မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

မိကျောင်း​ဖြူ​များ​ကို​တွေ့ရှိ

“အော်​ရ​စ္စာ​ပြည်နယ်​ရှိ ဗစ်​အာ​ကာ​နီ​ကာ အမျိုးသား​ဥယျာဉ်​မှ သစ်တော​အရာရှိများ​သည် မိ​ချောင်း​နှစ်ချုပ်​စာရင်း​ကောက်ယူ​ချိန်​တွင် . . . ရှားပါး​သည့် မိကျောင်း​ဖြူ ၁၅ ကောင်​ကို တွေ့ ရှိခဲ့​သည်” ဟု​အိန္ဒိယ​နိုင်ငံ​၏ သည် ဟ​င်ဒူ သတင်းစာ​က ဖော်ပြ​သည်။ မိကျောင်း​ဖြူ​များသည် အလွန်​ရှားပါး​ပြီး “ကမ္ဘာ​ပေါ်​ရှိ အခြား​မည်သည့်​နေရာ၌​မျှ မ​တွေ့ရ​ချေ။” အတော​မ​သတ်​နိုင်အောင် တရား​မဝင်​ဖမ်းဆီးမှု​ကြောင့် ထို​နယ်မြေ​ရှိ ပင်လယ်​မိကျောင်းများ​သည် ၁၉၇၀ ပြည့်လွန်​နှစ်များ​တွင် မျိုးသုဉ်း​လု​နီးပါး ဖြစ်​ခဲ့​သော်လည်း ပြည်နယ်​အစိုးရ​က ကုလသမဂ္ဂ​အစီအစဉ်​၏​အကူအညီ​ဖြင့် ဥယျာဉ်​အတွင်း မိကျောင်း​မွေးမြူရေး​စီမံကိန်း​တစ်ခု​ကို စတင်​ခဲ့​သည်။ လ​မု​ပင်​များ​ပေါ​ခြင်း၊ ရေ​မ​ညစ်ညမ်း​ခြင်း၊ အစာရေစာ​ပေါများ​ခြင်း​နှင့် လူတို့၏​နှောင့်ယှက်မှု​နည်း​ခြင်း​တို့​ကြောင့် မွေးမြူရေး​အစီအစဉ်​အောင်မြင်​ခဲ့​သည်။ သည် ဟ​င်ဒူ အရ ယခု​အခါ ဥယျာဉ်​တွင် ရှားပါး​သော​မိကျောင်း​ဖြူ​များနှင့်​အတူ ပုံမှန်​အရောင်​ရှိသည့် မိကျောင်း ၁,၅၀၀ ခန့် ရှိသည်။

ဆေးလိပ်၊ ဆင်းရဲ​မွဲတေ​ခြင်း​နှင့် ဖျားနာခြင်း

“ဆေးလိပ်​သောက်​သူ ၈၄ ရာခိုင်နှုန်း​နီးပါး​သည် ဆင်းရဲသော​နိုင်ငံ​များ​တွင် နေထိုင်​ကြောင်း၊ ထို​နိုင်ငံ​များ​တွင် ဆေးလိပ်​သောက်​ခြင်း​နှင့် ဆင်းရဲ​မွဲတေ​ခြင်း​တို့သည် ရု​န်း​မ​ထွက်​နိုင်​သည့်​သံသရာ​တစ်ခု​ဖြစ်လာ​ကြောင်း ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့ (ဒဗလျူ​အိပ်ခ်ျ​အို) က​သတိပေး​သည်” ဟု​စပိန်​သတင်းစာ ဒီ​အာ​ယို မီ​ဒီ​ကိုး က​ဖော်ပြ​၏။ ထို့​ပြင် နိုင်ငံ​တိုင်း​တွင် “ဆေးလိပ်​အများဆုံး​သောက်​သူများ​နှင့် ဆေးလိပ်​သောက်​ခြင်း​ကြောင့် ပြဿနာ​အများဆုံး​ကြုံ​ရသူ​များသည် အဆင်း​ရဲ​ဆုံး​သူများ​အဝင်​ဖြစ်သည်။” ဖွံ့ ဖြိုး​ပြီး​နိုင်ငံ​အများစု​တွင် ဆေးလိပ်​သောက်သုံးမှု လျော့နည်းလာ​သော်လည်း ကမ္ဘာ​တစ်ဝန်း​တွင်​မူ “၎င်း​သည် ဖျားနာစေ​သော စတုတ္ထ​အကြီးဆုံး​အန္တရာယ်​ဖြစ်လာ​ပြီ” ဟု​သတင်းစာ​က ဖော်ပြ​သည်။ ဆေးလိပ်​သောက်သုံးခြင်း​ကြောင့် နှစ်စဉ်​သေဆုံးမှု​နှုန်း ၆၀,၀၀၀ အထိ​ရှိပြီ​ဖြစ်သော စပိန်​နိုင်ငံ​တွင် ဆေးလိပ်​သောက်​ခြင်း​သည် “ဖျားနာ​မှု၊ မသန်မစွမ်းမှု​နှင့် မသေ​သင့်​ဘဲ​သေဆုံး​ရ​မှု​တို့၏ အဓိက​အကြောင်းရင်း” ဖြစ်လာ​သည်။

သိုးများ​သည် မျက်နှာ​များ​ကို​မှတ်မိ

ဦးနှောက်​နှင့် အာရုံကြော​ပါရဂူ ကိသ် ကင်​ဒ​ရ​စ်ခ် က “သိုးများ​သည် အနည်းဆုံး အခြားသော​သိုး ၅၀ နှင့် လူ ၁၀ ယောက်​တို့၏​မျက်နှာ​များ​ကို မှတ်မိ​နိုင်​ကြောင်း ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့ပြီ” ဟု န​ယူး​ဆိုင်း​ယင်း​တစ် မဂ္ဂဇင်း​တွင် ရေးသားခဲ့​သည်။ ကင်​ဒ​ရ​စ်ခ်​နှင့် သူ၏​အဖွဲ့က သိုးများ​သည် ရက်သတ္တပတ်​အနည်းငယ် အတွင်း မျက်နှာ ၆၀ ကို မြင်တွေ့ရ​ပြီး​နောက် “အနည်းဆုံး နှစ်နှစ်​အထိ” ၎င်း​တို့အားလုံး​ကို မှတ်မိ​ကြ​ကြောင်း တွေ့ရှိ​ခဲ့​သည်။ သိုးများ​သည် မျက်နှာ​လောက်​ကို​သာ မှတ်မိ​ကြသည်​မဟုတ်၊ လူများ​ကဲ့သို့​ပင် သူတို့​သည်လည်း “မျက်နှာ​တွင်​ပေါ်လွင်​သည့် စိတ်​ခံစားမှု​များ​ကို​သိရှိ” နိုင်​သည်။ သိုးများ​သည် “လူတို့၏ ကွဲပြား​သော​မျက်နှာထား​များ​ကို ခွဲခြား​နိုင်​ကြောင်း၊ သူတို့သည် စိုးရိမ်​နေသော​သိုးများ​၏ မျက်နှာထား​ပြောင်းလဲမှု​များ​ကို သတိပြုမိ​နိုင်​ကြောင်း၊ လူတို့၏ စိတ်ဆိုး​နေသော​မျက်နှာထား​ထက် ပြုံးရွှင်​နေသော​မျက်နှာထား​များ​ကိုလည်း ပို​၍​နှစ်သက်” ကြ​ကြောင်း ဂျာနယ်​က ဖော်ပြ​သည်။ “သိုးများ​သည် သိုးထိန်း​များ​၏​မျက်နှာကို သိုးအုပ်​ထဲ​မှ သူတို့​အလွန်​အကျွမ်းတဝင်​ရှိသော​သိုး​တစ်ကောင်​အနေ​ဖြင့် မြင်နိုင်” ကြောင်း သုတေသီ​များ​က တွေ့ရှိ​ခဲ့​သည်။ ကင်​ဒ​ရ​စ်ခ် က ဤသို့​ဆို​သည်– “စင်စစ်​အားဖြင့် ဖော်ရွေ​သော​လူများ​သည် သိုး​ချင်း​အဖြစ် ယူမှတ်​ခံရ​သည်။ ယင်းက သိုးများ​သည် ၎င်းတို့၏​သိုးထိန်း​များနှင့် ရင်းနှီးမှု​ရှိကြောင်း ဖော်ပြ​သည်။”

ဩစတြေးလျ​နိုင်ငံ​၏ ဖန်​လုံ​အိမ် ညစ်ညမ်းမှု

“စက်​မှု​နိုင်ငံ​အားလုံး​တွင် ဩစတြေးလျ​နိုင်ငံသား​တစ်ဦးစီ၏ ဖန်​လုံ​အိမ်​ဓာတ်ငွေ့​ထုတ်လွှတ်​မှု​နှုန်း​မှာ အများဆုံး​ဖြစ်သည်” ဟု​သြစတြေးလျ​သုတေသန​ဌာန​က ဖော်ပြ​သည်။ ဩစတြေးလျ​နိုင်ငံ​သည် ၂၀၀၁ ခုနှစ်​အတွင်း​၌ လူတစ်ဦး​လျှင် ကာဗွန်​ဒို​င်​အောက်​ဆို​ဒ်​နှင့် အခြား​ဖန်​လုံ​အိမ်​ဓာတ်ငွေ့ ပျမ်းမျှ ၂၇.၂ တန်​ထုတ်လုပ်​ခဲ့​သည်။ သုတေသန​ဌာန​မှ မှတ်တမ်း​တစ်ခု​က ဤသို့​ကိန်း​ဂဏန်း​မြင့်တက်​လာ​ခြင်း​မှာ ဩစတြေးလျ​နိုင်ငံ​သည် ကျောက်မီးသွေး​ဖြင့်​ထုတ်လုပ်သည့် လျှပ်စစ်​ဓာတ်အား၊ မော်တော်ကား​များနှင့် အ​လူ​မီ​နီ​ယံ​ထုတ်လုပ်မှု​တို့​အပေါ် အားထား​နေရ​ခြင်း​ကြောင့်​ဖြစ်သည်​ဟု ဖော်ပြ​၏။ လူတစ်ဦး​ကျ ဖန်​လုံ​အိမ်​ဓာတ်ငွေ့​ထုတ်လွှတ်​မှု​နှုန်း နောက်ထပ်​အများဆုံး​ဖြစ်သည့်​နိုင်ငံ​များ​မှာ ကနေဒါ (၂၂ တန်) နှင့် အမေရိကန်​ပြည်ထောင်စု (၂၁.၄ တန်) တို့​ဖြစ်သည်။ ၂၀၀၁ ခုနှစ်​တွင် ဖန်​လုံ​အိမ်​ဓာတ်ငွေ့​အနည်းဆုံး ထုတ်လွှတ်​သည့်​နိုင်ငံ​မှာ လတ်ဗီးယား​နိုင်ငံ​ဖြစ်၏၊ ၎င်း​နိုင်ငံ​တွင် လူတစ်ဦး​လျှင် ဖန်​လုံ​အိမ်​ဓာတ်ငွေ့ ၀.၉၅ တန်​ထုတ်လွှတ်​သည်။ ဩစတြေးလျ​နိုင်ငံ​သည် လူဦးရေ​အတော်အသင့်​သာ​ရှိသော်လည်း ယင်း​၏​စုစုပေါင်း ဖန်​လုံ​အိမ်​ဓာတ်ငွေ့​ထုတ်လွှတ်​မှု​မှာ “(တစ်နိုင်ငံ​စီ​တွင် ဩစတြေးလျ​လူဦးရေ​၏ သုံး​ဆ​ခန့်​ရှိသည့်) ပြင်သစ်​နှင့် အီတလီ ကဲ့သို့​သော အဓိကကျ​သည့် ဥရောပ​စီးပွားရေး​နိုင်ငံ​များ​ထက် ပို​များသည်” ဟု​မှတ်တမ်းက ဖော်ပြ​ခဲ့​သည်။

ယာဉ်​အသွားအလာ​ဆူညံသံ​နှင့်​အပြိုင် နိုက်တင်ဂေး​ငှက်​များ​၏ တွန်ကျူးသံ​များ

“ဆူညံသံ​များ​တိုးများ​လာ​လေ နိုက်တင်ဂေး​ငှက်​များ​၏​တွန်ကျူးသံ​များ ပို​၍​ကျယ်လောင်​လာ​လေ​ဖြစ်သည်” ဟု​ဂျာမန်​သတင်းစာ ဘာ​လီ​နာ စိုင်​တွန်း က ဖော်ပြ​သည်။ ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​ရ ဘာလင်​တက္ကသိုလ် ဇီဝ​ဗေဒ​ဌာန​မှ ဟ​င်န်​ရ​စ်ခ် ဘ​ရူးမ် ၏ လေ့လာချက်​အရ ငှက်​တစ်ကောင်​၏ နယ်မြေ​ကို​ဖော်ပြ​ရန်​နှင့် အမ​များ​ကို​ဆွဲဆောင်​ရန်​အတွက် တွန်​ကျူး​သည့် အသံပမာဏ​သည် ပတ်ဝန်းကျင်​ဆူညံသံ​အဆင့်​ပေါ်​မူတည်၍ ၁၄ ဒယ်​ဆီ​ဘယ်​အထိ ကွာခြား​ကြောင်း တွေ့ရှိ​ခဲ့​သည်။ “၎င်း​ပမာဏ​သည် များ​ပုံ​မ​ပေါက်​သော်လည်း အသံ​ဖိအား​ငါး​ဆ တိုးလာ​ခြင်း​နှင့်​ညီမျှ​သည်၊ ဆိုလိုသည်မှာ ငှက်​၏​အဆုတ်​များ​တွင် ဖိအား​ငါး​ဆ ပို​များ​လာ​ရမည်​ဖြစ်သည်။” ဆိတ်ငြိမ်​သော​ဒေသ​များ​တွင် ငှက်​များ​၏​တွန်ကျူးသံ​သည် ၇၅ ဒယ်​ဆီ​ဘယ်​ကျယ်​၏။ ယာဉ်​အသွားအလာ​များသော​နေရာများ​တွင်​မူ ငှက်​များသည် ၈၉ ဒယ်​ဆီ​ဘယ်​အသံပမာဏ​ဖြင့် တွန်​ကျူး​ကြသည်။ “အထူးသဖြင့် သုတေသီ​များ​ကို အံ့အားသင့်​စေသော​အရာ​မှာ ငှက်​များသည် နေ့စဉ် အသစ်​သော​အခြေအနေ​များနှင့်​အညီ ပြောင်းလဲ​နေ​ပုံ​ရခြင်း​ဖြစ်၏။ စ​နေ၊ တနင်္ဂနွေ​နေ့​များ​တွင် ပုံမှန်​ခရီး​ဝေး​အလုပ်ဆင်း​သည့် ယာဉ်များ​အသွားအလာ​မရှိသော​ကြောင့် ငှက်​များသည် အလုပ်ဆင်း​ရက်​များ​တွင်​ထက် ပို​၍​ညင်သာ​စွာ တွန်​ကျူး​လေ့​ရှိကြသည်” ဟု​သတင်းစာ​က ဖော်ပြ​သည်။

ပိုလန်​နိုင်ငံ​ရှိ ကျောင်း​များ​မှ ရာဇဝတ်မှု

၂၀၀၃ ခုနှစ်​တွင် “[ပိုလန်​နိုင်ငံ​ရှိ] ကျောင်း​များ​၌ ဓားပြ​မှု​နှစ်​သောင်း​ကို ကျူးလွန်​ခဲ့​ကြသည်။ [ပိုလန်] ကျောင်းသား/သူငယ် ၈၀ ရာခိုင်နှုန်း​သည် အထီးကျန်​သလို ခံစား​ရခြင်း၊ ဆရာ/မများ​နှင့်၊ အခြား​ကျောင်းသား​များနှင့် အဆင်မပြေ​ခြင်း​တို့​ကြောင့် သူတို့၏​ကျောင်း​ကို မနှစ်မြို့​ကြ​ပါ” ဟု ပိုလန်​နိုင်ငံ​၏ ဂျာနယ် ဇွီ​ယာ​ချာ​ဒ်​ဝေါ က ဖော်ပြ​သည်။ အဘယ်ကြောင့် ပြဿနာ ဤမျှ​များ​ရသနည်း။ “ကျောင်း​များသည် ပြင်ပ​လောက​နှင့်​သီးခြား​တည်ရှိ​မနေ​ပါ။ ၎င်းတို့သည် လူ့​အဖွဲ့အစည်း​တွင် ဖြစ်ပျက်​နေရာများ​ကို ထင်ဟပ်​နေကြ​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ကျောင်း​များ​ကို ပုံသွင်း​ပေး​သည့် လူမှုရေး​စံနှုန်း​များနှင့် မူများ​ကို ဖန်တီး​ကြသည်” ဟု စိတ်​ကျန်းမာ​ရေး​လုပ်သား ဗော​ချက်ခ် အိုင်​ချယ်​ဘာ​ဂါ က​ဆို​၏။ ပြဿနာ​ကို​တိုက်ဖျက်​ရန် မိဘတို့​သည် သားသမီး​များ​ကို အချိန်ပေး​ကာ မိမိတို့၏​ကလေး​များသည် အရေးပါ​သည်​ဟု မိမိတို့​ခံစားရ​ကြောင်း ကလေး​များ​အား သွန်သင်​ပေးဖို့ အိုင်​ချယ်​ဘာ​ဂါ က အကြံပြု​သည်။

ခန္ဓာကိုယ်​ပုံပန်း​အသွင်အပြင်​အတွက် ရုန်းကန်​မှု

“လူငယ်များ—နှင့် အထူးသဖြင့် မိန်းကလေး​များ—သည် သူတို့၏​ခန္ဓာကိုယ်​ပုံပန်း​အသွင်အပြင်​အတွက် ငယ်​ငယ်ရွယ်​ရွယ်​နှင့် ရုန်းကန်​နေကြ​သဖြင့် ကျန်းမာ​ရေး​ကို များစွာ​ထိခိုက်​စေနိုင်​သည်” ဟု​ကနေဒါ​နိုင်ငံ​၏ ဂ​လုပ်​ဘ်​အဲ​န်​မေးလ် သတင်းစာ​က ဖော်ပြ​သည်။ အသက် ၁၀ နှစ်​မှ ၁၄ နှစ်အရွယ် မိန်းကလေး​များ​အား အစာ​စားခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် သူတို့၏​သဘောထားများကို စုံစမ်း​မေးမြန်း​ကြည့်​ရာ ၂,၂၀၀ ကျော်​က ဖြေဆို​ပေး​ကြသည်။ ဂ​လုပ်​ဘ် က ဤသို့​ဖော်ပြ​သည်– “အဝ​လွန်​သော မိန်းကလေး​များ​မှာ ၇ ရာခိုင်နှုန်း​ပင် မပြည့်​သော်လည်း ၃၁ ရာခိုင်နှုန်း​ကျော်​က သူတို့​ကိုယ်ကို ‘ဝ​လွန်း’ သည်​ဟု​ဆို​ကာ ၂၉ ရာခိုင်နှုန်း​က​မူ လောလောဆယ်တွင် အစားအစာကို အတိုင်း​အ​ချ​င့်​နှင့်​စား​နေသည်​ဟု ပြောပြ​ကြသည်။” ကျန်းမာ​သန်စွမ်း​သော ဤ​မိန်းကလေး​များသည် အဘယ်ကြောင့် ကိုယ်​အလေးချိန်​လျှော့​လို​ကြ​သနည်း။ သတင်းစာ​အရ များသောအားဖြင့် အစားအစာကို အတိုင်း​အ​ချ​င့်​နှင့် အမြဲ​စား​ပြီး အဝ​လွန်​သူများ​အား ပြက်ရယ်ပြု​ကြ​သည့် အရွယ်ရောက်​သူ မော်​ဒယ်​များ​ကြောင့်​ဖြစ်သည်။ “လူထု​ဆက်သွယ်ရေး​သည်လည်း အလွန်​ပိန်​သော​မော်​ဒယ်​များ​ကို အမြဲ​အသားပေး​ဖော်ပြခြင်း​ဖြင့် ဆယ်ကျော်သက်​တို့၏​အပြု​အမူ​အပေါ် ဩဇာ​လွှမ်းမိုး​ရာ​တွင် ကြီးမားသော​အခန်းကဏ္ဍ​မှ ပါဝင်​သည်” ဟု ဂ​လုပ်​ဘ် က​ဆို​၏။ တို​ရန်​တို​ကလေး​ဆေးရုံ​မှ သုတေသန သိပ္ပံ​ပညာရှင် ဒေါက်တာ​ဂေးလ် မက်​ခ်​ဗေး က “ကိုယ်​အလေးချိန်​တိုးလာ​ခြင်း​သည် ကလေး​များ မြီး​ကောင်​ပေါက်​အရွယ်​ထိ ကြီးထွား​လာရန်​အတွက် သာမန် လိုအပ်ရာ​ဖြစ်” ကြောင်း ကလေး​များ၊ မိဘများနှင့် ဆရာ/မများ​ပါ သဘောပေါက်​ဖို့​လို​သည်​ဟု ထောက်ပြ​သည်။