မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိုးရေသိုလှောင်ခြင်း—ခေတ်ဟောင်းနှင့် ခေတ်သစ်

မိုးရေသိုလှောင်ခြင်း—ခေတ်ဟောင်းနှင့် ခေတ်သစ်

မိုး​ရေ​သိုလှောင်​ခြင်း—ခေတ်​ဟောင်း​နှင့် ခေတ်​သစ်

အိန္ဒိယ​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ရေ​သည် ကမ္ဘာ​မြေ​နှင့် ပင်လယ်​တို့​မှ အငွေ့​ပြန်​လိုက်၊ မိုးတိမ်​ဖွဲ့စည်း​လိုက်၊ မိုးရွာ​ချ​လိုက်​နှင့် ထောင်​စု​နှင့်​ချီ​၍ သဘာဝ​အတိုင်း သံသရာ​လည်​လျက်​ရှိသည်။ ဤ​ချွေတာ​ရေး​စနစ်​က ကမ္ဘာ​မြေပေါ်​ရှိ လူတိုင်း​အတွက် ရေ​အလျှံပယ်​ရရှိစေ​သည်။ သို့​ဆိုလျှင်၊ လူသား​တို့ကို ကပ်​ဆိုက်​စေသည့် ဆိုးရွား​လှ​သော ရေ​ပြဿနာ​များ အဘယ်ကြောင့် ရှိနေ​ရသနည်း။ ဖြစ်​နိုင်သော​ဖြေရှင်း​နည်း​များ​ကား အဘယ်နည်း။ အဖြေ​ရ​ရန် အိန္ဒိယ​နိုင်ငံ​ရှိ ရေ​အခြေအနေ​ကို လေ့လာ​ကြည့်​ကြ​စို့။

လူဦးရေ သန်း​တစ်ထောင်​ကျော်​သော အိန္ဒိယ​နိုင်ငံ​တွင် ရေ​အရင်းအမြစ်​များသည် စိုးရိမ်​မှတ်​သို့ ရောက်ရှိ​နေကြောင်း တွေ့ရှိ​ရသည်။ အိန္ဒိယ​နိုင်ငံ​၏​ရေ​သည် အဘယ်​အရပ်မှ လာ​သနည်း။ မြောက်ဘက်စွန်း​ပိုင်း​တွင် ဟိ​မ​ဝ​န္တာ​တောင်တန်း​ရှိ နှင်း​များနှင့် ရေခဲပြင်​ကြီး​များ အရည်ပျော်​ရာ​မှ နွေဦး​ရာသီ​၌ မြစ်ရေ​များ ပြည့်နေ​တတ်​သည်။ သို့သော် အိန္ဒိယ​တိုက်ငယ်​၏​အများစု​သည် ခြောက်သွေ့​သော​မြေ​ကို စိုစွတ်​စေရန်၊ ရေတွင်း​ရေကန်​များ​ကို ရေဖြည့်​ပေး​ရန်၊ နိုင်ငံ​တစ်လျှောက် သွယ်​ယှက်​နေသော​မြစ်​ကြီး​များ ရေ​တိုးလာ​စေရန် နှစ်စဉ်​ကျရောက်​သည့် မုတ်သုံမိုး​များ​ကို အားထား​နေရ​သည်။ အိန္ဒိယ​နိုင်ငံ​၏​မုတ်သုံမိုး​သည် ကြိုတင်​ခန့်မှန်း​၍​မရ​သော​ရာသီ​ဖြစ်သည်၊ “ဂြိုဟ်တု​များ​မှ​သည် စွမ်းအား​မြင့်​စူပါ​ကွန်ပျူတာ​များ​အထိ ခေတ်​သစ်​နည်း​ပညာ တိုးတက်မှု​များ​ရှိနေ​သည့်​ကြား​မှ စိတ်နောက်​ရ​လောက်​အောင်​ခန့်မှန်း​ရ​အခက်ဆုံး​ဖြစ်အင်​တစ်ခု . . . အံ့ဩစရာ​ကောင်း​လောက်​အောင် ခန့်မှန်း​ရ​ခက်​သည့်​ရာသီ” အဖြစ် ဖော်ပြ​ကြသည်။

ပုံမှန်​မုတ်သုံ​ရာသီ​သည် သုံး​လေးလ​အထိ ကြာ​တတ်​သည်၊ သို့သော် ထို​ရာသီ​တစ်လျှောက်​လုံး မိုး​မှန်မှန်​ရွာသွန်း​ခြင်း​မရှိ​ချေ၊ မိုး​အများစု​သည် အချိန်တို​လေး​အတွင်း သဲကြီးမဲကြီး ရွာ​ချ​တတ်​သည်။ ယင်းကြောင့် ဆ​ည်​များ ရေ​ပြည့်လျှံ​လာ​ကာ ရေ​လွှတ်​ပေး​ရသည်။ မြစ်ရေ​များ​လျှံ​တက်ပြီး လယ်ကွင်းများ​နှင့် အိမ်များ​ကို ရေလွှမ်းမိုး​တတ်​သည်။ ခေတ်မီ​စက်​မှု​လုပ်ငန်း​ထွန်းကား​လာ​ခြင်း​နှင့် မြို့​ပြ​ဖြစ်စေခြင်း​တို့​ကြောင့် နေရာအနှံ့​သစ်တော​ပြုန်းတီး​လာ​ရာ အဖိုးတန်​မိုး​ရေ​ကို ၎င်းတို့၏​အမြစ်များ​တွင် ကာဆီး​ကာ မြေကြီး​ထဲ တဖြည်းဖြည်း​စိမ့်ဝင်​စေသည့် သစ်ပင်​များသည် အများအားဖြင့် အလုံအလောက်​မရှိတော့​ချေ။ ထို့​ကြောင့် အပေါ်ယံ​မြေဆီလွှာ​သည် ချောင်းရေ​များနှင့်​အတူ မျောပါ​သွားပြီး မြေကြီးကို တိုက်စား​ပစ်​၏။ ရေကန်​များ၊ ရေအိုင်​များ​တွင် နုန်း​များ​သဲ​များ စု​ပြုံ​လာ​ကာ တိမ်​စေ​သဖြင့် ရေ​ဝင်ဆံ့​မှု နည်းစေ​သည်။ သို့​နှင့် အဖိုးတန်​မိုး​ရေ​အများစုမှာ အလဟဿ​ဖြစ်​ကုန်သည်။

ဤသို့ဖြင့် မုတ်သုံ​ရာသီ ကုန်လွန်​သွား​၏။ ကျန်ရှိ​သော​ရာသီ​တစ်လျှောက်​လုံး​တွင် ချစ်ချစ်တောက်​ပူပြင်း​သော​လ​များ​ရောက်လာ​ပြီး နေ့စဉ်​နေ့တိုင်း နေသာ​နေတတ်​သည်။ မြေကြီး​မှာ ချက်ချင်း​ခြောက်သွေ့​လာပြီး လယ်ကွင်းများ မာကျော​လာ​ကာ ကွဲအက်​ကုန်​ကြသည်။ ရေ​စီး​သန်​သော​မြစ်ချောင်း​များ​မှာ ပြန့်ပြူး​၍ သဲသောင်​ထူ​သော​မြစ်​ကြမ်းပြင်​များ​တွင် ရေ​စီး​နည်းလာ​ကြသည်။ ရေတံခွန်​များလည်း ကွယ်ပျောက်​ကုန်​၏။ ရေအောင်းလွှာ​မှ ရေ​ကို နက်​သည်ထက်​နက်​အောင် တူး​ယူရ​သဖြင့် မြေအောက်​ရေပြင်​မှာလည်း နိမ့်ဆင်း​သွား​သည်။ မိုး​ရေ နည်းပါး​လာ​သည်​နှင့် မိုးခေါင်​ရေ​ရှား​ဖြစ်လာ​ကာ သီးနှံများ မအောင်​တော့၊ ကျွဲ​နွား​တိရစ္ဆာန်​များ သေဆုံး​ကြ​၏၊ ကျေးလက်​နေ​သူများ​သည် မြို့ကြီး​များ​သို့ ပြောင်းရွှေ့​နေထိုင်​လာ​ကြ​ရာ မြို့​ပြ​ရေ​ပြဿနာ​များ ထပ်ဆင့်​တိုးများ​စေ​ပြန်​သည်။

သို့သော် ဤ​အတိုင်း အမြဲတမ်း ဖြစ်​မနေခဲ့ပါ။ ရှေး​အချိန်​ကတည်းက အိန္ဒိယ​နိုင်ငံတစ်ဝန်းလုံး​ရှိ လူတို့သည် မုတ်သုံမိုး​ကုန်သည်​နှင့် ခြောက်သွေ့​လာ​သည့် မြစ်များ​နှင့် ကန်​များ​ကို​သာ လုံးလုံးလျားလျား အားထား​မနေ​ခြင်း​သည် အကောင်းဆုံး​ဖြစ်​ကြောင်း သိရှိ​ခဲ့​ကြသည်။ သူတို့သည် မိုးရွာ​သည့်​နေရာတွင် မိုး​ရေ​ခံ​နည်း၊ ယင်း​ရေ​ကို လတ်တလော​လိုအပ်ရာ​များ​အတွက် အသုံးပြုနည်း၊ မိုး​ကုန်​ချိန်​အတွက် ရေ​သိုလှောင်​နည်း​တို့ကို ကြံဆ​တီထွင်​ခဲ့​ကြသည်။ ယင်း​နည်း​မှာ မိုး​ရေ​သိုလှောင်​ခြင်း​တည်း။

ယနေ့ မိုး​ရေ​သိုလှောင်​ရေး​အတွက် လိုအပ်ချက်

ခေတ်မီ​နည်း​ပညာ​နှင့် ဆ​ည်​ကြီး​များ၊ တ​မံ​များနှင့် ဆ​ည်​မြောင်း​များ—အိန္ဒိယ​နိုင်ငံ​တွင် အလွန်​များပြား​စွာ​ရှိသည်—ကို​ထောက်ရှု၍ ရှေးခေတ်​ရေ​သိုလှောင်​နည်း​စနစ်​များ​ကို စိတ်ဝင်စား​မည့်​သူ​ရှိ​မည်​မဟုတ်​ဟု စဉ်းစားမိ​ပေမည်။ စင်စစ်​အားဖြင့် လူတို့သည် အိမ်များ သို့​မဟုတ် ရွာများ​တွင် ပိုက်​ခေါင်း​မှ ရေ​ရနိုင်​သည်​နှင့် ထို​နည်း​ပညာ​အများစုကို အသုံးမပြု​တော့​ဘဲ နေ​လာ​ကြသည်။ သို့သော် စိတ်ဝင်စားစရာ​အကြောင်း ရှိ​နေသည်။ လွန်ခဲ့သော အနှစ် ၅၀ ကျော်​က ရေ​သုံးစွဲခြင်း​နှင့်​ပတ်သက်သော စီမံကိန်း​ကြီး​များသည် တိုးများ​လာ​နေသော လူဦးရေ​၏ လိုအပ်ချက်​များ၊ စိုက်ပျိုးရေး​ကို လုံးဝ​နီးပါး​အခြေခံ​သည့် လူ့​အဖွဲ့အစည်း​မှ စက်​မှု​ကို​အခြေခံ​သည့် လူ့​အဖွဲ့အစည်း​သို့ တစ်မုဟုတ်ချင်း ပြောင်းလဲမှု​တို့ကို လိုက်​မမီ​နိုင်​တော့​ချေ။ နိုင်ငံ​၏​ရေလို​အပ်​မှု​ကို ဖြည့်ဆည်း​ပေးဖို့ ရေအလုံ​အ​လောက် မ​သိုလှောင်​ထား​နိုင်​ခဲ့​ချေ။

ယခု​အခါ ပတ်ဝန်းကျင်​ထိန်းသိမ်းရေး​သမားများ​နှင့် စိတ်ဝင်တစား​ရှိသော အာဏာပိုင်​များ​က ရေ​ထိန်းသိမ်းရေး​တွင် ကိုယ်တိုင်​ကိုယ်​ကျ ပါဝင်​လုပ်ဆောင်ကြ​ရန် နှိုးဆော်​ဖို့​လိုအပ်​သည်​ဟု ယူဆကြ​သည်။ အိမ်များ၊ စက်ရုံ​များ၊ ကျောင်း​များ​တွင် မိုး​ရေ​သိုလှောင်​ကြ​ရန် ဆော်သြ​လျက်​ရှိကြ​ကာ ရေ​ကို​အနည်းငယ်​အတိုင်းအတာ​ဖြင့် သိုလှောင်​ထား​သည့် နေရာ​မှန်သမျှ​သည် လက်တွေ့ကျ​သည်။ သို့​ဖြစ်၍ မြို့ကြီး​များနှင့် ပြည်နယ်​များစွာ​ရှိ အဆောက်အအုံ​သစ်​များ​တွင် မိုး​ရေ​သိုလှောင်​သည့်​နည်း​စနစ်​များ မဖြစ်​မနေ​ထား​ရှိ​ရန် လုပ်ဆောင်​လျက်​ရှိသည်!

ဂါလံ​သန်းနှင့်ချီ​သော မိုး​ရေ​များသည် ရေ​သိုလှောင်​၍​မရ​သည့်​ဒေသ​များ​တွင် ရွာ​ချ​ကြ​သဖြင့် အငွေ့​ပြန်​ရုံ သို့​မဟုတ် ပင်လယ်ထဲ စီးဝင်​ရုံ​သာ​ရှိ​တော့​သည်။ သို့သော် မိုး​ရေ​သိုလှောင်​ခြင်း​သည် မိုးရွာ​သည့်​နေရာ၌ ရေ​ခံ​ပါ ဟူ​သည့် အယူအဆ​အပေါ် အခြေခံ​ထား​သည်။ မိုး​ရေ​ကို လူတိုင်း သိုလှောင်​ကြ​ရသည်။ အဖိုးအခ​ပေး​ရ​၍ ဆင်းရဲသား​များ​အတွက် စရိတ်​များ​လှ​သည့် တ​မံ​ရေ​များ၊ တူးမြောင်း​ရေ​များနှင့်​မတူ​သည့် ဤ​ရေ​ကို အခမဲ့​ရနိုင်​သည်!

ဦးဆောင်​ဦး​ရွက်​ပြုခြင်း

ထို့​ကြောင့် အိန္ဒိယ​နိုင်ငံ​တွင် စိတ်ဝင်တစား​ရှိသည့် လူများစွာ​သည် ရေ​ထိန်းသိမ်း​သိုလှောင်​ရေး​တွင် ပါဝင်​လာ​ကြသည်။ တချို့​သည် နိုင်ငံတကာ ဆုတံဆိပ်​များ ချီးမြှင့်ခြင်း​ခံ​ခဲ့​ကြ​ရသည်၊ ရာ​ဂျင်​ဒ​ရာ​စင်း​ဆိုလျှင် ၂၀၀၁ ခုနှစ်​တွင် ရပ်ရွာ​ဖွံ့ဖြိုး​တိုးတက်ရေး​အတွက် ဂုဏ်​ထူး​ဆောင် မ​ဂ္ဂ​စီ​စီ ဆု​ကို ရရှိခဲ့သည်။ သူ​တည်ထောင်​ခဲ့​သည့် အစိုးရ​မဟုတ်သော​အဖွဲ့အစည်း​တစ်ခု​၏ လုပ်ကိုင်​ဆောင်ရွက်မှု​ကြောင့် စင်း​သည် ရာ​ဂျာ​စ​တန်​ပြည်နယ်​ရှိ ခန်းခြောက်​လု​နီးပါး​ဖြစ်နေ​သော အရာဗာ​ရီ​မြစ်ကို ပြန်လည်​အသက်ဝင်​လှုပ်ရှား​စေ​ခဲ့​ရာ နိုင်​ငံ့​လူဦးရေ​၏ ၈ ရာခိုင်နှုန်း​ခန့်​ရှိသော ပြည်နယ်​တစ်ခု​မှာ ယင်း​၏ ၁ ရာခိုင်နှုန်း​ခန့်​သာ​ရှိသော​ရေ​အရင်းအမြစ်​မှ အကျိုး​ခံစား​ခဲ့​ရသည်။ စင်း​တို့​အုပ်စု​သည် ၁၅ နှစ်ကာလ​အတွင်း သစ်ပင်​များ​ကို စိုက်​ပျိုး​ခဲ့​ပြီး ရေ​တိုင်​ကီ ၃၅၀၀ လုံး၊ ရေ​သိုလှောင်​ဖို့ ရိုးရာ​ဂျို​ဟဲဒ်​ပုံး​များ တည်ဆောက်​ပေး​ကြ​သဖြင့် ဒေသခံ​ရွာသား​များ ကြီးပွား​အဆင်ပြေ​လာ​ကြသည်။ ရေ​သိုလှောင်​ရေး​လုပ်ငန်းများ လုပ်ဆောင်ကြ​သည့် အခြားသူများ​မှာ လူအများစု​၏​သတိပြု​ခြင်း​ကို မခံရ​ကြသော်လည်း အခြား​သူများကို သူတို့​ကူညီ​ပေး​နေသည်​ဟူ​သည့် အသိ​ကြောင့် ကျေနပ်မှု​ရရှိ​ကြသည်။

စက်​မှု​လုပ်ငန်းရှင်​များသည် မြို့​ရေ​ဖြန့်ဝေမှု​များ​ကို ဖြည့်ဆည်း​ပေးဖို့ မိုး​ရေ​သိုလှောင်​ခြင်း​၏ အကျိုးကျေးဇူးများ​ကို သိမြင်​လာကြပြီ​ဖြစ်သည်။ အိန္ဒိယ​တောင်ပိုင်း၊ ဘင်္ဂလော​မြို့​ဆင်ခြေ​ဖုံး​ရှိ စက်ရုံ​တစ်ရုံ​တွင် ရိုးရိုးလေး​ဖြစ်သော၊ စရိတ်​မများ​သည့် အိမ်ခေါင်မိုး​ရေ​သိုလှောင်​နည်း​စနစ်​ကို တည်ထောင်​ခဲ့​သည်။ ယခင်​က အဝေးပြေးလမ်း​မကြီး​ပေါ်​ရွာ​ချ​ပြီး ဆုံးရှုံး​ခဲ့​သည့်​မိုး​ရေ​ကို ရေ​ဂါလံ ၁၀,၀၀၀ ဆံ့​သည့် ရေ​စ​ည်​ကြီး​ဆီ​သို့ သွယ်ပို့​ခဲ့​သည်။ မုတ်သုံ​ရာသီ​အတွင်း တစ်နေ့​လျှင် သိုလှောင်​ရေ​ဂါလံ ၁,၃၀၀ ကို စက်ရုံ​စားသောက်​ဆိုင်​နှင့် အစားအစာ​အသုံးအဆောင်​ပစ္စည်း​များ ဆေးကြော​ဖို့​အတွက် စစ်ထုတ်​ခဲ့​သည်။ ဤ​ရည်ရွယ်ချက်များ​အတွက် မြို့​ရေ​ဖြန့်ဝေမှု​စနစ်​မှ ရေ​တစ်​စက်​ပင် မ​သုံးစွဲ​ခဲ့​ချေ။

‘ရေ​စက်​တစ်​စက်’ ဟု သင်​ဆို​ပေမည်။ သို့သော် သင့်​တွင် တစ်နှစ်​တစ်ကြိမ် ပိုက်ဆံ​ထည့်​သော ဘဏ်​စာရင်း​တစ်ခု​ရှိသည်​ဆို​ကြပါစို့။ နေ့စဉ်​လိုအပ်ရာ​များ​အတွက် သင့်​စာရင်း​ထဲ​မှ ထုတ်ယူ​နေရ​သဖြင့် တဖြည်းဖြည်း​နှင့် ထည့်​ထား​သည်ထက်​ပို​၍ ထုတ်ယူ​လိုက်​မိ​၏။ တစ်နေ့​တွင် ပို​ထုတ်​ငွေ​စာရင်း​ရောက်လာ​ပါ​လိမ့်​မည်။ သို့ရာတွင် လအနည်းငယ်​မျှ နေ့စဉ်​လိုအပ်ရာ​များ​အတွက် ပို​၍​လောက်​င​သည့်​အလုပ်​ရမည်​ဆိုလျှင် သင့်ငွေ​စာရင်း​ကို ပြန်​ဖြည့်ပေး​စ​ရာ​ရှိလာ​မည်။ ယခု ဤ​သဘောတရား​ကို ရေ​သိုလှောင်​ရေး​တွင် အသုံးပြု​ကြည့်​ပါ။ စုဆောင်း​သိုထား​ရာ​လေး​ကို အကြိမ်​သန်းနှင့်ချီ​၍ မြှောက်​ကြည့်​ပါ၊ မည်မျှ​ရှိလာ​မည်​နည်း။ မိုး​ရေ​မရတော့​သည့်​အခါ ပြန်​ဖြည့်​ထားသော​ရေ​အရင်းအမြစ်၊ မြင့်တက်​လာသော​မြေအောက်​ရေပြင်၊ ပြည့်လျှံ​လာသော​ရေအောင်းလွှာ​တို့ကို ပြန်​မှီခို​လာနိုင်​မည်။ ရရှိနိုင်သော​ရေ​သည် အကန့်အသတ်​သာ​ရှိကြောင်း သတိရပါ၊ ရေ​မရှိတော့​လျှင် ရေ​ပို​ထုတ်ယူ​စ​ရာ​မရှိပါ။

တည်မြဲသော​ဖြေရှင်း​နည်း

ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​သည် မှီတင်း​နေထိုင်သူ​များ​အတွက် အလျှံပယ်​ထောက်ပံ့​ပေး​ထား​သည်။ သို့ရာတွင် ရာစုနှစ်များ​တစ်လျှောက် လူ့​လောဘ​နှင့် အမြော်အမြင်​နည်း​မှု​တို့​က သန်းနှင့်ချီ​သော ကမ္ဘာ​သူ​ကမ္ဘာ​သားများ​အတွက် ပျက်စီး​ယိုယွင်းသော နေထိုင်မှု​အခြေအနေ​များ​ကို ဖြစ်ပေါ်​စေ​ခဲ့​သည်။ စိတ်​ရိုး​မှန်​သူများ​၏ ကြိုးစား​အားထုတ်မှု​များ​ရှိ​သော်​ငြား​လည်း ကမ္ဘာ့​ပတ်ဝန်းကျင်​ဆိုင်ရာ ပြဿနာ​များ​ကို လုံးဝ,ပပျောက်​သွားစေရန် လူသားများ​တွင် အစွမ်းအစ​မရှိကြောင်း ထင်ရှား​ပါ​သည်။ ဝမ်းသာစရာ​မှာ မြေကြီး​ဖန်ဆင်း​ရှင်​က “မြေကြီးကို​ဖျက်ဆီး​သော​သူတို့အား ဖျက်ဆီး​တော်​မူ” ပြီး မျှတ​သည့်​ရေသံသရာ​ကို ပြန်လည်​ဖြစ်ပေါ်​စေမည်​ဟု ကတိပေး​ထား​သဖြင့် “တော​၌​စမ်းရေ​ထွက်၍၊ လွင်ပြင်​၌​မြစ်ရေ​စီး​လာ” ပါ​လိမ့်​မည်။ မှန်ပါသည်၊ “တံလျှပ်​သည် ရေကန်​ဖြစ်​လိမ့်​မည်။ သွေ့ခြောက်​သော​မြေ​သည် စမ်းရေ​တွင်း​ဖြစ်​လိမ့်​မည်။” လန်းဆန်းဖွယ် မိုး​ရေ​သိုလှောင်မှု​ပင်!—ဗျာ. ၁၁:၁၈; ဟေရှာယ ၃၅:၆၊ ၇

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ရှေးခေတ်​ရေ​သိုလှောင်​နည်း​စနစ်​များ ပြန်လည်​ထွန်းကား​လာ​ခြင်း

အိမ်ခေါင်မိုး​ရေ– ရိုးရိုးလေး​နှင့် အကုန်အကျ​သက်သာ​သည်။ အနည်းငယ်​လျှော​သော​အိမ်မိုး​များ​က မိုး​ရေ​ကို ရေ​တံ​လျှောက်​များ၊ ထို​မှ​တစ်ဆင့် ပိုက်​လုံး​များ၊ အထူး​စီမံ​ထားသော စ​ည်​များ​ထဲ​သို့ စီးဝင်​စေ​သည်။ ဆန်ခါ၊ သဲ၊ ကျောက်စရစ်၊ မီး​သွေး​တို့​ဖြင့် ရေ​ကို​စစ်​ပြီး သန့်ရှင်း​စေ​သည်။ မြေအောက်​ရေကျင်း​များ သို့​မဟုတ် ရေ​စ​ည်​များ​ထဲ​သို့ သွယ်ပို့​ပေး​၏။ ရေ​စ​ည်​များ​ကို လေ၊ နေ​နှင့် ဇီဝ​ပစ္စည်း​တို့ မဝင်နိုင်​ရန် အသေအချာ​ပိတ်​ထား​ရသည်၊ ကျောက်ချ​ဉ်​ထည့်၍ ရေ​နောက်​သက်သာ​စေ​၏၊ ချွတ်ဆေးမှုန့်​ဖြင့် ပိုး​သတ်​ပေး​သည်။ ဤ​ရေ​ကို ဥယျာဉ်​စိုက်ပျိုးခြင်း၊ အိမ်သာ​များ ရေ​ဆေး​ခြင်း၊ အဝတ်အစား​များ လျှော်ဖွပ်ခြင်း​တို့အတွက် အသုံးပြုနိုင်​သည်။ ထပ်ဆင့်​သန့်စင်ပေး​လျှင် သောက်​ရေ​အဖြစ် အသုံးပြုနိုင်​သည်။ ပိုလျှံ​သော​ရေ​များ​ကို ရေတွင်းများ​ထဲ စုဆောင်း​နိုင်​သည်၊ သို့​မဟုတ် မြေအောက်​ရေ​ကို ဖြည့်ဆည်း​ရန် မြေအောက်​သို့ စီးဝင်​စေနိုင်​သည်။ ယင်းသည် လူ​ကြိုက်​အများဆုံး မြို့​ပြ​နည်း​စနစ်​ဖြစ်သည်။

နို​လာ​များ– ချောင်း​ကို ဖြတ်​ပြီး တ​မံ​တုတ်​ရသည်။ အငွေ့​ပြန်​သက်သာ​စေရန် ဘေး​တစ်ဖက်တစ်ချက်​တွင် အရိပ်​ရ​အပင်များ စိုက်​ပျိုး​သည်၊ ရေ​ကို​သန့်ရှင်း​စေရန် ရေ​လှောင်​ကန်​ငယ်​များ​တွင် ဆေး​ဖက်​ဝင်​အပင်များ ပစ်ချ​ပေး​သည်။

စိမ့်ဝင်​ကန်​များ၊ ရား​ပတ်​များ– မိုး​ရေ သိုလှောင်​ရန် သဲ​မြေ သို့​မဟုတ် ကျောက်​မြေ​တို့​တွင် ကန်​ငယ်​များ တည်ဆောက်​သည်။ ရေ​တချို့​ကို အသုံးပြု​ကြ​၏၊ ကျန်​ရေ​များ​ကို​မူ တွင်းရေ​ဖြည့်ပေး​သော ရေအောင်းလွှာ​များ​ထဲ​သို့ စိမ့်ဝင်​စေ​သည်။

ဘ​န္ဒ​ရာ​များ– စိမ့်စမ်း​များ​မှ ရေ​ကို​ကြားဖြတ်​သွယ်​ယူ​ရန် မြေအောက်​ကန်​ငယ်​များ​ကို တည်ဆောက်​ပြီး မြို့​သုံး​ရေ​အတွက် ရေ​စ​ည်​များ​သို့ သွယ်ပို့​ပေး​သည်။

ကား​နတ်​များ– တောင်ကုန်း​ဒေသ​များ​ရှိ တွင်း​ချိုင့်​များ​တွင် မိုး​ရေအိုင်​ထွန်း​သဖြင့် ယင်း​ရေ​ကို မြေအောက်​မြောင်း​များ​တွင် စုဆောင်း​ကာ သိုလှောင်​တွင်း​များ​ရှိရာ​အဝေး​သို့ ဆွဲ​ယူ​သွယ်ပို့​ပေး​သည်။

စုပေါင်း​ရေ​စ​ည်​များ– ရေ​တံ​လျှောက်​များ​မှ​တစ်ဆင့်​ရသော မိုး​ရေ​ကို​သိုလှောင်​ရန် အောက်ပိုင်း​ရှိ ရေ​စ​ည်​များ​သို့ စီးဝင်​သွားသော ရေ​ပို​ရေ​လျှံ​များ​ရှိရာ ရေ​စ​ည်​များ ဖြစ်သည်။

[Credit Line]

Courtesy: S. Vishwanath, Rainwater Club, Bangalore, India

[Picture Credit Line on page 19]

UN/DPI Photo by Evan Schneider

[Picture Credit Line on page 20]

UN/DPI Photo by Evan Schneider