မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ လူငယ်များ ရင်ဆိုင်နေရသည့် ဖိအားများ

ယနေ့ လူငယ်များ ရင်ဆိုင်နေရသည့် ဖိအားများ

ယနေ့ လူငယ်များ ရင်ဆိုင်​နေရ​သည့် ဖိအားများ

အစစအရာရာ​ပြည့်စုံသော မြီး​ကောင်​ပေါက်​အရွယ်​တွင်​ပင် ကသောင်းကနင်း​ဖြစ်​နိုင်​သည်။ လူငယ်တို့ ပျို​ဖော်​ဝင်ချိန်​တွင် ဆန်းသစ်​သော ခံစားချက်​နှင့် စိတ်​လှုပ်ရှားမှုများ ဖြစ်ပေါ်​တတ်​သည်။ ဆရာ/ဆရာမ​နှင့် ရွယ်တူချင်း​တို့၏ ဖိအား​ပေး​မှု​ကို နေ့စဉ်​ကြုံနေ​ကြ​ရ၏။ တီဗွီ၊ ရုပ်ရှင်၊ တေးဂီတ၊ အင်တာနက်​တို့၏​သြဇာ​ကိုလည်း တရ​စပ်​ခံ​နေကြ​ရ၏။ ထို့​ကြောင့် ကုလသမဂ္ဂ မှတ်တမ်း​တစ်ခု​တွင် မြီး​ကောင်​ပေါက်​အရွယ်ကို “ဖိစီးမှု​နှင့် စိုးရိမ်​ပူပန်မှု​တို့ ပြည့်နှက်​နေသော စပ်​ကူး​မ​ပ်​ကူး​ကာလ” ဟု​ဖော်ပြ​ခဲ့​သည်။

အများအားဖြင့် လူငယ်တို့​သည် ဖိစီးမှု​နှင့် စိုးရိမ်​ပူပန်မှု​များ​ကို ကောင်းစွာ ကိုင်တွယ်​ဖြေရှင်း​နိုင်​လောက်​အောင် အတွေ့အကြုံ​မရှိကြ​ခြင်း​မှာ ဝမ်းနည်းစရာပင်။ (သု. ၁:၃) ကောင်းစွာ​လမ်းညွှန်မှု မခံရ​သောကြောင့် ပျက်စီး​နစ်နာ​စေသော အမူအကျင့်များ လွယ်လွယ်​နှင့်​ပြုမူ​မိ​နိုင်​သည်။ ဥပမာ၊ ကုလသမဂ္ဂ​မှတ်တမ်း​တစ်ခု​တွင် ဤသို့​ဆို​၏– “မြီး​ကောင်​ပေါက်​အရွယ် သို့​မဟုတ် ကြီးကောင်​ဝင်ချိန်​အတွင်း မူးယစ်​ဆေးဝါး စတင်​သုံးစွဲ​လေ့​ရှိကြောင်း သုတေသန​ပြုချက်​က ဖော်ပြ​နေသည်။” အကြမ်းဖက်​ခြင်း၊ လူတကာ​နှင့်​လိင်ဆက်ဆံခြင်း​စ​သော အကျင့်ဆိုး​များနှင့်​စပ်လျဉ်း၍​လည်း အလားတူ​ဆိုနိုင်​သည်။

ဤ​အကျင့်ဆိုး​များသည် “ဆင်းရဲ​နွမ်းပါး​သူ” သို့​မဟုတ် မျိုးနွယ်စု​တချို့​တွင်​သာ ဖြစ်ပျက်​နေသည်​ဟု​ယူမှတ်​သော မိဘများ​အတွက် အမှား​ကြီး​မှား​ပေ​လိမ့်​မည်။ စီးပွားရေး၊ လူမှုရေး၊ လူမျိုးရေး​နောက်ခံ မည်သို့​ပင်​ရှိပါစေ ယနေ့ခေတ်​လူငယ်များ ပြဿနာ​ကြုံတွေ့​နေကြ​ရ၏။ “‘ဆိုးသွမ်း​လူငယ်’ ဟူသည် . . . မြို့တွင်း​နေ ဆင်းရဲသား​လူနည်းစု​မှ မိခင်၏ ၁၇ နှစ်​သား​ဟု သင်ယူ​မှတ်​လိုက်ပါ​က နောက်ဆုံး​အဖြစ်အပျက်​များ​ကို မ​သိ၍​ဖြစ်​မည်။ ယနေ့ခေတ် ဆိုးသော​ကလေး​သည် . . . လူ​လတ်​တန်း​စား​မိသားစု​မှ​လည်း​ဖြစ်​နိုင်၏၊ အသက် ၁၆ နှစ်​အောက် (ထို​ထက်​အလွန်​ငယ်​သူ) လည်း​ဖြစ်​နိုင်၏၊ မိန်းကလေး​တစ်ဦး​ပင်​ဖြစ်​နိုင်၏” ဟု​စာရေး​ဆရာ စကော့​ဝါ​လ်​တာ​က ဆို​သည်။

သို့သော် လူငယ်များစွာ အဘယ်ကြောင့် အန္တရာယ်​ကြုံနေ​ရသနည်း။ အတိတ်​က လူငယ်​မျိုးဆက်​တို့​လည်း စိန်ခေါ်ချက်​အမျိုးမျိုး၊ သွေးဆောင်မှု​အမျိုးမျိုး ကြုံ​ခဲ့​ရသည်​မဟုတ်လော။ ကြုံ​ခဲ့​ရ၏၊ သို့သော် “ခဲယဉ်း​သော​ကာလ” ဟု​သမ္မာကျမ်းစာ​ဆို​ထား​သည့်​ခေတ်တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရ၏။ (၂ တိမောသေ ၃:၁-၅) လူ့​သမိုင်း​တွင် ဤ​အချိန်​အခါ​လောက် လူငယ်တို့​ကို​ဖျက်ဆီး​နေသော အခြေအနေ​နှင့် ဖိအားပေး​မှုများ မရှိခဲ့​ဖူး​ချေ။ ယင်း​တို့​အနက် အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

မိသားစု​အတွင်း အပြောင်းအလဲ​များ

ဥပမာ၊ မိသားစု​ဘဝ​အပြောင်းအလဲ​ကို သုံးသပ်ကြည့်​ပါ။ “အမေရိကန်​ကလေး​သူငယ် သုံးပုံတစ်ပုံ​သည် အသက် ၁၈ နှစ်​မပြည့်မီ မိဘများ​ကွာရှင်း​ပြတ်စဲ​ကြသည်​ကို တွေ့ကြုံ​နေရ​သည်” ဟု​သွန်သင်ခြင်း​ဆိုင်ရာ စိတ်​ပညာ​ဂျာနယ်​က ဖော်ပြ​သည်။ အခြား​အနောက်​နိုင်ငံ​များ​တွင်​လည်း ထပ်တူ​ဖြစ်နေ​သည်။ မိဘတို့​အိမ်ထောင်ရေး ပြိုကွဲ​သွားစဉ် ကလေး​သူငယ်​တို့​လည်း စိတ်ထိခိုက်​နာကျင်​ကြ​ရ​တတ်​သည်။ “မိသားစု​ပြိုကွဲမှု​ကို ကြုံတွေ့​ခါ​စ ကလေး​များသည် မိ​စုံ​ဖ​စုံမိ​သား​စု၊ ကြင်ဖော်​မဲ့​မိဘ သို့​မဟုတ် မိထွေး/ပထွေး​နှင့်​အဆင်ပြေ​နေသော မိသားစု​တို့​မှ ကလေး​များ​ထက် ကျောင်း​ပညာရေး​တွင်​ဖြစ်စေ၊ လူမှု​ဆက်ဆံ​ရေး​တွင်​ဖြစ်စေ များသောအားဖြင့် ပို​၍​အခက်အခဲ​တွေ့​ကြ​ရသည်။ . . . ထို့​ပြင် မိဘတို့​၏​ကွာရှင်း​ပြတ်စဲ​မှု​က ကလေး​များ​၏​စိတ်ဓာတ်​ကြံ့ခိုင်မှု​နှင့် ကိုယ့်​ကိုယ်ကို​လေးစားမှုကို ထိခိုက်​စေ​လေ့​ရှိကြောင်း” ဂျာနယ်​က ဆက်ဆို​သည်။

ထို့​ပြင် အလုပ်​ထွက်​လုပ်​ရသည့် အမျိုးသမီး​အရေအတွက် တိုးများ​လာ​ခြင်း​က​လည်း မိသားစု​အခြေအနေ​ကို ပြောင်းလဲ​စေ​ခဲ့ပြီ။ ဂျပန်​နိုင်ငံ​ရှိ သက်​ငယ်​ရာဇဝတ်မှု​ကို​လေ့လာ​ခဲ့​ရာ မိဘ​နှစ်ဦးစလုံး အလုပ်​ထွက်​လုပ်သော မိသားစု​များသည် မိဘ​တစ်ဦးတည်း အလုပ်​ထွက်​လုပ်​သည့် မိသားစု​များ​ထက် ကလေး​များ​ကို ထိန်းကျောင်း​ရ​ပို​ခက်​ကြောင်း တွေ့ရှိ​ရသည်။

မိသားစု​များစွာ​၏ ဘဝ​လိုအပ်ရာ​များ​ဖူလုံ​ဖို့ မိဘ​နှစ်ဦးစလုံး အလုပ်​ထွက်​လုပ်ရန် လိုအပ်​သည်​မှာ မှန်ပါသည်။ နှစ်ဦး​၏​ဝင်ငွေ​က​လည်း ကလေး​များ​အတွက် သက်သောင့်သက်သာ​ဘဝ​ပုံစံ ရှိစေ​နိုင်​သည်။ သို့သော် ဆိုးကျိုး​လည်း​ရှိပါ​သည်၊ ကလေး​သန်းပေါင်း​များစွာ​မှာ ကျောင်း​မှ ပြန်ရောက်​လာသော​အခါ အိမ်​တွင် မည်သူမျှ​မရှိဘဲ​ဖြစ်နေ​သည်။ မိဘများ အိမ်ပြန်ရောက်​လာ​ကြ​လျှင်​လည်း မောပန်း​နေလေ့​ရှိပြီး အလုပ်ခွင်​မှ ပြဿနာ​များ​ကို​သာ အာရုံစိုက်​နေတတ်​ကြသည်။ ရလဒ်​ကား​အဘယ်နည်း။ ဆယ်ကျော်သက်​များစွာ​သည် မိဘတို့​၏​အုပ်ထိန်းမှု မခံကြ​ရ​ချေ။ “ကျွန်တော့်​မိသားစုမှာ တစ်ယောက်ကို​တစ်ယောက် အချိန်ပေး​တာ​မျိုး​မရှိဘူး” ဟု​လူငယ်​တစ်ဦး ညည်းညူ​ခဲ့​သည်။

ယင်းက လူငယ်များ​ကို ထိခိုက်​နစ်နာ​စေ​ကြောင်း အကဲခတ်​သူတို့ ယူဆကြ​သည်။ “လွန်ခဲ့တဲ့​အနှစ်​သုံး​ဆယ်​ကျော်​အတွင်း တဖြည်းဖြည်း​ဖြစ်ပေါ်​လာခဲ့တဲ့ မိဘတွေရဲ့ လေ့ကျင့်​သွန်သင်နည်း​တွေ​ကြောင့် ကလေး​တွေ​ဟာ တွယ်တာမှု​မဲ့​လာတယ်၊ နှုတ်ဆိတ်​လာတယ်၊ ဉာဏ်​ထိုင်း​လာတယ်၊ ထိန်း​မ​နိုင်​သိမ်း​မရ​ဖြစ်လာ​တယ်လို့ ကျွန်တော်​ယူဆတယ်။ မိဘတွေဟာ ကိုယ့်​သားသမီးတွေ​နဲ့ မေတ္တာ​နှောင်ဖွဲ့​ဖို့ အချိန်​မပေးနိုင်​လောက်​အောင် အလုပ်ခွင်မှာ အချိန်ကုန်​စေ​တဲ့၊ စရိတ်​ကြီးမား​တဲ့​ရုပ်ပစ္စည်း​ကို အဓိက​ထားပြီး အလွန်​အောင်မြင်​တဲ့​အသိုင်းအဝိုင်းရဲ့ ကျွန်​တွေ​ဖြစ်နေ​ကြတယ်” ဟု​ဒေါက်တာ ရောဘတ်​ရှော​က ပြော​ခဲ့​သည်။

ဆယ်ကျော်သက်​တို့ကို နစ်နာ​စေသော​အရာ နောက်တစ်ခု​ရှိပါ​သေး​သည်– အလုပ်​ထွက်​လုပ်ကြ​သော မိဘတို့​၏​ကလေး​များသည် အထိန်းအကွပ်​မရှိဘဲ​နေရ​သည့်​အချိန်​က ပို​များသည်။ မိဘ​အုပ်ထိန်းမှု​ကောင်းစွာ​မရရှိ​ခြင်း​က ပြဿနာ​များ​ကို လက်​ယပ်​ခေါ်​ရာ​ရောက်​သည်။

ဆုံးမမှု​အပေါ် ရှုမြင်ပုံ​ပြောင်း​ခြင်း

မိဘ​ဆုံးမမှု​အပေါ် ရှုမြင်ပုံ​ပြောင်း​ခြင်း​က​လည်း ယနေ့​လူငယ်များ​ကို ထိခိုက်​နစ်နာ​စေ​သည်။ မိဘ​များစွာ​သည် “မိမိတို့၏​အခွင့်အာဏာကို စွန့်လွှတ်​လိုက်ကြပြီ” ဟု ဒေါက်တာ ရော​န်​တ​ဖ်ဖဲလ်​က တဲ့တိုး​ပြော​ခဲ့​၏။ ယင်းကြောင့် လူငယ်များသည် မိမိတို့၏​အမူအကျင့်ကို ထိန်းကျောင်း​ပေး​မည့် စည်းမျဉ်း​စည်းကမ်း၊ လမ်းညွှန်ချက်များ​မရှိဘဲ ကြီးပြင်း​လာ​ကြ​ရသည်။

အခြေအနေ​တချို့​တွင် မိဘများ​ကိုယ်တိုင် ငယ်​စဉ်​က စိတ်​ဆင်းရဲ​စ​ရာ​ကြုံ​ခဲ့​ရ​၍ ထိုသို့​တုံ့ပြန်​ခြင်း​ဖြစ်သည်။ ထို​မိဘများသည် စည်းကမ်း​ကြီး​သူများ​မဟုတ်ဘဲ မိမိတို့​ကလေး​များနှင့် မိတ်ဆွေ​ဖြစ်​လို​ကြသည်။ “ကျွန်မ သိပ်​ပြီး​သက်ညှာ​လွန်း​တယ်။ ကျွန်မ​ရဲ့​မိဘတွေက သိပ်​စည်းကမ်း​ကြီး​တာ၊ ကိုယ့်​ကလေး​နဲ့​ကျ​တော့ အဲဒီလို​မဖြစ်​ချင်ဘူး။ ကျွန်မ​မှားသွား​တယ်” ဟု​မိခင်​တစ်ဦး​ဝန်ခံ​၏။

မိဘ​အချို့​က ကလေး​များ​ကို အဘယ်​အတိုင်းအတာ​အထိ လွှတ်ထား​ကြ​သနည်း။ ယူအက်စ်​အေ​ထူ​ဒေး​သတင်းစာ​က ဤသို့​ဆို​သည်– “နယူးယောက်၊ တက္ကဆက်၊ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယား​ပြည်နယ်​တို့​တွင် မူးယစ်​ဆေးဖြတ်​နေ​သူ ဆယ်ကျော်သက် ၆၀၀ နီးပါး​ကို လေ့လာ​ခဲ့​ရာ ၂၀% မှာ အရက်​အပြင် မူးယစ်​ဆေး​ကို မိဘများနှင့်​အတူ​သုံးစွဲ​ကြ​ပြီး ၅% မှာ အများအားဖြင့် ဆေးခြောက်​ကဲ့သို့​သော မူးယစ်​ဆေးဝါး​သုံးစွဲ​တတ်​ရန် မိဘတို့​ကိုယ်တိုင် သင်ပေးခဲ့​ကြောင်း သိရှိ​ရသည်။” မိဘ​တစ်ဦး​သည် ထိုသို့​မဆင်မခြင်​အပြု​အမူ​မျိုး အဘယ်ကြောင့်​ပြုမူ​ရသနည်း။ “သမီးကို အနီးကပ်​ကြပ်မတ်​နိုင်​ဖို့ အိမ်အပြင်​မှာ​ထက် ကျွန်မ​မျက်စိ​အောက်မှာ​ပဲ မူးယစ်​ဆေး​သုံးစွဲ​ပါ​လို့ ပြော​မိတယ်” ဟု​မိဘ​တစ်ဦး​ဝန်ခံခဲ့​၏။ ကလေး​များနှင့်​အတူ မူးယစ်​ဆေး​သုံးစွဲခြင်း​က “နှောင်ကြိုး​ဖွဲ့” ရာ​ကျ​သည်​ဟု မိဘ​အချို့ ယူဆ​နေ​ပုံ​ရ၏။

မီဒီယာ​၏​တိုက်ခိုက်မှု

ထို့​ပြင် မီဒီယာ​၏​သြဇာ​လွှမ်းမိုးမှုလည်း ရှိသေး​သည်။ အမေရိကန်​ပြည်ထောင်စု​ရှိ လူငယ်များသည် တီဗွီ၊ ကွန်ပျူတာ​ဖန်သားပြင်​ရှေ့တွင် တစ်နေ့​လျှင် လေး​နာရီ၊ ၄၈ မိနစ် အချိန်​အကုန်ခံ​နေကြ​သည်​ဟု လေ့လာမှု​တစ်ရပ်​က ဖော်ပြ​ကြောင်း သုတေသီ မာရိ​တာ​မော​လ်​က​ဆို​၏။

ယင်းသည် ဆိုးကျိုး​ဖြစ်စေ​သလော။ ဆိုင်း​ယင့်စ်​မဂ္ဂဇင်း​မှ ဆောင်းပါး​တစ်ပုဒ်​တွင် အမေရိကန်​ဆေးပညာ အသင်းအဖွဲ့​အပါအဝင် “အမေရိကန်​ရှိ အထင်ကရ​အတတ်ပညာ​ရှင်​အဖွဲ့ ခြောက်​ဖွဲ့” က မီဒီယာ​အကြမ်းဖက်မှု​များနှင့် “ကလေး​တချို့​၏ ရန်လိုသော​အမူအကျင့်” ဆက်စပ်​နေကြောင်း သဘောတူ​ကြသည်။ “မီဒီယာ​အကြမ်းဖက်မှု​များ​ကြောင့် ပို​ကြမ်းတမ်းသော လူ့​ဘောင်​ဖြစ်ပေါ်​လာ​သည်​ဟု ပညာရှင်​များ​သဘောတူ​ကြ​ကြောင်း ခေတ်ပေါ်​စာနယ်ဇင်း​များ​၏​ဖော်ပြချက်​ကို သာမန်​လူ​တို့ သဘောပေါက်​ပုံ​မရ” ဟု ဆိုင်း​ယင့်စ် မဂ္ဂဇင်းက ဖော်ပြ​၏။

ဥပမာ၊ တေးဂီတ​ဗီဒီယိုများ​ကို သုံးသပ်ကြည့်​ပါ။ ယင်း​ဗီဒီယိုများ​က လိင်​ကိစ္စ​ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်​ထားသော​ကြောင့် မိဘများ ထိတ်လန့်​သွားလေ့​ရှိသည်။ ယင်း​တို့သည် ဆယ်ကျော်သက်​တချို့​၏​အမူအကျင့်ကို အမှန်ပင် ဩဇာ​ညောင်း​နိုင်​သလော။ ကောလိပ်​ကျောင်းသား ၅၀၀ ကို​လေ့လာ​ခဲ့​ရာ “အကြမ်းဖက်​တေး​စာသား​များသည် ရန်လိုသော အတွေးအခေါ်​နှင့် ခံစားချက်​တို့ကို ပိုမို​ဖြစ်ပေါ်​စေ​ကြောင်း” သိရှိ​ရသည်။ မကြာသေးမီ​က လေ့လာမှု​နောက်တစ်ခု​အရ “လူငယ်များသည် အကြမ်းဖက်​ရက်​ပ်​တေးဂီတ​ခွေ​များ​တွင် သရုပ်ဖော်​ထားသော လိင်​နှင့်​အကြမ်းဖက်မှု​များ​ကို ပို​ကြည့်ရှု​လေ ၎င်းတို့၏​ဘဝတွင် ထို​အမူအကျင့်များ​ကို လက်တွေ့​ကျင့်​ဖို့ ပို​များ​လေ​ဖြစ်သည်။ မိန်းကလေး ၅၀၀ ကျော်​ကို ထိုသို့​လေ့လာ​ခဲ့​ရာ အကြမ်းဖက်​ရက်​ပ်​ဗီဒီယိုကို အလွန်အကျွံ​ကြည့်ရှု​သူများ​သည် ဆရာ/ဆရာမ​ကို ရိုက်နှက်​ဖို့၊ အဖမ်းခံရ​ဖို့​နှင့် လိင်ဆက်ဆံ​ဖက်​များစွာ​ရှိဖို့ အကြောင်း​ပို​များ​ကြောင်း ဖော်ပြ​သည်။

ဆယ်ကျော်သက်​နှင့် ကွန်ပျူတာ

မကြာသေးမီ​နှစ်များ​အတွင်း လူငယ်တို့​၏​စိတ်​ကို အဓိက​ပုံသွင်း​ပေး​နေသည့်​အရာ​မှာ ကွန်ပျူတာ​ဖြစ်၏။ “မကြာသေးမီ​ဆယ်စုနှစ်​များ​အတွင်း အိမ်တွင်း​ရှိ ကိုယ်ပိုင်​ကွန်ပျူတာ​အရေအတွက် အလွန်​များ​လာ​သည်၊ [အမေရိကန်​ပြည်ထောင်စု​တွင်] (အသက် ၆ နှစ်​မှ ၁၇ နှစ်) ကျောင်းနေ​အရွယ်​ကလေး​ရှိသည့် အိမ်ထောင်စု​သုံးပုံနှစ်ပုံ​တွင် ကွန်ပျူတာ​တစ်လုံး​ရှိကြသည်။ . . . အမေရိကန်​ပြည်ထောင်စု​တွင် ကွန်ပျူတာ​တစ်လုံး​ပိုင်ဆိုင်​သည့် ၃ နှစ်​မှ ၁၇ နှစ်အရွယ်​ကလေး​များ​ရှိသော အိမ်ထောင်စု​အချိုး​သည် ၁၉၉၈ ခုနှစ်​တွင် ၅၅% ရှိရာ​မှ ၂၀၀၀ ပြည့်နှစ်​တွင် ၆၅% အထိ​မြင့်မား​လာ​သည်” ဟု​ကလေး​ရောဂါ​လေ့လာမှု​ပညာ​ဂျာနယ်​က ဆို​သည်။ အခြား​နိုင်ငံ​များ​တွင်​လည်း ကွန်ပျူတာ​အသုံးပြု​နှုန်း မြင့်မား​လာ​နေသည်။

သို့သော် လူငယ်​တစ်ဦး ကွန်ပျူတာ​အသုံးပြုနိုင်​ရန် ကွန်ပျူတာ​တစ်လုံး​ပိုင်ဆိုင်​စ​ရာ မလိုပါ။ “အသက် ၅ နှစ်​မှ ၁၇ နှစ်အရွယ်​လူငယ် ၉၀% သည် ကွန်ပျူတာ​အသုံးပြု​ကြ​ပြီး ၅၉% မှာ အင်တာနက်​အသုံးပြု​နေကြ​သည်” ဟု​သုတေသီ​တစ်ဦး​က ဆို​သည်။ သို့ဖြင့် ယခင်​က ဤမျှ​မရရှိ​ဖူး​သော အချက်အလက်​များ​ကို လူငယ်များ ရရှိနိုင်​ကြသည်၊ ကွန်ပျူတာ​ကို လူကြီး​တို့၏​ကြီးကြပ်မှု​အတိုင်း တာဝန်​သိ​သိ​အသုံးပြုပါ​က အကျိုး​ရှိ၏။ သို့သော် မိဘ​များစွာ​သည် ကလေး​များ​အား ကန့်သတ်​ချုပ်ချယ်​မှုမရှိ​ဘဲ ကွန်ပျူတာ​အသုံးပြုခွင့်​ပေး​ကြသည်။

ယင်း​အထောက်အထား​အဖြစ် ၂၀၀၁ ခုနှစ်၊ အင်တာနက်​အသုံးပြုမှု ဆန်းစစ်ချက်​အရ “မိဘ ၇၁ ရာခိုင်နှုန်း​က မိမိတို့​ကလေး​များ​၏ အင်တာနက်​အသုံးပြုမှု​အကြောင်း ‘အတော်အတန်​သိထားကြသည်’ ဟု​ထင်မှတ်​ကြ​၏။ သို့​တိုင် ထပ်တူ​မေးခွန်း​ကို ကလေး​များ​အား​မေးခဲ့​ရာ ၇၀% က ၎င်းတို့၏​မိဘများသည် အွန်လိုင်း​လုပ်ဆောင်မှု​အကြောင်း ‘အနည်းငယ်​သာ သို့​မဟုတ် လုံးဝ​မသိကြ’ ဟု ဖြေဆို​ကြောင်း” ဖီ​ဒါ​လ်​တာ​ကီ​ပန်​ဂျာနယ်​တွင် သုတေသီ မော​လ်​က ရေးခဲ့​သည်။ ဤ​ဆန်းစစ်​လေ့လာမှု​အရ ၉ နှစ်​မှ ၁၀ နှစ်အရွယ်​ကလေး ၃၀% သည် လူကြီး​များ​အတွက် သီးသန့်​စကားဝိုင်း​သို့ ဝင်ရောက်​ကြည့်ရှု​ကြ​၏။ ၁၁ နှစ်​မှ ၁၂ နှစ်အရွယ် ၅၈%၊ ၁၃ နှစ်​မှ ၁၄ နှစ်အရွယ် ၇၀%၊ ၁၅ နှစ်​မှ ၁၇ နှစ်အရွယ် ၇၂% တို့​က ထိုသို့​လုပ်ဆောင်ကြ​သောကြောင့် ပြဿနာ​မှာ ပို​ဆိုးဝါး​လာ​နေသည်။ . . . အိမ်​တွင် အင်တာနက်​ကြည့်ရှု​ခြင်း​အကြောင်း ဗြိတိသျှ​ဆန်းစစ်ချက်​တစ်ရပ်​တွင် မိဘ​ခု​နစ်​ဦးလျှင် တစ်ဦး​က အွန်လိုင်း​တွင် ကလေး​များ အဘယ်အရာ​ကြည့်ရှု​နေကြောင်း​မသိ​ဟု ဝန်ခံ​ကြ​၏။”

လူငယ်များသည် အထိန်းအကွပ်​မရှိဘဲ အင်တာနက်​ကြည့်ရှု​ခြင်း​ကြောင့် အ​ပြာ​စာပေ၊ ရုပ်ပုံများ​ကို ကြည့်ရှု​မိ​နိုင်​သည်။ သို့သော် အန္တရာယ်​မှာ ထို​မျှ​နှင့်​ရပ်​မသွား​ချေ။ “ကျွန်တော်​တို့​ရဲ့​ကလေး​တွေ​ဟာ ကျောင်း​နဲ့ ဆိုင်​ဘာ​စ​ပေ့စ်​တွေ​မှာ မိတ်ဆွေဖွဲ့​နေကြ​တယ်၊ ကျွန်တော်​တို့​နဲ့​ဆုံတွေ့​ဖို့​အကြောင်း​မရှိတဲ့ ကလေး​တွေ​နဲ့ အချိန်ဖြုန်း​နေကြ​တယ်” ဟု​အစောပိုင်း​တွင်​ကိုးကား​ခဲ့​သော တ​ဖ်ဖဲလ်​က ဝမ်းနည်း​စွာ​ပြော​သည်။

ယနေ့​လူငယ်များသည် ယခင်​မျိုးဆက်​တို့ မကြုံ​ခဲ့​ဖူး​သော ဖိအား​နှင့်​ပြဿနာ​များ​ကို ရင်ဆိုင်​နေကြ​ရသည်မှာ ရှင်းနေပါသည်။ ထို့​ကြောင့် လူငယ်များစွာသည် စိုးရိမ်​စ​ရာ​ကောင်း​လောက်​အောင် ပြုမူ​နေကြ​ခြင်း​မှာ အံ့ဩစရာ​မဟုတ်ပါ! ယနေ့ခေတ်​လူငယ်များ​ကို ကူညီ​ပေး​ရန် အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

[စာမျက်နှာ ၄ ပါ အကျဉ်း​ဖော်ပြချက်]

“လွန်ခဲ့တဲ့​အနှစ်​သုံး​ဆယ်​ကျော်​အတွင်း တဖြည်းဖြည်း​ဖြစ်ပေါ်​လာတဲ့ မိဘတွေရဲ့ လေ့ကျင့်​သွန်သင်နည်း​တွေ​ကြောင့် ကလေး​တွေ​ဟာ တွယ်တာမှု​မဲ့​လာတယ်၊ နှုတ်ဆိတ်​လာတယ်၊ ဉာဏ်​ထိုင်း​လာတယ်၊ ထိန်း​မ​နိုင်​သိမ်း​မရ​ဖြစ်လာ​တယ်လို့ ကျွန်တော်​ယူဆတယ်။”—ဒေါက်တာ ရောဘတ်​ရှော

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အလုပ်​ထွက်​လုပ်​ရသည့်​အမျိုးသမီး တိုးများ​လာ​ခြင်း​က မိသားစု အခြေအနေ​ကို ပြောင်းလဲ​စေ​ခဲ့

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အထိန်းအကွပ်မဲ့ လူငယ်များသည် လွယ်လွယ်​နှင့် အခက်ကြုံ​ရနိုင်

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

သုတေသီ​များ​က အကြမ်းဖက်​တေးဂီတ ဗီဒီယိုများ​နှင့် အကြမ်းဖက် အပြုအမူကို ဆက်စပ်​ပြ​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အွန်လိုင်း​တွင် သင့်​ကလေး​များ အဘယ်အရာ​ကြည့်ရှု​နေ သည်ကို သင်​သိ​သလော