပ်စပ်မှုမရှိဟူ၍ပင် ယူဆနေကြသည်။
အများအားဖြင့် အသက် ၁၅ နှစ်အရွယ်တွင် မိခင်များဖြစ်ကြသည့် မိန်းကလေးများနေထိုင်ရာ အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်၏ ခရိုင်တစ်ခုတွင် မည်သူမျှ ပညာတတ်သတို့သမီးကို အလိုမရှိကြဟု အောက်လုခ်မဂ္ဂဇင်းက ဖော်ပြထား၏။ အိမ်နီးချင်းပါကစ္စတန်နိုင်ငံတွင် သားယောက်ျားများကို ဦးစားပေးကြ၏။ ၎င်းတို့အား ပျိုးထောင်ခြင်းသည် အသက်ကြီးချိန်တွင် မိဘများကို ထောက်ပံ့နိုင်ရန် လစာကောင်းသောအလုပ်များရရှိဖို့ ပြင်ဆင်ပေးခြင်းဖြစ်သည်။ တစ်ဖက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသမီးများ၏ပညာရေးစာအုပ်အရ “သမီးမိန်းကလေးများထံမှ မိသားစုအတွက် ငွေကြေးအထောက်အပံ့ရရန် မိဘများ မျှော်လင့်မထားကြ၍ သမီးများအတွက် ငွေကြေးအကုန်အကျ မခံကြချေ။”
ထို့အပြင် ဒေသထုံးတမ်းစဉ်လာများနှင့်ပတ်သက်သည့် စိန်ခေါ်ချက်လည်း ရှိသည်။ သာဓကအနေနှင့် နိုင်ငံတချို့တွင် အိမ်ထောင်ပြုရန် ရောင်းစားခြင်း၊ မိန်းမကိုယ် ဖြတ်တောက်ခြင်းအစရှိသော ထုံးစံများကို မိခင်ဖြစ်သူက ထောက်ခံပေးဖို့ မျှော်လင့်ကြသည်။ မိခင်များက သားများအား သွန်သင်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်း မပြုရဟူသည့် တားမြစ်ချက်ကလည်း ရှိသေးသည်။ မိခင်တစ်ဦးသည် ထိုသို့သောဓလေ့ထုံးစံများကို လိုက်နာပြီး မိမိ၏သားများကို အခြားသူများလက်ထဲတွင် ဝကွက်အပ်ထားသင့်ပါသလော။
နောက်ဆောင်းပါးများတွင် အဆိုပါစိန်ခေါ်ချက်များကို မိခင်တချို့က မည်သို့ရင်ဆိုင်ကျော်လွှားခဲ့ကြကြောင်း သိရှိရပါလိမ့်မည်။ ထို့အပြင် မိခင်များနှင့် မိခင်ဘဝကို ပိုမိုလေးမြတ်တတ်လာပြီး သားသမီးများကို ပညာပေးသူအဖြစ် မိခင်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ မျှတသည့်အမြင် ရှိစေပါလိမ့်မည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“ကလေး၏ဉာဏ်ရည်နှင့် စူးစမ်းလိုစိတ်ကို လှုံ့ဆော် ပေးရန်သာမက တီထွင် ကြံဆနိုင်စွမ်းကို ဖွံ့ဖြိုး တိုးတက်စေရန် မိခင်၏ အခန်းကဏ္ဍသည် အရေးပါလှသည်။”—သားသမီးများ၏အခွင့်အရေးဆိုင်ရာ ဒေသန္တရထိပ်သီးအစည်းအဝေး၊ ဘာကီနာဖာဆို၊ ၁၉၉၇။
[စာမျက်နှာ ၃ ပါ ရုပ်ပုံများ]
ကလေးတစ်ဦးစီ၏ကျန်းမာရေး၊ ပညာရေး၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့အတွက် မိခင်များ များစွာလုပ်ဆောင်ပေးနိုင်