မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိုဘိုင်းလ်ဖုန်း မိတ်ဆွေလော၊ ရန်သူလော

မိုဘိုင်းလ်ဖုန်း မိတ်ဆွေလော၊ ရန်သူလော

မိုဘိုင်းလ်​ဖုန်း မိတ်ဆွေ​လော၊ ရန်သူ​လော

ဩ​စတေး​လျ​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

လွန်ခဲ့သော​နှစ်​အနည်းငယ်​က “မိုဘိုင်းလ်​ဖုန်း” ဟူသော​ဝေါဟာရ​သည် မှားယွင်းစွာ​သုံးစွဲ​သည့်​အမည်​ဖြစ်​ခဲ့​သည်။ ဖုန်း​၏​ဘက်ထရီ​သည် အလွန်​လေး​သောကြောင့် သင်​အလွန်​သန်စွမ်း​မှ သို့​မဟုတ် ကား​တွင်​တပ်ဆင်​ထား​မှ​သာ ဖုန်း​များ “ရွေ့လျား​ရွှေ့​ပြောင်း” (mobile) နိုင်​သည်။ ဖုန်း​များသည် ဖိနပ်​သေတ္တာ​များ​ထက် ပို​၍​ကြီးမား​ခဲ့​ပြီး ဒေါ်လာ​ထောင်နှင့်ချီ တန်ဖိုး​ရှိခဲ့​သည်။

ယနေ့ မိုဘိုင်းလ်​ဖုန်း ၁.၃၅ ဘီလီယံ​ခန့်​ရှိနေပြီ။ နိုင်ငံ​တချို့​တွင် လူဦးရေ​ထက်ဝက်ကျော်​က မိုဘိုင်းလ်​ဖုန်း​များ​ပိုင်ဆိုင်​ထား​ကြသည်။ အများစုကို သင့်​လက်ဖဝါး​တွင် ကိုင်ဆောင်​ထား​နိုင်​ပြီး တစ်ခါတစ်ရံ ၎င်းတို့ကို အခမဲ့​ပင် ပေး​သည်။ * ဩစတြေးလျ​နိုင်ငံ​ထုတ် သည်​ဘူလ်​လ​တင်​ဂျာနယ်​က ဤသို့​ဖော်ပြ​သည်– “ဤ​ကိရိယာ​များ​ကို တီဗွီ​ပြ​စက်​များနှင့် တစ်ကိုယ်ရေ​သုံး​ကွန်ပျူတာ​များ စုစုပေါင်း​အသုံးပြု​နေ​သလော​က်​နီးပါး အသုံးပြု​နေကြ​သည်။” နိုင်ငံ​ပေါင်း ၂၀ ကျော်​တွင် ယခု​အခါ ကြိုး​တပ်​ဖုန်း​များ​ထက် မိုဘိုင်းလ်​ဖုန်း​များ ပို​၍​များနေ​ပြီ။ စက်​မှု​လုပ်ငန်း​ကျွမ်းကျင်​သူ​တစ်ဦး​က မိုဘိုင်းလ်​ဖုန်း​များ​ကို နည်း​ပညာ​အံ့ဖွယ်​တစ်ခု​အဖြစ်​မျှ​သာ​မဟုတ်ဘဲ “လူမှုရေး​သရုပ်​သဏ္ဌာန်” အဖြစ် ဖော်ပြ​ထား​သည်။

မိုဘိုင်းလ်​ဖုန်း​များသည် လူ့​အဖွဲ့အစည်း​အပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိ​သနည်း။ ၎င်းတို့သည် မိတ်ဆွေ​လော သို့​မဟုတ် ရန်သူ​လော။

စီးပွားရေး​လုပ်ငန်း​အတွက် အကျိုးကျေးဇူး

မိုဘိုင်းလ်​ဖုန်း​များ ရောင်းအား​ကောင်း​လာ​ခြင်း​သည် စီးပွားရေး​လုပ်ငန်းများ​စွာ​အတွက် အကျိုး​ရရှိစေ​သည်။ ကုမ္ပဏီ​ကြီး​တစ်ခု​က ဤသို့​ဖော်ပြ​သည်– “မိုဘိုင်းလ်​ဖုန်း​ဈေးကွက်​သည် အရောင်း​ရ​ဆုံး​အီလက်ထရွန်နစ်​သုံး​ကုန် အမျိုးအစား ပို​၍​ပို​၍​ဖြစ်လာ​သည်။” တစ်နည်း​အားဖြင့် ယခု​အခါ မိုဘိုင်းလ်​ဖုန်း​များ​အတွက် ငွေ​သုံးစွဲမှု​သည် တစ်ချိန်က အခြား အီလက်ထရွန်နစ်​ကိရိယာ​မှန်သမျှ​ထက် ပို​များနေ​ပြီ။

ဥပမာ၊ ဩစတြေးလျ​နိုင်ငံ​တွင် မှီတင်း​နေထိုင်သူ သန်း ၂၀ အနက် ၁၅ သန်း​ကျော်​တို့သည် မိုဘိုင်းလ်​ဖုန်း​တစ်လုံးစီ ပိုင်ဆိုင်​ကြသည်။ ထို​နိုင်ငံ​ရှိ တယ်လီဖုန်း​ကုမ္ပဏီ​များစွာ​ထဲ​မှ တစ်ခု​တည်း​၏​ဝယ်ယူ​သုံးစွဲ​သူများ​သည် ပြီး​ခဲ့​သော​နှစ်​တစ်နှစ်​အတွင်း မိုဘိုင်းလ်​ဖုန်း​ခေါ်ယူ​မှု​ပေါင်း ၇.၅ ဘီလီယံ အသုံးပြု​ခဲ့​ကြသည်။ ကမ္ဘာ​တစ်ဝန်း​တွင် မိုဘိုင်းလ်​ဖုန်း​များသည် ကြေးနန်း​ဆက်သွယ်ရေး​ကုမ္ပဏီ​များ​အတွက် တစ်နှစ်​လျှင် ဒေါ်လာ​ဘီလီယံ​နှင့်​ချီ​၍ ရရှိစေ​သည်။ စီးပွားရေး​လုပ်ငန်းကြီး​များ​က မိုဘိုင်းလ်​ဖုန်း​ကို မိတ်ဆွေ​တစ်ဦး​အဖြစ် အဘယ်ကြောင့်​ရှုမြင်​ရ​ကြောင်း သိမြင်​ရန် လွယ်ကူ​ပါ​သည်။

ဘာသာ​စကား​သစ်​တစ်ခု​ကို ဖန်တီးခြင်း

ဤ​အဆင့်မြင့်​နည်း​ပညာ​ကိရိယာ​များ​ဖြင့် ပေး​ပို့​လဲလှယ်​ကြ​သည့် သတင်း​အချက်အလက်​သန်းပေါင်း​များစွာ​သည် စကား​ဖြင့်​မဟုတ်ဘဲ စာသား​ဖြင့်​ဖြစ်သည်။ တိုးများ​လာ​နေသော မိုဘိုင်းလ်​ဖုန်း​အသုံးပြု​သူများ—အထူးသဖြင့် လူငယ်များ—သည် လက်ကိုင်​ဖုန်း​ထဲ စကားပြော​ကြ​မည့်​အစား သတင်း​တို​ဝန်ဆောင်မှု (အက်စ်​အမ်​အက်စ်) ခေါ် ဝန်ဆောင်​နည်း​တစ်မျိုး​ကို အသုံးပြု​နေကြ​သည်။ ဤ​ဝန်ဆောင်မှု​သည် စရိတ်​သက်သက်သာသာ​ဖြင့် သတင်း​အချက်အလက်​တို​များ​ကို အပြန်အလှန် ရိုက်နှိပ်​ပို့လွှတ်​ခွင့်​ရစေသည်။ ဤနည်းဖြင့် ဆက်သွယ်​ရာ​တွင် ဖုန်း​၏​ခလုတ်ခုံ​ငယ်​ပေါ်​တွင် သတင်း​အချက်အလက်​တစ်ခု ရိုက်နှိပ်​ရန် လိုအပ်သော​ကြောင့် အက်စ်​အမ်​အက်စ် စွဲလမ်း​သူများ​က စကားသံ​များ​ထွက်​စေရန် အက္ခရာ​နှင့် ဂဏန်း​များ ပေါင်းစပ်​ထား​သည့် အတိုကောက်​ဘာသာ စကားပုံ​စံ​တစ်မျိုး​ကို အသုံးပြု​ကြသည်။ လက်ခံသူ​နှင့်​စကားပြော​မည့်​အစား သတင်း​အချက်အလက်​တစ်ခု​ကို စာ​စီ​ရိုက်နှိပ်​ရာ​တွင် အဆင်မပြေမှု​များ​ရှိ​သော်​ငြား​လည်း ကမ္ဘာ​တစ်ဝန်း​တွင် သတင်း​အချက်အလက် ၃၀ ဘီလီယံ​ခန့်​ကို လစဉ်​ပို့လွှတ်​ဖလှယ်​ခဲ့​ကြသည်။

ယင်း​သတင်း​အချက်အလက်​အားလုံး​သည် အဘယ်​အကြောင်းအရာများ​နည်း။ ဗြိတိသျှ​လေ့လာသူ​တစ်ဦး​က အသက် ၁၈ နှင့် ၂၄ ကြား​ရှိ လူငယ် ၄၂ ရာခိုင်နှုန်း​က ပရောပရည်​လုပ်ရန် အက်စ်​အမ်​အက်စ်​ကို အသုံးပြု​ကြ​ပြီး၊ ၂၀ ရာခိုင်နှုန်း​က လူတစ်ဦး​နှင့် ချိန်းတွေ့​ဖို့ မေးမြန်း​ရန် ခေတ်​ဆန်​သော ဤ​ဆက်သွယ်နည်း​ကို အသုံးပြု​ကြ​ကာ ၁၃ ရာခိုင်နှုန်း​က အဆက်ဖြတ်​ရန် အက်စ်​အမ်​အက်စ်​ကို အသုံးပြု​ကြ​ကြောင်း လေ့လာ​တွေ့ရှိ​ခဲ့​သည်။

လူမှုရေး​ရာ​အဓိပ္ပာယ်​ဖွင့်ဆို​သူတချို့​သည် အက်စ်​အမ်​အက်စ်​သတင်း​အချက်အလက်​များ​တွင် ရောနှော​ထားသော စာလုံးပေါင်း​သတ်​ပုံ​နှင့် ဝါကျ​အထားအသို​တို့​က လူငယ်များ​၏​စာပေ​တတ်ကျွမ်းမှု​ကို ထိခိုက်​မည်​ကို စိုးရိမ်​နေကြ​သည်။ တချို့က​မူ အက်စ်​အမ်​အက်စ်​ဖြစ်​စဉ်​သည် “မျိုးဆက်သစ်​တစ်ခု​တွင် စာရေး​နည်း​အသစ်​ကို ရှင်သန်​ပေါ်ပေါက်​စေခြင်း” ဖြစ်သည်​ဟု ဆို​လျက် သဘောမတူ​ကြ​ချေ။ ဩစတြေးလျ​အဘိဓာန်​တစ်အုပ်​ကို ထုတ်လုပ်သည့် လုပ်ငန်း​တစ်ခု​မှ ပြောရေးဆိုခွင့်​ရှိသူ​တစ်ဦး​က ဆန်း​ဟ​ယ်​ရ​ယ်လ်​သတင်းစာ​ကို ဤသို့​ပြော​ခဲ့​သည်– “[ဘာသာ​စကားနဲ့​ပတ်သက်​လို့] လုံးလုံးလျားလျား သစ်လွင်​တဲ့​ဟန်​တစ်မျိုး​ကို တီထွင်​ဖို့​အခွင့်အလမ်း​ကို ကျွန်တော်​တို့ ရ​ခဲ​ပါ​တယ် . . . စာသား​ပို့လွှတ်​တဲ့ [အက်စ်​အမ်​အက်စ်] နဲ့ အင်တာနက်​တို့ကို ပေါင်းစပ်​လိုက်ခြင်းက လူငယ်တွေကို စာ​များများ​ရေး​ခွင့် ပို​ရစေပါ​တယ်။ သူတို့ဟာ သုံးနှုန်း​ဟန်​ကို တတ်မြောက်​ပြီး စကားလုံး​နဲ့ သင်္ကေတ​တွေ ပေါင်းစပ်​ထား​တဲ့ . . . ဒီလို​ဘာသာ​စကား​မျိုးကို ကျွမ်းကျင်​ဖို့ အတော့်​ကို နှုတ်​စွမ်း​နှုတ်​စ​ရှိပြီး ဌာန်​က​ရိုဏ်း​ကျ​ကျ​ပြောတတ်​ကြရမယ်။”

မလိုလား​အပ်သော​တိမ်းယိမ်းမှု​တချို့

မိုဘိုင်းလ်​ဖုန်း​များသည် လူမှုပေါင်းသင်း​ဆက်ဆံ​ရေး​အတွက်ရော စီးပွားရေး​လုပ်ငန်းများ​အတွက်​ပါ အသုံးဝင်​သော​ကိရိယာ​တစ်ခု​ဖြစ်​သော်လည်း အလုပ်သမား​များစွာ​အတွက်​မူ ရုံး​လုပ်ငန်း​နှင့်​ချည်နှောင်​ထား​သည်​ဟု ခံစား​စေသော​ကြောင့် တစ်ခါတစ်ရံ မိတ်ဆွေ​တစ်ဦး​ထက် ခြေကျဉ်း​နှင့် ပို​တူ​နေ​ပုံ​ရသည်။ ကြော်ငြာ​လုပ်သား ၈၀ ရာခိုင်နှုန်း​နှင့် ဆောက်လုပ်ရေး​လုပ်သား ၆၀ ရာခိုင်နှုန်း​တို့သည် သူတို့၏​အလုပ်ရှင်​များ​ထံ​မှ​ဖြစ်စေ၊ ဖောက်သည်​များ​ထံ​မှ​ဖြစ်စေ အမြဲတမ်း ဆက်သွယ်​လာနိုင်​သော ဖိစီးမှု​ခံစား​ကြ​ကြောင်း စစ်တမ်း​တစ်ခု​က တွေ့ရှိ​ခဲ့​သည်။ ဖိစီးမှု​ခံစား​နေ​သူများ​သည် သူတို့​မည်သည့်​နေရာတွင်​ရှိနေပါစေ၊ အဘယ်အရာကို လုပ်​နေပါ​စေ မိုဘိုင်းလ်​ဖုန်း​ခေါ်သံ​ကို တုံ့ပြန်​ခြင်း​သည် “နှောင့်ယှက်မှု​ပေး​သော​ယဉ်ကျေးမှု” ဟု​သုတေသီ​တစ်ဦး​က သမုတ်​ထား​သည့်​အရာ​ကို ဖန်တီး​ပေး​သည်။ ယင်းကို တုံ့ပြန်​သည့်​အနေ​ဖြင့် အင်ဂျင်နီယာ​များသည် စားသောက်​ဆိုင်​များနှင့် ဇာတ်ရုံ​များ​တွင် အသုံးပြုရန်​အတွက် ဆောက်လုပ်ရေး​ပစ္စည်း​တစ်မျိုး​ကို တီထွင်​ခဲ့​ကြ​သဖြင့် မိုဘိုင်းလ်​ဖုန်း​အချက်ပြ​လမ်းကြောင်းကို တားဆီး​ပိတ်ဆို့​နိုင်​ခဲ့​ကြသည်။—“မိုဘိုင်းလ်​ဖုန်း​အသုံးပြုခြင်း​အတွက် အကြံပြုချက်များ” လေးထောင့်ကွက်​ရှု။

အနှောင့်အယှက်​ဖြစ်စေ​ရုံ​မျှ​မဟုတ်ဘဲ နေရာတကာ​တွင် တွေ့မြင်​နေရ​သော အဆိုပါ​ကိရိယာ​များသည် ပြည်​သူ့​ရန်သူ ဖြစ်လာ​မည့်​အလားအလာ​ရှိသည်။ ကားမောင်း​နေစဉ် မိုဘိုင်းလ်​ဖုန်း​အသုံးပြုခြင်း​သည် အရက်သောက်​ထားပြီး ကားမောင်း​ခြင်း​လောက် အန္တရာယ်​ရှိကြောင်း ကနေဒါ​လေ့လာမှု​တစ်ရပ်​တွင် တွေ့ရှိ​ရသည်။ အနောက်​တိုင်း​သြစတြေးလျ​တက္ကသိုလ်​ရှိ ထိခိုက်​ဒဏ်ရာ​သုတေသန​ဌာန​၏ ပါမောက္ခ မာ့ခ် စတီဗင်​ဆန်​က တယ်လီဖုန်း​ဖြင့်​စကားပြော​နေခြင်း​သည် ကား​ပေါ် တစ်ဦး​တစ်ယောက်​နှင့်​စကားပြော​ခြင်း​ထက် အတော်အတန်​ပို​၍ ခက်ခဲ​ကြောင်း ရှင်းပြသည်။ အန္တရာယ်​ရှိသဖြင့် တချို့​နေရာများ​ရှိ​ရဲ​များသည် ပြစ်မှုကျူးလွန်​သော​ယာဉ်မောင်း​များ​ကို ဒဏ်ငွေ​ရိုက်​နိုင်​ကြသော်လည်း မကြာသေးမီ​စစ်တမ်း​တစ်ခု​တွင် ဩစတြေးလျ​လူမျိုး​ယာဉ်မောင်း ၅ ဦး​တွင် ၁ ဦး​က အက်စ်​အမ်​အက်စ်​သတင်း​အချက်အလက်​များ​ကို ပို့လွှတ်​ပြီး သုံးပုံတစ်ပုံ​မှာ ကားမောင်း​ရင်း သူတို့၏​မိုဘိုင်းလ်​ဖုန်း​ခေါ်​မှုများ​ကို လက်ခံရ​ယူ​ကြ​ကြောင်း တွေ့ရှိ​ခဲ့​သည်။

မတော်လျော်​သော မိုဘိုင်းလ်​ဖုန်း​အသုံးပြုခြင်း​၏ အန္တရာယ်များ​သည် လေယာဉ်​ခရီးစဉ်​အထိ ကျယ်ပြန့်​လာ​သည်။ ပိုမို​သစ်လွင်​သော​လေယာဉ်ပျံ​ရှိ ဝါ​ယာ​သွယ်​တန်း​မှု​စနစ်​က မိုဘိုင်းလ်​ဖုန်း​အချက်ပြ​များ​ကို ကာကွယ်​ထား​သော်လည်း အသုံးပြု​နေဆဲ​ရှိသည့် လေယာဉ်​တချို့​မှာ အလွယ်တကူ ထိခိုက်​နိုင်​သည်။ န​ယူး​ဆိုင်း​ယင်း​တစ်​က ဤသို့​ဖော်ပြ​သည်– “ခရီးသည်​တင်​လေယာဉ်​ကြီး​နှစ်စင်း​တွင် စမ်းသပ်​ကြည့်​ရာ ဆဲလ်ဖုန်း​ဓာတ်​ရောင်ခြည်​သည် ပျံသန်းမှု​ကို​အကဲခတ်​ပေး​သော အီလက်ထရွန်နစ်​များ​ကို နှောင့်ယှက်​ကြောင်း ဗြိတိန်​ပြည်တွင်း​လေကြောင်း​အာဏာပိုင် [စီ​အေ​အေ] က အတည်ပြု​ထောက်ခံ​ခဲ့​သည်။” ဖုန်း​များ​ကြောင့်​ဖြစ်ပေါ်​သည့် အဓိက​အန္တရာယ်ကို ခွဲခြား​ဖော်ပြ​ရာ​တွင် စီ​အေ​အေ​ပြောရေးဆိုခွင့်​ရှိသူ​တစ်ဦး​က ဤသို့​ဆို​သည်– “ဆဲလ်ဖုန်း​တစ်ခု​သည် အခြေ​စိုက်​ဌာန​မှ ဝေး​သွား​လေ စွမ်းအား​ပိုမို​ထုတ်လွှတ်​လေ​ဖြစ်သည်။ ထို့​ကြောင့် လေယာဉ်ပျံ​သည် မြင့်တက်​လေ မိုဘိုင်းလ်​အချက်ပြ​သည်လည်း အားကောင်း​လေ​ဖြစ်​ရာ ပျံသန်း​စဉ် နှောင့်ယှက်မှု​အဆင့်​မှာ အတော်​ဆိုးရွား​လာ​စေ​သည်။” မိုဘိုင်းလ်​ဖုန်း​များ​အပါအဝင် တစ်ကိုယ်ရေ​သုံး​အီလက်ထရွန်နစ်​ကိရိယာ​များသည် စီးပွား​ဖြစ်​လေယာဉ်ပျံ​တွင် ပျံသန်း​စဉ်​ကြုံ​ရသည့်​ပြဿနာ​အတော်များများကို ဖြစ်ပေါ်​စေ​သည်၊ အကြောင်း​မှာ လေယာဉ်​ပေါ် ထို​ကိရိယာ​များ​ကို ပိတ်​ထား​ဖို့​သတိပေး​ချက်​ကို ခရီးသည်​များ​က လျစ်လျူရှု​ကြသော​ကြောင့်​ဖြစ်​ကြောင်း ဩစတြေးလျ​နိုင်ငံ​လေ့လာမှု​တစ်ရပ်​က တွေ့ရှိ​ခဲ့​သည်။

မိုဘိုင်းလ်​ဖုန်း​များနှင့် ကင်ဆာ

အချက်ပြ​များ​ကို တစ်ဆင့်​ပေး​ပို့​သည့် မိုဘိုင်းလ်​ဖုန်း​များနှင့် အခြေ​စိုက်​ဌာန​များ​မှ ထုတ်လွှတ်​သော ရေဒီယို​လှိုင်း​ကြိမ်နှုန်း​များသည် လူ​တို့​တွင် ကင်ဆာ​ဖြစ်စေ​နိုင်,မ​နိုင်​နှင့်​ပတ်သက်​၍ အငြင်းပွား​ကြ​ဆဲ​ဖြစ်သည်။ ရာခိုင်နှုန်း​အနည်းငယ်​သာ ကျန်းမာ​ရေး​ပြဿနာ​များ ဖြစ်စေ​မည်​ဆို​သည့်​တိုင် လူ​သန်းပေါင်း​များစွာ​သည် ယင်း​ကိရိယာ​များ​ကို အသုံးပြု​နေကြ​သောကြောင့် အဓိက​ကျန်းမာ​ရေး​အန္တရာယ်ကို ဖြစ်ပေါ်​စေ​ပေမည်။ သို့​ဖြစ်၍ သိပ္ပံ​ပညာရှင်​များ​၏ နှိုက်နှိုက်​ချွတ်ချွတ်​လေ့လာမှု​များ​တွင် သက်ရှိ​တစ်သျှူး​များ​အပေါ် မိုဘိုင်းလ်​ဖုန်း​ဓာတ်​ရောင်ခြည်​သက်ရောက်မှု​ကို စိစစ်​ခဲ့​ကြသည်။ နောက်ဆုံး​ကောက်ချက်​ကား အဘယ်နည်း။

မိုဘိုင်းလ်​ဖုန်း​များနှင့်​ပတ်သက်​သည့် ပုဂ္ဂလိက​ကျွမ်းကျင်​သူ​အဖွဲ့ (IEGMP) က အစီရင်ခံစာ​တစ်ခု​ကို ဤသို့​ထုတ်ပြန်ခဲ့​သည်– “လက်ရှိ​ရရှိနိုင်သော အထောက်အထားအရ မိုဘိုင်းလ်​ဖုန်း​အသုံးပြုခြင်း​နှင့်​ပတ်သက်​၍ အများ​ပြည်သူ​တို့ စိုးရိမ်​စ​ရာ​မလိုဟု ကျွမ်းကျင်​သူ​အဖွဲ့​များ​က ယူဆကြ​သည်။” န​ယူး​ဆိုင်း​ယင်း​တစ်​က​လည်း ဤသို့​ဖော်ပြ​သည်– “မကြာသေးမီ​နှစ်များ​အတွင်း အထိတ်တလန့်​ဖြစ်စေ​သည့် ပြောဆိုမှု​များ​ရှိခဲ့​လင့်​ကစား မိုဘိုင်းလ်​ဖုန်း​ရေဒီယို​လှိုင်း​ကြိမ်နှုန်း​ထုတ်လွှတ်​မှုများ​နှင့် ထိတွေ့မှု​က ကျန်းမာ​ရေး​အပေါ် ဆိုးကျိုး​သက်ရောက်​စေခြင်း​မရှိကြောင်း ယနေ့​အထိ​တွေ့ရ​သော အထောက်အထား​အများစုက ဖော်ပြ​သည်။ ဆိုးကျိုး​များ​ကို ဖော်ပြ​သော​လေ့လာခဲ့မှု​များ​ကို ပြန်လည်​သက်သေထူ​ရန် အခက်တွေ့​ခဲ့​ကြသည်။”

မိုဘိုင်းလ်​ဖုန်း​များ​၏ ကျန်းမာ​ရေး​ဆိုင်ရာ​သက်ရောက်မှု​များနှင့်​ပတ်သက်​၍ သံသယများ​ရှိနေ​သောကြောင့် ထပ်ဆင့်​သုတေသန​လုပ်ရန် ဒေါ်လာ​သန်းနှင့်ချီ သုံးစွဲ​ခဲ့​ကြသည်။ သေချာ​သော​အဖြေ မတွေ့မချင်း IEGMP က အောက်ပါ​အတိုင်း အကြံပေး​သည်– “မိုဘိုင်းလ်​ဖုန်း​များ​ကို အတတ်နိုင်ဆုံး အချိန်တို​တို​သာ သုံးပါ။ စွမ်းအင်​စုပ်ယူ​မှု​နှုန်း (SAR) နည်းသော ဖုန်း​များ​ကို အသုံးပြုပါ။ လက်​ဖြင့်​ကိုင်​စ​ရာ​မလို​သော (နားကြပ် သို့​မဟုတ် စ​ပီ​ကာ​ဖုန်း​ပါ​သော) ကိရိယာ​များ​ကို​ဖြစ်စေ၊ စွမ်းအင်​စုပ်ယူ​မှု​နှုန်း​နည်းစေ​သည့် စီမံ​ထား​ရာ​များ​ကို​ဖြစ်စေ သုံးပါ။” ကလေး​များ​၏​နဗ်ကြော​စနစ်​ဖွံ့ဖြိုး​ခြင်း​က “မသိ​ရသော​ကျန်းမာ​ရေး​အန္တရာယ်များ​ကို ဖြစ်စေ​နိုင်သော​ကြောင့် အသက်​ဆယ့်ခြောက်​နှစ်​အောက် ကလေး​များ​ကို မိုဘိုင်းလ်​ဖုန်း အသုံးမပြု​စေ​သင့်” ဟု​လည်း ကျွမ်းကျင်​သူ​အဖွဲ့က အကြံပေး​သည်။

အငြင်းပွားမှု​ရှိနေ​သော်လည်း မိုဘိုင်းလ်​ဖုန်း​သည် စီးပွားရေး​အရ​ရော လူမှုရေး​အရ​ပါ သိသိသာသာ​အကျိုး​သက်ရောက်မှု​ရှိပါ​သည်။ ယင်း​၏​မျိုး​တူ​အီလက်ထရွန်နစ်​များ—တီဗွီ​နှင့် တစ်ကိုယ်ရေ​သုံး​ကွန်ပျူတာ—ကဲ့သို့​ပင် မိုဘိုင်းလ်​ဖုန်း​သည်လည်း အသုံးဝင်​သော​ကျွန်​တစ်ဦး​သော်လည်း​ကောင်း၊ မညှာမတာ​ခိုင်းစေ​တတ်သော​သခင်​တစ်ဦး​သော်လည်း​ကောင်း ဖြစ်​နိုင်​သည့်​အလားအလာ​ရှိသည်။ မိတ်ဆွေ​ဖြစ်လာ​မည်​လော၊ ရန်သူ​ဖြစ်လာ​မည်​လော​ဟူသည်​ကို ဆုံးဖြတ်​နိုင်စွမ်း​သည် စင်စစ်​အားဖြင့် သုံးစွဲ​သူ၏​လက်ထဲ​တွင် ရှိ​နေပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 သတ်မှတ်​ထားသော အချိန်ကာလ​တစ်ခု​အတွင်း တစ်စုံတစ်ရာ​သော​အတိုင်းအတာ​အထိ ဖုန်း​ခေါ်​မှုများ​ပြု​ရန် တယ်လီဖုန်း​ဝန်ဆောင်​ပေး​သူနှင့် သဘောတူ​စာချုပ်,ချုပ်​ထား​သူကို အခမဲ့​ပေး​သည့်​အခါ​များ​ရှိသည်။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိုဘိုင်းလ်​ဖုန်း​အသုံးပြုခြင်း​အတွက် အကြံပြုချက်များ

၁။ လူအများ​ရှိရာ​နေရာတွင် ဖုန်း​အသုံးပြု​နေ​မည်​ဆိုလျှင် သင့်​အသံပမာဏ​ကို လျှော့ချ။ ဖုန်း​ပေါ်​ရှိ စကားပြော​ခွက်​သည် အလွန်​ဆွဲအား​ကောင်း​ပါ​သည်၊ သင့်​အနီး​ပတ်ဝန်းကျင်​ရှိ​လူတို့သည် သင့်ကိုယ်​ရေး​ကိုယ်တာ​စကားပြော​ဆို​မှု​ကို စိတ်ဝင်စား​ကြ​မည်​မဟုတ်ပေ။

၂။ ဘာသာရေး​အစည်းအဝေး​များ၊ စီးပွားရေး​အစည်းအဝေး​များ၊ ရုပ်ရှင်​ရုံ၊ လူအများ​ရှိရာ​အခြား​သမယ သို့​မဟုတ် စားသောက်​ဆိုင်​တို့​တွင် ရောက်ရှိ​နေသည့်​အခါ ဖုန်း​ကို ပိတ်​ထား​ပါ သို့​မဟုတ် အသံ​မ​ထွက်​အောင် ထား​ပါ။

၃။ ကားမောင်း​စဉ် လက်ကိုင်​ဖုန်း​ကို မ​သုံးပါ​နှင့်။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကမ္ဘာ​တစ်ဝန်း​တွင် ဘီလီယံ ၃၀ ခန့်​သော သတင်း​အချက်အလက် များ​ကို လစဉ် ပို့လွှတ်​နေကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကားမောင်း​နေစဉ် မိုဘိုင်းလ်​ဖုန်း​အသုံးပြုခြင်း​သည် အရက်သောက်​ထားပြီး ကားမောင်း​ခြင်း​တ​မျှ အန္တရာယ်​ရှိ