မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

လှ​ပါ​ပေ့ ခွေး​ဘဝ

“ဩစတြေးလျ​နိုင်ငံ​သည် နိုင်ငံ​ခြား​အကူအညီ​ပေး​ရေး​ထက် အိမ်မွေး​တိရစ္ဆာန်​များ​အတွက် ပို​၍​အကုန်အကျ​ခံ​နေကြ​သည်။ ၎င်းတို့သည် အိမ်မွေး​တိရစ္ဆာန်​များ​အတွက် တစ်နှစ်​လျှင် ဒေါ်လာ ၂.၂ ဘီလီယံ​အထိ အကုန်အကျ​ခံ​ပြီး ခွေးအ​သက်ကယ်​အင်္ကျီ​များ​ဝတ်​ပေးခြင်း၊ အိမ်မွေး​တိရစ္ဆာန်​များ​အတွက် စိန်​ရတနာ​ဆင်​ပေးခြင်း​နှင့် အာပုပ်နံ့​ပျောက်ဆေး​များ ထည့်​ပေးခြင်း​တို့ကို ပြုလုပ်​ကြ​၏” ဟု ဆစ်ဒနီ​နံနက်​သံတော်ဆင့်​သတင်းစာ​က ဆို​သည်။ လွန်ခဲ့သော​ဆယ်နှစ်​ကျော်​အတွင်း အိမ်မွေး​တိရစ္ဆာန်​များ​အပေါ် သဘောထား​ပြောင်း​လာ​ကြောင်း အိမ်မွေး​တိရစ္ဆာန်​ဆိုင်​ပိုင်ရှင် ဂျေ​ဆင်​ဂ​ရမ် သတိပြုမိ​ခဲ့​သည်။ “ခွေး​တွေ​ဟာ အိမ်နောက်​ဖေး​မှာ သန်း​အပြည့်​ဖြစ်နေ​ပြီး အရိုး​ကိုက်​နေခဲ့ရ​ရှာတယ်။ အခုတော့ အိမ်ထဲမှာ အမွေးပွ​အိပ်ရာပေါ် အ​ခန့်​သား​ထိုင်ပြီး ကျောက်​မျက်​စီခြယ်​တဲ့​လည်ပတ်​နဲ့ ဖြစ်နေ​ကြပြီ” ဟု​သူ​ပြော​ခဲ့​သည်။ သို့သော် ယခု​အခါ ခွေး​များ​ကို မိသားစုဝင်​များ​သဖွယ်​သဘောထား​ကာ အဖိုးတန်​ပစ္စည်း​များ ဆင်​ပေး​သည်​နှင့်​အမျှ ထိုသို့​သဘောထား​ပြောင်း​ခြင်း​က စီးပွားရေး​အတွက်​ကောင်း​စေ​ခဲ့​ကြောင်း သူ​သတိပြုမိ​၏။ အိမ်မွေး​တိရစ္ဆာန်​အချို့​ကို “လူ​တို့​နည်းတူ လိုအပ်ရာ​များ၊ ကြိုက်​နှစ်သက်ရာ​များနှင့် လှ​ချင်​ပ​ချင်စိတ်​ရှိသည့်​အလား ဂရုစိုက်​ပေး​သော်လည်း ခွေး​တို့​မူ ၅ ဒေါ်လာ​တန် ကစားစရာ​အရုပ်​ထက် ဒေါ်လာ ၅၀ တန်​အရုပ်​ကို ပို​ကြိုက်​သည့် အထောက်အထား​မရှိပါ။ သို့သော် ပိုင်ရှင်​သည် ချစ်​မြတ်နိုး​ကြောင်း​ပြ​လို​၍ ထိုသို့​ဆင်ယင်​ပေး​ရသည်ကို စိတ်​ကျေနပ်​ပုံ​ရှိသည်” ဟု​ထို​သတင်းစာ​တွင် ဖော်ပြ​သည်။

ဆူဆူညံညံ

ဆူညံ​လွန်း​ခြင်း​သည် မြို့ကြီး​သားတို့​၏ ဘဝ​အရည်အသွေးကို ဆုတ်ယုတ်​စေ​လေ့​ရှိသည်။ ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့​အဆို​အရ ယင်းသည် ကျန်းမာ​ရေး​ကို​ထိခိုက်​စေမည်​ဟု စပိန်​အေ​ဘီစီ​သတင်းစာ​က ဖော်ပြ​၏။ စပိန်​နိုင်ငံ၊ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေပြု​တရားရုံး​က​လည်း ဆူညံ​မှု​၏​ဆိုးကျိုး​ကို အသိအမှတ်ပြု​ကာ ဆူညံ​မှု​တားမြစ်​သည့် မြို့တော်​ဥပဒေ​ကို​ချိုးဖောက်​မှု​ဖြင့် လူထု​ဖျော်ဖြေရေး​နေရာတစ်ခု​ကို တရားစွဲ​ခဲ့​၏။ အလွန်အကျွံ “ဆူညံ​မှု​သည် လူတစ်ဦး​၏​ကျင့်ဝတ်၊ ဂုဏ်​သိက္ခာ၊ ကိုယ်ရေးကိုယ်တာ​နှင့် မိသားစု​ကိစ္စ၊ အိုးအိမ်​လုံခြုံမှု​ကို ကာကွယ်​စောင့်ရှောက်​ရန် တစ်ဦးစီ၏​အခြေခံ​အခွင့်အရေး​ကို ထိခိုက်​သည်” ဟု တရားရုံး​က ဆို​သည်။ ထို​တရားရုံး​အဆို​အရ ဆိုးဆိုးရွားရွား​ဆူညံ​ခြင်း​သည် “အကြားအာရုံ​ချို့ယွင်းခြင်း၊ အ​အိပ်​မမှန်​ခြင်း၊ အာရုံကြော​ရောဂါ၊ သွေး​တိုး​နှင့် ရန်လိုမှု​တို့ကို” ဖြစ်စေ​နိုင်​သည် ဟူ​၏။

စစ်​ဘေးသင့်​သည့် ကလေး​များ

ကုလသမဂ္ဂ​ကလေး​များ​ရန်ပုံငွေ​အဖွဲ့​၏ ခန့်မှန်းချက်​အရ ရဝမ်ဒါ​လူမျိုးရေး အဓိကရုဏ်း​အတွင်း လူပေါင်း ၈၀၀,၀၀၀ ခန့် အစုလိုက်​အပြုံလိုက် အသတ်ခံရ​ရာ ၎င်း​တို့​အနက် ၃၀၀,၀၀၀ မှာ ကလေး များ​ဖြစ်​ကြောင်း ဂျာမန်​သတင်းစာ လစ်​ပ်​စီ​ဂါ​ဖော့​ခ်စ်စိုင်​တွန်း​တွင် ဖော်ပြ​ထား​သည်။ ရဝမ်ဒါ​နိုင်ငံ​ရှိ​ကလေး ၁၀၀,၀၀၀ ကျော်​မှာ အုပ်ထိန်းသူ​မဲ့သည့် အိမ်ထောင်များ​တွင် နေထိုင်ကြ​သည်​ဟု ခန့်မှန်း​ရသည်။ “သူတို့၏​နေ့စဉ်​အသက်တာမှာ ဆင်းရဲ​မွဲတေ​လှ​သည်” ဟု​ထို​သတင်းစာ​က ဆို​သည်။

“ထက်မြက်” နေ​စေဖို့

“ဘာသာ​စကား​နှစ်မျိုး​တတ်​ထားခြင်း​က သက်ကြီး​ပိုင်း​တွင် ‘ထက်မြက်’ နေ​စေ​သည်” ဟု တိုရွန်တို​စ​တား​သတင်းစာ​တွင် ဖော်ပြ​ထား​သည်။ ယော့ခ်​တက္ကသိုလ်​မှ စိတ်​ပညာရှင် အယ်လင်​ဘိုင်​ယာ​လီ​စ​တော့​ခ်​က ပညာ​အရည်အချင်း​နှင့်​ဝင်ငွေ​တူ​သည့် အသက် ၃၀ မှ ၅၉ နှစ်အရွယ် ၁၀၄ ဦး​နှင့် အသက် ၆၀ မှ ၈၈ နှစ်အရွယ် ၅၀ တို့ကို စမ်းသပ်​ခဲ့​သည်။ အုပ်စု​တစ်ခုစီ​မှ လူ​ထက်ဝက်​မှာ ဘာသာ​စကား​နှစ်မျိုး​တတ်ကြ​၏။ တစ်ဦးစီ​အား အလုပ်​ရိုးရိုး​ကလေး​တစ်ခု​ကို ဆန့်ကျင်​သော​နည်း​နှစ်နည်း​မှ​တစ်နည်း​ဖြင့် ရွေးချယ်​ပြုလုပ်​စေ​၍ သူ၏​တုံ့ပြန်​ချိန်​ကို မှတ်သား​ခဲ့​သည်။ “ဘာသာ​စကား​နှစ်မျိုး​တတ်​သူများ​သည် တစ်မျိုးတည်း​တတ်​သူများ​ထက် ပို​မြန်ဆန်​ကြသည်” ဟု​သတင်းစာ​က​ဖော်ပြ​သည်။ ဘိုင်​ယာ​လီ​စ​တော့​ခ်​၏​အဆို​အရ ဘာသာ​စကား​နှစ်မျိုး​တတ်​သူတို့သည် ဘာသာ​စကား​နှစ်မျိုး​မှ​တစ်မျိုး​ကို​ပြောဆို​ရန် ၎င်း​တို့​အမြဲ​ရွေးချယ်​ပြောဆို​နေရ​၏။ “ဤသို့ဖြင့် သက်ကြီး​ပိုင်း​တွင်​ဖြစ်တတ်​သည့် အလိုအလျောက်​နှေးကွေး​မှု​ကို ယင်း​ဦးနှောက်​လေ့ကျင့်မှု​ဖြင့် ကာကွယ်​ပေး​သည်။”

“နိုင်ငံရေး​အရ​မှန်ကန်သော” ကျမ်းစာ​လော

“တတိယ​ကမ္ဘာ​နိုင်ငံ​များ​၏​အကြွေး​နှင့် မျှတသော​ကုန်သွယ်​ရေး​ကဲ့သို့​သော အရေးကိစ္စ​များ​အကြောင်း ဘာသာရေး​သမားများ​ကို စဉ်းစား​စေ​လို​သည့်​အနေ​နှင့် အင်္ဂလီကန်​ဆုတောင်း​စာအုပ်​သစ်​ပါ သမ္မာကျမ်းစာ​မှ အနှစ်သက်ဆုံး​ဆုတောင်းချက်​များ၊ ဆာလံ​သီချင်းများ​ကို သိသိသာသာ​ပြုပြင်​ပြောင်းလဲ​ခဲ့​ကြပြီ” ဟု​ရိုက်တာ​သတင်း​လုပ်ငန်း​တွင် ဖော်ပြ​ထား​သည်။ ငြိမ်းချမ်းရေး​နှင့်​တရား​မျှတ​ရေး​အတွက် အိတ်ဆောင်​ဆုတောင်းချက်​များသည် သခင့်​ဆုတောင်းချက်​မှ “အသက်မွေး​လောက်​သော​အစာကို အကျွန်ုပ်တို့အား ယနေ့​ပေးသနား​တော်​မူ​ပါ” ဟူ​သည့် ယေရှု၏​စကား​များ​ကို “ကျွန်ုပ်​တို့၏​လယ်ယာမြေ​တို့ကို ပြန်​ရစေ​သည့်​အခါ​ဖြစ်စေ၊ သ​မာသ​မတ်​ကျ​ကျ အ​ခ​ငွေ​ရရှိ​သည့်​အခါ​ဖြစ်စေ ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​နေ့စဉ်​အစာကို ပေး​နေ​တော်​မူ​၏” ဟု​အစားထိုး​ထား​ကြသည်။ အလားတူ၊ ဆာလံ ၂၃ မှ “သေ​မင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်လည်း” ဆို​သည်ကို ဖယ်ထုတ်​ကာ “အကြမ်းဖက်မှု​နှင့် ထိပ်တိုက်​ကြုံ​ရသည့်တိုင် ကျွန်ုပ်​မကြောက်​ပါ၊ သခင်” ဟူ၍​အစားထိုး​ခဲ့​ကြ​၏။ ရှေး​ရိုး​စွဲ​ဝါဒီ​များ​က ၉၆ မျက်နှာ​ရှိ ဤ​စာအုပ် အသစ်​ကို “တလွဲ​ဖော်ပြ​ထား​ရာ ဘုရားသခင်​အား ပြစ်မှားမှု” ဖြစ်သည့်​အပြင် “ဆိုးရွား​ပြီး စော်ကားမှု” ဖြစ်​ကြောင်း သည်​ဒေးလီး​တယ်​လီ​ဂ​ရပ်​ဖ် လန်ဒန်​သတင်းစာ​က ဆို​သည်။

စီးပွားရေး​ကြောင့် ကိုယ်ဝန်​ဖျက်​ကြ

“ဩစတြေးလျ​နိုင်ငံ​ရှိ ကိုယ်ဝန်​ဖျက်​ချ​သူ​အများစုမှာ လူတကာ​နှင့်​လိင်ဆက်ဆံ​သော ဆယ်ကျော်သက်​များ​မဟုတ်ဘဲ လူ​လတ်​တန်း​စား အိမ်ထောင်ရှင်​အမျိုးသမီးများ​ဖြစ်နေ​ကြ​ရာ” အများ​ထင်သလို​မဟုတ်​ကြောင်း ဆစ်ဒနီ​နံနက်​သံတော်ဆင့်​သတင်းစာ​က ဆို​၏။ အချိန်ပြည့်​အလုပ်လုပ်သူ လင်ယောက်ျား​တို့​နှင့် အချိန်ပိုင်း​အလုပ်လုပ်သူ ဇနီးသည်​တို့သည် စီးပွားရေး​အခြေအနေ​ကြောင့် ကလေး​မယူဖို့ ဆုံးဖြတ်​ကြသည်။ “မိခင်​ဖြစ်​ရတာက အလုပ်နဲ့​ငွေကြေး​ကို ထိခိုက်​တယ်၊ ကလေး​မယူ​ဘဲ [အမျိုးသမီးတွေ] ရနိုင်တဲ့​ဝင်ငွေ​က များများ​စား​စား​ပဲ၊ ကလေး​ယူ​လိုက်ရင်​တော့ ဒါကို​ဆုံးရှုံး​သွားမယ်” ဟု​သြစတြေးလျ​အမျိုးသား တက္ကသိုလ်​မှ လူဦးရေ​ပညာရှင်​ပီတာ​မ​က္က​ဒေါ်နယ်က ဆို​သည်။ သံတော်ဆင့်​သတင်းစာ​အရ ဩစတြေးလျ​ရှိ ကိုယ်ဝန်ဆောင်​သုံးပုံတစ်ပုံ​သည် ကလေး​ဖျက်​ချ​ကြသည်။

“သင့်​ကလေး​၏​သူငယ်ချင်းများ​ကို သိကျွမ်းဖို့​ကြိုးစား​ပါ”

အမေရိကန်​ပြည်ထောင်စု​တွင် “မိမိတို့၏​သူငယ်ချင်း အနည်းဆုံး​ထက်ဝက်​ခန့်​သည် လိင်ဆက်ဆံ​ကြသည်​ဟု​ဆို​သည့် ဆယ်ကျော်သက်​များသည် ၃၁ ကြိမ် အရက်မူး​ခဲ့​ဖွယ်​ရှိကြောင်း၊ ၅ ကြိမ်​ဆေးလိပ်​သောက်​ခဲ့​ဖွယ်​ရှိကြောင်း၊ ၂၂ ကြိမ်​ခွဲ ဆေးခြောက်​စမ်းသုံး​ခဲ့​ဖွယ်​ရှိ” ကြောင်း နယူးယောက်​တိုင်းမ်​စ်​တွင် ဖော်ပြ​ထား​၏။ ကိုလံဘီယာ​တက္ကသိုလ်​မှ အမျိုးသား​မူးယစ်​ဆေးဝါး အလွဲသုံး​မှု​ဆိုင်ရာ​ဌာန​က ပြုလုပ်​သော စစ်တမ်း​တွင် မိဘ ၅၀၀ နှင့် ၁၂ နှစ်​မှ ၁၇ နှစ်​ကြား​ရှိ လူငယ် ၁,၀၀၀ တို့​ပါဝင်​ခဲ့​သည်။ ထို​ဌာန​၏ သဘာပတိ​နှင့်​ဥက္ကဋ္ဌ​ဖြစ်သူ ဂျိုးဇက် အေ.ကာလီ​ဖာ​နို ဂျူနီယာ​က ဤသို့​ဆို​၏– “အသက် ၁၂ နှစ်​မှ ၁၇ နှစ်အရွယ်​သားသမီးတို့၏​မိဘများ ရှင်းရှင်းလင်းလင်း​သိထားရ​မည်​မှာ– သင့်​ကလေး​၏​ချိန်းတွေ့​သည့်​အကျင့်​များ​ကို သိထား​ပြီး သူ၏​သူငယ်ချင်းများ​ကို သိကျွမ်း​လာဖို့​ကြိုးစား​ဖို့​ဖြစ်တယ်။” သူ​ထပ်​ပြော​သည်​မှာ “ချိန်းတွေ့​ခြင်း​နှင့် မူးယစ်​ဆေးဝါး​များ​အကြောင်း ညနေ​စာ​စား​ရင်း​ပြောဆို​သော မိဘများသည် မိမိတို့၏​ကလေး​များ​ကို မူးယစ်​ဆေး​ကင်း​သူများ​အဖြစ် လူ​လား​မြောက်​လာ​စေနိုင်​ပုံ​ရသည်” ဟူ၍​ဖြစ်၏။

လူငယ်များ မိမိကိုယ်ကို​ထိခိုက်​စေခြင်း

“ဥရောပ​တွင် ဗြိတိန်​နိုင်ငံ​၏ မိမိကိုယ်ကို​ထိခိုက်​စေ​မှု​နှုန်း​သည် အများဆုံး​ဖြစ်​ကြောင်း” လန်ဒန်​တိုင်းမ်​စ်​တွင် ဖော်ပြ​ထား​သည်။ ဗြိတိသျှ မတော်တဆမှု​နှင့်​အရေးပေါ်​ဌာန​များ​၌ မိမိကိုယ်ကို လှီးဖြတ်​ခြင်း​စ​သည့် တမင်​ထိခိုက်​စေသည့်​အမှု​ပေါင်း ၁၅၀,၀၀၀ ကို နှစ်စဉ်​ဖြေရှင်း​ပေး​နေရ​ရာ ယင်းသည် လူငယ်များ​တွင်​အဖြစ်​အများဆုံး​ဖြစ်သည်။ “မိမိကိုယ်ကို​ထိခိုက်​စေသည့် မိန်းကလေး​များသည် ယောက်ျားလေး​များ​ထက် ၇ ဆ​ပို​များ​သော်လည်း ယောက်ျား​များ​တွင် ၁၉၈၀ ပြည့်လွန်​နှစ်များ​ကတည်းက နှစ်ဆ​ဖြစ်လာ​ခဲ့ပြီ” ဟု တိုင်းမ်​စ်​က ဆို​သည်။ ဤ​သူတို့သည် “စိတ်​နာကျင်မှုကို ဖြေရှင်း​ရန်ဖြစ်​စေ၊ စိတ်ပိုင်း​ထုံထိုင်း​မှု​ကို တုံ့ပြန်​ရန်ဖြစ်​စေ” မိမိတို့​ကိုယ်ကို ထိခိုက်​စေ​ပုံ​ရသည်။ စိတ်​ကျန်းမာ​ရေး​အဖွဲ့​မှ အင်ဒရူး​မ​ဂ္ဂါးလ္လာ​အဆို​အရ ဤ​ကိန်း​ဂဏန်း​များသည် “ကျွန်ုပ်​တို့၏​လူငယ်များ ရင်ဆိုင်​ရသည့်​ပြဿနာ​များ တိုးများ​လာ​ခြင်း၊ သို့​မဟုတ် ထို​ပြဿနာ​များ​ကို ရင်ဆိုင်​နိုင်စွမ်း​မရှိ​မှု​တိုးများ​လာ​ခြင်း​၏ အထောက်အထား​များ ဖြစ်​နိုင်​ဖွယ်​ရှိသည်။”