မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုလဲနက် တောင်ပိုင်းသမုဒ္ဒရာမှ အဖိုးတန်ရတနာ

ပုလဲနက် တောင်ပိုင်းသမုဒ္ဒရာမှ အဖိုးတန်ရတနာ

ပုလဲနက် တောင်ပိုင်း​သမုဒ္ဒရာ​မှ အဖိုးတန်​ရတနာ

န​ယူးဇီ​လ​န်​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

“မာ​နီ​ဟီ​ကီ​ရှိ ပုလဲ​မွေးမြူရေး​စခန်း​အတွက် လုပ်သားများ အလို​ရှိသည်” ဟူသော​ကြော်ငြာ​တစ်ခု​ကို “ကွက်​ခ် အိုင်း​လဲ​န် န​ယူးစ်” တွင်​ဖတ်​ရသည်။ ပုလဲ​ကို မည်သို့​မွေးမြူ​သနည်း။ မာ​နီ​ဟီ​ကီ​သည် အဘယ်​နေရာတွင်​ရှိ​သနည်း​ဟု သင်​စဉ်းစား​ပေမည်။

မာ​နီ​ဟီ​ကီ​သည် ဝေးလံ​သော​သန္တာ​ကျောက်​ကျွန်း တစ်ခု​ဖြစ်​ပြီး ကျွန်း​ပေါင်း ၁၅ ခု​ဖြင့်​ဖွဲ့စည်းထား​သော ကွက်​ခ်​ကျွန်းစု​တွင် တစ်ခု​အပါအဝင်​ဖြစ်​ကာ န​ယူးဇီ​လ​န်​အရှေ့မြောက်ဘက် မိုင် ၁,၆၀၀ အကွာ​တွင် တည်ရှိ​သည်။ မှတ်တမ်း​အချို့​အရ ၁၉၇၀ ပြည့်လွန်​နှစ်များ အစောပိုင်း​တွင် ထို​နေရာ၌ ပုလဲနက်​မွေးမြူရေး​လုပ်ငန်း​ကို စတင်​စမ်းသပ် လုပ်ကိုင်​ခဲ့​ကြသည်။ ယနေ့ ကူး​သန်း​ရောင်းဝယ်​မှု​တွင် အောင်မြင်မှု​ရရှိ​နေသော ပုလဲနက်​မွေးမြူရေး​စခန်း​များစွာ​ကို မာ​နီ​ဟီ​ကီ​ရှိ ပင်လယ်ရေ​တိမ်​အိုင်​များ​တစ်လျှောက် အနှံ့အပြား​တွေ့ရှိ​ရသည်။

ပုလဲနက်​မွေးမြူရေး​စခန်း​များ​တွင် ကာယ​လုပ်သားများ လိုအပ်​သော်လည်း နည်း​ပညာ​ပိုင်း​ကျွမ်းကျင်​မှု​လည်း မရှိမဖြစ်​လိုအပ်​သည်။ အရည်အသွေး​မီ​သော အ​မည်း​ရော​င်​အနား​ရှိသည့် ကမာကောင်​များ​ကို ဂရုတစိုက်​ရွေးချယ်ခြင်း​ဖြင့် လုပ်ငန်း​ကို​စတင်​သည်။ ထို​ရွေးချယ်​ထားသော​အကောင်​များ​ကို ညင်သာ​စွာ​ဖွင့်ပြီး ဖြောင့်တန်း​သည့်​ဓား​ငယ်​ဖြင့် ကမာကောင်​၏​အသားကို ကျွမ်းကျင်​စွာ ဖြတ်ထုတ်​လိုက်​သည်။ ထို့နောက် လုံးဝန်း​သော​ဝတ်ဆံ သို့​မဟုတ် အစေ့​တစ်ခု​ကို ကမာကောင်​၏ အခွံ​အတွင်း​ဖုံး​အမြှေး မှ​ထုတ်ယူ​သော တစ်ရှူး​အပိုင်းအစ​နှင့်အတူ ထည့်သွင်း​လိုက်​သည်။ ပြီး​လျှင် လုပ်သားများ​သည် ကမာကောင်​ကို ပင်လယ်ရေ​တိမ်​အိုင်​တွင် ပြန်လွှတ်​ပေး​လိုက်ပြီး ၎င်းတို့ကို ဂရုစိုက်​၍​ကြည့်ရှု​ထိန်းသိမ်း​ကြ​ကာ ပင်လယ်ရေ​မှော် သို့​မဟုတ် ခရင်း​ကောင်​များ တိုးပွား​မလာ​စေရန် ဖယ်ရှား​ပေး​ကြသည်။

ထည့်သွင်း​ထားသော အတွင်း​ဖုံး​အမြှေး​တစ်ရှူး​သည် ဝတ်ဆံ​ကို တဖြည်းဖြည်း​ရစ်ပတ်​လာပြီး က​နု​က​မာ ဟု​ခေါ်​သည့် သက်တံ​ရော​င်​လက်​နေသော အတွင်း​လွှာ​ဖြင့် တစ်​ထပ်​ပြီး​တစ်​ထပ် ဖုံးအုပ်​ပေး​လေ​သည်။ ကမာကောင်​သည် ထည့်သွင်း​ထားသော​အရာ​ကို မ​အန်ထုတ်​ပစ်​ပါ​က တစ်နှစ်​ခွဲ​မှ​နှစ်နှစ်​အတွင်း ပုလဲ​ဖြစ်လာ​သည်။ ဤ​ဖြစ်​စဉ်​တစ်ခုလုံး​ကို “လူ​နှင့် သဘာဝတရား​၏ အံ့သြဖွယ်​ပူးပေါင်း​မှု” ဟု​ခေါ်​ကြသည်။

ပုလဲနက်​များယင်း​တို့၏​တန်ဖိုး

တောင်​ပစိဖိတ်​ပုလဲနက်​သည် ကမ္ဘာ့​အ​ရှားပါး​ဆုံး​ပုလဲ​များ​တွင် တစ်ခု​အပါအဝင်​ဖြစ်သော​ကြောင့် ယင်းသည် တန်ဖိုး​အရှိဆုံး​ပစ္စည်း​စာရင်း​ဝင်​သည်။ အမှန်​တွင် ပုလဲနက်​များသည် သ​ပိတ်​ရော​င်​မှ ငွေရောင်​လက်​နေသော အဖြူရောင်​အထိ တောက်ပ​စိုပြည်​သော အရောင်အသွေး​မျိုးစုံ​ရှိကြသည်။ အချို့​မှာ ပန်း​ရ​င့်​ရော​င်၊ ရွှေရောင်၊ ဝါ​ညို​ရော​င်၊ ကြေးနီ​ရော​င်၊ အစိမ်း​တောက်​ရော​င်၊ အပြာရောင်၊ ခရမ်းရောင် သို့​မဟုတ် အရောင်​အမျိုးမျိုး​ပြေး​နေသော​မီးခိုး​ရော​င် တို့​ဖြစ်​ကြသည်။ ပန်းရောင်​နှင့်​ပန်း​ရ​င့်​ရော​င်၊ အစိမ်းရောင်​နှင့်​ရွှေရောင်၊ အစိမ်းရောင်​နှင့်​အနက်ရောင်၊ အပြာရောင်​နှင့်​အနက်ရောင်၊ ခရမ်းရောင်​နှင့်​အနက်ရောင် စ​သည်​ဖြင့် အရောင်​စပ်​များ​ကိုလည်း အံ့သြဖွယ်​တွေ့ရ​နိုင်​သည်။

ပုလဲ​တစ်လုံး​ကို​တန်ဖိုး​ဖြတ်​သည့်​အခါ အရောင်​တစ်မျိုး​က အခြား​အရောင်​ထက်​ပို​၍ တန်ဖိုး​ရှိသည်​ဟု အမြဲ​မဆို​နိုင်​ပါ။ ပုလဲ​တစ်လုံး​၏​အရည်အသွေးကို အမှန်တကယ်​မြှင့်တင်​ပေး​သည့်​အရာ​မှာ ယင်း​အရောင်​၏ တစ်ပြေးညီ​ဖြစ်မှု သို့​မဟုတ် တစ်သမတ်တည်း​ဖြစ်မှု​ဖြစ်သည်။ အရွယ်အစား၊ ပုံသဏ္ဌာန်၊ မျက်နှာပြင်​နှင့် စိုပြည်​တောက်ပြောင်​မှု စ​သည့် အခြား​အချက်​တို့​ဖြင့်​လည်း ပုလဲ​၏​တန်ဖိုး​ကို ပိုင်းဖြတ်​နိုင်​သည်။

ရတနာ​ကုန်သည်​က ပုလဲ​၏​အရွယ်အစား​အကြောင်း ပြောဆို​သောအခါ သူသည် ယင်း​၏​အချင်း​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ပုံမှန်​အမျိုးအစား​မှာ ၈ နှင့် ၁၂ မီလီ​မီတာ​ကြား​ရှိပြီး ၁၈ မီလီ​မီတာ သို့​မဟုတ် ယင်း​အထက် ရှိသော​ပုလဲ​မှာ ထူးခြား​ရှားပါး​သော အမျိုးအစား​များ​ဖြစ်​ကြသည်။ အရွယ်အစား​သည် အရေးကြီးဆုံး​အချက် မဟုတ်သော်လည်း အများအားဖြင့် ပုလဲ​၏​တန်ဖိုး​ကို ယင်း​၏​အလေးချိန် သို့​မဟုတ် ထုထည်​ဖြင့်​ပိုင်းဖြတ်​ကြသည်။

အရောင်​ကဲ့သို့​ပင် ပုံသဏ္ဌာန်​လည်း​အမျိုးမျိုး​ရှိပါ​သည်။ အများအားဖြင့် လုံးဝန်း​သော​ပုလဲ​သည် တန်ဖိုး​အမြင့်ဆုံး​ဖြစ်သည်။ သို့သော် အရည်​အ​စက်​ပုံ သို့​မဟုတ် မျက်ရည်​စက်​ပုံ​ရှိသော ရတနာ​ဖြင့် လှပသော​လည်ဆွဲ​များနှင့် နား​ဆွဲ​များ​ပြုလုပ်​နိုင်​ပါ​သည်။ လုံးဝိုင်း​သော​ပုလဲ​များလည်း​ရှိပြီး ယင်း​တို့ကို သိသာ​သော​ကွင်း​များ သို့​မဟုတ် အ​မြောင်း​များ ဝိုင်းပတ်​ထား​သည်။ ကြယ်သီး​ပုံ​ပုလဲ ဟု​ဆိုလျှင် တစ်ဖက်​လုံး၊ တစ်ဖက်​ပြား​သော​ပုံ​ရှိသည်။ ထို့​ပြင် ဘ​ရော​ခ်​ခေါ် ပုံသဏ္ဌာန်​မမှန်​သော​ပုလဲ​များလည်း ရှိကြသည်။

အနာအဆာ လုံးဝ​မပါ​သော​မျက်နှာပြင် ရှိသည့်​ပုလဲ​သည် ရှားပါး​ပြီး​တန်ဖိုး​ကြီး​သည်။ ယေဘုယျ​အားဖြင့်​ရှိ​တတ်သော အပြင်ပန်း​ချို့ယွင်းချက်​များ​မှာ အ​ချိုင့်​ရာ​များ၊ အဖုအထစ်​များ၊ အ​တွန့်​အ​ရှုံ့​များ၊ ခြ​စ်​ရာ​များ၊ အ​စက်​အ​ပျောက်​များ သို့​မဟုတ် အစွန်း​အထင်း​များ ဖြစ်​ပြီး ယင်း​တို့အားလုံး​သည် သဘာဝ​အလျောက် ဖြစ်ပေါ်​သည့်​အရာများ​ဖြစ်သည်။ အနာအဆာ​အနည်းငယ်​သာ​ရှိလျှင် သို့​မဟုတ် အချို့​နေရာများ​တွင်​သာ​ရှိလျှင် ပုလဲ​ကို​အဆင်တန်ဆာ ပြုလုပ်​သည့်​အခါ ယင်း​တို့​မ​ပေါ်​အောင် ဖုံး၍​ပြုလုပ်​နိုင်​ပါ​သည်။

ပုလဲ​၏ က​နု​က​မာ​အထူအပါး​ပေါ်​မူတည်​သော ယင်း​၏​တောက်ပ​မှု​ကို သင်​အမှန်တကယ် သတိထား​မိ​ပေ​လိမ့်​မည်။ နောက်​တစ်ချက်​မှာ ယင်း​၏ သက်တံ​ရော​င်​ပြေး​သော သို့​မဟုတ် အလင်းပြန်​သော အရည်အသွေး​ဖြစ်​ပြီး ယင်းက​ပုလဲ​ကို နှစ်သက်​တပ်မက်မှု​နှင့် ဆွဲဆောင်မှု​ဖြစ်စေ​သည်။ အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန် သို့​မဟုတ် မျက်နှာပြင်​တို့​ထက် တောက်ပ​မှု​က ပို​၍​ဆွဲဆောင်နိုင်စွမ်း​ရှိကြောင်း အချို့​က အခိုင်အမာ​ပြောဆို​ကြသည်။

ပုလဲ​များ​ကို​ဂရုစိုက်​ရန်လို

စိန် သို့​မဟုတ် ပတ္တမြား အစ​ရှိသော အခြား​ကျောက်​မျက်​ရတနာများ​နှင့်​မတူဘဲ ပုလဲ​ကို “နူးညံ့” သော​အရာ​အဖြစ် သတ်မှတ်​ကြသည်။ အခြား​လက်​ဝတ်​ရတနာ သို့​မဟုတ် မာကျော​သော​ပစ္စည်း​များနှင့် ထိခိုက်​မိ​လျှင် ခြ​စ်​ရာ​များ​ဖြစ်​နိုင်​သည်။ ထို့​ကြောင့် သင်၌​ပုလဲ​ရှိပါက ယင်း​တို့ကို ဝတ်ဆင်​သည့်​အခါ​ဖြစ်စေ၊ သိမ်းဆည်း​ထား​သည့်​အခါ​ဖြစ်စေ ဂရုစိုက်​ပါ။

ချေးချွတ်​မှုန့်၊ ရေမွှေး​နှင့် အခြား​အလှ​ကုန်​ပစ္စည်း​များ​နည်းတူ လူ့​ကိုယ်ခန္ဓာ​မှ​ချွေး​တွင်​ပါဝင်သော အက်​ဆစ်​သည်လည်း ပုလဲ​ကို​ပျက်စီး​စေနိုင်​ပါ​သည်။ ကွတ်​ခ်​ကျွန်းစု​မှ ထင်ရှားသော ရတနာ​ကုန်သည်​တစ်ဦး​က အောက်​ဖော်ပြ​ပါ သန့်ရှင်းရေး​လုပ်ပုံလုပ်နည်း​ကို အကြံပေး​သည်– “ဇလုံ​ငယ်​တစ်လုံး​တွင် ရေ​နှင့် ပန်းကန်​ဆေး​ဆပ်ပြာ​အပျော့စား​ကို ရောစပ်​ပါ။ ရေ​ကို သွား​ပွတ်တံ​အနု​ဖြင့်​မွှေ​ပြီး ပုလဲ​နှင့်​ယင်းကို​ကွပ်​ထားသော​သတ္တု​ကို ညင်သာ​စွာ​တိုက်ချွတ်​ပေး​ပါ။ ရေချို​နှင့်​ဆေး​ပြီး နူးညံ့​သော​အဝတ်​တစ်ခု​နှင့် အခြောက်​သုတ်​ပါ။”

သမိုင်း​တစ်လျှောက် ပုလဲ​များ​၏​အခန်းကဏ္ဍ

ပုလဲ​သည် လူသားများ အဆင်တန်ဆာ​ဆင်မြန်း​ရာ​၌ အသုံးပြု​သော ရှေးအကျဆုံး ကျောက်​မျက်​ရတနာများ​ထဲ​တွင် အပါအဝင်​ဖြစ်​ပြီး ရှေးခေတ်​စာပေ​များ​တွင် အမွှမ်းတင်​ရေးသားခြင်း​ခံရ​သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း​ဒေသနှင့် အာရှမှလူများ​သည် ယင်း​တို့ကို အလွန်​အမြတ်တနိုး​တန်ဖိုး​ထား​ကြ​ပြီး ပုလဲ​ကို သန့်ရှင်း​စင်ကြယ်​ခြင်း​နှင့် မြင့်မြတ်ခြင်း​၏ အမှတ်အသား​အဖြစ် ရှုမြင်​ကြသည်။

ရှေးခေတ်​ရောမ​နိုင်ငံ​တွင် ပုလဲ​ကို​အလွန်​တန်ဖိုး​ထား လေးမြတ်​ကြသော​ကြောင့် အထက်​လွှာ​လူတန်းစား​များ​ကို​သာ ဝတ်ဆင်​ခွင့်ပြု​သည်။ ပထမ​ရာစု သဘာဝ​ပညာရှင်​နှင့် အတွေးအခေါ်​ပညာရှင် ပလင်နီ​အကြီး​က ပုလဲ​ကို “ကမ္ဘာ​တစ်ဝန်းလုံး​တွင် အလွန့်အလွန်​ထူးကဲ​ကောင်းမွန်သော​ပစ္စည်း” အဖြစ် ချီးမွမ်း​ပြောဆို​ခဲ့​သည်။ ကောင်းကင်​နိုင်ငံတော်​၏ အဖိုးထိုက်​မှု​ကို ဥပမာ​ပေး​ရာ​တွင် ယေရှု​ခရစ်​သည် “ပုလဲ” တစ်လုံး​အကြောင်း ပြောဆို​ခဲ့​သည်။ ယင်း​ပုလဲ​သည် အလွန်​ပင်​တန်ဖိုး​ရှိသောကြောင့် မြတ်သော​ပုလဲ​တို့ကို ရှာ​သော​ကုန်သည်​တစ်ဦး​သည် “သွား​၍ မိမိ​ရ​တတ်​သမျှ​ကို​ရောင်းပြီး​လျှင် ထို​ပုလဲ​ကို​ဝယ်​၏” ဟု​ကိုယ်တော်​မိန့်တော်မူသည်။—မဿဲ ၁၃:၄၅၊ ၄၆

ပုလဲ​များ​ကို ယေရှု​ခရစ်​ရည်ညွှန်း​ပြောဆိုခြင်း​က ယင်း​တို့၏ လှပမှု​နှင့်​တန်ဖိုး​ကို အမှန်ပင်​ထင်ရှား ပေါ်လွင်​စေပါ​သည်။ တောင်ပိုင်း​သမုဒ္ဒရာ​တွင် တွေ့ရှိ​ရသော​ပုလဲ​များ အပါအဝင် ဤ​ရတနာများ​ကို ဖန်ဆင်း​တော်​မူ​သည့်​အရှင်​ယေဟောဝါ​အား ကျွန်ုပ်​တို့ မည်မျှ​ကျေးဇူး​တင်​နိုင်​ပါ​သည်​တကား!

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

ပုလဲနက်​များ (အသေးစိတ်​မြင်နိုင်​ရန် ပုံကြီးချဲ့​ထား)