မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ လူငယ်များအတွက် အကူအညီ

ယနေ့ လူငယ်များအတွက် အကူအညီ

ယနေ့ လူငယ်များ​အတွက် အကူအညီ

ယနေ့​လူငယ်များ ကြီးပြင်း​လာ​ရသော ဤ​လောကကြီး​သည် တစ်ခါတစ်ရံ ထိတ်လန့်ဖွယ်​ကောင်း​ပုံ​ရှိ၏။ လူငယ်​တချို့​မှာ မိဘများ​ကွာရှင်း​ပြတ်စဲ​ကြသည်​ကို မတတ်သာ​ဘဲ ကြည့်​နေရ​ရှာ​သည်။ အခြားသူ​တို့​မှာ မိမိတို့​အတန်းဖော်​များ မူးယစ်​ဆေးစွဲ၊ ရာဇဝတ်မှု​ကျူးလွန်​သည်ကို မြင်တွေ့​နေကြ​ရသည်။ လူငယ်များစွာသည် လိင်ဆက်ဆံ​ရန် ရွယ်တူချင်း​ကျားမ,မရွေး​ထံ​မှ ဖိအား​ပေး​မှု​ကို ရင်ဆိုင်​နေကြ​ရသည်။ မြီး​ကောင်​ပေါက်​တိုင်း​လို​လို​ပင် နားလည်မှု​လွဲ​ခံရ​ခြင်း၊ အထီးကျန်​ခြင်း၊ စိတ်ဓာတ်ကျ​ခြင်း​တို့ကို အခါ​အား​လျော်​စွာ ခံစား​ကြ​ရသည်။

လူငယ်တို့​ရင်ဆိုင်​ရသော အခက်အခဲ​များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် အဘယ်အရာ​လိုအပ်​သနည်း။ “ကလေး​များသည် တင်းကျပ်သော​ကျင့်ဝတ်​စံနှုန်း​များ လိုအပ်​သည်၊ ဤ​အထိန်းအကွပ်​မျိုး​က အပေါင်းအသင်းကောင်း​ရွေးချယ်​ရန်၊ ဆုံးဖြတ်ချက်​ကောင်း​ချရန်၊ အခြား​သူတို့ကို​စာနာ​တတ်​ရန် ကူညီ​ပေး​သည်” ဟု​ဒေါက်တာ ရောဘတ်​ရှော​က ဆို​သည်။ သမ္မာကျမ်းစာ​တွင် ဖန်ဆင်း​ရှင်​၏​အတွေးအခေါ်​များ ပါရှိ​သောကြောင့် အကောင်းဆုံး​ကျင့်ဝတ်​စံနှုန်း​များ ဖော်ပြ​ထား​သည်။ ကျွန်ုပ်​တို့​အသက်ရှင်နေ​သော ခက်ခဲ​သည့်​ကာလ​ကို အောင်မြင်စွာ​ရင်ဆိုင်​နိုင်​ရန် အဘယ်အရာ​လိုအပ်ကြောင်း ယေဟောဝါ​ဘုရားသခင်​ထက် မည်သူ​ပို​သိမည်​နည်း။

လက်တွေ့ကျ​ပြီး အကျိုးရှိ​သော​လမ်းညွှန်ချက်

သမ္မာ​ကျမ်းစာပါ​မူများ​သည် လက်တွေ့ကျ​ပြီး အကျိုးပြု​သည်။ ယင်း​မူများ​သည် လူငယ်တို့​ကို လူကြီး​ဘဝသို့ အောင်မြင်စွာ​တက်လှမ်း​စေ​လို​သော မိဘများနှင့် အခြား​လူကြီး​များ​အတွက် တန်ဖိုး​မ​ဖြတ်​နိုင်​ပေ။

ဥပမာ၊ “မိုက်​သော​သဘော​သည် သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိ၏” ဟု​သမ္မာကျမ်းစာ​က လက်တွေ့ကျကျ​အသိအမှတ်ပြု​သည်။ ခေတ်​သုံးကျမ်း​စာ​တွင် “ကလေး​သူငယ်​တို့သည် သဘာဝ​အားဖြင့် ပေါ့ပေါ့ဆဆ၊ မိုက်မဲ​စွာ ပြုကျင့်​တတ်ကြ​၏” ဟု​ဆို​ထား​၏။ (သု. ၂၂:၁၅) ဆယ်ကျော်သက်​တချို့​မှာ အရွယ်​နှင့်​မလိုက်​အောင် ရင့်ကျက်​ပုံ​ရှိသော်လည်း အတွေ့အကြုံ​နုနယ်​သည့်​လူငယ်များ​သာ ဖြစ်​ကြ​၏။ ထို့​ကြောင့် သူတို့သည် ကြီးပြင်း​လာစဉ်​ကြုံ​ရ​တတ်သော မ​လုံခြုံမှု၊ အလိုဆန္ဒ၊ ပူပန်​သောက​တို့ကို ခံစား​ကြ​ရသည်။ (၂ တိမောသေ ၂:၂၂) ဤ​လူငယ်​မောင်​မယ်​များ​ကို မည်သို့​ကူညီ​ပေး​နိုင်​မည်​နည်း။

မိဘ​နှင့်​သားသမီး အမြဲ​ဆက်သွယ်​နေကြ​ဖို့ သမ္မာကျမ်းစာ​က အားပေးထား​သည်။ “အိမ်​၌ ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌ သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ၊ ထိုစကား [ဘုရားသခင့်​စံနှုန်း​များ] ကို​ပြော​ရမည်” ဟု​မိဘများ​ကို တိုက်တွန်း​ထား​သည်။ (တရားဟောရာ ၆:၆၊ ၇) ယင်း​သို့​ပြောဆိုမှု​သည် အကျိုးကျေးဇူး​နှစ်မျိုး ရရှိစေ​သည်။ ပထမ​အကျိုးကျေးဇူး​မှာ ဘုရားသခင်​၏​နည်းလမ်းတော်​များ​ကို သူငယ်​အား သိရှိ​စေ​၏။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒုတိယ​အကျိုးကျေးဇူး​မှာ မိဘ​နှင့်​ကလေး စကားစမြည်​ပြောဆို​ဆက်သွယ်​စေ​သည်။ ယင်းသည် အလွန်​အရေးကြီး​သည်၊ အကြောင်း​မှာ လူငယ်များသည် ရှက်ရွံ့​ပြီး အထီးကျန်​စိတ်​ခံစားရ​နိုင်သော မြီး​ကောင်​ပေါက်​အရွယ်ကို ဖြတ်ကျော်​ကြ​ရ​၍​ဖြစ်၏။

မြီး​ကောင်​ပေါက်​အများစု​သည် ရံဖန်ရံခါ အထီးကျန်​စိတ်​ခံစား​ကြ​ရသည်။ အချို့​မှာ အထီးကျန်​စိတ် အမြဲ​ရှိနေ​တတ်​သည်။ “ဤသို့​ခံစား​ရသော ကလေး​များသည် ကျောင်းတွင်​မိတ်ဆွေဖွဲ့​ရန် ခက်ခဲ​ကြောင်း၊ စကားပြော​ဖော်​မရှိ၊ အထီးကျန်​ကြောင်း၊ မိမိတို့ကို အခြား​ကလေး​များ ကြိုက်​နှစ်သက်​ရန် ပြုလုပ်​ဖို့​မလွယ်​ကြောင်း၊ အကူအညီ​လိုအပ်ချိန်​တွင် ကူညီ​ဖော်​မရှိကြောင်း” မြီး​ကောင်​ပေါက် စွယ်စုံ​ကျမ်း​တစ်စောင်​က ဆို​သည်။ *

မိဘများနှင့် စိုးရိမ်​ကြောင့်ကြ​တတ်သော လူကြီး​များသည် ဆယ်ကျော်သက်​တို့ကို စိတ်ဝင်စားမှု​ပြပြီး ၎င်းတို့၏​အခက်အခဲ​များ​ကို ဖြေရှင်း​နိုင်​ရန် ကူညီ​လို​ပေမည်။ မည်သို့​အားဖြင့်​နည်း။ “ဆယ်ကျော်သက်​တို့၏​စိတ်​ကို သိနိုင်​မည့် တစ်ခု​တည်း​သော​နည်း​မှာ ၎င်းတို့ကို မေးမြန်းခြင်း​ဖြစ်သည်” ဟု​ဆယ်ကျော်သက်​များ​အတွက် မဂ္ဂဇင်း​တစ်စောင်​၏ တာဝန်ခံ​အယ်ဒီတာ​က ရေးခဲ့​၏။ လူငယ်တို့​၏​စိတ်ထဲ​မှ စိုးရိမ်မှု​များ​ကို ရင်ဖွင့်​လာ​စေရန် အချိန်​ပေးဖို့​နှင့် စိတ်ရှည်​ဖို့​လို​မည်​မှာ ရှင်းနေပါသည်။ သို့သော် ကြိုးစား​ရကျိုးနပ်​ပါ​လိမ့်​မည်။—သု. ၂၀:၅

တော်​သင့်​သည့် ကန့်သတ်ချက်​များ လိုအပ်မှု

ဆက်သွယ်ရေး​အပြင် လူငယ်များ အမှန်​တောင့်တ​ရာ​မှာ တော်​သင့်​သော​ကန့်သတ်ချက်​များ​ဖြစ်သည်။ “တတ်​တိုင်း​နေ​စေသော​သူငယ်​သည် အမိကို​အရှက်ခွဲ​တတ်၏” ဟု​သမ္မာကျမ်းစာ​က ဆို​သည်။ (သု. ၂၉:၁၅) ရှင်းလင်း​သော​ကန့်သတ်ချက်​များ မရှိသော​ကြောင့် သက်​ငယ်​ပြစ်မှုကျူးလွန်​သူ​ဖြစ်သွား​ရ​ကြောင်း ပညာရှင်​တို့ ယူဆကြ​သည်။ “အလိုလိုက်​လွန်း​ပြီး ‘မ​လုပ်​ရ’ ဟူသော​စကား​ကို လုံးဝ​မကြား၊ ကန့်သတ်​ချုပ်ချယ်​မခံရ​သော ကလေး​များသည် အခြားသူ​တို့​တွင် ဘဝ၊ စိတ်​လှုပ်ရှားမှု၊ လိုအပ်ရာ၊ ဆန္ဒ​တို့​ရှိကြောင်း မသိ​ရှိ​ဘဲ​ဖြစ်​နိုင်၏။ စာနာစိတ်​မ​သွင်း​ပေး​ထားသော ကလေး​သည် မချစ်တတ်​ပေ” ဟု​အစောပိုင်း​တွင်​ကိုးကား​ခဲ့​သော ရှော​က ဆို​သည်။

ပြစ်ဒဏ်သင့်​နေသော​လူငယ်များ​ကို နှစ်ချီ၍​ပြန်လည်​ထူထောင်​ပေး​ခဲ့​သူ ဒေါက်တာ စ​တန်​တန် ဆ​မ်​မ​နို​က​လည်း ထပ်တူ​ဆို​သည်။ “ကလေး​များ​ကို ကြိုက်​သလို​နေခွင့်​ပေး​သင့်​သည်​ဟု မိဘ​အချို့ ယူဆကြ​သည်။ တာဝန်​ပေးခြင်း၊ တောင်းဆိုချက်​များ​ပြုခြင်း​က ကလေး​အပေါ်​ဝန်ပိ​စေပြီး ကလေး​ဘဝကို မခံစား​စေ​ရာ​ရောက်​သည်​ဟု အတွေ့အကြုံ​နည်း​သူတို့ ယူဆကြ​သည်။ သို့သော် ကန့်သတ်​ချုပ်ချယ်​မှုများ မချ​မှတ်​ခဲ့​သောကြောင့် ဆိုးကျိုး​ခံစား​စေနိုင်​သည်။ ဆုံးမ​ပဲ့ပြင်​မခံရ​သော ယောက်ျားလေး သို့​မဟုတ် မိန်းကလေး​သည် ကိုယ့်​ကိုယ်ကို​ကြပ်မတ်​ရန် ခက်ခဲ​ကြောင်း ဤ​မိဘများ မသိကြ​ပါ” ဟု​သူ​ရေးခဲ့​၏။

ယင်းကြောင့် မိဘများ စည်းကမ်း​တင်းကျပ်​ရမည့် သဘော​လော။ မဟုတ်ပါ။ ကန့်​သက်​ချက်​များ​ချမှတ်ခြင်း​က မိဘ​ဖြစ်​ရကျိုးနပ်​ခြင်း​၏ အသွင်​တစ်ခုမျှသာ​ဖြစ်၏။ စည်းကမ်း​တင်းကျပ်လွန်း​ပြန်​လျှင်​လည်း အိမ်​တွင် စိတ်မချ​မ်းမြေ့စ​ရာ​ဖြစ်စေ​သည်။ သမ္မာကျမ်းစာ​က “အဘ​တို့၊ ကိုယ်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ ထို​သို့ပြုလျှင် သူတို့သည် အားလျော့​စိတ်ပျက်ခြင်း​သို့ ရောက်​ကြလိမ့်မည်” ဟု​ဆို​၏။—ကောလောသဲ ၃:၂၁; ဧဖက် ၆:၄

ထို့​ကြောင့် မိဘတို့​သည် မိမိတို့၏​သွန်သင်​ဆုံးမ​ပုံ၊ စည်းကမ်း​ကြပ်မတ်​ပုံ​တို့ကို အထူးသဖြင့် ကလေး​များ​ကြီးပြင်း​လာ၍ ပို​ရင့်ကျက်​လာ​သည်​နှင့်​အမျှ အမြဲ​ဆန်းစစ်​နေဖို့ လို​သည်။ ကလေး​၏ တာဝန်​သိ​သိ​စွမ်းဆောင်​နိုင်​မှု​နှင့်​အညီ စည်းကမ်းချက် သို့​မဟုတ် ကန့်သတ်ချက်​အချို့​ကို လျှော့​ပေးခြင်း၊ ပြုပြင်ပေး​ခြင်း​တို့ လုပ်ဆောင်​နိုင်​သည်။—ဖိလိပ္ပိ ၄:၅

ပေါင်းကူး​တံတား​ထိုး​ပေးခြင်း

ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သကဲ့သို့ပင် ဆိုးသွမ်းမှု​ကို ဘုရားသခင်​ဖယ်ရှား​တော်​မ​မူ​မီ ဤ​လောကသည် “ခဲယဉ်း​သော​ကာလ” ကို​ကြုံတွေ့​ရမည်ဟု သမ္မာကျမ်းစာ​က ကြိုပြော​ထား​သည်။ ကျွန်ုပ်​တို့သည် ဘုရားတရား​မဲ့​သော အစီအစဉ်​စနစ်​၏ “နောက်ဆုံး​ကာလ” တွင်​အသက်​ရှင်​နေကြ​ကြောင်း သက်သေ​ထင်ရှား​သည်။ လူကြီး​များ​နည်းတူ လူငယ်များ​လည်း ‘ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ . . . ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ၊ . . . ချုပ်တည်း​ခြင်း​မရှိသော​သူတို့၏’ လောကတွင် အသက်ရှင်​ရုန်းကန်​နေကြ​ရမည်။—၂ တိမောသေ ၃:၁-၅ *

မြီး​ကောင်​ပေါက်​အရွယ်​သားသမီး​များနှင့် အဆက်အသွယ်​ပြတ်​နေပြီ​ဟု​ခံစား​ရသော မိဘတို့​သည် စကားစမြည်​ပြောဆို​ပေးခြင်း​ဖြင့် ပေါင်းကူး​တံတား​ထိုး​ပေး​နိုင်​သည်။ မိဘ​များစွာ​သည် မိမိတို့၏​ကလေး​များ​အသက်တာတွင် အပြုသဘော​ပါ​စွာ တွန်းအား​ပေး​ရန်၊ ပါဝင်​ပတ်သက်​ရန် ကြိုးစား​နေကြ​ခြင်း​မှာ ချီးမွမ်းစရာ​ပင်။

ယင်း​ကိစ္စ​တွင် သမ္မာကျမ်းစာ​သည် အလွန်​အဖိုးထိုက်​ကိရိယာ​ဖြစ်သည်။ ကျမ်းစာ​သည် မိဘ​များစွာ​ကို တာဝန်​ကျေပွန်​စေ​ခဲ့​ပြီး လူငယ်တို့​အား အန္တရာယ်​ထောင်ချောက်များ​ကို ရှောင်ရှား​စေ​ခဲ့ပြီ။ (တရားဟောရာ ၆:၆-၉; ဆာလံ ၁၉:၉) သမ္မာကျမ်းစာ​သည် ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​ထံ​တော်​မှ​ဖြစ်​ရာ ယနေ့ခေတ်​လူငယ်များ​ကို အကောင်းဆုံး​အကူအညီ​ပေး​နိုင်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်။ *

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 လူငယ်များ​အမေး—တာသွား​သည့်​အဖြေ ကျမ်းစာ​အခြေပြု​စာအုပ်​သည် အလွန်​အထောက်အကူ​ပြု​ကြောင်း ယေဟောဝါသက်သေ​များ သိရှိ​ခဲ့​ကြသည်။ ဤ​စာအုပ်​၏​အခန်းပေါင်း ၃၉ ခန်း​တွင် စဉ်းစားစရာ​မေးခွန်းများကို ဆွေးနွေး​ထားပြီး ခေါင်းစဉ်​တချို့​မှာ “မိတ်​စစ်​ဆွေ​စစ် ဘယ်လို​ဖွဲ့ နိုင်​မလဲ။” “ရွယ်တူတွေရဲ့​သြဇာ​ကို ဘယ်လို​ရင်ဆိုင်​ဖြေရှင်း​ရမလဲ။” “အထီးကျန်​စိတ်​ကို ဘယ်လို​ဖျောက်ဖျက် ရ​ပါ​လိမ့်။” “ငါဟာ​ချိန်းတွေ့​ဖို့ အသင့်ရှိ​ပြီ​လား။” “မူးယစ်​ဆေးဝါး​ကို အဘယ်ကြောင့်​ငြင်းပယ်​သင့်​သနည်း။” “လက်မထပ်ခင် သံဝါသပြု​တာ​ကို ဘယ်လို​ပြော​မလဲ” စ​သည်​တို့​ဖြစ်​ကြသည်။

^ အပိုဒ်၊ 16 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ထား​သည့် ထာဝရ​အသက်​ရစေသော​အသိပညာ​စာအုပ် အခန်း ၁၁ ကို​ရှု။

^ အပိုဒ်၊ 18 ရံဖန်ရံခါ​မှ အထီးကျန်​စိတ်​ခံစား​ရသော လူငယ်များနှင့်​မတူဘဲ အထီးကျန်​စိတ် အမြဲ​ရှိနေ​သူတို့သည် တစ်ချိန်​လုံး​လို​လို၊ အချိန်​အတန်ကြာ အထီးကျန်​နေတတ်​သည်။ “မိတ်ဆွေ​မဲ့​နေခြင်း​သည် ထာဝရ​ဖြစ်နေ​မည်၊ ဟန့်တား​နိုင်​မည်​မဟုတ်၊ မိမိ၏​ချွတ်ယွင်းချက်​ကြောင့်​ဖြစ်သည်၊” ထို​အခြေအနေ​ကို “မပြောင်းလဲ​နိုင်​ပါ​ဟု သူတို့​ယူဆကြ​သည်” ဟု​ထို​စာအုပ်​က ဆို​သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင့်ကို​ဂရုစိုက်သော လူကြီး​တစ်ဦး​အား ရင်ဖွင့်​လိုက်ပါ