မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျပ်အတည်းကြုံနေသည့် လူငယ်များ

အကျပ်အတည်းကြုံနေသည့် လူငယ်များ

အကျပ်အတည်း​ကြုံနေ​သည့် လူငယ်များ

▪ အမေရိကန်​ပြည်ထောင်စု​တွင် ၁၅ နှစ်အရွယ်​ကျောင်းသား​တစ်ဦး​က မိမိ​အတန်းဖော်​များ​ကို သေနတ်​နှင့်​ပစ်ခတ်​ရာ ၂ ဦး​သေဆုံး​ပြီး ၁၃ ဦး​ဒဏ်ရာ​ရ။

▪ ရုရှား​နိုင်ငံ​တွင် မူးယစ်​နေသော​ဆယ်ကျော်သက်​တစ်စု​က ကိုးနှစ်​အရွယ်​မိန်းကလေးကို ရက်ရက်စက်စက်​သတ်ဖြတ်​ကာ ဖခင်​ဖြစ်သူ​နှင့် အစ်ကို​ဝမ်းကွဲ​တို့ကို ရိုက်နှက်။

▪ ဗြိတိန်​နိုင်ငံ​တွင် ၁၇ နှစ်အရွယ်​ကောင်လေး​တစ်ဦး​က သူ့​ထက်​ငယ်​သည့် ဆယ်ကျော်သက်​တစ်ဦး​ကို ရိုက်နှက်​ပြီး ဓား​နှင့်​ထိုး​သတ်။ “အစကတော့ သူ့ကို​သတ်​ဖို့ မရည်ရွယ်​ပေမဲ့ သွေးသံရဲရဲ​မြင်​လိုက်ရ​တော့ သတ်​မိတယ်” ဟု​ထို​လူငယ်​က ရဲ​ကို​ပြော​ခဲ့။

ယင်း​သို့​သော ထိတ်လန့်ဖွယ်​ဖြစ်ရပ်​များသည် သ​မား​ရိုး​ကျ​ဖြစ်​နေပြီ။ ယင်း​တို့ကို ဖြစ်ရပ်ဆန်း​များ​အဖြစ် ပလပ်ပစ်​၍​မရတော့​ချေ။ “သက်​ငယ်​အကြမ်းဖက်မှု​သည် လူ့​ဘောင်​၏ အဓိက​ပြဿနာ​တစ်ရပ် ဖြစ်နေ​သည်” ဟု​ပ​ရို​ဖက်ရှင်​နယ် စ​ကူး​လ်​ကောင်​ဆယ်​လင်း ဆောင်းပါး​တစ်ပုဒ်​က ဖော်ပြ​သည်။ ကိန်း​ဂဏန်း​များ​အရ​လည်း ယင်း​အဆို​မှန်ကန်ကြောင်း ထင်ရှား​နေသည်။

အမေရိကန်​အမျိုးသား​ဗဟို​ပညာရေး​စာရင်းအင်း​အရ ထို​နိုင်ငံ​တွင် ကျောင်းတွင်း​အကြမ်းဖက်မှု​များ လျော့နည်းလာ​ကြောင်း အစီရင်ခံ​သော်လည်း “၂၀၀၁ ခုနှစ်​တွင် အသက် ၁၂ မှ ၁၈ နှစ်အရွယ် ကျောင်းသား​များသည် ကျောင်းတွင် မသေ​လောက်​သော အကြမ်းဖက်​ရာဇဝတ်မှု​နှင့် ခိုးမှု ၂ သန်း​ကျော်​၏ သားကောင်​များ​ဖြစ်​ခဲ့​ရသည်” ဟု​ဖော်ပြ​၏။ ကျောင်းတွင်း​ဗိုလ်ကျမှု​အကြောင်း တိုင်ကြား​ချက်​များလည်း တိုးများ​လာ​နေသည်။

သို့သော် အမေရိကန်​ပြည်ထောင်စု​ရှိ သက်​ငယ်​အကြမ်းဖက်မှု​အားလုံး​သည် ကျောင်းသား​များ​ကို​သာ အကြမ်းဖက်​နေခြင်း​မဟုတ်ပါ။ “ဆရာ/ဆရာမ​များသည် ၁၉၉၇ မှ ၂၀၀၁ ခုနှစ်​အထိ၊ ၅ နှစ်​အတွင်း ခိုးမှု ၈၁၇,၀၀၀၊ အကြမ်းဖက်​ရာဇဝတ်မှု ၄၇၃,၀၀၀ တို့​အပါအဝင် မသေ​လောက်​သော​ရာဇဝတ်မှု ၁.၃ သန်း​နီးပါး​၏ သားကောင်​များ ဖြစ်​ခဲ့​ကြ​ရသည်။” ထို့​ပြင် “မူလ​တန်း​နှင့် အလယ်တန်း​ကျောင်း​အားလုံး​မှ ဆရာ/ဆရာမ ၉ ရာခိုင်နှုန်း​သည် ကျောင်းသား​တစ်ဦး​တစ်ယောက်​၏ ခြိမ်းခြောက်​မှု​ခံ​နေရ​ပြီး ၄ ရာခိုင်နှုန်း​မှာ ကိုယ်​ထိ​လက်ရောက် ထိပါး​စော်ကား​ခံ​ခဲ့​ရသည်။”

အခြား​နိုင်ငံ​များ​တွင်​ကော။ “၂၀၀၃ ခုနှစ်​က တရုတ်​နိုင်ငံ​တွင် ရာဇဝတ်မှု​ကျူးလွန်​သော​လူငယ် ၆၉,၇၈၀ ကို​ဖမ်းဆီး​ခဲ့​ရာ ၂၀၀၂ ခုနှစ်​က​ထက် ၁၂.၇ ရာခိုင်နှုန်း တိုးများ​လာ​သည်” ဟု​သတင်း​အေဂျင်စီ​တစ်ခု​က ဆို​သည်။ “ဂိုဏ်း​ဖွဲ့​ကျူးလွန်​သော ရာဇဝတ်မှု​များ​တွင် သက်​ငယ်​ပြစ်မှု ၇၀ ရာခိုင်နှုန်း​ပါဝင်​သည်” ဟု​သတင်းက​ဖော်ပြ​သည်။ ဂျပန်​နိုင်ငံ​၌ လွန်ခဲ့သော​ဆယ်နှစ်​အတွင်း ရာဇဝတ်မှု​ထက်ဝက်​ကို လူငယ်များ​ကျူးလွန်​ခဲ့​ကြောင်း ၂၀၀၃ ခုနှစ်​တွင် ပြောဆို​ခဲ့​သည်။

မူးယစ်​ဆေးဝါး​ကြောင့် လူငယ်တို့​၏​ခန္ဓာကိုယ်​များ ထိခိုက်

နောက်ထပ်​စိတ်မကောင်း​စ​ရာ​မှာ လူငယ်များ မိမိတို့၏​ခန္ဓာကိုယ်​ကို ဖျက်ဆီး​နေကြ​ခြင်း​ဖြစ်၏။ အမေရိကန်​ပြည်ထောင်စု မူးယစ်​ဆေးဝါး​အလွဲသုံး​မှု​ဆိုင်ရာ အမျိုးသား​အဖွဲ့​၏ ပေး​ပို့​ချက်​အရ ထို​နိုင်ငံ​ရှိ ဆယ်ကျော်သက်​ထက်ဝက်​ခန့်​သည် အထက်တန်း​ကျောင်း​မပြီး​မီ မူးယစ်​ဆေး​သုံးစွဲ​ခဲ့​ကြ​ပြီး​ဖြစ်သည်။ “ယနေ့ ဆယ်ကျော်သက်​များ အရက်သောက်​သုံးမှု​သည် အလွန်​ပျံ့နှံ့​နေ​၏။ အထက်တန်း​အောင်​ပြီး ကျောင်းသား​ငါး​ဦးလျှင် လေးဦး​နီးပါး (၇၇%) မှာ အရက် (မြည်းစမ်း​ရုံ​ထက်​ပို) သောက်​ခဲ့​ဖူး​ကြ​ပြီး ဆယ်ကျော်သက်​များ​၏​ထက်ဝက်​နီးပါး (၄၆%) မှာ ရှစ်​တန်း​ကတည်းက စ​သောက်​ခဲ့​ကြသည်” ဟု​ထို​သတင်းက ဆက်ဆို​သည်။

လူတကာ​နှင့် လိင်ဆက်ဆံခြင်း

အေ့ဒ်စ်​ပျံ့နှံ့​နေသော ဤ​ခေတ်တွင် လူတကာ​နှင့်​လိင်ဆက်ဆံခြင်း​က အန္တရာယ်​ရှိသည်​မှာ မငြင်း​နိုင်​ပေ။ သို့​တိုင် လူငယ်များစွာသည် လိင်ဆက်ဆံခြင်း​ကို ပျော်စရာ​တစ်ခု​အဖြစ်​သာ သဘောထားကြ​သည်။ ဥပမာ၊ အမေရိကန်​လူငယ်​အချို့​က အလေးအနက်​မရှိသော လိင်ဆက်ဆံမှု​အတွက် “ချိတ်ဆက်​ခြင်း” ဟူသော​စကားလုံး​ကို ပေါ့ပေါ့တန်တန် အသုံးပြု​ပြောဆို​ကြသည်။ မချစ်ကြိုက်​ဘဲ လိင်ဆက်ဆံ​ဖက်​ဖြစ်သူ​ကို “အကျိုးပြု​မိတ်ဆွေ” ဟု​ခေါ်ဆို​တတ်ကြ​သည်။

မိဘများ​အလုပ်သွား​ခိုက် ဆင်ခြေ​ဖုံး​ရပ်ကွက်​မှ လူငယ်များ​ပြုလုပ်​သော အပျော်​ကြူး​ပါတီပွဲ​များ​အကြောင်း စာရေး​ဆရာ စကော့​ဝါ​လ်​တာ​က ဖော်ပြ​သည်။ ထိုသို့​သော​ပါတီပွဲ​တစ်ခု​တွင် မိန်းကလေး​တစ်ဦး​က “ထို​တွင်​ရှိ ယောက်ျားလေး​အားလုံး​နှင့် လိင်ဆက်ဆံ​မည်​ဟု ကြေညာ​မောင်း​ခတ်​ခဲ့​သည်။ . . . ထို​ပါတီပွဲ​များ​တွင် ၁၂ အရွယ် ကလေး​များ​ပင် ပါဝင်​ခဲ့​ကြသည်။”

ထိတ်လန့်စရာ​လော။ ဆယ်ကျော်သက်​တို့၏ လိင်ဆက်ဆံ​သည့်​အမူအကျင့်ကို လေ့လာသူ​ပညာရှင်​များ​အတွက် ထိတ်လန့်ဖွယ်​မဟုတ်ပေ။ “လိင်ဆက်ဆံ​ကြသော ဆယ်ကျော်သက်​တို့၏​ပျမ်းမျှ​အသက် ပို​ငယ်ရွယ်​သည်ထက် ငယ်ရွယ်​လာ​ကြောင်း တွေ့မြင်​နေရ​သည်​မှာ နှစ်ပေါင်း ၂၀ ကျော်​ခဲ့ပြီ။ ၁၂ နှစ်အရွယ်​ရှိ ယောက်ျားလေး၊ မိန်းကလေး​များ လိင်ဆက်ဆံ​ကြ​ခြင်း​မှာ အဆန်း​မဟုတ်​တော့​ပေ။”

အထူး​စိတ်ပျက်​စ​ရာ​ကောင်း​သည်​မှာ ယူအက်စ်​အေ​ထူ​ဒေး​သတင်းစာ​ပါ သတင်း​တစ်ပုဒ်​ဖြစ်သည်– “ဤ​နိုင်ငံ​တွင် ပါးစပ်​ဖြင့်​လိင်ဆက်ဆံ​နေကြ​သော ဆယ်ကျော်သက်​ပေါက်စ​လူငယ်​ဦးရေ တိုးများ​လာ​နေသည်။ . . . ဤ​ကလေး​များ​က ယင်းကို ‘အမှန်တကယ်​လိင်ဆက်ဆံခြင်း​မဟုတ်’ ဟု​ယူဆကြ​သည်။” မိန်းကလေး ၁၀,၀၀၀ ကို​လေ့လာ​ခဲ့​ရာ “ရှစ်​ဆယ်​ရာခိုင်နှုန်း​က အပျိုစင်​ဟု​ဆို​ကြသော်လည်း ၎င်း​တို့​ထဲ​မှ ၂၅ ရာခိုင်နှုန်း​မှာ ပါးစပ်​ဖြင့်​လိင်ဆက်ဆံ​ဖူး​ကြပြီ​ဖြစ်၏။ ၂၇% က​မူ ယင်း​သို့​ပြုခြင်း​ကို ‘အမျိုးသား​တစ်ဦး​နှင့် အပျော်​အပျက်​လုပ်ခြင်း’ ဖြစ်သည်​ဟူ​၏။

လိင်ဆက်ဆံခြင်း​အပေါ် အဆိုပါ​သဘောထားများ ပျံ့နှံ့​လျက်​ရှိသည်။ “အာရှလူငယ်​များ​တွင် လိင်ဆက်ဆံမှု​ကြောင့် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​မှု တိုးများ​လာ​နေကြောင်း၊ ငယ်​ငယ်ရွယ်​ရွယ်​နှင့် လိင်ဆက်ဆံ​သူများ​လာ​ကြောင်း သိရှိ​ရ၏။ ဆယ်ကျော်သက်​များသည် လက်မထပ်မီ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံ​ဖက်​များ​ခြင်း​တို့​ဖြင့် မိဘတို့​၏ ‘အာရှစံနှုန်းများ’ ကို တိုး၍​ပမာဏ,မပြု​ကြ​တော့​ချေ” ဟု​ယူ​နက်​စ​ကို​က ဆို​၏။

လူငယ်များ စိတ်သောက​ရောက်​ရသည့် အခြား​သာဓက ရှိသေး​သလော။ ကနေဒါ​နိုင်ငံ​ထုတ် အမျိုးသမီး​ကျန်းမာ​ရေး​ပတ်စဉ် ဂျာနယ်​က ဤသို့​အစီရင်ခံ​သည်– “အသက် ၁၆ နှင့် ၁၉ နှစ်​ကြား​အမျိုးသမီး နှစ်​ဆယ့်ငါး​ရာခိုင်နှုန်း​သည် စိတ်ကျ​ဝေဒနာ ခံစား​ကြ​ရ​ပေမည်။” သို့သော် ကျားမ,မရွေး စိတ်ကျ​ဝေဒနာ ခံစားရ​တတ်၏။ ယူ.အက်စ်.သတင်း​နှင့်​ကမ္ဘာ့​မှတ်တမ်း​မဂ္ဂဇင်း​အရ နှစ်စဉ် လူငယ်​ငါး​ထောင်​ကျော်​သည် မိမိကိုယ်ကို​သတ်​သေနေ​ကြသည်။ ထို​အစီရင်ခံစာ​အရ အကြောင်းရင်း​တစ်ခုခု​ကြောင့် “ယောက်ျားလေး​များ ကိုယ့်​ကိုယ်ကို​သတ်​သေနှုန်း​သည် မိန်းကလေး​များ​ထက် ခြောက်​ဆ​ပို​များသည်။”

ယနေ့ လူငယ့်​မျိုးဆက်​သည် အလွန့်အလွန်​အကျပ်​တွေ့​နေကြောင်း ထင်ရှား​သည်။ ယင်း​အကျပ်အတည်း​နောက်ဝယ် အဘယ်အရာ​ရှိ​သနည်း။

[Picture Credit Line on page 3]

STR/AFP/Getty Images